မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမျိုးသားများသည် အမျိုးသမီးများကို အဘယ်ကြောင့် ရိုက်နှက်ကြသနည်း

အမျိုးသားများသည် အမျိုးသမီးများကို အဘယ်ကြောင့် ရိုက်နှက်ကြသနည်း

အမျိုးသားများသည် အမျိုးသမီးများကို အဘယ်ကြောင့် ရိုက်နှက်ကြသနည်း

အမျိုးသမီးများသည် မတရားပြုကျင့်သူ အခြားအမျိုးအစားများအားလုံးထက် သူတို့၏အိမ်ထောင်ဖက် ယောက်ျားများ၏သတ်ဖြတ်ခြင်းကို ခံရဖို့အလားအလာသည် ပိုများကြောင်း ကျွမ်းကျင်သူတချို့က ဆိုကြသည်။ အိမ်ထောင်ဖက်၏ မတရားပြုမှုဒီလှိုင်းကို တားဆီးရန်ကြိုးပမ်းသည့်အနေနှင့် လေ့လာမှုများစွာ ပြုလုပ်ခဲ့ကြသည်။ မည်သို့သောယောက်ျားမျိုးသည် မိမိ၏ဇနီးကို ရိုက်နှက်တတ်သနည်း။ သူ၏ကလေးဘဝအခြေအနေကား အဘယ်သို့ရှိခဲ့သနည်း။ ပိုးပန်းစဉ်အတွင်း ကြမ်းကြမ်းတမ်းတမ်းပြုမူခဲ့ဖူးသလော။ ရိုက်နှက်သူသည် ကုသမှုကို မည်သို့တုံ့ပြန်သနည်း။

ကျွမ်းကျင်သူများသိရှိခဲ့သည့်အရာတစ်ခုမှာ ရိုက်နှက်သူအားလုံးသည် တစ်ဦးနှင့်တစ်ဦးမတူကြ။ တစ်မျိုးမှာ တစ်ခါတလေမှ ရိုက်နှက်တတ်သည့် ယောက်ျားမျိုးဖြစ်သည်။ ထိုသူသည် လက်နက်မသုံး၊ အိမ်ထောင်ဖက်အား မတရားပြုသည့်ရာဇဝင်မရှိသူဖြစ်၏။ ထိုသူသည် အကြမ်းဖက်လေ့ရှိသည့် စရိုက်ရှိသူမဟုတ်သဖြင့် ပြင်ပ,ပယောဂများကြောင့် ဖြစ်ဖွယ်ရှိသည်။ အခြားတစ်ဖက်စွန်းတွင်မူ ရိုက်နှက်တတ်သည့်အကျင့်ရှိသည့် အမျိုးသားဖြစ်သည်။ သူ၏နိုင်ထက်စီးနင်းမှုမှာ စွဲမြဲနေသောပုံစံဖြစ်နေသည်၊ နောင်တရမည့် လက္ခဏာ မရှိသလောက်ဖြစ်သည်။

သို့ရာတွင် ရိုက်နှက်သူအမျိုးမျိုးရှိကြ၍ ရိုက်နှက်မှုတချို့သည် မဆိုးရွားဟု ဆိုလိုခြင်းမဟုတ်ချေ။ အမှန်မှာ ရိုက်နှက်မှုမှန်သမျှသည် ထိခိုက်အနာတရဖြစ်နိုင်သည်—⁠အသက်ပင် သေနိုင်သည်။ သို့ဖြစ်၍ အမျိုးသားတစ်ဦး၏အကြမ်းဖက်မှုသည် အကြိမ်ပိုနည်းခြင်း သို့မဟုတ် ပြင်းထန်မှုပိုနည်းခြင်းက ခွင့်လွှတ်စရာဖြစ်စေသည် မဟုတ်ချေ။ “လက်သင့်ခံနိုင်ဖွယ်” ရိုက်နှက်မှုမျိုးဟူ၍ မရှိသည်မှာ ရှင်းပါသည်။ သို့ဖြစ်လျှင် အမျိုးသားတစ်ဦးသည် အသက်ထက်ဆုံး မြတ်နိုးတွယ်တာပါမည်ဟု ကတိကဝတ်ပြုထားသည့် အမျိုးသမီးကို အဘယ်အကြောင်းများကြောင့် ရိုက်နှက်ခြင်း ဖြစ်နိုင်သနည်း။

