မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရိုးဆက်ရောင်ရမ်းနာ ဝေဒနာသည်များအတွက် မျှော်လင့်ချက်

ရိုးဆက်ရောင်ရမ်းနာ ဝေဒနာသည်များအတွက် မျှော်လင့်ချက်

ရိုးဆက်ရောင်ရမ်းနာ ဝေဒနာသည်များအတွက် မျှော်လင့်ချက်

“ရိုးဆက်ရောင်ရမ်းနာသည် နှလုံးရောဂါ သို့မဟုတ် ကင်ဆာရောဂါတို့ကဲ့သို့ အသေအပျောက်တွင် အဓိကအကြောင်းရင်းတစ်ခုမဟုတ်သော်လည်း ဘဝအရည်အသွေးကို အကြီးအကျယ်ထိခိုက်စေသည်” ဟု ဒေါက်တာ ဖာတီမာ မီလီကဆို၏။ ရိုးဆက်ရောင်ရမ်းနာသည် လူတစ်ဦး၏ဘဝကဏ္ဍအသီးသီးကို ထိခိုက်စေနိုင်သည်။ ရိုးဆက်ရောင်ရမ်းနာခံစားနေရသူများ ရင်ဆိုင်ရသည့် ပြဿနာအချို့ကား အဘယ်နည်း။ ကိုင်တွယ်ဖြေရှင်း၍ရနိုင်ပါသလော။

အီတလီနိုင်ငံမှ အသက် ၂၈ နှစ်ရှိ ကာတီယာ *က ဤသို့ဆိုသည်– “အသက် ၂၀ အရွယ်မှာ ရိုးဆက်ရောင်ရမ်းနာ ရောဂါလက္ခဏာပြလာကတည်းက ကျွန်မဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့တယ်။ နာကျင်မှုကြောင့် အလုပ်ကထွက်၊ အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းမှလည်း ထွက်လိုက်ရတယ်။” နာကျင်မှုသည် ရိုးဆက်ရောင်ရမ်းနာဝေဒနာသည်အားလုံး ကြုံတွေ့ရသော ပြဿနာတစ်ရပ်ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ အသက် ၆၃ နှစ်ရှိ အယ်လင်ကဤသို့ဆိုသည်– “ဒီဝေဒနာဟာ သိပ်မပြင်းထန်ဘဲဖြစ်ချင်ဖြစ်ပေမဲ့လည်း ခန္ဓာကိုယ်တစ်နေရာရာမှာတော့ အမြဲလိုလို နာကျင်ကိုက်ခဲနေတယ်။” မောဟိုက်နွမ်းနယ်မှုသည် နောက်စိန်ခေါ်ချက်တစ်ခုဖြစ်၏။ “နာကျင်ကိုက်ခဲတဲ့ဒဏ်နဲ့ ရောင်ရမ်းမှုဒဏ်ကို သင်တင်းခံထားနိုင်ရင်တောင် မောပန်းနွမ်းနယ်မှုကိုတော့ ခံနိုင်မှာမဟုတ်ဘူး” ဟု အသက် ၂၁ နှစ်ရှိ ဆာရာကဆိုသည်။

စိတ်လှုပ်ရှားမှုဆိုင်ရာနာကျင်မှု

ဂျပန်နိုင်ငံမှ အသက် ၆၁ နှစ်ရှိ စဲ့ဆူကို၏အဆိုအရ နာတာရှည်နာကျင်မှုဒဏ်ကို နေ့စဉ်ရုန်းကန်နေရခြင်းသည် “စိတ်လှုပ်ရှားမှုအရနှင့် စိတ်ပိုင်းအရလည်း အလွန်ပန်းသွား” နိုင်ပါသည်။ ခဲတံ သို့မဟုတ် တယ်လီဖုန်းကို မြဲအောင်ကိုင်ဖို့ပင် စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်သည်! အသက် ၄၇ နှစ်ရှိ ကာဇူမီက ဤသို့ညည်းတွားသည်– “ကလေးတစ်ယောက်လုပ်နိုင်တဲ့ သာမန်အလုပ်တွေကိုတောင် ကျွန်မ,မလုပ်နိုင်တော့ဘူး။” မိမိခြေထောက်ပေါ် အချိန်ကြာကြာမရပ်နိုင်ရှာသည့် အသက်ခြောက်ဆယ်အရွယ် ဂျဲနစ်က ဤသို့ဆိုသည်– “ကျွန်မလုပ်နေကျအလုပ်တွေကို မလုပ်နိုင်တော့တဲ့အတွက် စိတ်ဓာတ်ကျမိတယ်။”

