မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငယ်ငယ်ရွယ်ရွယ် ချိန်းတွေ့ခြင်း—မည်သည့်အန္တရာယ်ရှိသနည်း

ငယ်ငယ်ရွယ်ရွယ် ချိန်းတွေ့ခြင်း—မည်သည့်အန္တရာယ်ရှိသနည်း

လူငယ်များအမေး . . .

ငယ်ငယ်ရွယ်ရွယ် ချိန်းတွေ့ခြင်း—⁠မည်သည့်အန္တရာယ်ရှိသနည်း

“ခုတစ်လော၊ ကျောင်းကကောင်လေးတချို့က သမီးကိုချိန်းတွေ့ဖို့ ကြိုးစားလာကြတယ်၊ ဒါမှမဟုတ် သူတို့နဲ့ တွဲခုတ်ဖို့ ပြောလာကြတယ်။”—⁠ဘက်ကီ၊ ၁၁ နှစ်။ *

“သမီးတို့ကျောင်းက ကလေးတွေ တော်တော်များများဟာ အတွဲလေးတွေနဲ့ ဖြစ်နေကြတယ်။ တကယ်ဆိုရင် စင်္ကြံတွေမှာ ယောက်ျားကလေးတွေနဲ့ မိန်းကလေးတွေ ဖက်နမ်းနေတဲ့မြင်ကွင်းဟာ အထူးအဆန်း မဟုတ်ပါဘူး။”—⁠လျံနာ၊ ၁၀ တန်းကျောင်းသူ။

လူငယ်လူရွယ် အများသည် ငယ်ငယ်ရွယ်ရွယ်လေးနှင့် စတင်ချိန်းတွေ့ကြသည်။ လူထုဆက်သွယ်ရေး သတင်းမီဒီယာများက ဤဓလေ့များကို သာမန်ဓလေ့၊ အန္တရာယ်ကင်းသော အပန်းဖြေမှုအဖြစ် အားပေးကြသည်။ ဆယ့်နှစ်နှစ်အရွယ် သြောင်နေဒါက ဤသို့ပြန်ပြောင်းပြောပြသည်– “ကျောင်းက ကျောင်းသူကျောင်းသား အားလုံးနီးပါးမှာ အတွဲလေးတွေနဲ့ချည်းပဲ။” ဂျဲန်နီဖာအမည်ရှိ မိန်းမငယ်လေးတစ်ယောက်ကလည်း ဤသို့ပြန်ပြောပြသည်– “တတိယတန်းက ကောင်လေး၊ ကောင်မလေးတွေ ပုံမှန် တွဲခုတ်နေကြတာကို ကျွန်မ မှတ်မိနေတယ်။” ဤသို့ဖြည့်စွက်၍ဆိုသည်– “ကျွန်မ ၁၁ နှစ်အရွယ်မှာ ချိန်းတွေ့ဖို့ စတင်ဖိအားပေးခံခဲ့ရတယ်။”

ထို့ကြောင့် သင်သည် တစ်ယောက်ယောက်နှင့် ချိန်းတွေ့ခြင်းမရှိလျှင် ဝိုင်းကျဉ်ခံရသကဲ့သို့ ခံစားရမည်ဆိုလည်း ခံစားလောက်ပေသည်။ ယင်းသို့မပြုသည့်အတွက် သေးသိမ်အောင်ကျီစယ်ခြင်း၊ မခံချင်အောင် လှောင်ပြောင်ခြင်း ခံရပေမည်။ ဂျဲန်နီဖာက မိမိသည် ချိန်းတွေ့ရန်အတွက် အသက်ငယ်လွန်းသေးကြောင်း သဘောရသဖြင့် သူတို့နှင့်တွဲသွားရန် ပြောလာကြသည့် ယောက်ျားလေးများကို ငြင်းပယ်ခဲ့သည်။ သူတို့က မည်သို့တုံ့ပြန်ကြသနည်း။ “သူတို့က ကျွန်မကို လှောင်ပြောင်သရော်တယ်၊ ဟာသလုပ်ပြီး ဟားတိုက်ကြတယ်” ဟု ဂျဲန်နီဖာက ပြောပြသည်။ မည်သူမျှ လှောင်ပြောင်သရော်သည်ကို မခံလိုကြချေ။ သို့ရာတွင် အခြားသူများက ချိန်းတွေ့ကြသည့်အတွက် သင်လည်း ချိန်းတွေ့သင့်သလော။ ချိန်းတွေ့ခြင်းဆိုသည်မှာ အဘယ်နည်း။ ချိန်းတွေ့ခြင်းသည် အဘယ်ရည်ရွယ်ချက်ကို ပြီးမြောက်စေသနည်း။

