မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူတိုင်းအတွက် စိတ်ချရသော အစားအစာ

လူတိုင်းအတွက် စိတ်ချရသော အစားအစာ

လူတိုင်းအတွက် စိတ်ချရသော အစားအစာ

အာဟာရပြည့်ဝသော အစာကိုစားရသည်မှာ ကြည်နူးနှစ်သိမ့်ဖွယ် ကောင်းလှသည်။ သို့သော် ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရသည့်အတိုင်း ထိုသို့သောအစာမျိုးသည် အမြဲတမ်း အလွယ်တကူ ရရှိနိုင်သည်မဟုတ်ပေ။ ထိုထက်ဆိုးသည်မှာ သန်းပေါင်းများစွာသော လူတို့သည် သူတို့စားသောက်သည့် အစားအစာ စိတ်ချရမှုရှိမရှိ၊ ကျန်းမာရေးနှင့်ညီမညီ စိုးရိမ်ပူပင်ဖို့ နေနေသာသာ ဘဝရှင်သန်မှုအတွက် နပ်မှန်အောင် စားသောက်နိုင်ဖို့ပင် မနည်းကြီး ရုန်းကန်လှုပ်ရှားနေကြရသည်။ ဤသို့ဖြစ်ရန် ဘုရားသခင် ရည်ရွယ်ခဲ့ခြင်း ဖြစ်နိုင်သလော။

ဤအချက်ကို စဉ်းစားကြည့်ပါ။ လူယောက်ျားနှင့် လူမိန်းမတို့ကို ဤကမ္ဘာပေါ် ဘုရားသခင် နေရာချပေးခဲ့စဉ်က သူတို့၌ အစားအစာအတွက် စိုးရိမ်ကြောင့်ကြစရာအကြောင်း ရှိခဲ့သလော။ လုံးဝမရှိခဲ့ပါ။ သမ္မာကျမ်းစာ ကမ္ဘာဦးကျမ်း မှတ်တမ်းက ဤသို့ဆို၏– “ထိုမြေထဲက အဆင်းလှ၍ စားဖွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင် ဘုရားသခင် ပေါက်စေတော်မူ၏။” (ကမ္ဘာဦး ၂:⁠၉) ထို့ကြောင့် အာဒံနှင့်ဧဝတို့၌ ကြည်နူးဖွယ်ကောင်းသော အစားအစာ အမျိုးအမည် စုံလင်များပြားစွာ မကုန်နိုင်မခန်းနိုင်အောင် ရှိခဲ့ကြသည်။ သူတို့ကိုဖန်ဆင်းသည့် ဘုရားသခင်သည် အာဟာရပြည့်ဝရန် သူတို့ အဘယ်အရာ လိုအပ်သည်ကို အပ်ကျမပ်ကျ သိတော်မူ၏။ အဘယ်အရာက သူတို့အား ပျော်ရွှင်စေမည့်အကြောင်းကိုလည်း သိတော်မူ၏။ ယနေ့ ကျွန်ုပ်တို့သည် ဧဒင်ဥယျာဉ်အတွင်းတွင် ရှိမနေသည်မှာ ဆိုဖွယ်မရှိ။ သို့ရာတွင် လူသားများနှင့် ဤကမ္ဘာအတွက်ထားရှိသည့် ကိုယ်တော့် မူလရည်ရွယ်ချက် ပြောင်းလဲသွားပြီလော။

များမကြာမီ ကမ္ဘာပေါ်ရှိ လူတိုင်းလူတိုင်းသည် ကျန်းမာရေးနှင့်ညီညွတ်၍ အာဟာရပြည့်ဝသည့် အစားအစာ အလျှံပယ် စားသုံးရတော့မည်ကို ယုံကြည်စရာ ခိုင်လုံသောအကြောင်း ရှိပေသည်။ ဤယုံကြည်ချက်က ယနေ့ အစားအစာ စိတ်ချရမှု ပြဿနာနှင့်ပတ်သက်၍ မျှတသည့်သဘောထားကို ထိန်းသိမ်းထားနိုင်အောင် ကြီးမားစွာ ထောက်ကူပေးနိုင်သည်။ ဤသို့သော မျှော်လင့်ခြင်းသည် သေချာ၍ ယုံကြည်စိတ်ချရပါက ကျွန်ုပ်တို့အား အယူသီးသော၊ အစွန်းရောက်သော အမြင်သဘောထားမျိုး မရှိစေရန် ထောက်ကူပေးနိုင်သည်။

လူ့ဘဝသည် များမကြာမီ တစ်မူထူးခြားသွားမည်ဟု ကျွန်ုပ်တို့ အဘယ်ကြောင့် ဤမျှအသေအချာ ပြောနိုင်သနည်း။ ကျွန်ုပ်တို့သည် ဤအစီအစဉ်စနစ်၏ “နောက်ဆုံးသော နေ့ရက်များ” အတွင်း အသက်ရှင်နေရကြောင်း ဘုရားသခင့် နှုတ်မြွက်တရားတော်ကို စိတ်အားထက်သန်စွာ လေ့လာသူတို့က သိရှိကြသည်။ လက်ရှိစနစ်သည် လူ့ဉာဏ်ပညာဖြင့် ထိန်းချုပ်ခြင်းခံနေရသဖြင့် ဘဝကဏ္ဍ အများအပြားတွင် မသေချာ မရေရာမှုနှင့် ပြည့်နေသည့်ပြင် စမ်းကြည့်ပြုပြင်နည်းကို အားကိုးနေရသည်။ အစားအစာ ပြုပြင်စီမံခြင်း နည်းပညာသည် စိတ်ချရမှု ရှိမရှိနှင့်ပတ်သက်၍ မသေချာ မရေရာမှု အတော်များများ ရှိနေသည်။ ထိုသို့သော မသေချာ မရေရာမှုများက စိုးရိမ်စိတ်၊ သဘောထားကွဲလွဲမှုနှင့် မညီညွတ်မှုများကို ဖြစ်ပေါ်စေသည်။—⁠၂ တိမောသေ ၃:၁-၅ကဘ။

