ရိုးဆက်ရောင်ရမ်းနာကို နားလည်သဘောပေါက်ခြင်း
ရိုးဆက်ရောင်ရမ်းနာကို နားလည်သဘောပေါက်ခြင်း
“ညအိပ်ရာဝင်ချိန်မှာ ကျွန်မရဲ့ ပုံပျက်ပန်းပျက် ခြေလက်တွေကို ကြည့်ပြီး ငိုကြွေးမိတယ်။”—မီးဒိုရီ၊ ဂျပန်။
ရိုးဆက်ရောင်ရမ်းနာသည် လူသားများကို ရာစုနှစ်ချီ၍ ကပ်သင့်စေခဲ့ပြီ။ အဆိုပါရောဂါသည် လွန်ခဲ့သော ရာစုနှစ်များစွာကတည်းကရှိခဲ့ကြောင်း အီဂျစ်မံမီရုပ်အလောင်းများက သက်သေထူ၏။ နယ်မြေသစ်စူးစမ်းရှာဖွေသူ ခရစ္စတိုဖာ ကိုလံဘတ်စ်သည် ယင်းရောဂါ ခံစားခဲ့ရကြောင်း ထင်ရှားသည်။ ယနေ့ သန်းပေါင်းများစွာတို့သည်လည်း ဝေဒနာခံစားနေရ၏။ သို့ဆိုလျှင် မသန်မစွမ်းဘဝရောက်စေသည့် ဤရောဂါကား အဘယ်နည်း။
“ရိုးဆက်ရောင်ရမ်းနာ” ဟူသည့်စကားလုံးသည် “ရောင်ရမ်းနေသည့်အဆစ်များ” ဟုအဓိပ္ပာယ်ရသည့် ဂရိစကားလုံးမှ ဆင်းသက်လာပြီး ယင်းတွင် ရူမတစ်ဆိုင်ရာရောဂါ ကျန်းမာရေးချို့တဲ့မှု ၁၀၀ ကျော်ပါဝင်သည်။ * ဤရောဂါတို့သည် အဆစ်များကိုသာမက ကြွက်သားများ၊ အရိုးများ၊ ကြွက်စွန်းရွတ်များနှင့် ရိုးဆစ်အရွတ်များကိုပါ ထိခိုက်စေနိုင်သည်။ ရိုးဆက်ရောင်ရမ်းနာပုံစံအချို့သည် အရေပြား၊ ကိုယ်တွင်းအင်္ဂါများနှင့် မျက်လုံးများကိုပင် ထိခိုက်ပျက်စီးစေနိုင်သည်။ ရိုးဆက်ရောင်ရမ်းနာများထဲမှ လူသိများသော ရောဂါနှစ်မျိုးဖြစ်သည့် ရူမတွိုက်အရိုးဆစ်ရောင်ရောဂါနှင့် ရိုးဆက်ယိုယွင်းရောင်ရမ်းနာတို့ကို အာရုံစိုက်ကြပါစို့။
ရိုးဆစ်၏ဗိသုကာပုံစံ
အရိုးနှစ်ချောင်းဆုံတွေ့သည့်နေရာသည် အဆစ်ဖြစ်၏။ အကျိရည်ရှိအဆစ်ကို ပျဉ်းတွဲသော တစ်ရှူးအိတ်ဖြင့်အုံ၍ ကာကွယ်ထောက်မပေးထားသည်။ (စာမျက်နှာ ၄ ရှိပုံကိုရှု။) ဤအဆစ်အိတ်ကို အကျိမြှေးက အတွင်းဘက်မှခံထားပေးသည်။ ဤအမြှေးသည် စေးပျစ်သောအရည်ကို ထုတ်လုပ်ပေးသည်။ အဆစ်အိတ်အတွင်းရှိ အရိုးနှစ်ချောင်း၏အစွန်းပိုင်းကို အရိုးနုဟုခေါ်သည့် ချောမွတ်၍ ဆန့်ကျုံ့နိုင်သောတစ်ရှူးတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ ယင်းသည် အရိုးအချင်းချင်း ပွတ်တိုက်ခြင်း၊ ဖိကြိတ်ခြင်းမှကာကွယ်ပေးသည်။ အရိုးနုသည် ဒဏ်ထိန်း (shock absorber) ကဲ့သို့လုပ်ဆောင်ပေးသည့်အပြင် အရိုးများ၏အစွန်းများ ဖိတိုက်မှုကို အားပျော့သွားစေရန်နှင့် ဖိတိုက်အားကို အခြားအရိုးများသို့ ပြန့်သွားစေရန်အတွက်လည်း လုပ်ဆောင်သည်။