ထိုသို့သော ကန့်သတ်မှုများကြောင့် စိတ်ပျက်အားလျော့ပြီး မိမိနှင့်ပတ်သက်၍ အပျက်သဘောခံစားချက်များဝင်လာစေနိုင်သည်။ ယေဟောဝါသက်သေတစ်ဦးဖြစ်သူ အသက် ၂၇ နှစ်အရွယ်ရှိ ဂါးခူကဤသို့ဆိုသည်– “ဧဝံဂေလိလုပ်ငန်းမှာ အပြည့်အဝမပါဝင်နိုင်ခြင်း ဒါမှမဟုတ် အသင်းတော်တာဝန်များကို မထမ်းဆောင်နိုင်ခြင်းက ကျွန်တော်ဟာ ဘာဆိုဘာမှ တန်ဖိုးမရှိတဲ့လူတစ်ယောက်ပဲလို့ ခံစားစေပါတယ်။” နှစ်နှစ်အရွယ်ကတည်းက ရိုးဆက်ရောင်ရမ်းနာနှင့် တိုက်ပွဲဆင်ခဲ့ရသည့် ဖရန်ချေးစ်ကာက “မျှော်လင့်ချက်ကင်းမဲ့မှု ဝဲသြဃထဲမှာ မြုပ်သထက်မြုပ်သွားအောင် စုပ်ယူခံနေရတယ်” ဟုပြောပြသည်။ ထိုသို့သော မျှော်လင့်ချက်ကင်းမဲ့မှုသည် ဝိညာဉ်ရေးကိုလည်း ထိခိုက်စေနိုင်ပါသည်။ တောင်အာဖရိကနိုင်ငံမှ သက်သေခံတစ်ဦးဖြစ်သူ ဂျွိုက်စ်က သူသည် ခရစ်ယာန်အစည်းအဝေးများနှင့် စ၍ခပ်ခွာခွာနေလာခဲ့သည်ဟု ဝန်ခံသည်။ “ကျွန်မ ဘယ်သူနဲ့မှ မရင်ဆိုင်နိုင်ဘူး” ဟု သူရှင်းပြသည်။

ဝေဒနာသည်တစ်ဦးသည် အနာဂတ်ရေး—⁠မလှုပ်နိုင်မရှားနိုင်ဖြစ်လာကာ အခြားသူများအား မှီခိုနေရမည်စိုးခြင်း၊ ကြည့်ရှုပြုစုပေးမည့်သူမရှိဘဲ ပစ်ထားခံရမည်စိုးခြင်း၊ လိမ့်ကျ၍အရိုးများကျိုးသွားမည်စိုးခြင်း၊ မိမိ၏မိသားစုအား မထောက်ပံ့နိုင်မည်စိုးခြင်း စသည်ဖြင့် စိုးရိမ်ပူပန်မိပေမည်။ အသက် ၅၂ နှစ်အရွယ်ရှိ ယိုကိုကဤသို့ဝန်ခံသည်– “ကျွန်မရဲ့အဆစ်တွေ ပုံပျက်လာတာကိုတွေ့လိုက်ရတော့ ပိုဆိုးလာလေမလားဆိုပြီး စိုးရိမ်လာတယ်။”