မိသားစုဆက်နွှယ်

ရိုက်နှက်တတ်သည့် အမျိုးသားများသည် အကြမ်းဖက်သည့်မိသားစုများတွင် ကြီးပြင်းလာခဲ့ကြသူများဖြစ်နေသည်မှာ အံ့ဩစရာမဟုတ်ချေ။ “ရိုက်နှက်တတ်သူအများစုသည် အိမ်တွင်း ‘စစ်နယ်မြေများ’ အတွင်း ကြီးပြင်းလာခဲ့ကြသည်” ဟုအိမ်ထောင်ဖက်မတရားပြုမှုကို နှစ်ပေါင်းနှစ်ဆယ်ကျော် သုတေသနပြုခဲ့သည့် မိုက်ကယ် ဂရို့ခ်ျက ရေးသားသည်။ ကျွမ်းကျင်သူအမျိုးသမီးတစ်ဦး၏အဆိုအရ “ကလေးငယ်များနှင့် ငယ်ရွယ်သောသားသမီးများအနေနှင့် သူတို့သည် စိတ်ပိုင်းနှင့် ကာယရေးအရ အကြမ်းဖက်မှု ‘ပုံမှန်’ ဖြစ်လေ့ရှိသည့် ရန်လိုသောဝန်းကျင်တွင် ကြီးပြင်းလာခဲ့ကြသည်။” ထိုသို့သောဝန်းကျင်တွင် ကြီးပြင်းလာသည့် အမျိုးသားတစ်ဦးသည် “ငယ်ရွယ်စဉ်ကတည်းက ဖခင်ဖြစ်သူ၏ အမျိုးသမီးများအပေါ် အထင်သေးစိတ်မျိုး ခံယူထားနိုင်သည်။ အမျိုးသားတစ်ဦးသည် အမျိုးသမီးများကို အမြဲထိန်းချုပ်ရမည်၊ ထိုသို့ထိန်းချုပ်ထားနိုင်ရန် သူတို့ကြောက်နေစေရမည်၊ ထိခိုက်အနာတရဖြစ်စေရမည်၊ သိက္ခာချရမည်ဟု ထိုကလေးမှတ်ယူသွားလေသည်။ တစ်ချိန်တည်းတွင် ဖခင်၏ အကြိုက်တွေ့ဖို့နည်းလမ်းမှာ ဖခင်နည်းတူပြုမူခြင်းဖြစ်သည်ဟု မှတ်ယူလိုက်လေသည်။”

မိဘတစ်ဦး၏အပြုအမူသည် အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ ကလေးတစ်ဦးအပေါ် သိသိသာသာစွဲထင်စေနိုင်ကြောင်း ကျမ်းစာက ရှင်းပြထားသည်။ (သု. ၂၂:၆; ကောလောသဲ ၃:၂၁) အမျိုးသားတစ်ဦး၏ရိုက်နှက်ခြင်းအတွက် မိသားစုအခြေအနေကြောင့်ဟု အကြောင်းပြ၍မရသည်မှာ မှန်ပါသည်၊ သို့သော် ယင်းသည် အကြမ်းဖက်တတ်သည့်စရိုက်မျိုးစေ့စိုက်ခဲ့သည့်နေရာကိုရှင်းပြရန် အထောက်အကူပြုပေမည်။