ဥပမာ၊ သင်သည် လမ်းလျှောက်၊ ပြေးလွှား သို့မဟုတ် ခုန်သည့်အခါ သင်၏ တင်ပါးဆုံရိုးများနှင့် ဒူးဆစ်များအပေါ် သက်ရောက်လာသည့်ဖိအားသည် သင့်ကိုယ်ခန္ဓာအလေးချိန်ထက် လေးဆမှ ရှစ်ဆအထိရှိနိုင်သည်! ဆောင့်မိသည့် ဒဏ်ရှိန်အများစုကို ဝန်းရံလျက်ရှိသည့် ကြွက်သားများနှင့် ကြွက်စွန်းရွတ်များက ဒဏ်ခံပေးရသည်မှန်သော်လည်း အဆိုပါဝန်ကို သင့်အရိုးများခံနိုင်ရန် အရိုးနုက ရေမြှုပ်ကဲ့သို့ ပျော့အိကျပေးသည်။
ရူမတွိုက်အရိုးဆစ်ရောင်ရောဂါ
ရူမတွိုက်အရိုးဆစ်ရောင်ရောဂါ (RA) ကိစ္စတွင် ကိုယ်ခန္ဓာ၏ရောဂါပြီးစနစ်သည် ခန္ဓာကိုယ်၏ရိုးဆစ်များကို အပြင်းအထန်တိုက်ခိုက်လေသည်။ မသိရှိရသော အကြောင်းရင်းတချို့ကြောင့် ကိုယ်ခန္ဓာ၏ရောဂါပြီးစနစ်တွင် ပဓာနကျသည့် တီဆဲလ်များအပါအဝင် သွေးဆဲလ်ပမာဏများစွာတို့သည် ရိုးဆစ်အခေါင်းများထဲသို့ ထိုးဝင်သွားကြသည်။ ယင်းကြောင့် အဆစ်ကို ရောင်ရမ်းလာစေသည့် ဓာတုဓာတ်ပြုမှုများဆက်တိုက်ဖြစ်ပွားစေသည်။ အကျိဆဲလ်များ အကြီးအကျယ်ပွားလာကာ အကျိတ်သဏ္ဌာန် တစ်ရှူးအစိုင်အခဲတစ်ခု (pannus) ဖြစ်ပေါ်စေသည်။ တစ်ဖန် ဤတစ်ရှူးအစိုင်အခဲ (pannus) သည် အရိုးနုကို ဖျက်ဆီးတတ်သော အင်ဇိုင်းမ်ကို ထုတ်လုပ်ပေးရာ အရိုးနုများကို စားပစ်လိုက်သည်။ ယခုအခါ အရိုးထိပ်သားချင်း တိုက်ရိုက်ထိကပ်သွားနိုင်ရာ လှုပ်ရှား၍သိပ်မရဖြစ်သည်သာမက လှုပ်ရှားလိုက်တိုင်း မချိမဆံ့နာကျင်မှုကို ခံစားရလေသည်။ ထို့ပြင် ဤပျက်စီးစေတတ်သော ဖြစ်စဉ်သည် အသားမျှင်များ၊ ကြွက်စွန်းရွတ်များနှင့် ကြွက်သားများကိုလည်း အားနည်းစေကာ အဆစ်ကို ယိုင်နဲ့စေပြီး တစ်စိတ်တစ်ပိုင်းအနေနှင့် အဆစ်လွဲစေသည်၊ တစ်ခါတစ်ရံ ပုံပျက်ပန်းပျက်ဖြစ်စေလေ့ရှိသည်။ အများအားဖြင့် RA သည် အဆစ်များကို တစ်ပုံစံတည်းထိခိုက်စေလေ့ရှိပြီး လက်ကောက်ဝတ်ရိုးများ၊ ဒူးဆစ်များနှင့် ခြေထောက်များကို ထိခိုက်စေတတ်သည်။ ထို့ပြင် RA ရောဂါလက္ခဏာရှင် ၅၀ ရာခိုင်နှုန်းကျော်တို့၏ အရေပြားအောက်တွင် အကျိတ်အဖုလေးများ ပေါ်လာတတ်သည်။ တချို့မှာ သွေးအားနည်းရောဂါနှင့် ရေခန်းခြောက်ရောဂါဖြစ်လာပြီး မျက်လုံးများနှင့် လည်ချောင်းကို နာကျင်စေသည်။ RA နောက်ဆက်တွဲရောဂါများမှာ အဖျားဝင်ခြင်းနှင့် ကြွက်သားများနာကျင်ကိုက်ခဲခြင်းအပါအဝင် မောပန်းနွမ်းနယ်ခြင်းနှင့် တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများ ဖြစ်ကြသည်။