ချိန်းတွေ့ခြင်းကား အဘယ်နည်း

လူငယ်လူရွယ်အများက ဆန့်ကျင်ဘက်လိင်ရှင် တစ်ဦးဦးနှင့် အချိန်များစွာပေး၍ အတူတွဲနေကြသည့်တိုင်အောင် သူတို့က ‘တို့က ချိန်းတွေ့နေကြတာ မဟုတ်ပါဘူး။ သူငယ်ချင်း အပေါင်းအသင်းတွေပါပဲ’ ဟူ၍ ပြောကောင်းပြောပေမည်။ သို့သော် ချိန်းတွေ့သည်ဟုခေါ်ခေါ်၊ တွဲသွားသည်ဟုခေါ်ခေါ်၊ တွေ့ဆုံသည်ဟုခေါ်ခေါ် မည်သို့ပင်ခေါ်ပါစေ ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အထူးတလည် အရေးပေးပြီး သီးသီးသန့်သန့် ပေါင်းဖော်သွားလာပြီဆိုလျှင် ထုံးစံအတိုင်း သူငယ်ချင်း အပေါင်းအသင်း ဆက်ဆံရေးထက် ကျော်လွန်လေ့ရှိတတ်သည်။ ၎င်းပြင် ချိန်းတွေ့သည်ဆိုရာ၌ လူချင်းတွေ့မှ မဟုတ်ပါ။ အင်တာနက် ဆွေးနွေးခန်း၌၊ တယ်လီဖုန်းအားဖြင့်၊ စာပေးစာယူအားဖြင့်၊ အီး-မေးလ်အားဖြင့် ဆွေးနွေးခြင်းသည်လည်း ချိန်းတွေ့ခြင်းပုံစံများ ဖြစ်နိုင်ပေသည်။

မေးစရာမှာ ဆန့်ကျင်ဘက်လိင်ရှင်တစ်ဦးဦးနှင့် သီးသီးသန့်သန့် အချိန်ပေးပေါင်းဖော်ခြင်းသည် မည်မျှစိုးရိမ်စရာရှိသနည်းဟူ၍ဖြစ်သည်။

ချိန်းတွေ့ခြင်း၏ အန္တရာယ်များ

နယပုံပြင် ၃၀:၁၉ တွင် “အပျိုမနှင့်ယောက်ျား သွားရာလမ်း” အကြောင်းဆိုထားသည်။ ဤစကားအသုံးအနှုန်းက ယောက်ျား-မိန်းမ ဆက်ဆံရေးတို့သည် တစ်ပုံစံတည်းဖြစ်တတ်ကြောင်း အရိပ်အမြွက်ဖော်ပြသည်။ နှစ်ဦးနှစ်ဖက်စလုံးက ရင့်ကျက်မှုရှိပြီး ဘုရားသခင်ပေး ကိုယ်ကျင့်တရားကို လိုက်နာစောင့်ထိန်းမည်ဆိုပါက ချိန်းတွေ့ခြင်းသည် မေတ္တာပန်းကို ပွင့်လန်းစေပြီး အဆုံး၌ ဂုဏ်သိက္ခာရှိသည့် အိမ်ထောင်သည်ဘဝသို့ တက်လှမ်းစေနိုင်သည်။ စင်စစ်ဆိုလျှင် ယောက်ျားနှင့်မိန်းမ အချင်းချင်း အပြန်အလှန် ဆွဲဆောင်မှုရှိအောင် ဘုရားသခင်က ဖန်ဆင်းတော်မူခဲ့သည်။ သို့သော် သင်သည် အိမ်ထောင်သည်ဘဝကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်လောက်အောင် အသက်အရွယ် မရောက်သေးပါက မည်သို့ဆိုမည်နည်း။ အရွယ်မရောက်မီ ချိန်းတွေ့ခြင်းအားဖြင့် သင်သည် ဘေးအန္တရာယ်ချောက်ထဲ ခုန်ချသည်နှင့်မခြားပေ။