ယဉ်ကျေးမှုသြဇာ

နိုင်ငံတချို့တွင် အမျိုးသမီးတစ်ဦးအား ရိုက်နှက်ခြင်းကို လက်သင့်ခံဖွယ်၊ သာမန်ကိစ္စဟုပင် ယူမှတ်ကြသည်။ “ခင်ပွန်းတစ်ဦးသည် မိမိ၏ဇနီးအား ရိုက်နှက် သို့မဟုတ် ကိုယ်ထိလက်ရောက် ကြိမ်းမောင်းခွင့်ရှိသည်ဟု လူ့အဖွဲ့အစည်းများစွာတွင် အခိုင်အမာ ခံယူထားကြ” ကြောင်း ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်က ဖော်ပြသည်။

ထိုသို့မတရားပြုမှုကို လက်သင့်မခံသည့်နိုင်ငံများ၌ပင် လူများစွာသည် အကြမ်းဖက်သည့်အပြုအမူကို လက်ခံထားကြသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ တချို့အမျိုးသားများ၏ အဆင်အခြင်မဲ့မှုမှာ ထိတ်လန့်စရာဖြစ်သည်။ တောင်အာဖရိကနိုင်ငံ၏ ဝိခ်လီး မေးလ် အဲန် ဂါးဒီးယန်းဂျာနယ်အရ ၎င်းတို့၏ကြင်ဖော်များကို မတရားမပြုဟုဆိုသည့် အမျိုးသားအများစုသည် အမျိုးသမီးတစ်ဦးအား ထိုးကြိတ်ခြင်းသည် လက်သင့်ခံဖွယ်ဖြစ်သည်ဟု ယူဆကြကြောင်း၊ ထိုသို့သောအပြုအမူကို အကြမ်းဖက်မှုတွင် ထည့်မတွက်ကြကြောင်း ကိပ်ကျွန်းဆွယ်မှ လေ့လာမှုတစ်ရပ်က ဆိုသည်။

ထိုသို့သောမှားယွင်းသည့်အမြင်သည် ငယ်ရွယ်စဉ်ကတည်းက သန္ဓေတည်လာတတ်လေ့ရှိသည်မှာ ထင်ရှားပါသည်။ ဥပမာ၊ ဗြိတိန်နိုင်ငံ၌ အသက် ၁၁ နှစ်နှင့် ၁၂ နှစ်အရွယ် ယောက်ျားလေး ၇၅ ရာခိုင်နှုန်းက အမျိုးသားတစ်ဦးဒေါသထွက်လျှင် အမျိုးသမီးတစ်ဦးကို ရိုက်နှက်ခြင်းသည် လက်သင့်ခံဖွယ်ဖြစ်သည်ဟု ယူဆကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ရိုက်နှက်ခြင်းအတွက် အကြောင်းပြချက်မရှိ

အထက်ပါအချက်များက ကြင်ဖော်အား မတရားပြုရသည့်အကြောင်းရင်းကို နားလည်စေသော်လည်း ယင်းသို့လုပ်ရခြင်းအတွက် ဆင်ခြေပေးစရာမရှိချေ။ ရိုးရိုးဆိုရလျှင် မိမိ၏ကြင်ဖော်အား ရိုက်နှက်ခြင်းသည် ဘုရားသခင့်အမြင်တွင် ကြီးလေးသောအပြစ်ဖြစ်၏။ ကိုယ်တော့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာတွင် ဤသို့ဖတ်ရသည်– “ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ ကိုယ်အသားကိုမုန်းသောသူ တစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူသကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။”—⁠ဧဖက် ၅:၂၈၊ ၂၉