မိသားစုဝင်များမှာလည်း မိမိတို့၏ချစ်မြတ်နိုးရသူ ဝေဒနာခံစားနေသည်ကို နေ့စဉ်နှင့်အမျှ တွေ့နေရ၍ စိတ်နာကျင်မှုကိုခံစားရပေမည်။ အချို့သော မောင်နှံတို့သည် အိမ်ထောင်ရေးတင်းမာမှုကိုပင် ဆိုးဆိုးရွားရွား တွေ့ကြုံရပေမည်။ ဒန်နစ်ဇ်အမည်ရှိ အင်္ဂလန်နိုင်ငံမှအမျိုးသမီးတစ်ဦးက ဤသို့ဆိုသည်– “အိမ်ထောင်သက် ၁၅ နှစ်ကြာပြီးတဲ့နောက် ကျွန်မရဲ့ခင်ပွန်းက ‘မင်းရဲ့ရိုးဆက်ရောင်ရမ်းနာရောဂါကို ငါလုံးဝသည်းမခံနိုင်တော့ဘူး!’ လို့ထုတ်ဖော်ပြောလာတယ်။ နောက်တော့ ကျွန်မနဲ့ ကျွန်မတို့ရဲ့ ၅ နှစ်အရွယ် သမီးလေးကို သူပစ်သွားခဲ့တယ်။”

ဤနည်းဖြင့် ရိုးဆက်ရောင်ရမ်းနာသည် ဝေဒနာသည်များကော ၎င်းတို့၏မိသားစုများကိုပါ အထူးစိန်ခေါ်ချက်ဖြစ်စေသည်။ သို့ဖြစ်လင့်ကစား လူများစွာတို့သည် အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ကြသည်! ထိုသို့ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြသူတချို့ကို စေ့စေ့ကြည့်ရှုကြပါစို့။

သင်၏ကန့်သတ်ချက်များကို ထည့်တွက်ခြင်း

သင်သည် ရိုးဆက်ရောင်ရမ်းနာ ဝေဒနာသည်တစ်ဦးဖြစ်မည်ဆိုလျှင် လျောက်ပတ်စွာ အနားယူခြင်းက မရှိမဖြစ်သောအရာဖြစ်၏; ယင်းက မောဟိုက်နွမ်းနယ်မှုကို သက်သာစေနိုင်ပါသည်။ သို့သော် လူမှုအသိုင်းအဝိုင်းမှ ဖယ်ခွာလိုက်ရမည်ကိုမဆိုလိုပါ။ တိမောသေကဤသို့ရှင်းပြသည်– “ရိုးဆက်ရောင်ရမ်းနာက သင့်ကို စိတ်ပိုင်းအရလွှမ်းမိုးထိန်းချုပ်မသွားဖို့ မပြတ်သတိချပ်နေဖို့လိုတယ်၊ လွှမ်းမိုးသွားရင်တော့ တစ်ချိန်လုံးထိုင်ပြီး နာကျင်ကိုက်ခဲမှုကိုပဲ စဉ်းစားနေမိလိမ့်မယ်။” မေရို ဆေးခန်းမှ ရူမတွိုက်အရိုးဆစ်ရောင်ရမ်းနာရောဂါအထူးကု ဝီလျံ ဂင်းဇ်ဘာ့ဂ်က ဤသို့ဆိုသည်– “များများလုပ်လွန်းခြင်းနှင့် နည်းနည်းလုပ်လွန်းခြင်းတို့စပ်ကြား နားလည်ရခက်သည့်ကွာခြားမှုရှိသည်။ တစ်ခါတစ်ရံတွင် လူတို့ကို အရှိန်လျော့ရန်နှင့် မိမိတို့၏ရောဂါကို ထည့်တွက်ရန် သတိပေးဖို့လို၏။”

ယင်းက သင်၏အကန့်အသတ်ဖြစ်နေမှုများအပေါ် ရှုမြင်ပုံကို ပြောင်းလဲပေးနိုင်ပါသည်။ တောင်အာဖရိကနိုင်ငံမှ ဒက်ဖနီက ဤသို့ပြန်ပြောပြသည်– “လက်တွေ့ကျကျဖြစ်ဖို့နဲ့ အရာတချို့လုပ်ဆောင်ဖို့ စွမ်းရည် ကျွန်မမှာရှိသေးတယ်ဆိုတာကို သိထားဖို့လိုပါတယ်; အဲဒါတွေကို ဖြည်းဖြည်းချင်း လုပ်ဖို့လည်းလိုပါသေးတယ်။ စိုးရိမ်ပူပန်နေ၊ စိတ်ပျက်အားလျော့နေမယ့်အစား တစ်ကြိမ်မှာ နည်းနည်းစီလုပ်ပါတယ်။”