အဘယ်ကြောင့်နည်း။ အကယ်၍ သင်သည် ဆန့်ကျင်ဘက်လိင်ရှင် တစ်ဦးဦးနှင့် အမြဲတမ်း တွဲနေမည်ဆိုပါက သင်၏ပြင်းပြသော စိတ်ခံစားမှုများ သဘာဝအလျောက် နိုးကြွလာပေမည်။ မသိမသာနှင့် ထိုသူအား တွေ့မြင်လိုစိတ် ပြင်းပြလာမည်။ သင်တို့အတူတူ မရှိသည့်အချိန်များတွင် ထိုသူအား သင်တမ်းတမ်းစွဲ သတိရနေသည်ကို သတိပြုမိပေမည်။ သို့သော် များသောအားဖြင့် တစ်ဖက်သတ်စွဲလမ်းမှု ဖြစ်လေ့ရှိပြီး တစ်ဖက်ဖက်က အသည်းကွဲဝေဒနာ ခံစားရလေ့ရှိသည်။ နှစ်ဦးနှစ်ဖက် စိတ်သဘောထား ညီညွတ်တိုက်ဆိုင်သည့်တိုင်အောင် တစ်ဖက်ဖက်ကဖြစ်စေ၊ နှစ်ဖက်စလုံးကဖြစ်စေ ရင့်ကျက်ခြင်းမရှိသေးလျှင်၊ သို့မဟုတ် အိမ်ထောင်ပြုရန်အတွက် အရွယ်မရောက်သေးလျှင် စိတ်ပျက်စရာ၊ အသည်းကွဲစရာများ ဖြစ်ပေါ်နိုင်ပေသည်။ ဤသို့သောဆက်ဆံရေးသည် မည်သည့်အခြေဆိုက်သွားစေနိုင်သနည်း။ သမ္မာကျမ်းစာ စကားပုံတစ်ခုက ဤသို့ဆို၏– “လူသည် အဝတ်မလောင်ဘဲ မီးကို ပိုက်ပွေ့နိုင်သလော။”—⁠သု. ၆:၂၇သမ။

