မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မော်စကိုမြို့တွင် အလုပ်ကြောင့် ချီးကျူးခံရပုံ

မော်စကိုမြို့တွင် အလုပ်ကြောင့် ချီးကျူးခံရပုံ

မော်စကိုမြို့တွင် အလုပ်ကြောင့် ချီးကျူးခံရပုံ

၁၉၉၈ ခုနှစ်တွင် မော်စကိုမြို့ ဂလာဗင်းစကီးခရိုင်ရှိ မြူနီစီပယ် တရားရုံးတော်သို့ ယေဟောဝါသက်သေများ၏ လှုပ်ရှားဆောင်ရွက်မှုကို ပိတ်ပင်ရန်တောင်းဆိုသည့် တရားမမှုတစ်မှုကို တင်သွင်းခဲ့သည်။ ထို့ကြောင့် များမကြာမီက ဂလာဗင်းစကီး ခရိုင်အုပ်ချုပ်ရေးပိုင်းမှ ဒေသန္တရ အာဏာပိုင်များက သက်သေခံများအား ချီးကျူးလိုက်သည်ကို သင်သိရှိလိုက်လျှင် နားမလည်ဘဲ ဖြစ်ကောင်းဖြစ်မည်။

သက်သေခံများအား ထိုမြို့မှ ဖယ်ရှားပစ်ရန် လူအချို့က ကြိုးပမ်းအားထုတ်နေသည့်ကြားမှ တစ်ချိန်တည်းတွင် သက်သေခံများသည် မော်စကိုမြို့အာဏာပိုင်များထံမှ ချီးကျူးခြင်းကို အဘယ်ကြောင့် ရရှိခဲ့သနည်း။ ထိုမြို့ရှိ သက်သေခံများ၏ လှုပ်ရှားဆောင်ရွက်မှုအကြောင်း အကျဉ်းရုံး ပြန်လည်သုံးသပ်လျှင် အဖြေရရှိပေမည်။

မော်စကိုမြို့ရှိ သက်သေခံများ

၁၉၅၀ ပြည့်လွန်နှစ်များ အလယ်လောက်တွင် ယေဟောဝါသက်သေများ တစ်ယောက်တလေမျှ နေထိုင်ခြင်းမရှိသည့် ကမ္ဘာ့မြို့တော်ကြီး အနည်းအကျဉ်းအနက် မော်စကိုမြို့လည်း အပါအဝင်ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ အကြောင်းမှာ ဆိုဗီယက်ပြည်ထောင်စုတစ်ဝန်းရှိ ယေဟောဝါသက်သေများ ပြည်နှင်ဒဏ်ခံရသကဲ့သို့ မော်စကိုမြို့ရှိ သက်သေခံများလည်း ပြည်နှင်ဒဏ် ခံခဲ့ရသောကြောင့်ဖြစ်သည်။ မည်သည့်နေရာသို့ ပို့ခံရသနည်း။ အများစုသည် ဆိုက်ဘေးရီးယားရှိ ကျွန်သပေါက်သဖွယ် လုပ်ရသည့် အလုပ်ကြမ်းစခန်းများသို့ ပို့ခံရကြသည်။

နှစ်အတန်ကြာ ကုန်လွန်ပြီးနောက် အနည်းငယ်သော မော်စကိုမြို့သားတို့သည် ထိုစဉ်က ရုရှားနိုင်ငံတွင် ပိတ်ပင်တားမြစ်ခံနေရသည့် သက်သေခံများ၏ စာအုပ်၊ စာနယ်ဇင်းများ၏ အကူအညီဖြင့် သမ္မာကျမ်းစာကို စတင်လေ့လာခဲ့ကြသည်။ ၁၉၇၀ ပြည့်လွန်နှစ်များ အလယ်လောက်တွင် ထိုစဉ်က သက်သေခံများ ဖြစ်လာကြသည့် လူအနည်းငယ်တို့သည် မော်စကိုမြို့ရှိ မူရတ် ရှာကီရော့ဗ်၏ တိုက်ခန်းတွင် သမ္မာကျမ်းစာ လေ့လာမှုအတွက် စုဝေးခဲ့ကြသည်။ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဤအုပ်စုလေးမှ အဖွဲ့ဝင်တို့သည် အခြားများစွာသောသူတို့အား သမ္မာကျမ်းစာ လေ့လာချင်စိတ်ရှိလာအောင် ကူညီပေးနိုင်ခဲ့သည်။

