မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အစားအစာကို ပို၍စိတ်ချရအောင် လုပ်ဆောင်နည်းများ

အစားအစာကို ပို၍စိတ်ချရအောင် လုပ်ဆောင်နည်းများ

အစားအစာကို ပို၍စိတ်ချရအောင် လုပ်ဆောင်နည်းများ

အစာစားခြင်းသည် ကျန်းမာရေးအတွက် အန္တရာယ်ရှိသလော။ အချို့သော ကိန်းဂဏန်း စာရင်းဇယားများက အန္တရာယ်ရှိသည်ဟု သင့်အား ကောက်ချက်ချစေနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လက်အောက်ခံ ဥရောပဒေသအတွင်း ပြည်သူသန်းပေါင်း ၁၃၀ ခန့်သည် အစားအစာကြောင့် ဖြစ်ပွားသည့်ရောဂါ နှစ်စဉ် ကူးစက်ခံရကြသည်။ ယူနိုက်တက်ကင်းဒမ်း တစ်နိုင်ငံတည်း၌ ၁၉၉၈ ခုနှစ်အတွင်း အစာအဆိပ်သင့်မှုပေါင်း ၁၀၀,၀၀၀ ကျော်ဖြစ်ပွားပြီး ၂၀၀ ခန့်သေဆုံးကြောင်း သတင်းရရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် အစားအစာမှတစ်ဆင့် ဖြစ်ပွားသည့်ရောဂါကြောင့် လူ ၇၆ သန်းခန့် ဖျားနာသဖြင့် ၎င်းတို့အနက် ၃၂၅,၀၀၀ ခန့်သည် ဆေးရုံတင်ရပြီး ၅,၀၀၀ ခန့်မှာ သေဆုံးကြရသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် စေ့စပ်သေချာသော ခန့်မှန်းချက်များရရှိရန်မှာ ပို၍ခက်ခဲသည်။ သို့သော်၊ ခန့်မှန်းခြေအားဖြင့် ၁၉၉၈ ခုနှစ်အတွင်း ဝမ်းလျှောရောဂါဖြင့် သေဆုံးသူ ၂.၂ သန်းရှိကြောင်း၊ ၎င်းတို့အနက် ၁.၈ သန်းမှာ ကလေးသူငယ်များဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ထိုသတင်း၌ ဤသို့ဆိုသည်– “ဤသေဆုံးမှုများအနက် အများစုမှာ အစားအစာနှင့် သောက်သုံးရေ မသန့်ရှင်းခြင်းကြောင့် ဖြစ်ရသည်ဟု ဆိုနိုင်သည်။”

ထိုကိန်းဂဏန်းများသည် ထိတ်လန့်စရာကောင်းလှသည်ဟု ထင်မှတ်ရသည်။ သို့သော် ကိန်းဂဏန်းများကြောင့် သင့်အစားအစာ၏ စိတ်ချရမှုနှင့်ပတ်သက်၍ အထိတ်တလန့် ဖြစ်သင့်သလော။ မဖြစ်သင့်ပါ၊ အခြားသာဓကတစ်ခုကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ ဩစတြေးလျနိုင်ငံတွင် နှစ်စဉ် အစားအစာကြောင့် ဖြစ်ပွားသည့် ဖျားနာမှုပေါင်း ၄.၂ သန်းခန့်၊ သို့မဟုတ် တစ်ရက်လျှင် ၁၁,၅၀၀ ခန့်ရှိသည်။ အလွန်များပြားသည်ဟု ထင်ရပေသည်။ သို့ရာတွင် ရှုထောင့် နောက်တစ်မျိုးမှ ကြည့်လိုက်ပါ။ ဩစတြေးလျပြည်သူတို့သည် တစ်နှစ်လျှင် အနပ်ပေါင်း သန်းနှစ်သောင်း (၂၀ ဘီလီယံ) စားသောက်ကြရာ ယင်းအနပ်ပေါင်းများမှ တစ်ရာခိုင်နှုန်း၏ ငါးဆယ်ပုံတစ်ပုံပင် မပြည့်သည့်အနပ်များ (၀.၀၂ ရာခိုင်နှုန်း) ကသာ ဖျားနာမှုကိုဖြစ်စေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် တစ်နပ်စီ၌ပါဝင်သည့် ဘေးအန္တရာယ်မှာ အလွန်ပင်နည်းပါးပါသည်။