နီနာအမည်ရှိ မိန်းမပျိုလေးအကြောင်း သုံးသပ်ကြည့်ပါ။ သူက ဤသို့ပြောပြ၏– “ကောင်ကလေးတစ်ယောက်နဲ့ အင်တာနက်မှာ တွေ့ခဲ့ကြတယ်။ ပြောဆိုဆွေးနွေးခန်းမှာ နေ့တိုင်း နာရီနဲ့ချီပြီး စကားပြောဖြစ်ကြတယ်။ သူ့အပေါ် ကျွန်မ သံယောဇဉ် တွယ်မိသွားရာက သူသာလျှင် ကျွန်မဘဝဖြစ်လာပါတော့တယ်။ ကျွန်မတို့ရဲ့ ဆက်ဆံရေးဟာ တာရှည်မခံခဲ့ပါဘူး။ ကျွန်မတို့ လမ်းခွဲပြီးနောက် ကျွန်မ တော်တော့်ကို ဝမ်းနည်းညှိုးငယ်မိခဲ့တယ်။ နောက်ပိုင်းမှာ သူက ကျွန်မဆီ ဖုန်းဆက်ပြီး ခုလို လမ်းခွဲလိုက်ခြင်းအတွက်ကြောင့် သူ့ကိုယ်သူ သတ်သေမယ်လို့ ပြောတယ်။ ကျွန်မ ပိုပြီး ဝမ်းနည်းညှိုးငယ်ခဲ့ရပါတယ်။” အတိတ်ကို ပြန်ပြောင်းတွေးရင်းနှင့် နီနာက ဤသို့ ကောက်ချက်ချသည်– “လုံးဝကို မတန်ပါဘူး။ ကျွန်မတို့ရဲ့ ဆက်ဆံပတ်သက်မှုဟာ ပြီးခဲ့တဲ့နှစ်နှစ်က အဆုံးသတ်သွားခဲ့ပေမဲ့ အခုထက်ထိ စိတ်ဆင်းရဲတဲ့ဒဏ်ကို ခံစားနေရတုန်းပါပဲ။” နီနာသည် အသက်ငယ်လွန်းသေးသဖြင့် တစ်ယောက်ယောက်အတွက် စိတ်လှုပ်ရှားရမည့်အရွယ် မဟုတ်သေးပေ။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ “အပျိုမနှင့်ယောက်ျား သွားရာလမ်း” အကြောင်း သမ္မာကျမ်းစာ ပြောဆိုရာ၌ လိင်ဆက်ဆံခြင်းကို ရည်ညွှန်းခြင်း ဖြစ်ကောင်းဖြစ်မည်။ များသောအားဖြင့် ယနေ့လောကတွင် ချိန်းတွေ့ခြင်းသည် လိင်ဆက်ဆံခြင်း၏ ရှေ့ပြေးနိမိတ် ဖြစ်လေ့ရှိတတ်သည်။ အစ၌ မရိုးသားသည့်သဘောမပါဘဲ သဘောရိုးနှင့် လက်ကိုင်ရုံလောက်သာ ကိုင်ကြပေမည်။ နောက်တစ်ဆင့်အနေနှင့် ဖျတ်ကနဲပွေ့ဖက်၊ ပါးနမ်းမည်။ အချင်းချင်း လေးနက်တည်ကြည်စွာ ကတိပြုထားသည့် အရွယ်ရောက်သူနှစ်ဦး အထက်ပါအတိုင်း ပြုမူခြင်းသည် ချစ်ကြိုက်ခြင်းကို ဖော်ပြရာရောက်သည်။ အိမ်ထောင်ပြုရန် အသက်ငယ်လွန်းသူနှစ်ဦး ထိုသို့ပြုမူခြင်းသည် သွေးသားဆန္ဒကို မလိုအပ်ဘဲ ဆွပေးသည်နှင့်မခြားပေ။ “ချစ်ကြိုက်ခြင်း” ကိုဖော်ပြသည့် အပြုအမူများသည် တစ်စတစ်စနှင့် မသင့်လျော်သော သို့မဟုတ် မစင်ကြယ်သောအခြေသို့ ပြောင်းသွားနိုင်သည်။ မတရားမေထုန် ပုံစံတစ်မျိုးမျိုးအထိပင် ရောက်သွားစေနိုင်သည်။ *

မတရားမေထုန်၏ အကျိုးရလဒ်မှာ ခါးသီးလှသည်။ မတရားမေထုန် ပြုသူအချို့သည် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ရရှိကြသည်။ အချို့သူတို့မှာ မိမိကိုယ်ကိုမိမိ တန်ဖိုးထားခြင်း ပျောက်ဆုံး၍ ကောင်းဆိုးသိစိတ် ထိခိုက်ပျက်စီးကြရသည်။ အချို့မိန်းကလေးများမူကား ကိုယ်ဝန်ရလာကြသည်။ သမ္မာကျမ်းစာက “မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့” ဟုပညတ်ထားသည်မှာ အံ့ဩစရာမဟုတ်ပေ။ (၁ ကောရိန္သု ၆:၁၃၊ ၁၈; ၁ သက်သာလောနိတ် ၄:⁠၃) အရွယ်မတိုင်မီ ချိန်းတွေ့ခြင်းကိုရှောင်လျှင် ဤပညတ်ကို စောင့်ထိန်းနိုင်အောင် ထောက်ကူပေမည်။

