မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အင်အားကို ဘုရားသခင် အသုံးပြုမှု—ယင်းသည် တရားပါသလော

အင်အားကို ဘုရားသခင် အသုံးပြုမှု—ယင်းသည် တရားပါသလော

သမ္မာကျမ်းစာရှုထောင့်

အင်အားကို ဘုရားသခင် အသုံးပြုမှု—ယင်းသည် တရားပါသလော

ကြောက်မက်ဖွယ် အင်အားသုံးမှုသည် လူ့သမိုင်း၏ကြန်အင်လက္ခဏာတစ်ခု ဖြစ်မြဲဖြစ်လာခဲ့သည်။ ခန့်မှန်းချက်တစ်ခုအရ ၂၀ ရာစုအတွင်း လူ ၁၇၀,၀၀၀,၀၀၀ သည် ၎င်းတို့ကိုယ်နှိုက်၏နိုင်ငံရေးဆိုင်ရာ နည်းစနစ်များကြောင့် သတ်ဖြတ်ခံခဲ့ရပြီ။ သမ္မာကျမ်းစာတွင် တိကျစွာ ထောက်ပြထားသကဲ့သို့ လူတို့သည် တစ်ဦးအပေါ်တစ်ဦး နစ်နာအောင် မပြတ်အုပ်စိုးလာခဲ့ကြပြီ။—⁠ဒေ. ၈:⁠၉

လူတို့သည် အကြမ်းဖက်အင်အားတလွဲသုံးမှုကိုထောက်၍ မိမိရန်သူများကို ဖျက်ဆီးရန် ဘုရားသခင်သည် အင်အားသုံးမှုကို တချို့ စောဒကတက်ကြပေမည်။ ဂျူးများသည် ကတိထားရာပြည်တော်မှ ခါနာန်ပြည်သားများကို ဘုရားသခင်၏အမိန့်တော်အရ တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည် မဟုတ်လော။ (တရားဟောရာ ၂၀:၁၆၊ ၁၇) ထို့အပြင် အတိုက်အခံအုပ်ချုပ်မှုအားလုံးကို ချေမွဖျက်ဆီးပစ်မည်ဟု ဘုရားသခင်ကိုယ်တိုင် ဆိုထားသည် မဟုတ်လော။ (ဒံယေလ ၂:၄၄၊ ၄၅) ဘုရားသခင်သည် အင်အားသုံးခြင်းမှာ အမြဲတရားမျှတပါမည်လောဟု တချို့သောစိတ်ရိုးမှန်သူများ စဉ်းစားကြပြီ။

အင်အားတလွဲသုံးခြင်း

အင်အားအသုံးပြုနိုင်စွမ်းသည် အစိုးရတစ်ခု ဆက်၍တည်တံ့ရေးအတွက် အရေးပါသောအရာတစ်ခုဖြစ်ကြောင်း နားလည်ထားရန် အရေးကြီးသည်။ အမိန့်ဒီဂရီများကို ပြဋ္ဌာန်းနိုင်စွမ်းမရှိသည့်အစိုးရတစ်ခုသည် စင်စစ်သြဇာအာဏာမရှိချေ။ဥပမာ၊ ရဲများ၏မတရားပြုသည့် အစီရင်ခံမှုများရှိလင့်ကစား ရဲတပ်ဖွဲ့၏အကာအကွယ်ပေးမှုကို လက်မခံလိုသူ မည်မျှရှိမည်နည်း။ ထက်မြက်သည့် တရားရေးစနစ်တစ်ခု မလိုအပ်ဟု မည်သူက အကျိုးအကြောင်းဖြင့် စောဒကတက်မည်နည်း။

အကြမ်းဖက်မှုကို စက်ဆုပ်သည့်အတွက် နာမည်ကြီးသော မိုဟမ်းဒတ်စ်ဂန္ဒီက ဤသို့ပြောဆိုခဲ့ဖူးသည်– “လူတစ်ယောက်ဟာ ဓားကိုင်ထားပြီး ဂမူးရှူးထိုး ဒေါသတကြီးနဲ့ လမ်းမှာတွေ့သမျှလူတွေကို လိုက်သတ်နေတယ် ဆိုပါတော့၊ သူ့ကို ဘယ်သူက အရှင်ဖမ်းရဲမလဲ။ ဒီလိုသွေးရူးသွေးတန်းဖြစ်နေတဲ့သူကို သတ်ပစ်လိုက်တဲ့ဘယ်သူမဆိုဟာ ရပ်ကွက်အသိုင်းအဝိုင်းရဲ့ကျေးဇူးတင်မှုခံရပြီး အများအကျိုးဆောင်သူတစ်ယောက်အဖြစ် ယူမှတ်ခံရမှာဖြစ်တယ်။” မှန်ပါသည်၊ ဂန္ဒီကိုယ်တိုင်ပင် တချို့သောအခြေအနေများ၌ အင်အားသုံးရန်လိုအပ်ကြောင်း သိမြင်ခဲ့ပါသည်။