အမှန်မှာ RA စဖြစ်ပုံနှင့် ကြာချိန်တို့သည် အမျိုးမျိုးရှိကြ၏။ လူတစ်ဦးတွင် နာကျင်မှုနှင့် တောင့်တင်းနေမှုသည် ရက်သတ္တပတ်ပေါင်းများစွာသာမက နှစ်နှင့်ချီ၍ပင် ဖြည်းဖြည်းချင်း စတင်ဖြစ်ပေါ်လာပေမည်။ နောက်တစ်ဦးအတွက်မူ ရုတ်ခြည်းစဖြစ်ပေမည်။ လူတချို့အတွက်မူကား RA သည် လအနည်းငယ်သာကြာပြီး ပြောပလောက်အောင် ထိခိုက်မှုမဖြစ်ဘဲ ပျောက်သွားတတ်သည်။ အခြားသူများကမူ ရောဂါထလာပြီး ပို၍ဆိုးဝါးသောရောဂါလက္ခဏာများကို အတန်ကြာခံစားရပြီးနောက် ပြန်လည်သက်သာလာပေမည်။ ထို့ပြင် လူနာတချို့သည် ဤရောဂါကို နှစ်ပေါင်းများစွာ ဆက်၍ခံစားနေရရာ သူတို့ခမျာ မသန်မစွမ်းဘဝရောက်သွားရရှာသည်။
မည်သူများ RA ဝေဒနာကို ခံစားနေကြရသနည်း။ “လူလတ်ပိုင်းအရွယ် အမျိုးသမီးအများစုတွင် အဖြစ်များသည်” ဟု ဒေါက်တာ မိုက်ကယ်လ် ရှစ်ဖ် ကဆိုသည်။ သို့ရာတွင် “အသက်အရွယ်အသီးသီးရှိကြသည့် အမျိုးသားများရော ကလေးများကိုပါ ထိခိုက်နိုင်သည်” ဟု
ရှစ်ဖ်ကထပ်၍ဆိုသည်။ မိမိတို့၏ဆွေမျိုးများထဲတွင် ရူမတွိုက်အရိုးဆစ်ရောင်ရောဂါသည်ရှိလျှင် ထိုရောဂါခံစားရဖို့ သာ၍အကြောင်းများသည်။ လေ့လာမှုအတော်များများက ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်းနှင့် သွေးသွင်းဖူးခြင်းတို့သည် သိသာထင်ရှားသော ရောဂါရနိုင်သည့်အချက်များဖြစ်ကြောင်း ထပ်၍ဖော်ပြသည်။ရိုးဆက်ယိုယွင်းရောင်ရမ်းနာ
“ရိုးဆက်ယိုယွင်းရောင်ရမ်းနာသည် နည်းအမျိုးမျိုးဖြင့် ရာသီဥတုနှင့်ဆင်တူသည်—နေရာတကာတွင်ရှိနေတတ်သည်၊ ၎င်း၏ဆိုးကျိုးများကို တစ်ခါတစ်ရံ သတိမပြုမိသော်လည်း တစ်ခါတစ်ရံတွင်မူ သိသာကြီးမားတတ်သည်” ဟု အနောက်တိုင်းဆေးပညာဂျာနယ်ကဆို၏။ ရိုးဆက်ယိုယွင်းရောင်ရမ်းနာ (OA) သည် RA နှင့်မတူပေ။ ယင်းသည် အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ပျံ့နှံ့ကူးစက်သွားခဲသော်လည်း ရိုးဆစ်တစ်ခု သို့မဟုတ် အချို့ကိုသာ ဦးတည်တိုက်စားသွားတတ်သည်။ အရိုးနုသည် တဖြည်းဖြည်း တိုက်စားခံရသည်နှင့်အမျှ အရိုးအချင်းချင်း စ၍ဖိကြိတ်လာတော့သည်။ နောက်ဆက်တွဲရောဂါမှာ အရိုးအတက်ထွက်ခြင်းဟုခေါ်သည့် အရိုးကျီးပေါင်းတက်ခြင်းဖြစ်သည်။ အရည်အိတ်များပေါ်လာနိုင်ပြီး ပင်မအရိုးသည် ထူပြီး ပုံပျက်လာသည်။ အခြားလက္ခဏာစုများတွင် ဖုထစ်နေသော လက်ဆစ်များ၊ ရိုးဆက်ရောင်ရမ်းနာဖြစ်နေသည့် အဆစ်များမှ ထွက်ပေါ်လာသည့် ဖိကြိတ်သံများ၊ တရစပ်နာကျင်နေခြင်း၊ မာကျောတောင့်တင်းသွားခြင်းနှင့် မရွေ့လျားနိုင်ခြင်းတို့နှင့်အတူ ရုတ်တရက်အကြောဆွဲခြင်း ဖြစ်တတ်သည်။
