မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏အစားအစာ မည်မျှစိတ်ချရသနည်း

သင်၏အစားအစာ မည်မျှစိတ်ချရသနည်း

သင်၏အစားအစာ မည်မျှစိတ်ချရသနည်း

သင်သည် တစ်နေ့ အစာသုံးနပ် စားသလော။ သို့ဖြစ်လျှင် သင်အသက် ၇၀ အရွယ်ရောက်သည့်အခါ၌ သင်သည် အနပ်ပေါင်း ၇၅,၀၀၀ ကျော် စားပြီးသောက်ပြီးဖြစ်မည်။ ဥရောပသားစစ်စစ် တစ်ဦးအဖို့ဆိုလျှင် အခြားအရာများအပြင် ကြက်ဥအလုံး ၁၀,၀၀၀၊ ပေါင်မုန့်အလုံး ၅,၀၀၀၊ အာလူးအိတ် ၁၀၀၊ အမဲကောင် ၆ ခြမ်းနှင့် သိုး ၂ ကောင်ကို စားပြီးပြီ ဟူသောသဘောပင်ဖြစ်သည်။ ဤမျှများပြားသည့် အရာများကို စားရသည်မှာ ငြီးငွေ့ဖွယ် မကောင်းပေလော။ ငြီးငွေ့ဖို့နေနေသာသာ “အားရပါးရ မြိန်ရေရှက်ရေ စားပါ” ဟူသောစကားမျိုးကို လူတိုင်းကြားလိုကြသည်။ ချက်ပြုတ်နည်း သင်တန်းကျောင်းတစ်ခုမှ အကြီးအကဲဖြစ်သူက “အစားအစာသည် လူ့ဘဝ၏ အနှစ်သာရဖြစ်သည်” ဟူ၍ပင် အမွှမ်းတင် ပြောဆိုခဲ့သည်။

များသောအားဖြင့် ကျွန်ုပ်တို့သည် စားသောက်သည့် အစားအစာကို အာဟာရပြည့်ဝသော၊ ကျန်းမာရေးနှင့် ညီညွတ်သော အရာအဖြစ် မှတ်ယူတတ်ကြသည်။ သို့ရာတွင် ထိုအနပ်ပေါင်း ၇၅,၀၀၀ အနက်မှ တစ်နပ်နပ်တွင် ဥပဒ်ဖြစ်စေတတ်သည့်အရာ တစ်မျိုးမျိုး ပါဝင်ခဲ့သော် ကျွန်ုပ်တို့သည် အသည်းအသန် နာမကျန်းဖြစ်နိုင်သည်။ ကျွန်ုပ်တို့ စားသည့်အစာသည် စိတ်ချရသည်ဟု အသေအချာ ပြောနိုင်သလော။ ယနေ့ ဤကိစ္စနှင့်ပတ်သက်၍ သံသယဝင်သူ များသည်ထက် များပြားလာပုံရသည်။ အချို့တိုင်းပြည်များတွင် အစားအစာ စိတ်ချရမှုသည် အဓိကကျသော ပူပန်ရခြင်းအကြောင်း ဖြစ်လာသည်။ အဘယ်ကြောင့်နည်း။

ပူပန်ရခြင်း၏ အကြောင်းတရားများ

အစာကြောင့်ဖြစ်ပွားသည့် ရောဂါများသည် ဥရောပပြည်သူ ၁၅ ရာခိုင်နှုန်းခန့်ကို နှစ်စဉ် ထိခိုက်စေလျက်ရှိသည်။ သာဓကအားဖြင့် ၁၉၈၀ ပြည့်လွန်အစောပိုင်းနှစ်များတွင် စပိန်နိုင်ငံ၌ အဆိပ်ဖြစ်စေသော စားသုံးဆီကြောင့် လူပေါင်း ၁,၀၀၀ ခန့်သေဆုံး၍ အခြား ၂၀,၀၀၀ ကို အပြင်းအထန် ဖျားနာစေခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ဘယ်လ်ဂျီယံ ပြည်သူတို့သည် ကြက်ဥ၊ မွေးမြူရေးကြက်ငှက်၊ ဒိန်ခဲနှင့် ထောပတ်ကဲ့သို့သော အစားအစာများ၌ ဒိုင်အောက်ဇင်ခေါ် အဆိပ်တစ်မျိုးဖြင့် ညစ်ညမ်းနေဖွယ် ရှိသည်ဟူသောသတင်း ထွက်ပေါ်ခဲ့သည့်အခါ ထိတ်လန့်တုန်လှုပ်ခဲ့ကြသည်။ များမကြာမီကလည်း နွားများ၌ နွားရူးရောဂါ (bovine spongiform encephalopathy) ဖြစ်ပွားခဲ့ခြင်းကြောင့် ဗြိတိန်နိုင်ငံ၏ စားသုံးသူတို့သည် အထိတ်တလန့် ဖြစ်ခဲ့ကြသည့်ပြင် အမဲသား ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းလည်း ထိခိုက်ပျက်စီးခဲ့သည်။ ၎င်းနောက် ခွာနာလျှာနာရောဂါ ဖြစ်ပွားခဲ့ပြန်သဖြင့် သန်းပေါင်းများစွာသော သိုး၊ နွား၊ ဝက်၊ ဆိတ်တို့ကို သတ်ဖြတ်ရှင်းလင်းခဲ့ရသည်။

ဤကဲ့သို့သော စိုးရိမ်ဖွယ်ရာ ဘေးအန္တရာယ်များအပြင် အစားအစာနှင့်ပတ်သက်၍ ပြည်သူလူထု ပူပန်သောကပွားရသည့် အခြားအကြောင်းခံများလည်း ရှိပေသည်။ စားသုံးသူတို့သည် စားသောက်ကုန်များ ဖြစ်ထွန်းတိုးတက်မှုနှင့် ထုတ်လုပ်မှုနည်းစနစ်တို့တွင် ယခု အသုံးပြုလျက်ရှိသည့် နည်းပညာများကြောင့် စိတ်သောက ရောက်နေကြသည်။ ဥရောပကော်မရှင်က ၁၉၉၈ ခုနှစ်တွင် ဤသို့ရေးသားခဲ့သည်– “အစားအစာကို ဓာတ်ရောင်ခြည်ပေး၍ ပြုပြင်ခြင်းနှင့် ကောက်ပဲသီးနှံများ၏ မျိုးရိုးဗီဇ ပြုပြင်ဖန်တီးခြင်း ကဲ့သို့သော ဆန်းသစ်သည့် နည်းပညာများသည် အငြင်းပွားမှုများစွာကို ဖြစ်ပေါ်စေသည်။” ယင်းကဲ့သို့သော ခေတ်ပေါ်သိပ္ပံ နည်းပညာများက ကျွန်ုပ်တို့၏ အစားအစာကို တိုးတက်ကောင်းမွန်စေသလော၊ သို့မဟုတ် ညံ့ဖျင်းညစ်ညမ်းစေသလော။ ကျွန်ုပ်တို့၏ အစားအစာကို ပိုမိုစိတ်ချမှုရှိအောင် ကျွန်ုပ်တို့ဘက်မှ အဘယ်အရာများ လုပ်ဆောင်နိုင်သနည်း။