၁၉၉၁ ခုနှစ်၊ မတ်လတွင် ယေဟောဝါသက်သေများ၏ လှုပ်ရှားဆောင်ရွက်မှု ဆိုဗီယက်ပြည်ထောင်စုတွင် တရားဝင် အသိအမှတ်ပြု ခံရသည့်အခါ၌ မော်စကိုမြို့ရှိ သက်သေခံ အသင်းတော်ကြီးတစ်ခုသည် လူပုံအလယ်၌ ပွင့်ပွင့်လင်းလင်း စတင်လုပ်ဆောင်ခဲ့ကြသည်။ ထောင်ပေါင်းများစွာသောသူတို့က သက်သေခံများ အဘယ်ကြောင့် နှိပ်စက်ညှဉ်းပန်း ခံခဲ့ရကြောင်းကို သိလိုစိတ် ပြင်းပြလာကြသည်။ ၎င်းပြင် သမ္မာကျမ်းစာ၏ သွန်သင်ချက်အမှန်ကိုလည်း သိလိုကြသည်။ ထို့ကြောင့် ၁၉၉၁ ခုနှစ်၊ ဩဂုတ်လအတွင်း ယူကရိန်းပြည်နယ်၊ ကီးယက်ဗ်မြို့တွင် စည်းဝေးကြီးတစ်ခု ကျင်းပခဲ့ရာ၌ မော်စကိုမြို့မှ လူပေါင်း ၂,၀၀၀ ကျော်သည် ခရီးမိုင်ပေါင်း ၅၅၀ နှင်၍ တက်ရောက်ခဲ့ကြသည်။ ထိုသူတို့ထဲမှ အများစုသည် ၎င်းစည်းဝေးကြီး၌ နှစ်ခြင်းခံခဲ့ကြသည့် ၁,၈၄၃ ယောက်တွင် ပါဝင်ခဲ့ကြသည်။

၁၉၉၃ ခုနှစ်တွင် မော်စကိုမြို့၏ လိုကိုမို့တစ်ဗ် အားကစားကွင်း၌ ယေဟောဝါသက်သေများ၏ အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးတစ်ခု ကျင်းပခဲ့ရာ၌ နိုင်ငံပေါင်း ၃၀ ကျော်မှ လူပေါင်း ၂၃,၇၄၃ ယောက် တက်ရောက်ခဲ့ကြသည်။ ထိုနှစ်ကုန်ပိုင်းတွင် မော်စကိုမြို့တော် နယ်နိမိတ်အတွင်း အသင်းတော်အရေအတွက် ၂၁ ခုအထိ တိုးပွားခဲ့သည်။ ကိုးနှစ် ကုန်လွန်ခဲ့သည့် ယနေ့တွင် ထိုဒေသအတွင်း၌ အသင်းတော်ပေါင်း ၁၀၄ ခုရှိလာသည်။

ယမန်နှစ်၊ ဇွန်လနှင့် ဇူလိုင်လအတွင်း မော်စကိုမြို့တွင် ကျင်းပခဲ့သည့် ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီး လေးခုတွင် လူပေါင်း ၁၈,၂၉၂ ယောက်တက်ရောက်၍ ၅၄၆ ယောက် နှစ်ခြင်းခံခဲ့ကြသည်။ သက်သေခံများနှင့်ပူးပေါင်း၍ ကျမ်းစာလေ့လာသည့် အရေအတွက် ယခုကဲ့သို့ သိသိသာသာ တိုးပွားလာခြင်းကြောင့် ရုရှားသြသိုဒေါက်စ်ချာ့ခ်ျမှ ခေါင်းဆောင်များက သက်သေခံများ၏ လှုပ်ရှားဆောင်ရွက်မှုကို ပိတ်ပင်ရန် မော်စကိုအာဏာပိုင်များအပေါ် ဩဇာလွှမ်းဖို့ ကြိုးပမ်းလာကြခြင်းဖြစ်သည်။