ယခင်က OA ရောဂါကို အသက်ကြီးရင့်ခြင်း၏ အကျိုးဆက်တစ်ခုအဖြစ်သာ ယူမှတ်ထားခဲ့ကြသည်။ သို့ရာတွင် ကြာမြင့်စွာကတည်းက ခံယူထားခဲ့ကြသည့် အဆိုပါအယူအဆကို ကျွမ်းကျင်သူပညာရှင်များ စွန့်ပယ်လိုက်ကြပြီဖြစ်သည်။ အမေရိကန် ဆေးဂျာနယ်ကဤသို့ဆိုသည်– “ပုံမှန်ဖိတွန်းအားကို ထမ်းထားရသည့် ပုံမှန်အဆစ်တစ်ခုသည် လူတစ်ဦး၏သက်တမ်းအတွင်း သုံးဖန်များ၍ သုံးမရတော့ခြင်းမျိုးမရှိနိုင်ချေ။” သို့ဆိုလျှင် ရိုးဆက်ယိုယွင်းရောင်ရမ်းနာဖြစ်စေသည့် အကြောင်းရင်းများကား အဘယ်နည်း။ ဗြိတိန်မဂ္ဂဇင်း သည်လန်ဆက် ၏အဆိုအရ ယင်း၏ တိကျသောအကြောင်းရင်းကို နားလည်ဖို့ ကြိုးပမ်းမှုများသည် “အငြင်းပွားမှုကြောင့် နှောင့်နှေးနေ” သည်။ စုံစမ်းစစ်ဆေးသူတချို့က အဆိုပြုသည်မှာ အနည်းငယ်အရိုးအက်ခြင်းကဲ့သို့သော အရိုးအနာတရဖြစ်ခြင်းသည် ဦးဆုံးဖြစ်မည်။ ယင်းကြောင့်လည်း အရိုးအတက်ထွက်လာပြီး အရိုးနုသည်လည်း ပျက်စီးယိုယွင်းလာသည်။ တချို့အယူအဆမှာ OA ရောဂါသည် အရိုးနုတွင်စဖြစ်သည်။ အဆိုပါအရိုးနုသည် ပျက်စီးပြီး အနားဖွာလာသည်နှင့်အမျှ ပင်မအရိုးအပေါ် သက်ရောက်သည့်ဖိတွန်းအားမှာ တိုးများလာသည်ဟု သူတို့ယူမှတ်ကြ၏။ ကိုယ်ခန္ဓာသည် ပျက်စီးသွားသည့် အရိုးနုကို ပြန်လည်ပြုပြင်ပေးရန် ကြိုးပမ်းသည်နှင့်အမျှ ရောဂါဗေဒဆိုင်ရာပြောင်းလဲမှုများ ဖြစ်ပျက်လာသည်။
မည်သူများ OA ဝေဒနာကို ခံစားနေကြရသနည်း။ အသက်အရွယ်သည် OA ရောဂါဖြစ်ရသည့် တစ်ခုတည်းသောအကြောင်းရင်းမဟုတ်သော်လည်း အသက်အရွယ်ကြီးရင့်လာသည့်အခါ အဆစ်ဖုံးအရိုးနုဆုံးရှုံးမှုကို ပို၍ခံရတတ်သည်။ အဆိုပါရောဂါရရန်အလားအလာရှိကြသူများတွင် အဆစ်မျက်နှာပြင်များအံဝင်မှု ပုံမမှန်သူများ သို့မဟုတ် ခြေသလုံးနှင့် ပေါင်ကြွက်သားများအားနည်းသူများ၊ ခြေထောက်အရှည်မညီသူများ သို့မဟုတ် ကျောရိုးဆစ်လွဲနေသူများ ပါဝင်ကြပေမည်။ ထို့ပြင် မတော်တဆဖြစ်စေ၊ အဆစ်ကိုအားကိုးကာ ထပ်ခါတလဲလဲလှုပ်ရှားရသည့်အလုပ်အကိုင်ကြောင့်ဖြစ်စေ အဆစ်ဒဏ်ဖြစ်သွားလျှင် ရိုးဆက်ယိုယွင်းရောင်ရမ်းနာဖြစ်လာရန် အကြောင်းဖန်စေနိုင်သည်။ စတင်ယိုယွင်းလာပြီးနောက် အဝလွန်လာခြင်းကလည်း OA ရောဂါကို တိုး၍ဆိုးရွားစေနိုင်သည်။
