မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရိုးဆက်ရောင်ရမ်းနာ—မသန်မစွမ်းဖြစ်စေသည့် ရောဂါ

ရိုးဆက်ရောင်ရမ်းနာ—မသန်မစွမ်းဖြစ်စေသည့် ရောဂါ

ရိုးဆက်ရောင်ရမ်းနာ—မသန်မစွမ်းဖြစ်စေသည့် ရောဂါ

“ကိုယ်တိုင်မကြုံဖူးသ၍တော့ နာကျင်မှုကို ခံစားတတ်မှာမဟုတ်ဘူး။ သေမှပဲအေးမယ်လို့ ကျွန်မထင်တယ်။”—⁠စဲ့ဆူကို၊ ဂျပန်။

“ကျွန်တော် အသက် ၁၆ နှစ်ကတည်းက ခံစားလာခဲ့ရတဲ့ ဒီရောဂါကြောင့် ကျွန်တော့်ရဲ့ လူငယ်ဘဝ ဆုံးရှုံးသွားခဲ့တယ်။”—⁠ဒါရဲန်၊ ဂရိတ်ဗြိတိန်။

“ကျွန်မရဲ့ဘဝသက်တမ်း နှစ်နှစ်လောက်ကို အိပ်ရာထဲလဲနေခဲ့ရတယ်။”—⁠ကာတီယာ၊ အီတလီ။

“ကျွန်မရဲ့ အရိုးဆစ်တွေအားလုံး စပြီးနာလာတာနဲ့ ကျွန်မဘဝတစ်ခုလုံးဟာ နာကျင်မှုတွေချည်းပဲ။”—⁠ဂျွိုက်စ်၊ တောင်အာဖရိက။

ယင်းတို့သည် ရိုးဆက်ရောင်ရမ်းနာဟု လူသိများသောရောဂါနှင့်စပ်လျဉ်း၍ ဝေဒနာသည်တို့၏ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော ရင်ဖွင့်စကားများဖြစ်သည်။ သန်းနှင့်ချီသောဝေဒနာသည်တို့သည် ရိုးဆက်ရောင်ရမ်းနာကြောင့် ဖြစ်ပေါ်ခံစားရသည့် နာကျင်ခြင်း၊ မလှုပ်ရှားနိုင်ခြင်းနှင့် ကိုယ်အင်္ဂါများပုံပျက်ပန်းပျက်ဖြစ်လာခြင်းတို့မှ သက်သာရာရရန် မိမိတို့၏သမားတော်ကြီးများထံ နှစ်စဉ် သွားရောက်ပြသကြသည်။

အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် ရိုးဆက်ရောင်ရမ်းနာ ဝေဒနာသည်ပေါင်း ၄၂ သန်းကျော်ရှိနေပြီး ဝေဒနာသည် ၆ ဦးတွင် ၁ ဦးမှာ မသန်မစွမ်းဖြစ်နေသည်။ အမှန်မှာ ရိုးဆက်ရောင်ရမ်းနာသည် ထိုနိုင်ငံတွင် ကိုယ်လက်အင်္ဂါမသန်မစွမ်းဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်နေသည်။ ဤရောဂါကြောင့်ဖြစ်ပေါ်သည့် စီးပွားရေးထိခိုက်မှုသည် ဆေးဖိုးဝါးခနှင့် ကုန်ထုတ်စွမ်းအားကျဆင်းမှုတို့တွင် အမေရိကန်နိုင်ငံသားများသည် နှစ်စဉ် ဒေါ်လာ ၆၄ ဘီလီယံကျော် ကုန်ကျဆုံးရှုံးနေရာ “အလယ်အလတ်စီးပွားရေးကျဆင်းခြင်းကြောင့် ထိခိုက်မှုနှင့်ညီမျှ” သည်ဟု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အမျိုးသားဌာနက ထုတ်ဖော်ပြောဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ ချီလီ၊ တရုတ်၊ . . . ထိုင်း၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ မလေးရှား၊ မက္ကဆီကို၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံအစရှိသည့် ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် ရိုးဆက်ရောင်ရမ်းနာနှင့် အခြားသော ရူမတစ်အဆစ်ရောင်နာတို့ကို ထမ်းထားရသောဝန်ထုပ်သည် “စက်မှုထွန်းကားသောနိုင်ငံများနှင့်အတူတူ” ပင်ဖြစ်ကြောင်း စစ်တမ်းများက ဖော်ပြ၏။