သို့ရာတွင်၊ အစားအစာကြောင့် အမှန်ပင် ဘေးဖြစ်စေတတ်သဖြင့် အလေးအနက် ဆင်ခြင်သင့်ပေသည်။ အစားအစာကြောင့် ဖျားနာမှု ဖြစ်ပွားရသည့် အကြောင်းတရားများကား အဘယ်နည်း။ ယင်းအန္တရာယ်ကို လျှော့ပါးအောင် ဘာပြုလုပ်နိုင်သနည်း။

အစားအစာကြောင့်ဖြစ်ပွားသည့်ဖျားနာမှု၏ အကြောင်းတရားများ

အစားအစာမှတစ်ဆင့် ကူးစက်နိုင်သည့်ရောဂါ အမျိုးပေါင်း ၂၀၀ မက များပြားလှသည်ဟု ကူးစက်ရောဂါ အသစ်များ ဂျာနယ်ကဆိုသည်။ သို့သော် ထိုရောဂါအားလုံးကို ဖြစ်ပွားစေသည့် တရားခံလက်သည်မှာ ထိုမျှလောက်မများပေ။ အပြည်ပြည်ဆိုင်ရာ အစားအစာ သတင်းပြန်ကြားရေးဌာနမှ အစားအစာ သတင်းပြန်ကြားရေး အရာရှိ ဒေါက်တာ အီအန် ဆဝပ်ဒလင်း ၏အဆိုအရ အစားအစာကြောင့်ဖြစ်ပွားသည့် ရောဂါအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်သည် “မျိုးစိတ် ၂၀ ကျော်မျှရှိသည့်” အဏုဇီဝရုပ်များကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ရောဂါဖြစ်ပွားစေသည့် ဤဗိုင်းရပ်စ်ပိုးများ၊ ဘက်တီးရီးယားပိုးများ၊ ကပ်ပါးကောင်များ၊ အဆိပ်အတောက်များ အစရှိသည့်အရာများသည် အစားအစာမျာအတွင်းသို့ မည်သို့ ရောက်ရှိလာကြသနည်း။

ဒေါက်တာ ဆဝပ်ဒလင်းက အစားအစာကို အများအားဖြင့် ညစ်ညမ်းစေတတ်သည့် သာမန်နည်းလမ်းငါးသွယ်ကို အောက်ပါအတိုင်း စာရင်းပြုစုထားသည်– “မသန့်ရှင်းသော သားစိမ်းငါးစိမ်းများကို သုံးခြင်း၊ ရောဂါပိုးရှိသည့် ဖျားနာသူများက ချက်ပြုတ်ပြင်ဆင်ခြင်း၊ သင့်တော်စွာ မထားသိုခြင်းနှင့် မစားသောက်မီ နာရီများစွာကြို၍ ချက်ပြုတ်ပြင်ဆင်ခြင်း၊ ချက်ပြုတ်ပြင်ဆင်ရာ၌ ပိုးမွှားများ အပြန်အလှန် ကူးစက်ခြင်း၊ အစားအစာကို ကောင်းစွာကျက်အောင် မချက်ပြုတ်ခြင်း၊ သို့မဟုတ် ကောင်းစွာ ပြန်မနွေးခြင်း။” အထက်ပါစာရင်းသည် စိတ်ပူပင်စရာ ကောင်းပုံရသော်လည်း အားတက်ဖွယ် သတင်းကောင်းအချို့ ပါရှိပေသည်။ အစားအစာကြောင့် ဖြစ်ပွားသည့်ရောဂါ အများစုကို အလွယ်တကူပင် တားဆီးနိုင်ပေသည်။ သင်စားသောက်သည့် အစားအစာများကို အသေအချာ စိတ်ချမှုရှိရအောင် မည်သို့လုပ်ဆောင်ရမည့်အကြောင်း စာမျက်နှာ ၈ နှင့် ၉ မှ လေးထောင့်ကွက်ကို ဂရုပြုပါ။