ထို့ပြင် ရရှိနိုင်သည့် အထောက်အကူပြုကိရိယာအမျိုးမျိုးနှင့် အကျွမ်းတဝင်ဖြစ်လာအောင်လုပ်ခြင်းသည်လည်း စိတ်ကူးကောင်းတစ်ခုဖြစ်သည်၊ ဖြစ်နိုင်လျှင် ယင်းတို့ကို သင်၏ဆရာဝန် သို့မဟုတ် ရူပကုထုံးဆရာဝန်နှင့် ဆွေးနွေးပါလေ။ ကေကိုက ဤသို့ပြန်ပြောပြသည်– “အတက်အဆင်းလုပ်ဖို့ ဓာတ်လှေကားတစ်ခု တပ်ဆင်ထားပါတယ်။ တံခါးလက်ကိုင်ဘုတွေကို လှည့်ဖွင့်ရတာဟာ ကျွန်မရဲ့လက်ကောက်ဝတ်တွေကို နာကျင်စေတယ်။ ဒါကြောင့် အဲဒီလက်ကိုင်ဘုတွေကို လဲပစ်လိုက်တယ်။ အခု ကျွန်မရဲ့ဦးခေါင်းနဲ့ တံခါးအားလုံးကို တွန်းဖွင့်ဝင်နိုင်ပါပြီ။ အနည်းဆုံး အိမ်အလုပ်တချို့ကို ကျွန်မလုပ်နိုင်ဖို့အတွက် ကျွန်မတို့အိမ်မှာရှိရှိသမျှ ရေပိုက်ခေါင်းတွေမှာ မောင်းတံပုံစံ လက်ကိုင်တွေတပ်ဆပ်ထားတယ်။” ဂေးလ်အမည်ရှိ ရိုးဆက်ရောင်ရမ်းနာ ဝေဒနာသည်နောက်တစ်ဦးက ဤသို့ဆိုသည်– “ကျွန်မရဲ့ကားနဲ့ အိမ်သော့တွေကို လက်ကိုင်ရှည်တပ်ထားလိုက်တော့ အလွယ်တကူဖွင့်လို့ရသွားတာပေါ့။ ပြီးတော့ ကျွန်မရဲ့ဘီးနဲ့ ဘရပ်ရှ်တွေကိုလည်း လက်ကိုင်ရှည်ရှည်တပ်ထားပြီး ဖြီးနိုင်၊ ဘရပ်ရှ်တိုက်နိုင်အောင် ထောင့်အမျိုးမျိုးနဲ့ ဆစ်ချိုးနိုင်အောင်လုပ်ထားတယ်။”

မိသားစုထောက်မမှု—⁠“ခွန်အားပေးရဲတိုက်”

ဘရာဇီးနိုင်ငံမှ ကာလာက ဤသို့ဆိုသည်– “ကျွန်မခင်ပွန်းရဲ့ အထောက်အမဟာ တော်တော်ကိုအရေးပါခဲ့တယ်။ အကြောင်းကတော့ ဆရာဝန်ဆီသွားပြတဲ့အခါ ကျွန်မနဲ့အဖော်လိုက်ပေးခဲ့တဲ့အတွက် ကျွန်မကို အားတက်စေပါတယ်။ ရောဂါက ကျွန်မရဲ့ကိုယ်ခန္ဓာကို ဘယ်လိုထိခိုက်နေသလဲ၊ ရောဂါလက္ခဏာကဘာတွေလဲ၊ ပြီးတော့ ဘယ်လိုကုသမှုမျိုးလိုအပ်မလဲဆိုတာတွေကို ကျွန်မတို့အတူတကွ ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ကျွန်မခံစားနေရတာတွေကို သူနားလည်ပေးနိုင်တဲ့အတွက် အတော်လေးနေသာထိုင်သာရှိခဲ့တယ်။” မှန်ပါသည်၊ မိမိတို့အိမ်ထောင်ဖက်များ၏ အကန့်အသတ်ဖြစ်နေမှုများကို လက်ခံကြ၍ သူတို့၏အခြေအနေနှင့်စပ်လျဉ်းပြီး နားလည်ပေးလိုကြသူ ခင်ပွန်းသည် သို့မဟုတ် ဇနီးသည်များသည် အားရှိစရာအထောက်အမတို့၏ အလွန်ကြီးမားသော ပင်ရင်းတစ်ခု ဖြစ်နိုင်သည်။

