ကမ္ဘာ့ရက်သတ်မျဉ်းကို ဖြတ်ကျော်ခြင်း
ကမ္ဘာ့ရက်သတ်မျဉ်းကို ဖြတ်ကျော်ခြင်း
လူတို့သည် ရှေးရှေးကတည်းက အတိတ်ကိုပြန်လည်ခံစားရန် သို့မဟုတ် အနာဂတ်ကို စူးစမ်းရန်အတွက် အချိန်ကိုဖြတ်သန်း၍ ခရီးနှင်ခြင်းအကြောင်းကို စိတ်ကူးယဉ်ခဲ့ကြသည်။ ထို့ကြောင့် သဘောတရားတစ်မျိုးဖြင့် လူတို့သည် နေ့စဉ်နှင့်အမျှ အချိန်ကိုဖြတ်သန်း၍ ခရီးနှင်လျက်ရှိကြောင်း သင်သိရလျှင် အံ့သြသွားမည်လော။ အစည်းအဝေး တက်ရောက်ရန် နယူးယောက်မြို့သို့ လေယာဉ်ဖြင့် ခရီးသွားသည့် တိုကျိုမြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးအကြောင်း သုံးသပ်ကြည့်ပါ။ အကယ်၍ သူ၏လေယာဉ်သည် မွန်းတည့်ချိန်တွင် ထွက်ခွာသည်ဆိုပါက ကမ္ဘာတစ်ဝက်ခရီးကို မရပ်မနား ပျံသန်းပြီးနောက် ခရီးပန်းတိုင်သို့ ထိုနေ့ နံနက်ပိုင်းတွင် ရောက်ရှိသွားပေမည်။ ထွက်ခွာခဲ့သည့်အချိန်ထက်ပင် စောနေသည်ဟု ထင်မှတ်ရသည်။
ခရီးရှည်တစ်ခုကို ထွက်ခွာခဲ့သည့်အချိန် မတိုင်မီ ခရီးပန်းတိုင်သို့ ဆိုက်ရောက်ခြင်းသည် အမှန်ပင် ဖြစ်နိုင်ပါသလော။ စင်စစ်အားဖြင့် မဖြစ်နိုင်ပါ။ ကွာလှမ်းသော မြို့ကြီးများသည် သီးခြား ချိန်တူရပ်ဝန်း အသီးသီးတွင် တည်ရှိကြသည်။ ထို့ကြောင့် ကမ္ဘာလုံးပေါ်တွင် မမြင်ရသည့် အပြည်ပြည်ဆိုင်ရာ ရက်သတ်မျဉ်းကို ဖြတ်ကျော်သည်ဆိုရာ၌ နိုင်ငံတကာက သဘောတူလက်ခံထားသော ပြက္ခဒိန်ရက်များကို ခွဲခြားသည့် နယ်နိမိတ်မျဉ်းကို ကျော်ဖြတ်ခြင်းသဘောပင်ဖြစ်သည်။ အမှန်ပင် စဉ်းစားရခက်သော အတွေ့အကြုံတစ်ရပ် ဖြစ်ပေသည်။ ခရီးစဉ်၏ ဦးတည်ရာဘက်ပေါ် မူတည်၍ တစ်မုဟုတ်ချင်းအတွင်း တစ်ရက် အပိုရနိုင်သကဲ့သို့ တစ်ရက် ပျောက်ဆုံးသွားနိုင်သည်။
အပြန်ခရီးစဉ်အတွက် ထိုတိုကျို စီးပွားရေးလုပ်ငန်းရှင်သည် အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် နယူးယောက်မြို့မှ ထွက်ခွာသည်ဟု ဆိုကြပါစို့။ ၁၄ နာရီကြာပြီးနောက် သူ လေယာဉ်ပေါ်မှ ဆင်းသည့်အချိန်တွင် ဂျပန်ပြည်တွင် ကြာသပတေးနေ့ ဖြစ်နေပေမည်။ တစ်ရက်လုံးလုံး ပျောက်ဆုံးသွားသည်မှာ ထူးဆန်းလှပေသည်။ အတွေ့အကြုံများသော ခရီးသွားတစ်ဦးက အပြည်ပြည်ဆိုင်ရာ ရက်သတ်မျဉ်းကို ဖြတ်ကျော်ခဲ့သည့် ပထမဆုံးသော ခရီးစဉ်အကြောင်း ဤသို့ ဖွင့်ဟဝန်ခံခဲ့သည်– “ပျောက်ဆုံးသွားတဲ့နေ့ ဘယ်ရောက်သွားတယ်ဆိုတာကို ကျွန်မ လုံးဝကို နားမလည်နိုင်ဘူး။ တော်တော့်ကို ပဟေဠိဆန်တယ်။”