ဒေါက်တာ တင်မ် စပက်တာက ဤသို့ဆိုသည်– “ရိုးဆက်ယိုယွင်းရောင်ရမ်းနာသည် အကြောင်းတရားများသည့်ရောဂါတစ်မျိုးဖြစ်ပြီး ယင်းတွင် ရောဂါဖြစ်ပွားစေသော တိကျသေချာသည့် ပြင်ပအကြောင်းတရားများရှိသော်လည်း မျိုးရိုးလိုက်ခြင်းကလည်း တစ်စိတ်တစ်ပိုင်းမှပါဝင်သည်။” အထူးသဖြင့် OA ရောဂါရှိနိုင်သူများမှာ မိသားစုတွင် ထိုရောဂါရာဇဝင်ရှိထားသည့် လူလတ်ပိုင်းနှင့် သက်ကြီးပိုင်း အမျိုးသမီးများဖြစ်သည်။ အရိုးပွရောဂါနှင့်မတူသည်မှာ OA ရောဂါစဖြစ်ဖြစ်ခြင်းတွင် အရိုးမပွဘဲ သာ၍သိပ်သည်းလာတတ်သည်။ သုတေသနပညာရှင်အချို့က အောက်စီဂျင် ဘေးထွက်အညစ်အကြေးဒြပ်ပေါင်းများ (free oxygen radicals) ကြောင့်ဖြစ်သည့် ထိခိုက်ပျက်စီးမှုနှင့် ဗိုက်တာမင် စီနှင့်ဒီ ချို့တဲ့မှုတို့ကို အခြေခံအကြောင်းရင်းများအဖြစ် ထောက်ပြကြသည်။
ကုသမှု
ရိုးဆက်ရောင်ရမ်းနာ ကုသမှုတွင် အများအားဖြင့် ဆေးဝါးမှီဝဲခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ဘဝပုံစံပြောင်းလဲခြင်းတို့ ပေါင်းစပ်ပါဝင်လေ့ *
ရှိသည်။ ရူပကုထုံးဆရာဝန်သည် လေ့ကျင့်ခန်းကုထုံးအစီအစဉ်တစ်ခုဖြင့် အစပြုကုသပေးပေမည်။ ယင်းအစီအစဉ်တွင် လှုပ်ရှားမှုအမျိုးမျိုး၊ မလှုပ်မရှားဘဲ အားစိုက်ထုတ်ရသည့် ကာယလေ့ကျင့်ခန်း၊ အေရိုးဘစ်နှင့် အားစိုက်လေ့ကျင့်ခန်း သို့မဟုတ် အလေးမလေ့ကျင့်ခန်းတို့ပါဝင်ပေမည်။ ထိုလေ့ကျင့်ခန်းများသည် အဆစ်နာကျင်ခြင်းနှင့် ဖောရောင်ခြင်း၊ မောဟိုက်ပန်းလျခြင်း၊ မအီမသာဖြစ်ခြင်းနှင့် စိတ်ဓာတ်ကျဆင်းခြင်းအပါအဝင် ရောဂါလက္ခဏာအများအပြားကို တိုးတက်ကောင်းမွန်စေခဲ့ပြီဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများကို အသက်ကြီးသူများ၌ပင် တွေ့မြင်ရသည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် အရိုးပွခြင်းကို ထိန်းချုပ်ဟန့်တားပေးနိုင်သည်။ နာကျင်မှုကို အပူအအေးကုထုံးပုံစံအမျိုးမျိုးနှင့် အပ်စိုက်ကုထုံးတို့ဖြင့်လည်း အတိုင်းအတာတစ်ခုအထိ သက်သာစေနိုင်သည်ဟု တချို့ကဆိုကြသည်။ကိုယ်အလေးချိန်လျှော့ချခြင်းသည် အဆစ်အမြစ်နာကျင်ကိုက်ခဲမှုကို ထူးထူးခြားခြား လျော့နည်းစေသောကြောင့် စားသည့်အစာသည် ရိုးဆက်ရောင်ရမ်းနာ ကိုင်တွယ်ဖြေရှင်းရေး၏ အဓိကကျသည့်အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပေသည်။ ထို့ပြင် တချို့က