ဤအစီအစဉ်စနစ်၏ ‘နောက်ဆုံးသောနေ့ရက်များ’ အတွင်း လူများစွာတို့သည် “ကဲ့ရဲ့သောသူ၊” “ပကတိစုံမက်ခြင်းနှင့်ကင်းသောသူ၊” “ကြမ်းကြုတ်သောသူ” ဖြစ်ကြလိမ့်မည်ဟု သမ္မာကျမ်းစာတွင် ကြာမြင့်စွာကတည်းက ကြိုတင်ဖော်ပြထားသည်။ (၂ တိမောသေ ၃:၁-၃သမ္မာ) ကြင်ဖော်အားမတရားပြုမှုပျံ့နှံ့ခြင်းသည် ဤပရောဖက်ပြုချက် ဖော်ပြထားသည့် ကာလအတွင်း ကျွန်ုပ်တို့အသက်ရှင်နေကြကြောင်းကို နောက်ထပ်နိမိတ်သာဖြစ်သည်။ သို့သော် ကာယရေးမတရားပြုခံရသူများကို မည်သို့ထောက်မပေးနိုင်သနည်း။ ရိုက်နှက်တတ်သူများ၏ အမူအကျင့်လမ်းစဉ် ပြောင်းလဲသွားဖို့ မျှော်လင့်နိုင်စရာရှိပါသလော။

[စာမျက်နှာ ၅ အကျဉ်းဖော်ပြချက်]

“မိမိဇနီးအား ထိုးနှက်တိုက်ခိုက်သူတစ်ဦးသည် သူစိမ်းတစ်ဦးကို ထိုးနှက်သည့်အမျိုးသားတစ်ဦးထက် ရာဇဝတ်ပြစ်မှုတွင် မလျော့ချေ။”—⁠အမျိုးသားများက အမျိုးသမီးများအား ရိုက်နှက်ချိန်ဝယ်

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

ယောက်ျားမာန်—ကမ္ဘာချီပြဿနာတစ်ရပ်

လက်တင်အမေရိကသည် “ယောက်ျားမာန်” ဟူသည့်စကားလုံးကို အင်္ဂလိပ်စကားပြောနိုင်ငံများသို့ လက်ဆောင်ပေးခဲ့သည်။ ယင်းသည် ရန်လိုသောယောက်ျားတစ်ဦး၏မာနကို ရည်ညွှန်းပြီး အမျိုးသမီးများအပေါ် မတရားပြုတတ်သည့် သဘောထားမျိုးကို ဖော်ဆောင်၏။ သို့သော် အောက်ပါအစီရင်ခံချက်များ ဖော်ပြချက်အရ ယောက်ျားမာန်ကို လက်တင်အမေရိကတစ်ခုတည်းတွင်သာ တွေ့ရခြင်းမဟုတ်ချေ။

အီဂျစ်– အိမ်တွင်းအကြမ်းဖက်မှုသည် အမျိုးသမီးများကို ထိခိုက်အနာတရဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း အလက်ဇန္ဒရားမြို့မှ သုံးလကြာလေ့လာမှုက ဖော်ပြသည်။ ယင်းသည် ဒေသန္တရထိခိုက်ဒဏ်ရာအကူအညီဌာနများသို့ အမျိုးသမီးများ လာရောက်မှုအားလုံး၏ ၂၇.၉ ရာခိုင်နှုန်းရှိသည့် အကြောင်းရင်းဖြစ်သည်။—⁠အမျိုးသမီးများဆိုင်ရာ စတုတ္ထအကြိမ်မြောက်ကမ္ဘာ့ညီလာခံမှတ်တမ်းအကျဉ်း ၅။

ယိုးဒယား– ဘန်ကောက်၏အကြီးဆုံးမြို့ဆင်ခြေဖုံးရပ်ကွက်တွင် အိမ်ထောင်သည်အမျိုးသမီး ၅၀ ရာခိုင်နှုန်းသည် ပုံမှန်ရိုက်နှက်ခံနေကြရသည်။—⁠အမျိုးသမီးများကျန်းမာရေးဆိုင်ရာ ပစ္စဖိတ်ဒေသအဖွဲ့။