ကမ္ဘာ့ရက်သတ်မျဉ်းသည် ခရီးသွားများအား စိတ်ရှုပ်ထွေးစေနိုင်သောကြောင့် အချို့က ဤကဲ့သို့သော ပိုင်းခြားသတ်မှတ်ခြင်းကို အဘယ်ကြောင့် ဖန်တီးခဲ့ကြသနည်းဟု တွေးပေမည်။
သင်္ဘောသားများ စတင်တွေ့ရှိခြင်း
ဖာဒီနန် မက်ဂျလန်၏ သင်္ဘောသားအဖွဲ့က ကမ္ဘာကို ရေကြောင်းဖြင့် ပထမအကြိမ် ပတ်ပြီးသည့် ၁၅၂၂ ခုနှစ်ကို ပြန်ပြောင်းကြည့်လိုက်သော် ရက်သတ်မျဉ်းတစ်ခု လိုအပ်ရခြင်းအကြောင်း ထင်ရှားမြင်သာလာသည်။ အဏ္ဏဝါရေပြင်၌ သုံးနှစ်ကြာ ခရီးနှင်ပြီးနောက် ၎င်းတို့သည် စပိန်နိုင်ငံသို့ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့တွင် ပြန်လည်ရောက်ရှိကြသည်။ သို့ရာတွင် ၎င်းတို့၏ သင်္ဘောမှတ်တမ်းစာအုပ်အရ ထိုနေ့သည် စက်တင်ဘာ ၆ ရက်၊ စနေနေ့ဖြစ်နေသည်။ အဘယ်ကြောင့် ကွဲလွဲနေရသနည်း။ နေ၏ ဦးတည်ရာလမ်းကြောင်းအတိုင်း အနောက်ဘက်သို့ ရွက်လွှင့်၍ ကမ္ဘာကို ပတ်ခဲ့ခြင်းကြောင့် ၎င်းတို့သည် စပိန်ပြည်သူများထက် နေထွက်ခြင်းတစ်ကြိမ်ကို မတွေ့ မြင်ရဘဲ လွတ်သွားခဲ့၍ဖြစ်သည်။
စာရေးဆရာ ဂျူလ်စ် ဗန်းက ဤဖြစ်ရပ်၏ ပြောင်းပြန်ဖြစ်စဉ်ကို ကမ္ဘာတစ်ပတ် ရက်ရှစ်ဆယ် ဟူသောသူ၏ ဝတ္ထုဇာတ်လမ်းအတွက် လှည့်ကွက်တစ်ခုအဖြစ် အသုံးပြုထားသည်။ များပြားလှသည့် ငွေပမာဏကို ဆွတ်ခူးနိုင်ရန် ထိုစာအုပ်ထဲမှ အဓိကဇာတ်ကောင်သည် ရက်ပေါင်း ၈၀ အတွင်း ကမ္ဘာကို တစ်ပတ် အပြီးပတ်ရမည်ဖြစ်သည်။ သူ၏
စွန့်စားမှု ခရီးစဉ်အဆုံးတွင် သူသည် စိတ်ပျက်လက်ပျက်ဖြင့် အိမ်သို့ပြန်ခဲ့ရသည်။ တစ်ရက်တည်း နောက်ကျသွားခြင်းကြောင့် အတော်အတန် ကြီးမားသည့်ဆုငွေနှင့် လွဲသွားခဲ့၍ဖြစ်သည်။ သို့တည်းမဟုတ် ထိုအတိုင်းပင် သူထင်မှတ်ခဲ့သည်။ အမှန်ဆိုလျှင် သတ်မှတ်ထားသော နောက်ဆုံးနေ့အမီ သူပြန်ရောက်ရှိခဲ့သည်ကို အလွန်အံ့အားသင့်စွာ သူသိရှိခဲ့ရသည်။ ၎င်းစာအုပ်၌ ရှင်းလင်းဖော်ပြထားသည့်အတိုင်းပင်ဖြစ်သည်– “ဖီးလီးယားစ် ဖော့ဂ်သည် သူ၏ခရီးစဉ်တွင် သူလုံးဝမသိလိုက်ဘဲနှင့် တစ်ရက် အပိုရသွားခဲ့သည်။ ဤသို့ဖြစ်ရသည်မှာ သူသည် အရှေ့စူးစူးသို့ ဦးတည်၍ အဆက်မပြတ် ခရီးထွက်ခဲ့သောကြောင့်ဖြစ်သည်။”အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ရက်သတ်မျဉ်းသည် မစ္စတာ ဗန်း၏ ဝတ္ထုဇာတ်လမ်းအတွက် ပျော်ရွှင်ဖွယ်ဇာတ်သိမ်း ဖြစ်စေခဲ့သော်လည်း ၎င်းနာမည်ကျော်ဝတ္ထု ပုံနှိပ်ထုတ်ဝေခဲ့သည့် ၁၈၇၃ ခုနှစ်တွင် ထိုမျဉ်းကြောင်းသည် အကယ်စင်စစ် မရှိခဲ့ချေ။ ထိုခေတ်က ပင်လယ်မာလိန်မှူးတို့သည် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကူးရာ၌ ပြက္ခဒိန်တွင် တစ်ရက် အတိုးအလျှော့ ပုံမှန်ကိုက်ညှိခဲ့ကြသော်လည်း ၎င်းတို့၏မြေပုံတွင် ယခုလက်ရှိ ရက်သတ်မျဉ်း မရှိခဲ့ချေ။ ကမ္ဘာလုံးဆိုင်ရာ ချိန်တူရပ်ဝန်းစနစ်ကို သဘောတူလက်ခံခြင်း မပြုမီက ထိုသို့ပြုခဲ့ကြခြင်းဖြစ်သည်။ ဤသို့ဖြင့် အလာစကာပြည်နယ်သည် ရုရှားပိုင်ဖြစ်ခဲ့စဉ်က ထိုဒေသရှိ ပြည်သူတို့က မော်စကိုမြို့သားများနည်းတူ တူညီသော ပြက္ခဒိန်ရက်စွဲအတိုင်း လိုက်ခဲ့ကြသည်။ သို့ရာတွင် ၁၈၆၇ ခုနှစ်တွင် ထိုဒေသကို အမေရိကန်ပြည်ထောင်စုက ဝယ်ယူလိုက်သည့်အခါ အလာစကာပြည်နယ်သည် အမေရိကန်ပြည်ထောင်စု၏ ပြက္ခဒိန်ရက်စွဲကို လက်ခံလာခဲ့သည်။
သမိုင်းဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုများ
အချိန်သတ်မှတ်ခြင်း ပရမ်းပတာဖြစ်နေသည့် ထိုကာလအတွင်း ၁၈၈၄ ခုနှစ်တွင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကိုယ်စားလှယ်များသည် အပြည်ပြည်ဆိုင်ရာ ပင်မမွန်းတည့်ချိန် ညီလာခံအတွက် ဝါရှင်တန် ဒီ.စီ. တွင် တွေ့ဆုံစည်းဝေးခဲ့ကြသည်။ ၎င်းတို့သည် ကမ္ဘာလုံးဆိုင်ရာ ချိန်တူရပ်ဝန်း ၂၄ ခုစနစ်ကို ပြဋ္ဌာန်းအတည်ပြု၍ ပင်မမွန်းတည့်ချိန်—အင်္ဂလန်နိုင်ငံ ဂရင်းနစ်ခ်ျမြို့ကိုဖြတ်သန်းသည့် လောင်တီတွဒ်မျဉ်းကြောင်းကို သဘောတူလက်ခံခဲ့ကြသည်။ * ၎င်းမျဉ်းကြောင်းသည် ကမ္ဘာလုံး အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့ကို ပိုင်းခြားသည့် အစပြုရာအမှတ် ဖြစ်လာလေသည်။