မျှမျှတတ ရွေးချယ်ပါ

အစားအစာနှင့်ပတ်သက်၍ ဘေးအန္တရာယ်များနှင့် စိုးရိမ်ပူပန်စရာများကို အကြောင်းပြု၍ ယနေ့ လူအချို့တို့က ပိုမိုလတ်ဆတ်သည့် အစားအစာများကို ဝယ်ခြမ်း၊ ချက်ပြုတ်၊ စားသောက်ရန်အတွက် အချိန်ပေးရန် ဆုံးဖြတ်လာကြသည်။ သင်လည်း ဤသို့ပြုရန် စိတ်ကူးထားပါက သင့်ဒေသအတွင်း သန့်ရှင်းလတ်ဆတ်၍ ပြုပြင်စီမံထားခြင်း မရှိသော ကုန်ပစ္စည်းများ ရောင်းချသည့် စတိုးဆိုင်၊ သို့မဟုတ် ဈေးဆိုင်များကို စုံစမ်းရှာဖွေကြည့်ပါ။ စားသုံးသူများ လမ်းညွှန်တစ်အုပ်က ဤသို့ ရှင်းပြထားသည်– “စားသုံးသူအများသည် တစ်ပတ်တစ်ခါ ရောင်းချသည့်ဈေးများ၌သော်လည်းကောင်း၊ အစားအစာထုတ်လုပ်သည့် စက်ရုံအလုပ်ရုံများ၌သော်လည်းကောင်း ထုတ်လုပ်သူများထံမှ တိုက်ရိုက်ဆက်သွယ် ဝယ်ယူကြသည်။ ဤသို့ဖြင့် အထူးလတ်ဆတ်သည့် ပစ္စည်းများကို ရရှိနိုင်သည့်အပြင် ယင်းအစားအစာ၏ ပင်ရင်းနှင့် ထုတ်လုပ်မှုတို့ကိုပါ လေ့လာတွေ့မြင်ခွင့်ရကြသည်။” ဤသို့ပြုခြင်းသည် လတ်ဆတ်သောအသားများ ဝယ်ခြမ်းသည့်အခါများ၌ များစွာအကျိုးရှိနိုင်သည်။

အလားတူစွာပင် ဒေသထွက် ရာသီစာများသည် အထူးလတ်ဆတ်၍ ကျန်းမာရေးနှင့် ညီညွတ်သောကြောင့် ၎င်းတို့ကို ဝယ်ယူစားသုံးခြင်းသည် အကောင်းဆုံးဖြစ်သည်။ သို့သော် ဤမူအတိုင်းသာ လိုက်မည်ဆိုလျှင် ဒေသအသီးသီးမှ တစ်နှစ်ပတ်လုံးထွက်ရှိသည့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းကို သင်လက်လွှတ်ရပေမည်။

သင့်အနေဖြင့် သဘာဝမြေသြဇာသုံး အစားအစာများကို ပြောင်းလဲစားသောက်သင့်သလော။ ယင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ရမည့် ကိစ္စဖြစ်သည်။ သဘာဝမြေသြဇာသုံး အစားအစာကို စိတ်သန်သူ အများအပြားရှိသည်။ အချို့တို့သည် စားနပ်ရိက္ခာ ထုတ်လုပ်သည့်လုပ်ငန်း၌ အသုံးပြုသည့် နည်းပညာသစ်များကို အယုံအကြည် မရှိသည်မှာ သေချာသည်။ သို့သော်လည်း သဘာဝမြေသြဇာသုံး စိုက်ပျိုးရေးလုပ်ငန်းသည် ပိုမိုစိတ်ချရသည့် အစားအစာများ ထုတ်လုပ်ပေးသည်ဟု လူတိုင်းက လက်မခံကြချေ။

အစားအစာနှင့်ပတ်သက်၍ သင့်အကြိုက် မည်သို့ပင်ရှိပါစေ၊ ဝယ်ယူသည့်အရာများကို အသေအချာ စစ်ဆေးပါ။ “အစားအစာ ဝယ်သည့်အခါ၌ စားသုံးသူတို့သည် ဈေးနှုန်းမှလွဲ၍ အခြားအရာများကို ဂရုမပြုကြ” ဟု ကျွမ်းကျင်သူပညာရှင်တစ်ဦးက ညည်းညူခဲ့ကြောင်း အပတ်စဉ်ထုတ် ဒီးဇိုက် သတင်းစာ၌ ကိုးကားဖော်ပြထားသည်။ ဈေးနှုန်းကို ဂရုစိုက်သည်မှာ ချီးကျူးထိုက်သော်လည်း ပါဝင်သည့်ပစ္စည်းအမည်များ စာရင်းကိုလည်း စစ်ဆေးသင့်ပေသည်။ အနောက်နိုင်ငံများ၌ အစားအစာ ဝယ်ယူသည့်ပြည်သူ ထက်ဝက်နီးပါးသည် လေဘယ်လ် (မျိုးမည်ဖော်ပြစာ) များ၌ ပုံနှိပ်ဖော်ပြထားသည့် အာဟာရဓာတ်ဆိုင်ရာ အချက်အလက်များကို အချိန်အကုန်ခံ၍ မဖတ်ကြချေ။ မှန်ပါသည်၊ အချို့တိုင်းပြည်များတွင် လေဘယ်လ်များ၌ အပြည့်အစုံ ဖော်ပြခြင်း မရှိကြချေ။ သို့ရာတွင် သင့်အနေဖြင့် စိတ်ချရသည့် အစားအစာ လိုချင်ပါက ပါဝင်သည့်အမည်များကို အတတ်နိုင်ဆုံး စူးစမ်းစစ်ဆေးပါ။