ဥပမာ၊ ခင်ပွန်း၏ ရိုးဆက်ရောင်ရမ်းနာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းကို လျှော့ချပစ်လိုက်ရသည့်အခါ သန့်ရှင်းရေးဝန်ဆောင်အလုပ်များကို ဘက်,လုပ်ဆောင်ခဲ့သည်။ ကာဇူမီ၏ခင်ပွန်းသည်,သည် သူ့ကိုပြုစုပေးရုံသာမက သူ,မလုပ်နိုင်သည့်အိမ်အလုပ်ကိုပါ လုပ်ခဲ့သည်။ ထို့အပြင် သားသမီးများကိုလည်း သူတို့ကူညီပေးနိုင်ရာကိုလုပ်ဆောင်တတ်ဖို့ လေ့ကျင့်ပေးခဲ့သည်။ ကာဇူမီက “ကျွန်မရဲ့ခင်ပွန်းဟာ ခွန်အားပေးရဲတိုက်ပါပဲ။ သူ့ရဲ့အကူအညီသာမရှိရင်တော့ ကျွန်မရဲ့အခြေအနေဟာ ပိုပြီးဆိုးရွားလာစရာအကြောင်းရှိတယ်။”

ဩစတြေးလျနိုင်ငံမှ ကယ်ရယ်လ်အမည်ရှိ အမျိုးသမီးတစ်ဦးက ဤသို့သတိပေးသည်– “လုပ်စရာတစ်ပုံကြီးနဲ့ ဇယားမချထားမိဖို့ သတိပြုပါ။ မိသားစုနှင့်ယှဉ်ပြီး ကိုယ်မလုပ်နိုင်ဘူးဆိုရင် ကိုယ့်မှာ အရည်အသွေးချို့တဲ့နေပြီဆိုတဲ့ခံစားချက်ဟာ အလွယ်တကူ တစ်စတစ်စဝင်ရောက်လာနိုင်တယ်။” မိသားစုသည် စစ်မှန်သော နားလည်မှုနှင့် ထောက်ထားစာနာမှုပေးမည်ဆိုလျှင် ဝေဒနာသည်များအတွက် ခွန်အားပေးရဲတိုက်တစ်ခု ဖြစ်နိုင်ပေသည်။

ဝိညာဉ်ရေးအကူအညီ

ကာတီယာကဤသို့ဆိုသည်– “လူတစ်ယောက်ဟာ ဒီလိုရောဂါမျိုးခံစားနေရတဲ့အခါ သူဘာတွေဖြစ်နေသလဲဆိုတာကို ဘယ်သူမှသိကြမှာမဟုတ်ဘူးလို့ ခံယူထားတတ်တယ်။ ကျွန်မတို့ရဲ့ ရုပ်ပိုင်းနဲ့ စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ အခြေအနေကို ကိုယ်တော်အမှန်နားလည်ပေးတယ်ဆိုတာ သိရှိထားခြင်းက ယေဟောဝါဘုရားသခင်ကို အရေးတကြီး အားကိုးအားထားပြုစေပါတယ်။ (ဆာလံ ၃၁:⁠၇) ကိုယ်တော်နဲ့ဆက်ဆံရေးကောင်းရှိထားခြင်းက ကျွန်မရဲ့ရောဂါနဲ့ပတ်သက်ပြီး ဣန္ဒြေမပျက် စိတ်အေးလက်အေးနဲ့ နေထိုင်အသက်ရှင်စေခဲ့တယ်။” သမ္မာကျမ်းစာက ယေဟောဝါအား ‘ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ကျွန်ုပ်တို့အားသက်သာစေတော်မူသော . . . သက်သာခြင်းအမျိုးမျိုးတို့၏အရှင်’ ဟုသင့်လျော်စွာခေါ်ဆို၏။—⁠၂ ကောရိန္သု ၁:၃၊ ၄