ချိန်းတွေ့သင့်သောအရွယ်

မည်သည့်အခါမျှ မချိန်းတွေ့ရဟု မဆိုလိုပါ။ သို့သော် သင်သည် ဆယ်ကျော်သက်ရွယ်သာ ရှိသေးလျှင် သမ္မာကျမ်းစာ ခေါ်ဆိုသည့် “နုပျိုပွင့်လန်းသောအရွယ်” ၌ ရှိနေပေမည်။ (၁ ကောရိန္သု ၇:၃၆ကဘ) သင်သည် လူကြီးအဖြစ်သို့ စတင်ဖွံ့ဖြိုးလာရုံရှိသေးသည်။ ဤကာလအတွင်း သင်သည် ရုပ်ပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်းနှင့် ဖိုမလက္ခဏာပိုင်းတွင် အရွယ်ရောက်စပြုလာသည်။ သွေးသားဆန္ဒ အပါအဝင် သင်၏ခံစားမှုများသည် အပြင်းပြဆုံး ဖြစ်နေတတ်သည်။ သို့သော် အဆိုပါ ခံစားမှုများသည်လည်း လျင်မြန်စွာ ပြောင်းလဲသွားတတ်သည်။ ယင်းကြောင့် ဆယ်ကျော်သက်တို့၏ အချစ်ဇာတ်လမ်းများသည် အလွန်ပင် တိုတောင်းလေ့ရှိတတ်သည်။ “သမီးတို့ ချိန်းတွေ့ခဲ့ကြတုန်းက ထုံးစံအတိုင်း ဒီတစ်ပတ်တွဲပြီး နောက်တစ်ပတ်ကျ ဖြတ်လိုက်ကြတယ်” ဟု ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်က ပြန်ပြောပြသည်။

“နုပျိုပွင့်လန်းသောအရွယ်” တွင် ချိန်းတွေ့ခြင်း မပြုသင့်ပေ။ မိမိ၏အကြောင်း၊ မိမိကြိုက်သောအရာနှင့် မကြိုက်သောအရာများ၊ မိမိလိုက်မည့် ရည်ရွယ်ချက် ပန်းတိုင်များအကြောင်းတို့ကို ကောင်းစွာ သိမြင်သည့်အချိန်အထိ စောင့်ဆိုင်းခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။ ၎င်းပြင် အိမ်ထောင်သည်ဘဝ၏ တာဝန်များကို ထမ်းဆောင်နိုင်သည့်အရွယ် ရောက်ဖို့လည်းလိုသည်။ သာဓကအနေဖြင့် လင်ယောက်ျားတစ်ဦးသည် မိမိ၏ မိသားစုအတွက် ရုပ်ပိုင်းအရ၊ ပစ္စည်းဥစ္စာအရ၊ ဝိညာဉ်ရေးအရ ကြည့်ရှုစောင့်ရှောက်ရန် ယေဟောဝါ လိုလားတော်မူ၏။ သင်သည် ဆယ်ကျော်သက် ယောက်ျားကလေးသာဖြစ်လျှင် မယားကျွေးမှု သားကျွေးမှုအတွက် အလုပ်လုပ်ရန် အဆင်သင့်ဖြစ်ပြီလော။ သားမယားတို့၏ ဝိညာဉ်ရေး ထိန်းသိမ်းမှုအတွက် အကူအညီပေးနိုင်သည့် အနေအထား ရောက်ရှိနေပြီလော။ သင်သည် မိန်းကလေးဖြစ်လျှင်ကော။ ဇနီးဖြစ်သူသည် လင်သားကိုချစ်၍ ရိုသေရမည့်အပြင် လင်သား၏ ဆုံးဖြတ်ချက်ကို ထောက်ခံရမည်ဖြစ်သည်။ ရေရှည်တွင် ထိုအတိုင်းလုပ်သွားရန် အမှန်ပင် ပြင်ဆင်ထားပြီလော။ ချက်ပြုတ်လျှော်ဖွပ်၊ ကလေးထိန်းခြင်း အစရှိသည့် တစ်နေဝင် တစ်နေထွက် နေ့စဉ်နေ့တိုင်း လုပ်ကိုင်ရမည့် အိမ်မှုကိစ္စများကို တာဝန်ယူရန်အတွက် အသင့်ဖြစ်ပြီလော။—⁠ဧဖက် ၅:၂၂-၂၅၊ ၂၈-၃၁; ၁ တိမောသေ ၅:⁠၈