၁၉၉၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် သက်သေခံများကို ပိတ်ပင်တားမြစ်ရန် ကြိုးပမ်းသည့် တရားရုံးအမှုတစ်ခုကို ဂလာဗင်းစကီး တရားရုံးသို့ တင်သွင်းခဲ့ကြသည်။ နောက်ဆုံး၌ ၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်တွင် တရားသူကြီးက သက်သေခံများသည် ၎င်းတို့အပေါ် တင်ထားသည့်စွဲချက်များနှင့် ကင်းရှင်းကြောင်း အမိန့်ချမှတ်ခဲ့သည်။ သို့ရာတွင် တရားလိုဘက်မှ မော်စကိုအထက်တရားရုံးသို့ အယူခံတင်သွင်းသည့်အခါ အမှုကို ပြန်လည်သုံးသပ်ရန် မူလတရားရုံးသို့ ရမန်ပေးခဲ့သည်။

သို့သော်လည်း သက်သေခံများအား ပိတ်ပင်တားမြစ်ရန် လူအချို့က ကြိုးပမ်းနေသည့်ကြားမှ မော်စကိုမြို့တော်၊ ဂလာဗင်းစကီး ခရိုင်အုပ်ချုပ်ရေးပိုင်းမှ ဒေသန္တရ မြို့အာဏာပိုင်များက အဘယ်ကြောင့် သက်သေခံများကို ချီးကျူးခဲ့ရသနည်း။

စည်းဝေးနေရာအသစ် ပါဝင်ပတ်သက်မှု

၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလတွင် သက်သေခံများသည် မိခိုင်းလ်ကော့ဗ်စကီး ဥယျာဉ်နှင့်ကပ်လျက်ရှိသော ကြီးမားသည့် နှစ်ထပ်အဆောက်အအုံတစ်ခုကို ဝယ်ယူခဲ့သည်။ ယင်းအဆောက်အအုံကို ယခင်က ယဉ်ကျေးမှုဗဟိုဌာနအဖြစ် အသုံးပြုခဲ့သည်။ များမကြာမီက သက်သေခံလုပ်သားများက ဤကြီးမားသည့် ဤအဆောက်အအုံကို စတင်၍ အသစ်ပြုပြင်ခဲ့သည်။ ၎င်း၌ ယေဟောဝါသက်သေများ၏ အသင်းတော် ၂၂ ခုအတွက် ဘုရားသခင့်နိုင်ငံတော်ခန်းမ၊ သို့မဟုတ် စည်းဝေးသည့်နေရာ ငါးခုပါဝင်သည်။

၂၀၀၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်တွင် ဂလာဗင်းစကီး ခရိုင်အုပ်ချုပ်ရေးရုံးမှ အုပ်ချုပ်ရေးမှူးတစ်ဦးက သက်သေခံများအား ဧပြီလ ၂၁ ရက်နေ့တွင် မီခိုင်းလ်ကော့ဗ်စကီး ဥယျာဉ်ကို သန့်ရှင်းရေးပြုလုပ်ရန် မေတ္တာရပ်ခံလာသည်။ ရုရှားနိုင်ငံတွင် နွေဦးရာသီ၌ ဥယျာဉ်များနှင့် အဝေးပြေးလမ်းမကြီးများကို ဒေသခံပြည်သူများနှင့် ရပ်ကွက်လူထုတို့က စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်းမှာ အစဉ်အလာ ဖြစ်နေသည်။ ဧပြီလ ၁၇ ရက်နေ့တွင် သက်သေခံများသည် ၎င်းလုပ်ငန်းအတွက် အစီအစဉ်ရေးဆွဲရန် စည်းဝေးခဲ့ကြသည်။ လုပ်သားအင်အား ၇၀၀ ခန့်လိုအပ်မည်ဟု အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြသည်။