သို့ဖြစ်၍ ဆုတောင်းပေးခြင်းသည် နာတာရှည်နာကျင်မှုကို ခံစားနေရသူတစ်ဦး သက်သာစေရန် အားကြီးသောရင်းမြစ်တစ်ခုဖြစ်နိုင်ပေသည်။ ကာဇူမီကဤသို့ပြန်ပြောပြသည်– “နာကျင်ကိုက်ခဲမှုကြောင့် တစ်ညလုံးအိပ်မရတဲ့အခါ နာကျင်မှုကိုခံနိုင်ဖို့ ခွန်အားပေးဖို့ရယ်၊ ကျွန်မရဲ့အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ ဉာဏ်ပညာပေးပါဆိုပြီး ယေဟောဝါဆီ မျက်ရည်လည်ရွှဲ အသနားခံဆုတောင်းခဲ့တယ်။ ကျွန်မရဲ့ဆုတောင်းသံကို ယေဟောဝါ အသေအချာ ဖြေကြားပေးခဲ့ပါတယ်။” ဖရန်ချေးစ်ကာသည်လည်း ဘုရားသခင့်မေတ္တာပါထောက်မမှုကို ထိုနည်းတူ ရရှိခံစားခဲ့ရ၏။ သူဤသို့ပြောဆိုသည်– “ဖိလိပ္ပိ ၄:၁၃ မှာ ‘ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏’ လို့ဆိုတဲ့စကားတွေ ပြည့်စုံလာတာကို ကျွန်မကိုယ်တိုင်တွေ့သိလာခဲ့ရပါတယ်။”

ယေဟောဝါဘုရားသခင်သည် ခရစ်ယာန်အသင်းတော်မှတစ်ဆင့်လည်း ထောက်မပေးလေ့ရှိသည်။ ဥပမာ၊ ဂေးလ်သည် ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်ရှိ ဝိညာဉ်ရေး ညီအစ်ကိုညီအစ်မများထံမှ အကူအညီရရှိခဲ့ကြောင်း ပြောပြသည်။ “သူတို့ရဲ့မေတ္တာက ကျွန်မကိုစိတ်ဓာတ်မကျဖို့ ကူညီပေးခဲ့တယ်” ဟုဂေးလ်ကဆို၏။ ထိုနည်းထပ်တူ ကေကိုသည် “ရှင့်ဘဝမှာရှိခဲ့တဲ့ နှစ်လိုဖွယ်ကောင်းတဲ့အရာတစ်ခုကို ပြောပါဆိုရင် ပြောပြနိုင်မလား” ဟုမေးမြန်းခံရသောအခါ သူက “ပြောပြနိုင်တာပေါ့၊ အသင်းတော်ကလူတိုင်းလိုလိုဆီကနေ ကျွန်မရရှိတဲ့ မေတ္တာနဲ့ စာနာထောက်ထားမှု အစုစုပါပဲ!” ဟု ပြန်ပြောခဲ့လေသည်။

ယေဟောဝါသက်သေများ၏ အသင်းတော်များရှိ ကြီးကြပ်မှူးများသည် ထိုသို့သောထောက်မမှုကိုပေးရာတွင် ဦးဆောင်ကြသည်။ စဲ့ဆူကိုကဤသို့ဆိုသည်– “ရောဂါနဲ့ရုန်းကန်နေရတဲ့လူတစ်ယောက်ကို အကြီးအကဲတွေက နားထောင်ပေးပြီး နှစ်သိမ့်မှုပေးတဲ့အခါ ရရှိတဲ့အကျိုး ဘယ်လောက်ကြီးမားတယ်ဆိုတာကို ပြောပြလို့တောင် မရနိုင်ပါဘူး။” သို့ရာတွင် ရိုးဆက်ရောင်ရမ်းနာဝေဒနာသည် ဒဲနီယယ်လ်က “ကျွန်တော်တို့ကို ကူညီပေးဖို့ ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးညီအစ်ကိုညီအစ်မတွေကို ခွင့်ပြုမှသာ သူတို့ကူညီပေးနိုင်ကြမှာဖြစ်ပါတယ်” ဟုသတိပေးသည်။ ထို့ကြောင့် ဝေဒနာသည်များသည် အသင်းတော်အစည်းအဝေးများကို အတတ်နိုင်ဆုံးတက်ရောက်ခြင်းအားဖြင့် ခရစ်ယာန်ချင်းများနှင့် ပူးပူးကပ်ကပ်နေဖို့ အရေးကြီးသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ထိုတွင် ခံနိုင်ရည်ရှိဖို့ လိုအပ်သော ဝိညာဉ်ရေးအားပေးမှုကို သူတို့ရရှိနိုင်ကြမည်ဖြစ်ပေသည်။