သာဓကပြရသော် အနောက်နိုင်ငံများတွင် လူငယ်လူရွယ်တို့သည် မိသားစုပိုင်ကားကို မောင်းနှင်ရန် အိပ်မက်မက်တတ်ကြသည်။ သို့ရာတွင် မောင်းနှင်ခွင့်မရမီ လူငယ်တစ်ဦး ဘာပြုလုပ်ရမည်နည်း။ တိုင်းပြည်အများ၌ ယာဉ်မောင်းလိုင်စင် ရရှိရေးအတွက် ယာဉ်မောင်းသင်တန်းတက်၍ စာမေးပွဲ ဝင်ဖြေရမည်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ယာဉ်မောင်းခြင်းသည် ကြီးလေးသောတာဝန်တစ်ရပ် ဖြစ်သောကြောင့်တည်း။ သင်ယာဉ်မောင်းသည့်အခါ၌ သင့်အသက်နှင့် အခြားသူတို့၏အသက်သည် သင့်လက်ထဲ၌ ရှိနေမည်ဖြစ်သည်။ အိမ်ထောင်ပြုခြင်းသည်လည်း အလွန်ကြီးလေးသည့် တာဝန်တစ်ရပ် ဖြစ်ပေသည်။ ဆယ်ကျော်သက်တစ်ဦးအနေနှင့် ယင်းတာဝန်အတွက် သင်အသင့်ဖြစ်ဦးမည် မဟုတ်ပေ။ သို့ဖြစ်လျှင် ချိန်းတွေ့ရန် ဖြားယောင်းသွေးဆောင်ခြင်းကို ခုခံတွန်းလှန်ခြင်းသည် အမြော်အမြင်ရှိရာရောက်သည်။ အဘယ်ကြောင့်ဆိုသော် ချိန်းတွေ့ခြင်းသည် အိမ်ထောင်ဖက်ရှာခြင်း၏ ခြေလှမ်းတစ်လှမ်း ဖြစ်သောကြောင့်တည်း။ ရိုးရိုးရှင်းရှင်း ပြောရလျှင် အိမ်ထောင်ပြုရန် အသင့်မဖြစ်သေးလျှင် မချိန်းတွေ့ပါနှင့်။

ဤကိစ္စနှင့်စပ်လျဉ်း၍ အမြော်အမြင်ရှိရှိ ဆုံးဖြတ်ချက်ချနိုင်ရန် သမ္မာကျမ်းစာပြောသော “အသိပညာနှင့် စဉ်းစားတွေးခေါ်သည့်စွမ်းရည်” လိုအပ်သည်။ (သု. ၁:၄ကဘ) သို့ဖြစ်၍ အသက်အရွယ်ကြီးသူများ၏ အသိပညာနှင့် အတွေ့အကြုံမှ အကျိုးကျေးဇူး ရယူခြင်းသည် အကြံအစည်ကောင်း ဖြစ်နိုင်သည်။ သင်အိမ်ထောင်ပြုရန် အဆင်သင့်ဖြစ်မဖြစ် အကဲဖြတ်ရာတွင် ခရစ်ယာန်မိဘတို့သည် အများအားဖြင့် အကောင်းဆုံး အကူအညီပေးနိုင်သည့် အနေအထားတွင်ရှိကြသည်။ ၎င်းပြင် ခရစ်ယာန်အသင်းတော်ထဲမှ ပါရမီရင့်ကျက်သူများထံမှ အကြံဉာဏ်ကိုလည်း သင်ရယူလိုပေမည်။ အကယ်၍ သင့်မိဘတို့က သင့်အား မချိန်းတွေ့စေလိုပါက သူတို့ပြောသည့်အတိုင်း လုပ်ဆောင်ပါ။ သူတို့၏ဆန္ဒမှာ “ကိုယ်ဆင်းရဲခြင်းအကြောင်းကို ပယ်ရှား” နိုင်အောင် သင့်အား ကူညီပေးရန်ဖြစ်သည်။—⁠ဒေ. ၁၁:⁠၁၀