အင်အားသုံးနိုင်စွမ်းသည် တည်မြဲသော လူ့အဖွဲ့အစည်းမှန်သမျှ၏ မရှိမဖြစ်လိုအပ်သောစွမ်းရည်တစ်ခုဖြစ်သည်မှာ ထင်ရှားပါသည်။ ယေဘုယျအားဖြင့် အင်အားသုံးမှုကို လူတို့ပြစ်တင်ရှုတ်ချသည်ဆိုရာ၌ အမှန်မှာ အင်အားတလွဲသုံးမှုကို ပြစ်တင်ဝေဖန်ကြခြင်းဖြစ်သည်။—⁠ဒေ. ၄:၁-၃

“စီရင်တော်မူသမျှသည် တရားနှင့်ညီ”

မိမိ၏တန်ခိုးကို ဘုရားသခင် တလွဲသုံးခဲ့ဖူးသည့် ရာဇဝင်မရှိချေ။ ကိုယ်တော်သည် နိုင်လိုမင်းထက် မအုပ်ချုပ်ပါ။ မိမိအားချစ်မြတ်နိုး၍သာ ကျွန်ုပ်တို့ ကိုးကွယ်သည်ကို ကိုယ်တော်လိုလားတော်မူ၏။ (၁ ယောဟန် ၄:၁၈၊ ၁၉) အင်အားသုံးခြင်းကိုရှောင်ရန် တရားနည်းလမ်းကျသည်ဆိုလျှင် ကိုယ်တော်သည် အင်အားမသုံးချေ။ (ယေရမိ ၁၈:၇၊ ၈; ၂၆:၃၊ ၁၃; ယေဇကျေလ ၁၈:၃၂; ၃၃:၁၁) အင်အားအသုံးပြုရန် ကိုယ်တော်ရွေးချယ်လျှင်လည်း ဆန္ဒရှိသူတို့ခြေလှမ်းပြင်နိုင်ရန် အမြဲပင် အလုံအလောက်သတိပေးလေ့ရှိသည်။ (အာမုတ် ၃:၇; မဿဲ ၂၄:၁၄) ဤအချက်တို့သည် နိုင်လိုမင်းထက် ရက်စက်တတ်သည့် ဘုရားတစ်ပါး၏ အပြုအမူများလော။

ဘုရားသခင်သည် အင်အားသုံးမှုတွင် လူတို့၏ တရားလွန်အာဏာတလွဲသုံးမှုမျိုး မဟုတ်ပါ။ ယေဟောဝါနှင့်ပတ်သက်၍ “စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ် . . . သောဘုရားဖြစ်တော်မူ၏” ဟုမောရှေပြောဆိုခဲ့သည်။ (တရားဟောရာ ၃၂:⁠၄) ဘုရားသခင့်အစိုးရသည် နိုင်လိုမင်းထက်အုပ်စိုးခြင်းမဟုတ်၊ အင်အားပြ ခြိမ်းခြောက်စိုးမိုးသည့် အစိုးရမျိုးမဟုတ်ပါ။ အခြေအနေတိုင်းတွင် ကိုယ်တော်သည် စုံလင်သောမေတ္တာ၊ ဉာဏ်ပညာ၊ တရားမျှတမှုတို့နှင့်အညီ အင်အားကို အသုံးပြုတော်မူ၏။—⁠ဆာလံ ၁၁၁:၂၊ ၃၊ ၇; မဿဲ ၂၃:⁠၃၇

ဥပမာ၊ ဘုရားသခင်သည် နှစ်ပေါင်းများစွာ သတိပေးပြီးမှ လူဆိုးတို့ကို ရေဖြင့်လွှမ်းမိုးဖျက်ဆီးခဲ့သည်။ လူတိုင်း သင်္ဘော၏ထောက်မကာကွယ်မှုရယူပြီး လွတ်မြောက်နိုင်စရာရှိခဲ့ပါသည်။ ရှစ်ဦးသာ ရယူခဲ့၏။ (၁ ပေတရု ၃:၁၉၊ ၂၀; ၂ ပေတရု ၂:⁠၅) ယောရှုလက်ထက်တွင် ဣသရေလလူမျိုးသည် ဘုရားသခင့်တရားစီရင်ချက်အရ အကျင့်ပျက်သည့် ခါနာန်လူမျိုးကို သုတ်သင်ပစ်ခဲ့သည်၊ ဤစီရင်ချက်ကို အနှစ် ၄၀၀ အထက်ကျော်ကာလကတည်းက ကြေညာထားခဲ့၏! (ကမ္ဘာဦး ၁၅:၁၃-၂၁) ထိုအချိန်တစ်လျှောက်လုံး ဣသရေလလူမျိုးသည် ဘုရားသခင်ရွေးချယ်သည့် လူမျိုးဖြစ်ကြောင်း ခိုင်လုံသည့်အထောက်အထားများကို ခါနာန်လူမျိုးတို့ လျစ်လျူရှုနေ၍မရပါ။ (ယောရှု ၂:၉-၂၁; ၉:၂၄-၂၇) သို့တိုင် ဂိဗောင်မြို့သားများမှလွဲ၍ ခါနာန်လူမျိုးတို့သည် အသက်ချမ်းသာရာရဖို့ မရှာကြံခဲ့ကြသလို ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ အခွင့်အလမ်းကိုလည်း အရမယူခဲ့ကြချေ။ ယင်းသို့ပြုမည့်အစား ခါနာန်လူမျိုးသည် ဘုရားသခင်ကိုဆန့်ကျင်၍ ၎င်းတို့၏စိတ်နှလုံးများကို ခိုင်မာစေခဲ့ကြသည်။—⁠ယောရှု ၁၁:၁၉၊ ၂၀