တက်ညီလက်ညီ လုပ်ဆောင်ခြင်း

ဧပြီလ ၁၈ ရက်တွင် သက်သေခံများက ဂလာဗင်းစကီး ခရိုင်အာဏာပိုင်များထံ လိုအပ်သည့် ထွန်ခြစ်များနှင့် အခြားလက်နက်ကိရိယာများ အရေအတွက်ကို တင်ပြရာ၌ လုပ်သားအင်အား ၇၀၀ နီးပါးခန့် ဤသို့တုံ့ပြန်လာမည်ကို မယုံကြည်ကြချေ။ သို့တစေ၊ ဧပြီလ ၂၁ ရက်၊ နံနက် ၉ နာရီခွဲအချိန်တွင် အုပ်ချုပ်ရေးဌာနမှ လုပ်သားများ ဥယျာဉ်သို့ ရောက်လာသည့်အခါ၌ ရာပေါင်းများစွာသော သက်သေခံများ ရောက်ရှိနှင့်နေပြီဖြစ်သော်လည်း အသုံးပြုရန် ဥယျာဉ်သုံး လက်နက်ကိရိယာ ၂၀၀ သာရှိသည်။ နောက်ပိုင်းတွင် ထွန်ခြစ် ၂၀၀ ခန့်ထပ်မံရရှိသည်။ လက်နက်ကိရိယာ မရှိသူများသည် အမှိုက်သရိုက်များကို လက်ဖြင့်စုသိမ်း၍ ပလတ်စတစ်အိတ်ထဲသို့ ထည့်ကြသည်။ သက်သေခံများသည် ရေကန်ကြီးကို သန့်ရှင်းရေးလုပ်ရန် ငါးမျှားရာတွင်ဝတ်သော ပေါင်ရင်းထိသည့် ဘွတ်ဖိနပ်များနှင့် လှေတစ်စီးကိုပင် ယူဆောင်လာခဲ့ကြသည်။

အုပ်ချုပ်ရေး ကိုယ်စားလှယ်များသည် လုပ်ဆောင်သမျှကိုကြည့်၍ တအံ့တဩ ဖြစ်ခဲ့ကြသည်။ သက်သေခံတို့သည် မိမိတို့၏ ခြံမြေအိမ်ရာကို သန့်ရှင်းရေး လုပ်ဆောင်နေသည့်အလား ပျော်ပျော်ရွှင်ရွှင်နှင့် စိတ်ပါလက်ပါ တက်တက်ကြွကြွ အလုပ်လုပ်ကြသည်ကို သူတို့ သတိပြုမိကြသည်။ မီခိုင်းလ်ကော့ဗ်စကီး ဥယျာဉ်သန့်ရှင်းရေးတွင် စုစုပေါင်း ယေဟောဝါသက်သေ တစ်ထောင်ခန့် လုပ်အားပေးခဲ့ကြပြီး အမှိုက်သရိုက်တန်ချိန် ၂၅၀ ကျော်ကို ဖယ်ရှားခဲ့ကြသည်။ ထိုဒေသအတွင်း နေထိုင်သူတို့က ဥယျာဉ်ကြီး ဤကဲ့သို့သန့်ရှင်းသည်ကို မတွေ့ရသည်မှာ အလွန်ကြာပြီဖြစ်ကြောင်း ပြောပြကြသည်။

အစပိုင်း၌ ဖော်ပြခဲ့သည့်အတိုင်း အာဏာပိုင်တို့သည် သက်သေခံများ၏ လုပ်ဆောင်မှုကြောင့် အလွန် နှစ်သက်သဘောကျမိသဖြင့် ကျေးဇူးတင်စကားများပင် ပါးခဲ့သည်။ ဂလာဗင်းစကီး ခရိုင်အာဏာပိုင်တစ်ဦးက “မော်စကို မြောက်ပိုင်း အုပ်ချုပ်ရေးဒေသ ဂလာဗင်းစကီး ခရိုင်အုပ်ချုပ်ရေးအနေဖြင့် မီခိုင်းလ်ကော့ဗ်စကီးဥယျာဉ် သန့်ရှင်းရေးတွင် ပါဝင်လုပ်အားပေးခြင်းအတွက် ယေဟောဝါသက်သေများ၏ ဘာသာရေးအုပ်စုကို အထူးကျေးဇူးတင်ရှိပါသည်” ဟုရေးသားပေးပို့ခဲ့သည်။ တွဲဖက်အရာရှိတစ်ဦးကလည်း အလားတူ ကျေးဇူးတင်စကား ထုတ်ဖော်ပြောကြား၍ ဤသို့နိဂုံးချုပ်ထားသည်– “ဂုဏ်သိက္ခာရှိ၍ လိုအပ်သော ဤလုပ်ဆောင်မှုသည် ဥယျာဉ်သို့လာရောက်ကြသည့် ဧည့်သည်အားလုံးအတွက် အကျိုးကျေးဇူးနှင့် ပျော်ရွှင်မှု ဖြစ်ထွန်းစေသည်။”