သင်သည် ချိန်းတွေ့ရန် အသင့်မဖြစ်သေးကြောင်း မိဘတို့က ယူဆလျှင် သူတို့သည် ထိုအချိန်အတောအတွင်း လူတစ်ဦးတစ်ယောက်တည်းကို အာရုံစူးစိုက်မည့်အစား သူငယ်ချင်းအပေါင်းအသင်း အသိုင်းအဝိုင်းကို တိုးချဲ့ရန် သင့်ကို အကြံပေးပေမည်။ အိမ်ထောင်ရှိသူ မရှိသူ၊ အသက်ကြီးသူ ငယ်သူမရွေး၊ ရွယ်တူတန်းတူအားလုံးနှင့် ပေါင်းသင်းဆက်ဆံခြင်းအားဖြင့် သင့်ကိုယ်ရည်ကိုယ်သွေးကို ပြည့်ဝစေနိုင်သည့်အပြင် လူ့ဘဝနှင့် အိမ်ထောင်သည်ဘဝကို ယထာဘူတကျကျ ပိုမိုရှုမြင်တတ်လာမည်။

ချိန်းတွေ့ရန် အသင့်ဖြစ်သည့်အရွယ်ရောက်အောင် စောင့်ဆိုင်းရသည်မှာ လွယ်ကူမည်မဟုတ်ပေ။ သို့သော် စောင့်ဆိုင်းရကျိုး နပ်ပါသည်။ ရင့်ကျက်၍ တာဝန်သိတတ်သော လူကြီးတစ်ဦးအဖြစ် လူလားမြောက် ကြီးပြင်းလာရန်အတွက် “နုပျိုပွင့်လန်းသောအရွယ်” ကိုအသုံးပြုခြင်းဖြင့် ပြဿနာအများအပြားကို ရှောင်ရှားနိုင်မည်။ အိမ်ထောင်သည်ဘဝ၏ ဖိစီးမှုဒဏ်နှင့် တာဝန်များကို ကောင်းစွာ ကိုင်တွယ်နိုင်သည့် လူမျိုးစားဖြစ်လာအောင်လည်း မိမိကိုယ်ကို အချိန်အလုံအလောက် ပေးနိုင်ပေမည်။ ဝိညာဉ်ရေး ပြည့်ဝသူတစ်ဦးအဖြစ် ကြီးပြင်းလာရန်အတွက်လည်း လုံလောက်သောအချိန် ပေးရာရောက်မည်။ ဤနည်းဖြင့်၊ ချိန်းတွေ့ရန် အချိန်တန် အရွယ်ရောက်သည့်အခါ အခြားသူတို့က သင့်အား ခင်မင်ရင်းနှီးစဖွယ် ကောင်းသူအဖြစ် မုချ မြင်လာကြပေမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 နာမည်အချို့ကို ပြောင်းလဲထားသည်။

^ အပိုဒ်၊ 14 မတရားမေထုန်အတွက် မူရင်းဂရိစာလုံးမှာ ပေါ်နီယာ ဖြစ်သည်။ အိမ်ထောင်ပြင်ပတွင် လိင်အင်္ဂါများကို အသုံးပြုသည့် လိင်ဆက်ဆံမှုမျိုးကို ရည်ညွှန်းသည်။ လိင်အင်္ဂါများကို ကိုင်တွယ်ခြင်းနှင့် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းလည်း ပါဝင်သည်။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ချစ်ကြိုက်ကြောင်းဖော်ပြသည့် အပြုအမူများသည် များသောအားဖြင့် ဘေးရောက်စေတတ်သည်