ဘုရားသခင်၌ အခွင့်အာဏာရှိ

အင်အားကို ဘုရားသခင်အသုံးပြုခြင်းအား နားလည်သဘောပေါက်ရန် ကြိုးစားသည့်အခါ ဘုရားသခင်ရှေ့မှောက် ကျွန်ုပ်တို့၏အနေအထားနှင့်ပတ်သက်၍ အခြေခံအမှန်တရားဖြင့် ကျွန်ုပ်တို့အစပြုရမည်။ “အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏” ဟုပရောဖက်ဟေရှာယက နှိမ့်ချစွာဝန်ခံခဲ့သည်။ (ဟေရှာယ ၆၄:⁠၈) စကြဝဠာဖန်ဆင်းရှင်အနေနှင့် ဘုရားသခင်သည် မိမိဆန္ဒရှိသလို အင်အားသုံးနိုင်သည်မှာ ထင်ရှားပါသည်။ ဘုရားသခင်၏အခွင့်အာဏာကို အသိအမှတ်ပြုကာ ရှောလမုန်နည်းတူ ကျွန်ုပ်တို့ ဤသို့ပြောဆိုနိုင်သည်– “ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏။ ‘ကိုယ်တော်သည် အဘယ်သို့ပြုသနည်း’ ဟုအဘယ်သူဆိုရာသနည်း။”—⁠ဒေ. ၈:၄; ရောမ ၉:၂၀၊ ၂၁

အတိုင်းအဆမဲ့တန်ခိုးရှိသော ဖန်ဆင်းရှင်အဖြစ် ဘုရားသခင်၏ရာထူးကြောင့် မြေကြီးပေါ်ရှိအသက်ကို ကိုယ်တော်ပေးပိုင်နုတ်ပိုင်ခွင့်ရှိ၏။ စင်စစ်မှာ လူသားတို့တွင် ဘုရားသခင်၏အင်အားသုံးမှုကို တရားနည်းလမ်းကျကျ၊ အသိပညာအပြည့်ဖြင့် စောဒကတက်နိုင်စွမ်းမရှိချေ။ လူသည် ဘုရားသခင်၏အတွေးအခေါ်နှင့်အညီ တွေးခေါ်ရန်သင်ယူရမည်။ “သင်တို့နည်းလမ်း မဖြောင့်ဖြစ်သည်မဟုတ်လော” ဟုယေဟောဝါ မေးတော်မူခဲ့သည်။—⁠ယေဇကျေလ ၁၈:၂၉သမ္မာ: ဟေရှာယ ၄၅:⁠၉

လူတို့အတွက် ကိုယ်တော့်တရားမျှတမှုနှင့် မေတ္တာတော်ကြောင့် အာဏာတလွဲသုံးပြီး သူတစ်ပါး၏အခွင့်အရေးများကို နင်းချေချိုးဖျက်ပစ်သူတို့၏ကမ္ဘာကို ရှင်းပစ်ပါလိမ့်မည်။ ဤအင်အားသုံးမှုသည် ငြိမ်းချမ်းရေးမြတ်နိုးသူ အားလုံးအတွက် ဤကမ္ဘာပေါ်တွင် နေချင့်စဖွယ်အကောင်းဆုံးအခြေအနေများကို ဖြစ်မြောက်စေပါလိမ့်မည်။ (ဆာလံ ၃၇:၁၀၊ ၁၁; နာဟုံ ၁:⁠၉) ဤနည်းဖြင့် ဘုရားသခင်၏အစိုးရသည် တရားမျှတကြောင်းသက်သေထူကာ ထာဝစဉ်ထင်ရှားသွားမည်တည်း။—⁠ဗျာ. ၂၂:၁၂-၁၅