လူ့ဖန်ဆင်းရှင်က လက်ရှိအစီအစဉ်စနစ်ကို လုံးဝသစ်လွင်သော စနစ်တစ်ခုဖြင့် အစားထိုးမည့်အကြောင်း ကတိပြုထားတော်မူ၏။ တစ်ကမ္ဘာလုံးကို ဧဒင်ဥယျာဉ်ကဲ့သို့သော ပရဒိသုဖြစ်စေပြီး ကျန်းမာပျော်ရွှင်သည့် လူ့မိသားစုကြီးဖြင့် ပြည့်စေမည်ဟူသော ကိုယ်တော်၏ မူလရည်ရွယ်ချက်သည် ပြည့်စုံလာလိမ့်မည်။ ထိုအခါ စုံလင်သော ဘုရားတရားဉာဏ်ပညာ၏ စည်းလုံးခြင်းစွမ်းအားသည် မြေကြီးတစ်ပြင်လုံးကို လွှမ်းမိုးလိမ့်မည်။ (ဟေရှာယ ၁၁:⁠၉) စိတ်မချရသော လူ့ဉာဏ်ပညာသည် လွှမ်းမိုးတော့မည်မဟုတ်။ ဘုရားသခင်ပြုလုပ်သည့် စနစ်သစ်သည် အစားအစာနှင့်ပတ်သက်သော သံသယအားလုံးကို ပြေလွင့်စေမည်။ လူသားများကို ဖန်ဆင်းတော်မူသည့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ အာဟာရ လိုအပ်ချက်များကိုလည်း သိတော်မူသည်ဟု ကောက်ချက်ချခြင်းသည် ကျိုးကြောင်း မညီညွတ်ပေလော။

ဖန်ဆင်းရှင်ထံတော်မှ ပြည့်စုံကောင်းမွန်သော အစားအစာ

သမ္မာကျမ်းစာတွင် လာလတ္တံ့သော အစီအစဉ်စနစ်အောက်ရှိ လူနေမှုအခြေအနေနှင့် ပတ်သက်၍ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည့် ပရောဖက်ပြုချက်များ ပါရှိသည်။ ပရောဖက် ဟေရှာယက ဤသို့ရေးသားခဲ့သည်– “[ဘုရားသခင်]သည် လယ်၌ကြဲသောမျိုးစေ့ဖို့ မိုးကိုရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှဖြစ်သောမုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သင်၏ သိုး နွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြလိမ့်မည်။ စံကောနှင့်ဆန်ခါဖြင့် သန့်ရှင်းစေ၍ ကောင်းမွန်စွာ ရောနှောသောစပါးကိုသာ မြေ၌လုပ်သော နွားနှင့်မြည်းတို့သည်လည်း စားရကြလိမ့်မည်။”

ဟေရှာယ ပရောဖက်ပြုချက်၌ ဤသို့လည်း ဖော်ပြထားသည်– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲ တည်းဟူသော ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။”—⁠ဟေရှာယ ၂၅:၆; ၃၀:၂၃၊ ၂၄

ဤပရောဖက်ပြုချက်သည် သင့်အဖို့ နှစ်သက်စဖွယ် မကောင်းပေလော။ ဟေရှာယ၏ ပရောဖက်ပြုချက်က ဘုရားသခင့် အစီအစဉ်စနစ်သစ်တွင် နေထိုင်သူအားလုံးအတွက် ကာယအစားအစာသည် လိုအပ်သည်ထက်ပင် ပိုလျှံမည်ဟု အခိုင်အမာဆိုထားသည်။ ၎င်းတို့ကို စိတ်ချလက်ချ စားသုံးနိုင်မည်လော။ ယင်းအတွက် သံသယ ဖြစ်စရာမလိုပါ။ ဘုရားသခင့် လူမျိုးတော်သည် “ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ” ဟုအခြား ပရောဖက်ပြုချက်တစ်ခုက အခိုင်အမာဆိုသည်။ (မိက္ခာ ၄:⁠၄) ဤသို့သော အကြွင်းမဲ့ လုံခြုံမှုကို ဘုရားသခင့် မေရှိယ နိုင်ငံတော်က အာမခံမည်ဖြစ်သည်။ ၎င်းနိုင်ငံတော်သည် မဝေးတော့သော အနာဂတ်ကာလတွင် ကမ္ဘာမြေကြီး တစ်ဝန်းလုံးကို အုပ်ချုပ်တော့မည်ဖြစ်သည်။—⁠ဟေရှာယ ၉:၆၊ ၇

နောက်နောင်တွင် အစားအစာ စိတ်ချရမှု ရှိမရှိနှင့်ပတ်သက်သည့် မရေရာ မသေချာမှုများ လုံးဝရှိတော့မည်မဟုတ်ပေ။ ပြောင်းပြန်အနေနှင့် ကျွန်ုပ်တို့သည် တစ်ဦးကိုတစ်ဦး “အားရပါးရ စားပါ၊ မြိန်ရေရှက်ရေ စားပါ” ဟူ၍ပြောရသည်ကို နှစ်သိမ့်ကျေနပ်ကြပေလိမ့်မည်။

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

များမကြာမီ ကမ္ဘာပေါ်ရှိသူတိုင်း ကျန်းမာရေးနှင့်ညီညွတ်၍ အာဟာရပြည့်ဝသည့် အစားအစာများကို အလျှံပယ် စားသုံးရလတ္တံ့