ဂရင်းနစ်ခ်ျမြို့မှ ကမ္ဘာတစ်ပတ်၏ ခရီးတစ်ဝက်—အရှေ့ဘက်သို့ဖြစ်စေ၊ အနောက်ဘက်သို့ဖြစ်စေ ချိန်တူရပ်ဝန်း ၁၂ ခုအကွာ—သည် အပြည်ပြည်ဆိုင်ရာ ရက်သတ်မျဉ်းအတွက် အသင့်တော်ဆုံး နေရာအဖြစ် ယူဆခဲ့ကြသည်။ ၁၈၈၄ ခုနှစ် ညီလာခံတွင် တရားဝင် သဘောတူလက်ခံခြင်း မရှိခဲ့သော်လည်း ၁၈၀-ဒီဂရီ လောင်ဂျီတွဒ်မျဉ်းသည် အထူးသင့်လျော်သော နေရာအဖြစ် လက်ခံခဲ့ကြသည်။ အကြောင်းမှာ ထိုမျဉ်းကိုယူလျှင် ကမ္ဘာ့ရက်သတ်မျဉ်းသည် တိုက်တစ်ခုကိုမျှ ဖြတ်သန်းခြင်း မရှိ၍ဖြစ်သည်။ သင်နေထိုင်ရာ တိုင်းပြည်၏တစ်ခြမ်းသည် တနင်္ဂနွေနေ့ဖြစ်ပြီး ကျန်တစ်ခြမ်းသည် တနင်္လာနေ့ဖြစ်နေလျှင် မည်မျှရှုပ်ထွေးစရာဖြစ်မည်ကို စိတ်ကူးကြည့်ပါ။
အကယ်၍ ကမ္ဘာ့မြေပုံ သို့မဟုတ် ကမ္ဘာလုံးပုံကို ကြည့်လိုက်လျှင် ၁၈၀-ဒီဂရီ လောင်ဂျီတွဒ်မျဉ်းကို ဟာဝိုင်ယီကျွန်း၏ အနောက်ဘက်တွင် တွေ့ရပေမည်။ အပြည်ပြည်ဆိုင်ရာ ရက်သတ်မျဉ်းသည် ထိုလောင်ဂျီတွဒ်မျဉ်းနှင့် တစ်ထပ်တည်း မဖြစ်သည်ကို သင်ချက်ချင်းပင် သတိပြုမိပေမည်။ ကုန်းမြေကို လုံးဝရှောင်ရှားသည့်အနေနှင့် ၎င်းမျဉ်းကြောင်းသည် ပစိဖိတ်သမုဒ္ဒရာကို မြွေလိမ်မြွေကောက် ဖြတ်သန်းသွားသည်။ ၎င်းပြင် ကမ္ဘာ့ရက်သတ်မျဉ်းကို အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ဖြင့် မဟုတ်ဘဲ ယေဘုယျ သဘောတူညီချက်ဖြင့် လက်ခံအတည်ပြုထားရာ ဖြစ်သောကြောင့် မည်သည့်နိုင်ငံမဆို စိတ်ကြိုက် ပြောင်းလဲပြင်ဆင်နိုင်သည်။ သာဓကအနေဖြင့် ၁၉၉၅ ခုနှစ်တွင် ကီရီဘက်တီနိုင်ငံက ၎င်းတို့၏ ကျွန်းအစဉ်အတန်းကို ဖြတ်သန်းသည့် အပြည်ပြည်ဆိုင်ရာ ရက်သတ်မျဉ်းသည် ထိုအချိန်မှစ၍ မိမိတို့နိုင်ငံ၏ အရှေ့ဘက် အကျဆုံးသောကျွန်းကို ကွေ့ပတ်သွားမည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် ယနေ့ နောက်ဆုံးထုတ် မြေပုံများ၌ ကီရီဘက်တီနိုင်ငံ၏ ကျွန်းအားလုံးကို ရက်သတ်မျဉ်း၏ တစ်ဖက်တည်း၌ ထည့်သွင်းဖော်ပြထားသည်။ ဤသို့ဖြင့် ထိုကျွန်းတို့၏ ပြက္ခဒိန်ရက်သည်လည်း တူညီသွားသည်။
ရက်သတ်မျဉ်း၏ လုပ်ဆောင်ချက်