ကယ်လစီယမ်ဓာတ်ကြွယ်ဝသည့် အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်များနှင့် လတ်ဆတ်သောသစ်သီးဝလံများ၊ အိုမီဂါ-၃ အဆီအက်စစ်ကြွယ်ဝသည့် ရေအေးပိုင်းနေငါး၊ ပြုပြင်မွမ်းမံထားသည့်အစားအစာများနှင့် ပြည့်ဝအဆီပမာဏ လျှော့ချထားသည့် အစားအစာတို့သည် ကိုယ်အလေးချိန်ကို အောင်မြင်စွာ လျှော့ချပေးနိုင်သည့်အပြင် နာကျင်ကိုက်ခဲမှုကိုပါ သက်သာစေနိုင်သည်ဟု ဆိုကြသည်။ မည်သို့အားဖြင့်နည်း။ တချို့က ထိုသို့သောအစားအစာမျိုးသည် ရောင်ရမ်းမှုဖြစ်စဉ်ကို ဟန့်တားပေးသည်ဟု ဆိုကြသည်။ အသား၊ နို့ထွက်ပစ္စည်းများ၊ ဂျုံနှင့် အာလူးမျိုးရင်းဝင် ခရမ်းချဉ်၊ အာလူး၊ ငရုတ်၊ ခရမ်းသီးအစရှိသည့် ဟင်းသီးဟင်းရွက်များမပါသည့် အစားအစာများသည်လည်း အချို့သောသူများအတွက် ထိရောက်မှုရှိသည်ဟု ဆိုကြသည်။
ကိစ္စရပ်အချို့တွင် အဆစ်ဖောက်စစ်ဆေးခြင်းဟုခေါ်သည့် ခွဲစိတ်ကုသမှုကို ထောက်ခံအားပေးကြသည်။ ယင်းကုသမှုတွင် ခွဲစိတ်ကုဆရာဝန်က အဆစ်ထဲသို့ ကိရိယာတစ်ခုထည့်သွင်းပြီး ပျက်စီးစေတတ်သော အင်ဇိုင်းမ်များကို ထုတ်လုပ်ပေးသည့် အကျိတစ်ရှူးကို ဖယ်ထုတ်ရသည်။ သို့ရာတွင် ပြန်ရောင်ရမ်းလာလေ့ရှိသောကြောင့် ဤကုထုံးတွင် ထိရောက်မှုအကန့်အသတ်သာရှိသည်။ ပိုမိုထိရောက်သော ကုထုံးတစ်ခုမှာ ရိုးဆစ်ပြုပြင်ခြင်း၊ ယင်းကုထုံးတွင် အဆစ်တစ်ခုလုံး (အများအား
ဖြင့် တင်ပါးဆုံရိုး သို့မဟုတ် ဒူးဆစ်) ကို အဆစ်တုတစ်ခုဖြင့် အစားထိုးခြင်းပင်ဖြစ်သည်။ ဤခွဲစိတ်ကုသမှုသည် ၁၀ နှစ်မှ ၁၅ နှစ်အထိခံပြီး နာကျင်ကိုက်ခဲမှုကို ဖယ်ရှားပေးရာတွင်လည်း အလွန်ထိရောက်လေ့ရှိသည်။မကြာသေးမီက ဆရာဝန်များသည် ဟိုင်ယာလူရောနစ်အက်စစ်ရည်ကို အဆစ်ထဲသို့ တိုက်ရိုက်ထိုးသွင်းရသည့် စေးပျစ်ရည်ဖြည့်စွက်ကုထုံးကဲ့သို့သော ကျူးကျော်ဝင်ရောက်ကုသမှုမျိုးကို နည်းနိုင်သမျှနည်းအောင် ကြိုးစားကြသည်။ များသောအားဖြင့် ယင်းကို ဒူးဆစ်များတွင် ကုသပေးလေ့ရှိသည်။ ထို့ပြင် ဥရောပလေ့လာမှုအချို့အရ အရိုးနုပြုပြင်ပေးသည့်ပစ္စည်းများ ထိုးသွင်းပေးခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့သည်။