သင်စားသည့် အစားအစာနှင့်ပတ်သက်၍ မည်သည့်ဆုံးဖြတ်ချက် ချသည်ဖြစ်စေ၊ မိမိနေထိုင်ရာတိုင်းပြည်၏ အခြေအနေနှင့် လိုက်လျောညီထွေရှိစေရန် တစ်ခါတစ်ရံတွင် ပြောင်းသာလွဲသာ သဘောမျိုးရှိရန် လိုကောင်းလိုမည်။ ယခုခေတ်ရှိ လူအများအဖို့ အဘက်ဘက်မှ စိတ်ချရပါသည်ဟု အတည်ပြုနိုင်သော အစားအစာများကိုသာ စားဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ အကြောင်းမှာ အလွန် တန်ဖိုးကြီးမည်၊ အလွန် အချိန်ကုန်မည်၊ အလွန် ခက်ခဲမည်ဖြစ်သည်။

ယနေ့ကမ္ဘာကို ယခုကဲ့သို့ အကဲဖြတ်ခြင်းသည့် သင့်အဖို့ စိတ်ပျက်ဖွယ်ကောင်းသည်ဟု ထင်ရသလော။ အမှန်အားဖြင့် အရှိကို အရှိအတိုင်း တင်ပြခြင်းသာဖြစ်သည်။ သို့သော် သတင်းကောင်း ရှိပါသည်၊ များမကြာမီ အခြေအနေများ အကောင်းဘက်သို့ ပြောင်းလဲပါတော့မည်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင်လုပ်ဆောင်နိုင်သည့် အရာများ

ဆေးကြောခြင်း။ ထမင်းဟင်း ချက်ပြုတ်ပြင်ဆင်သည့်အခါတိုင်း လက်ကို ဆပ်ပြာရေနွေးဖြင့် စင်ကြယ်အောင် ဦးစွာဆေးကြောပါ။ အိမ်သာတက်ပြီးတိုင်း၊ ကလေးအတွက် သန့်ရှင်းရေး (ခါးတောင်းကျိုက်အနှီးလဲခြင်း၊ နှပ်ချေးညှစ်ပေးခြင်း) ပြုလုပ်ပြီးတိုင်း၊ အိမ်မွေးတိရစ္ဆာန်များ အပါအဝင် မည်သည့်တိရစ္ဆာန်ကိုမဆို ထိမိကိုင်မိပြီးတိုင်း လက်ကိုဆေးကြောပါ။ ချက်ပြုတ်ပြီးနောက် အသုံးအဆောင်ပစ္စည်း၊ စဉ်းတီတုံးနှင့် မီးဖိုချောင်ဗီရို မျက်နှာပြင်တို့ကို ဆပ်ပြာရေနွေးဖြင့် ဆေးကြောပါ၊ အထူးသဖြင့် ကြက်ဘဲ သို့မဟုတ် သားငါးစိမ်းများကို ကိုင်တွယ်ပြီးသည့်နောက် ထိုသို့ဆေးကြောပါ။ အင်းဆက်ပိုးများနှင့် ပိုးသတ်ဆေး အကြွင်းအကျန်များကို ဖယ်ရှားရန်အတွက် “အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ရေနွေးဖြင့် ဆေးကြောပါ” ဟု စမ်းသပ်ခြင်း မဂ္ဂဇင်းက အကြံပြုထားသည်။ အများအားဖြင့် အရေခွံဆုတ်ခြင်း၊ အခွံနွှာခြင်းနှင့် ပြုတ်ခြင်းတို့သည် စားသောက်ကုန်များကို သန့် ရှင်းစေသည့် အကောင်းဆုံး နည်းလမ်းများဖြစ်သည်။ ဆလတ်ရွက်၊ ဂေါ်ဖီထုပ်ဆိုလျှင် အပြင်ဘက်အရွက်များကို ခွာပစ်ပါ။