ယေဟောဝါသက်သေများသည် မိမိတို့၏ ခြံမြေအိမ်ရာ ပတ်ဝန်းကျင်ဒေသများကို သာယာလှပ စေလိုသည့်စိတ်၊ ဤတွင်ဖော်ပြသည့် စီမံချက်မျိုးတွင် ပါဝင်ဆင်နွှဲခြင်း ရှိကြသော်ငြားလည်း ယနေ့ သူတို့၏ အဓိကလုပ်ငန်းမှာ မြေကြီးတစ်ပြင်လုံးတွင် ပရဒိသု အခြေအနေ ဖြစ်ပေါ်စေမည့် အစိုးရဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို လူတို့အား ဝေမျှပေးခြင်းပင်ဖြစ်သည်။ (မဿဲ ၂၄:၁၄) မီခိုင်းလ်ကော့ဗ်စကီးဥယျာဉ်ကို သန့်ရှင်းရေးလုပ်ဆောင်နေစဉ် သက်သေခံအချို့က ယခု သူတို့၏လုပ်ဆောင်မှုသည် အာမဂေဒုန်အပြီး ကမ္ဘာမြေတစ်ပြင်လုံးကို လှပအောင်လုပ်ဆောင်မည့် လုပ်ငန်းအတွက် လက်တွေ့လေ့ကျင့်မှု ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။—⁠ဗျာ. ၁၆:၁၄၊ ၁၆

မှန်ပါသည်၊ သမ္မာကျမ်းစာကို ချစ်သောသူအားလုံးသည် ကနဦးလူသားမောင်နှံတို့ကို ဖန်ဆင်းခဲ့စဉ်က ဘုရားသခင် ရည်ရွယ်တော်မူခဲ့သည့်အတိုင်း ကမ္ဘာမြေကြီးတစ်ခုလုံး သာယာလှပသည့် ဥယျာဉ်ကဲ့သို့သော နေရာမျိုးဖြစ်လာမည့်အချိန်ကို စောင့်မျှော်လျက်ရှိကြသည်။—⁠ကမ္ဘာဦး ၁:၂၈; ၂:၈၊ ၉၊ ၁၅; ဗျာဒိတ် ၂၁:၃၊ ၄

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မူရတ် ရှာကီရော့ဗ်၏ တိုက်ခန်းတွင် ၁၉၇၀ ပြည့်လွန်နှစ်များ အလယ်လောက်တွင် တွေ့ဆုံခဲ့သူများ ပြန်လည်ဆုံဆည်းခြင်း

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယမန်နှစ်တွင် မော်စကိုမြို့၌ ကျင်းပခဲ့သည့် စည်းဝေးကြီးလေးခုတွင် စုစုပေါင်းတက်ရောက်သူ ၁၈,၂၉၂ ယောက်ရှိခဲ့သည်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယခင်က ယဉ်ကျေးမှုဗဟိုဌာနဖြစ်ခဲ့သည့် ဤအဆောက်အအုံကို ဘုရားသခင့်နိုင်ငံတော်ခန်းမ ငါးခု ဝင်ဆံ့အောင် အသစ်ပြုပြင်ခဲ့သည်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အမှိုက်သရိုက်တန်ချိန် ၂၅၀ ကျော်ကို ဖယ်ရှားခဲ့သည်