ရိုးဆစ်ရောင်ရမ်းနာကို ပျောက်ကင်းအောင်ကုသပေးသည့် ဆေးမရှိသေးသော်လည်း နာကျင်ကိုက်ခဲမှုနှင့် ရောင်ရမ်းမှုကို သက်သာစေသည့် ဆေးဝါးအမြောက်အမြားရှိပါသည်၊ ဆေးဝါးအချို့သည် အဆိုပါရောဂါ အဆင့်တိုးလာမှုကို နှေးကွေးစေသည့် အလားအလာရှိကြောင်း ပြသခဲ့ပြီဖြစ်သည်။ အားအင်ချည့်နဲ့စေသော ရိုးဆက်ရောင်ရမ်းနာရောဂါများမှ သက်သာရာရရန် အကိုက်အခဲပျောက်ဆေးများ၊ ကော်တီကိုစတီရွိုက်ကုထုံးအပြင်၊ စတီးရွိုက်မဲ့ယဉ်းရောင်တားဆေးများ (NSAIDs)၊ ရူမရောဂါပြုပြင်တိုက်ဖျက်ဆေးဝါးများ (DMARDs)၊ ခန္ဓာကိုယ်အတွင်းရှိ ရောဂါနှင့်သက်ဆိုင်သော ပဋိပစ္စည်းများကို ဖိနှိပ်ရန်အတွက် အသုံးပြုသော immunosuppressants, biologic response modifiers နှင့် ရောဂါကာကွယ်နိုင်စွမ်းကို အတုံ့အပြန်ပြုပြင်ပြောင်းလဲပေးသည့် မျိုးရိုးဗီဇပြုပြင်ထားသောဆေးဝါးများကို အသုံးပြုလျက်ရှိသည်။ သို့ရာတွင် အဆိုပါဆေးဝါးအမျိုးအစားအားလုံးတို့သည် စိုးရိမ်ဖွယ်ကောင်းသော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သောကြောင့် သက်သာဖို့အရေး ပေးဆပ်ရသည့်တန်ဖိုးမှာ မြင့်မားပေမည်။ ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် ဘေးအန္တရာယ်များကို ချင့်ချိန်တွက်ဆခြင်းက လူနာနှင့် ဆရာဝန်နှစ်ဦးစလုံးအတွက် စိန်ခေါ်ချက်ဖြစ်သည်။
ရိုးဆက်ရောင်ရမ်းနာ အပြင်းအထန်ခံစားနေရသူအချို့သည် နာကျင်ထိခိုက်စေသော ဤရောဂါကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ပါမည်နည်း။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 4 ယင်းတို့မှာ ရိုးဆက်ယိုယွင်းရောင်ရမ်းနာ၊ ရူမတွိုက်အရိုးဆစ်ရောင်ရောဂါ၊ SLE (systemic lupus erythematosus) ခေါ် အသားအရေရောင်ရမ်းနာမျိုး၊ ကလေးရူမတွိုက်အရိုးဆစ်ရောင်ရောဂါ၊ ဂေါက်ရောဂါ၊ အကျိအိတ်ရောင်ရမ်းရောဂါ၊ ရူမအဖျားရောဂါ၊ လိုင်းမ်ရောဂါ၊ လက်ကောက်ဝတ်ရိုးအလယ်ကြောမ အားနည်းရောဂါ၊ မျှင်ထူကြွက်သားနာခြင်း၊ ရိုက်တာလက္ခဏာစုနှင့် ကျောရိုးဆစ်ခိုင်ရောင်ရမ်းရောဂါတို့ဖြစ်ကြသည်။
^ အပိုဒ်၊ 18 နိုးလော့! သည် မည်သည့်ကုထုံး၊ ဆေးဝါး သို့မဟုတ် ခွဲစိတ်ကုသမှုကိုမျှ ထောက်ခံပေးနေခြင်းမဟုတ်ပါ။ ဝေဒနာသည်တစ်ဦးစီသည် သိရှိထားသည့်အချက်များအရ မည့်သည်ကုသမှုကိုမဆို စူးစမ်းစစ်ဆေးဖို့တာဝန်ရှိပြီး သေသေချာချာ စဉ်းစားချင့်ချိန်ရမည်ဖြစ်သည်။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
အဝလွန်သူ၊ ဆေးလိပ်သောက်သူနှင့် သွေးသွင်းဖူးသူတို့သည် လူတစ်ဦး၏ ရူမတွိုက်အရိုးဆစ်ရောင်ရောဂါအန္တရာယ်ကြုံရဖို့ ပို၍အကြောင်းများ