ဝေဒနာမခံစားရတော့

ရိုးဆက်ရောင်ရမ်းနာ ဝေဒနာသည်များသည် ယခုအချိန်ထိ တိုးတက်မြင့်မားလာခဲ့ပြီဖြစ်သည့် ဆေးပညာကို ကျေးဇူးတင်ရှိကြသည်။ သို့ရာတွင် အကောင်းဆုံးကုသမှုများပင်လျှင် လုံးလုံးပျောက်ကင်းသွားဖို့ မဖြစ်နိုင်သေးချေ။ ရေရှည်တွင် ဝေဒနာသည်များသည် ကမ္ဘာသစ်နှင့်ဆိုင်သည့် ဘုရားသခင့်ကတိတော်များကို ယုံကြည်ခြင်းမှ အကြီးအကျယ် သက်သာရာရနိုင်ပေသည်။ * (ဟေရှာယ ၃၃:၂၄; ဗျာဒိတ် ၂၁:၃၊ ၄) ထိုကမ္ဘာသစ်တွင် ‘ခြေဆွံ့သောသူများသည် ဒရယ်ကဲ့သို့ခုန်ကြပါလိမ့်မည်။’ (ဟေရှာယ ၃၅:⁠၆) လူသားတစ်ရပ်လုံးကို ထိခိုက်နေသည့် ရိုးဆက်ရောင်ရမ်းနာနှင့် အခြားရောဂါအားလုံးတို့သည် ထာဝစဉ်ကွယ်ပျောက်သွားပေတော့မည်! ထို့ကြောင့် ကျောရိုးအဆစ်ရောင်ရောဂါ ဝေဒနာသည်တစ်ဦးဖြစ်သူ ပီတာကဤသို့ဆိုသည်– “ကျွန်တော်ဖြတ်လျှောက်နေတဲ့ ဒီမှောင်မှောင်မဲမဲဥမင်လိုဏ်ခေါင်းရဲ့ အဆုံးမှာ အလင်းရောင်ကို ကျွန်တော် လှမ်းမြင်နေရပါတယ်။” ဂျူလီယာနာအမည်ရှိ ခရစ်ယာန်အမျိုးသမီးတစ်ဦးကလည်း အလားတူဤသို့ဆို၏– “တစ်ရက်ကုန်သွားတိုင်း အောင်ပွဲရလိုက်တဲ့ တိုက်ပွဲတစ်ပွဲလိုပါပဲ၊ အဆုံးရောက်မလာခင် ခံရမယ့်ရက် တစ်ရက်လျော့သွားပြီ!” မှန်ပါသည်၊ ရိုးဆက်ရောင်ရမ်းနာသာမက ဝေဒနာခံစားမှုမှန်သမျှ အဆုံးသတ်သွားမည့်အချိန်နီးနေပေပြီ!

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 အမည်အချို့ကို ပြောင်းလဲထားသည်။

^ အပိုဒ်၊ 24 ယေဟောဝါသက်သေတစ်ဦး သင့်ထံရောက်လာပြီး သမ္မာကျမ်းစာကတိတော်များကို ရှင်းပြပေးစေလိုပါက ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်ကိုဆက်သွယ်ပါ သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးဆက်သွယ်ပါ။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]

ဘဝကို အကျိုးရှိရှိအသက်ရှင်သွားစေဖို့ ဝေဒနာသည်များကို အကူအညီဖြစ်စေသည့် ကိရိယာများစွာရှိသည်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံများ]

မေတ္တာပါသည့်ထောက်မမှုကို ခရစ်ယာန်အစည်းအဝေးများတွင် ရရှိနိုင်