ရက်သတ်မျဉ်းကို ဖြတ်သန်းသည့်အခါ အဘယ်ကြောင့် ရက်တစ်ရက် ပျောက်ဆုံးသွားသည် သို့မဟုတ် အဘယ်ကြောင့် ရက်တစ်ရက် တိုးလာသည်ကို သာဓကဖြင့် ရှင်းလင်းတင်ပြရလျှင် မိမိကိုယ်ကို ပင်လယ်ခရီးဖြင့် ကမ္ဘာကိုပတ်နေသည်ဟု စိတ်ကူးလိုက်ပါ။ သင်သည် အရှေ့စူးစူးသို့ ဦးတည်သွားနေသည်ဟု ဆိုကြပါစို့။ ချိန်တူရပ်ဝန်းတစ်ခုကို ဖြတ်ကျော်သည့်အခါတိုင်း သင်သည် အချိန်တစ်နာရီစီ အပိုရရှိမည်ဖြစ်သော်လည်း ယင်းကို သင် သိချင်မှသိမည်။ ကမ္ဘာကိုတစ်ပတ် အပြည့်ပတ်ပြီးသည့်အခါ၌ သင်သည် ချိန်တူရပ်ဝန်း ၂၄ ခုကို ဖြတ်ကျော်ပြီးဖြစ်လိမ့်မည်။ အပြည်ပြည်ဆိုင်ရာ ရက်သတ်မျဉ်း မရှိခဲ့သော် သင်သည် ဒေသစံတော်ချိန်ထက် တစ်ရက်စော၍ ရောက်ရှိနေပေလိမ့်မည်။ ဤခြားနားချက်ကို အပြည်ပြည်ဆိုင်ရာ ရက်သတ်မျဉ်းက ပြင်ပေးသည်။ အနည်းငယ် ရှုပ်ထွေးသည်မဟုတ်လော။ မက်ဂျလန်၏ သင်္ဘောသားအဖွဲ့နှင့် စိတ်ကူးဖန်တီးထားသည့်ဇာတ်ကောင် ဖီးလီးယားစ် ဖော့ဂ်တို့သည် ကမ္ဘာတစ်ပတ်ခရီး ပြီးဆုံးသည့်အခါ ရက်စွဲလွဲနေခြင်းဖြစ်သည်မှာ အံ့ဩစရာမဟုတ်ပေ။
ရက်သတ်မျဉ်းကို ဖြတ်ကျော်ဖူးသူတို့သည် ရုတ်တရက် ရက်တစ်ရက် တိုးလာခြင်း သို့မဟုတ် ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်သော ထူးဆန်းသည့်ခံစားချက်မျိုးနှင့် ကျွမ်းဝင်ပြီးဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရက်သတ်မျဉ်းသာ မရှိခဲ့လျှင် ခရီးသွားရသည်မှာ သာ၍ပင် ရှုပ်ထွေးစရာ ဖြစ်ပေလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 11 ချိန်တူရပ်ဝန်းများနှင့် လောင်ဂျီတွဒ်မျဉ်းများအကြောင်း ပိုမိုပြည့်စုံစွာ သိရှိနိုင်ရန်အတွက် ၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်ထုတ် နိုးလော့! “အသုံးဝင်သည့် စိတ်ကူးယဉ်မျဉ်းများ” ဆောင်းပါးကိုရှု။
[စာမျက်နှာ ၁၃ ပါ ပုံကြမ်း/မြေပုံ]
မတ်လ | မတ်လ
၂ | ၁
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံများ]
အထက်ပုံ–ဂရင်းနစ်ခ်ျ တော်ဝင် နက္ခတ်တာရာကြည့် အဆောက်အအုံ
ယာပုံ–လမ်းခင်းကျောက်ဖြင့် ခင်းထားသည့် ဤမျဉ်းကြောင်းသည် ပင်မမွန်းတည့်မျဉ်းကို မှတ်သားသည်