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ရွေးချယ်စရာကုထုံးများ
ကုထုံးဆိုင်ရာပစ္စည်းအချို့သည် အစဉ်အလာကုသမှုများထက် နောက်ဆက်တွဲဆိုးကျိုးပိုနည်းပြီး ပို၍အန္တရာယ်ကင်းသည်ဟု ယူဆကြသည်။ ယင်းတို့အနက်မှာ ကော်လာဂျင် type II ဖြစ်သည်၊ ယင်းသည် ရောင်ရမ်းနေသည့် အဆစ်များ အရောင်လျော့စေရာတွင်၊ ရူမတွိုက်အရိုးဆစ်ရောင်ရောဂါ (RA) နာကျင်မှု သက်သာစေရာတွင် အောင်မြင်စေခဲ့ကြောင်း သုတေသီအချို့က ဆိုကြသည်။ မည်သို့အားဖြင့်နည်း။ ရောင်ရမ်းမှုကိုဖြစ်ပေါ်စေခြင်း၊ အင်တာလူကင်း-၁ (IL-1) နှင့် အကျိတ်ဆဲလ်သေခြင်း မျိုးရိုးဗီဇ အယ်လ်ဖာ (α) ခေါ် ပျက်စီးစေတတ်သောဆိုင်တိုကင်းတို့ကို ကန့်သတ်ဟန့်တားပေးခြင်းအားဖြင့်ဖြစ်သည်။ သဘာဝမှရရှိသည့် အာဟာရဓာတ်အနည်းငယ်တို့ကလည်း ပျက်စီးစေတတ်သော အဆိုပါဒြပ်စင်တို့ကို ဟန့်တားပေးနိုင်သည့်အစွမ်းရှိကြောင်း ဖော်ပြခဲ့သည်ဟုဆိုကြသည်။ ယင်းတို့တွင် ဗိုက်တာမင် အီး၊ ဗိုက်တာမင် စီ၊ နိုင်ယာဆင်နမိုတ်၊ ကိုလက်စထရောကျ အဆီအက်စစ် (EPA) နှင့် မရှိမဖြစ်လိုအပ်သော အဆီအက်စစ် (GLA) ပါဝင်မှုမြင့်မားသည့် ငါးဆီ၊ ဘိုရေ့ခ်ျစေ့အဆီနှင့် အဝါဖျော့ရောင် ပရင်းမ်ရို့စ်ညနေပန်းအဆီတို့ ပါဝင်ကြသည်။ တရုတ်ပြည်တွင် Tripterygium wilfordii Hook F ဟုခေါ်သည့် ဗိန္ဓော ရိုးရာကုထုံးကို နှစ်များစွာကပင် အသုံးပြုခဲ့ကြပြီဖြစ်သည်။ RA ဆိုးကျိုးများကို လျော့နည်းစေရာတွင်ယင်းကုထုံးသည် အောင်မြင်မှု အတော်အတန်ရရှိခဲ့သည်ဟုဆိုသည်။
[စာမျက်နှာ ၄၊ ၅ ပါ ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ကျန်းမာသော အဆစ်
အကျိအိတ်
ကြွက်သား
အရိုးနု
ကြွက်စွန်းရွတ်
ရိုးဆက်အိတ်
အကျိမြှေး
အကျိငွေ့ရည်
အရိုး
ရူမတွိုက် အရိုးဆစ်ရောင်နာအဆစ်
နေရာဟာသွားခြင်း
အရိုးနှင့် အရိုးနုပျက်စီးခြင်း
ရောင်ရမ်းနေသည့်အကျိမြှေး
ရိုးဆက်ယိုယွင်းရောင်ရမ်းနာ အဆစ်
ပဲ့ထွက်သွားသော အရိုးနုအစအနများ
အရိုးနုပျက်စီးခြင်း
အရိုးအတက်
[Credit Line]
Source: Arthritis Foundation
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ရိုးဆက်ရောင်ရမ်းနာသည် မည်သည့်အသက်အရွယ်မဆို ဖြစ်နိုင်
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
လေ့ကျင့်ခန်းလုပ်ခြင်းနှင့် တော်သင့်သောဓာတ်စာစားခြင်း အစီအစဉ်သည် အတော်အတန်သက်သာရာရစေနိုင်