ရိုးဆက်ရောင်ရမ်းနာသည် သက်ကြီးရောဂါသာဖြစ်သည်ဟူသော အယူအဆမှာ ဒဏ္ဍာရီပုံပြင်ဖြစ်၏။ ၎င်းရောဂါသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ သာ၍ပြင်းထန်လာတတ်သည်မှာ မှန်ပါသည်။ သို့သော် အဖြစ်အများဆုံးရောဂါပုံစံတစ်မျိုးဖြစ်သည့် ရူမတွိုက်အရိုးဆစ်ရောင်ရောဂါသည် အသက် ၂၅ နှစ်နှင့် ၅၀ အရွယ်ကြားရှိသူများတွင် အဖြစ်များနေသည်။ အမေရိကန်ပြည်ထောင်စုတွင် ရိုးဆက်ရောင်ရမ်းနာရှိသည့် လူ ၅ ဦးတွင် ၃ ဦးမှာ အသက် ၆၅ နှစ်အောက်အရွယ်များဖြစ်ကြ၏။ အလားတူ၊ ဂရိတ်ဗြိတိန်ရှိ ဝေဒနာသည် ၈ သန်းတွင် ၁.၂ သန်းမှာ အသက် ၄၅ နှစ်အောက်အရွယ်များ ဖြစ်ကြသည်။ ၁၄,၅၀၀ ကျော်မှာ ကလေးများဖြစ်ကြသည်။

ရိုးဆက်ရောင်ရမ်းနာ ဝေဒနာခံစားနေရသူများမှာ နှစ်စဉ် လျင်မြန်စွာပင် တိုးများလာလျက်ရှိ၏။ ကနေဒါနိုင်ငံတွင် နောက်လာမည့်ဆယ်စုနှစ်အတွင်း ရိုးဆက်ရောင်ရမ်းနာခံစားရသူ အရေအတွက်မှာ တစ်သန်းအထိ တိုးများလာလိမ့်မည်။ ရိုးဆက်ရောင်ရမ်းနာရောဂါ ပျံ့နှံ့မှုသည် အာဖရိကနှင့် အာရှတို့တွင်ထက် ဥရောပတွင် ပို၍အဖြစ်များနေသော်လည်း အဆိုပါတိုက်ကြီးများတွင်လည်း ဤရောဂါဖြစ်ပွားမှု မြင့်တက်လာနေသည်။ သို့ဖြစ်၍ ရိုးဆက်ရောင်ရမ်းနာ အကြီးအကျယ်တိုးများလာမှုကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၀၀-၂၀၁၀ ခုနှစ်ကို အရိုးနှင့်အဆစ်ဆယ်စုနှစ်အဖြစ် ကြေညာရသည့်အခြေအနေရောက်ခဲ့သည်။ ဤကာလအတောအတွင်း ရိုးဆက်ရောင်ရမ်းနာကဲ့သို့သော ကြွက်သားရိုးဆက်ရောင်ရမ်းနာရောဂါ ဝေဒနာသည်များအတွက် ဘဝအရည်အသွေးတိုးတက်စေရန် ကြိုးပမ်းရာ၌ ကမ္ဘာတစ်ဝန်းရှိ ဆရာဝန်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပညာရှင်များက ပူးပေါင်းဆောင်ရွက်ကြပါလိမ့်မည်။

ဤနာကျင်လှသည့်ရောဂါနှင့်ပတ်သက်၍ အဘယ်အရာသိရှိရသနည်း။ ဤရောဂါဖြစ်ပွားမှုကြောင့် မည်သူများ အန္တရာယ်ကြုံနေရသနည်း။ ရိုးဆက်ရောင်ရမ်းနာ ဝေဒနာသည်များသည် မသန်မစွမ်းဖြစ်စေသည့်ဆိုးကျိုးများကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်သနည်း။ အနာဂတ်တွင်ကော ကုသပျောက်ကင်းမည်လော။ ကျွန်ုပ်တို့၏ နောက်ဆောင်းပါးများက ဤအကြောင်းများကို ဆွေးနွေးပေးပါလိမ့်မည်။

[Picture Credit Line on page 3]

X ray: Used by kind permission of the Arthritis Research Campaign, United Kingdom (www.arc.org.uk)