ဟောင်ကောင်– “အိမ်ထောင်ဖက်များ၏ ရိုက်နှက်မှုခံရသည်ဟု ဆိုကြသည့် အမျိုးသမီးဦးရေသည် လွန်ခဲ့သောနှစ်ထက် ထူးထူးခြားခြား ၄၀ ရာခိုင်နှုန်းကျော်တိုးများခဲ့သည်။”—⁠ဆောက်သ် ချိုင်းနား မောနင်း ပို့စ်တ်၊ ဇူလိုင် ၂၁၊ ၂၀၀၀။

ဂျပန်– ကွန်းခိုရာရှာသည့် အမျိုးသမီးဦးရေသည် ၁၉၉၅ ခုနှစ်တွင် ၄,၈၄၃ ဦးရှိရာမှ ၁၉၉၈ ခုနှစ်တွင် ၆,၃၄၀ ဦးအထိ တိုးများခဲ့သည်။ “သုံးပုံတစ်ပုံသောသူတို့က ခင်ပွန်းသည်များ၏ အကြမ်းဖက်သည့်အမူအကျင့်ကြောင့် ကွန်းခိုရာရှာရခြင်းဖြစ်သည်ဟု ဆိုကြသည်။”—⁠ဂျပန် တိုင်းမ်စ်၊ စက်တင်ဘာ ၁၀၊ ၂၀၀၀။

ဗြိတိန်– “ခြောက်စက္ကန့်တိုင်းတွင် ဗြိတိန်နိုင်ငံတစ်ဝန်းရှိ အိမ်တစ်အိမ်တွင် မုဒိမ်းမှု၊ ရိုက်နှက်မှု သို့မဟုတ် လက်နက်ဖြင့်ရိုက်နှက်မှုတစ်ခုခု ဖြစ်ပွားလျက်ရှိသည်။” စကော့တလန်ယာ့ဒ်သတင်းအဆိုအရ “ရဲစခန်းသည် အိမ်တွင်းအကြမ်းဖက်မှု ကြုံနေရသူများထံမှ နေ့စဉ်ဖုန်းခေါ်ကြိမ် ၁,၃၀၀—⁠တစ်နှစ်လျှင် အကြိမ်ပေါင်း ၅၇၀,၀၀၀ ထက်မက—⁠လက်ခံရရှိလျက်ရှိသည်။ ရှစ်ဆယ့်တစ်ရာခိုင်နှုန်းသည် အမျိုးသားများ၏တိုက်ခိုက်မှုခံရသည့် အမျိုးသမီးများဖြစ်ကြသည်။”—⁠တိုင်းမ်စ်၊ အောက်တိုဘာ ၂၅၊ ၂၀၀၀။

ပီရူး– ရဲသို့တိုင်ကြားသည့် ရာဇဝတ်မှုအားလုံး၏ ခုနစ်ဆယ်ရာခိုင်နှုန်းသည် ခင်ပွန်းသည်များ၏ရိုက်နှက်မှုခံရသည့် အမျိုးသမီးများ ပါဝင်ပတ်သက်သည်။—⁠အမျိုးသမီးများကျန်းမာရေးဆိုင်ရာ ပစ္စဖိတ်ဒေသအဖွဲ့။

ရုရှား– “တစ်နှစ်အတွင်း ရုရှားအမျိုးသမီး ၁၄,၅၀၀ သည် ခင်ပွန်းများ၏သတ်ဖြတ်မှုကို ခံခဲ့ရသည့်အပြင် ၅၆,၄၀၀ သည် အိမ်တွင်းတိုက်ခိုက်မှုများကြောင့် မသန်မစွမ်း သို့မဟုတ် ဆိုးရွားစွာအနာတရ ရရှိခဲ့ကြသည်။”—⁠ဂါးဒီးယန်း။

တရုတ်– “ယင်းသည် ပြဿနာသစ်တစ်ခုဖြစ်သည်။ အထူးသဖြင့် မြို့ပြဒေသများ၌ လျင်မြန်စွာ တိုးပွားလျက်ရှိသည်” ဟုကျင်းလွိန်မိသားစုရေးရာဌာန၏ ဒါရိုက်တာဖြစ်သူ ပါမောက္ခချိန်ယိယွင်က ဆိုသည်။ “အိမ်နီးချင်းများထံမှဖိအားသည် အိမ်တွင်းအကြမ်းဖက်မှုကို မတားကြတော့ချေ။”—⁠ဂါးဒီးယန်း။

နီဂါရာဂွာ– “နီဂါရာဂွာတွင် အမျိုးသမီးများကို အကြမ်းဖက်ခြင်းသည် ပျံ့နှံ့လျက်ရှိသည်။ လွန်ခဲ့သောနှစ်တစ်နှစ်တည်းတွင် နီဂါရာဂွာအမျိုးသမီး ၅၂ ရာခိုင်နှုန်းသည် ၎င်းတို့၏အမျိုးသားများလက်ချက်ဖြင့် အိမ်တွင်းအကြမ်းဖက်မှုပုံစံတစ်မျိုးမျိုးကို ကြုံခဲ့ကြသည်။”—⁠ဘီဘီစီသတင်း။

[စာမျက်နှာ ၇ လေးထောင့်ကွက်]

အန္တရာယ်ကျရောက်နိုင်ဖွယ် အရိပ်အယောင်များ

ယူ.အက်စ်.အေ.၊ ရိုဒ်အိုင်းလဲန်းပြည်နယ်ရှိ တက္ကသိုလ်မှ ရစ်ချာ့ဒ် ဂျေ. ဂျေးလ် ဦးဆောင်သည့် လေ့လာမှုတစ်ရပ်အရ အိမ်တွင်းရေးဆိုင်ရာ ကာယရေးနှင့် စိတ်ပိုင်းဆိုင်ရာ မတရားပြုမှုအတွက် အန္တရာယ်ကျရောက်နိုင်ဖွယ်အရိပ်အယောင်များမှာ အောက်ပါအတိုင်းဖြစ်သည်–

၁။ အိမ်တွင်းရေးအကြမ်းဖက်မှုနှင့်ယခင်က ပတ်သက်ခဲ့ဖူးသူ။

၂။ အလုပ်အကိုင်မရှိသူ။

၃။ အနည်းဆုံး တစ်နှစ်တစ်ကြိမ် တရားမဝင်မူးယစ်ဆေးဝါးသုံးစွဲသူ။

၄။ အိမ်တွင်နေထိုင်ခဲ့စဉ်က ဖခင်ဖြစ်သူက မိခင်ဖြစ်သူအား ထိုးနှက်သည်ကို တွေ့ခဲ့ဖူးသူ။

၅။ လက်မထပ်ဘဲ အတူနေထိုင်သည့် မောင်နှံ။

၆။ အလုပ်အကိုင်ရှိမည်ဆိုလျှင် လစာနည်းသူ။

၇။ အဆင့်မြင့်ပညာရေးမအောင်မြင်သူ။

၈။ အသက် ၁၈ နှစ်နှင့် ၃၀ ကြားရှိသူ။

၉။ မိဘတစ်ဦး သို့မဟုတ် နှစ်ဦးစလုံး အိမ်တွင် သားသမီးများကို အကြမ်းဖက်သူ။

၁၀။ ဝင်ငွေမှာ နွမ်းပါးသည့်အဆင့်အောက်တွင်ရှိခြင်း။

၁၁။ အမျိုးသားနှင့် အမျိုးသမီးတို့ ယဉ်ကျေးမှုနောက်ခံ ကွဲပြားခြင်း။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အိမ်တွင်းအကြမ်းဖက်မှုသည် သားသမီးများအပေါ် ဆိုးရွားစွာထိခိုက်နိုင်