ကောင်းစွာကျက်အောင် ချက်ပါ။ အစားအစာ၏ အတွင်းပိုင်း အပူချိန်သည် ၁၆၀ ဒီဂရီ ဖာရင်ဟိုက် အထက်ရှိလျှင်၊ တစ်ခဏလေးပင်ဖြစ်ပါစေ၊ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးကောင် အားလုံးနီးပါး သေကျေသွားနိုင်သည်။ ကြက်သား ဘဲသား ချက်ပြုတ်ရာ၌မူကား ၁၈၀ ဒီဂရီ ဖာရင်ဟိုက်ထက် မနည်းစေရပေ။ ပြန်နွှေးသည့် အစာဆိုလျှင် ၁၆၅ ဒီဂရီ ဖာရင်ဟိုက် ရှိသင့်သည်၊ သို့မဟုတ် ပူပူနွေးနွေးနှင့် အငွေ့ထွက်နေသင့်သည်။ အကယ်၍ အတွင်း၌ ပန်းရောင်ကျန်နေသေးသည့် ကြက်သား ဘဲသား၊ ကောင်းစွာမကျက်သေးသည့် အနှစ် သို့မဟုတ် အကာ ကျဲတောက်တောက်ဖြစ်သော ကြက်ဥ၊ သို့တည်းမဟုတ် ငါး၏အသား ထူပိန်းကာ၊ ငါးကို ဇွန်းခရင်းဖြင့် အလွယ်တကူ မလွှာနိုင်လျှင် ယင်းတို့ကို မစားပါနှင့်။

အစားအစာများကို သတ်သတ်ခွဲထားပါ။ ကြက်ဘဲ အသား ငါးစိမ်းများကို ဝယ်သည့်အခါ၌ဖြစ်စေ၊ ထားသိုသည့်အခါ၌ဖြစ်စေ၊ ချက်ပြုတ်ပြင်ဆင်သည့် အခါ၌ဖြစ်စေ ၎င်းတို့ကို အမြဲတမ်း သတ်သတ်စီခွဲခြားထားပါ။ ၎င်းတို့၏အရည်များကို ၎င်းတို့တစ်ခုအပေါ်သို့တစ်ခုဖြစ်စေ၊ အခြားအစားအစာများ အပေါ်သို့ဖြစ်စေ မစီးကျပါစေနှင့်။ ၎င်းပြင် ကြက်ဘဲ အသား ငါးစိမ်းတို့ထည့်သည့် ပန်းကန်ခွက်ယောက်များကို ဆပ်ပြာရေနွေးနှင့် ကောင်းစွာမဆေးဘဲ ချက်ပြုတ်ပြီးအစာကို လုံးဝမထည့်ပါနှင့်။

စနစ်တကျ ထားသိုခြင်း၊ အအေးဓာတ်ပေးခြင်း။ ရေခဲသေတ္တာ၏ အပူချိန်သည် ၄၀ ဒီဂရီ ဖာရင်ဟိုက်ရှိလျှင် အန္တရာယ်ရှိသော ဘက်တီးရီးယားပိုးများ၏ ကြီးပွားမှုကို ဟန့်တားပေးနိုင်သည်။ ရေခဲခံသေတ္တာ (Freezer) သည် ၀ ဒီဂရီ ဖာရင်ဟိုက် ရှိနေရမည်။ ပျက်စီးလွယ်သော စားစရာများကို နှစ်နာရီအတွင်း အပြတ်ရှင်းပစ်ပါ။ ထမင်းပွဲကို မစားမီ ကြို၍ပြင်ထားလျှင် ယင်မနားရအောင် ကောင်းစွာဖုံးအုပ်ထားပါ။

အပြင်ထွက်စားသည့်အခါ၌ သတိထားပါ။ ခန့်မှန်းချက်တစ်ခုအရ ဖွံ့ ဖြိုးပြီးနိုင်ငံအချို့တွင် အစားအစာကြောင့် ရောဂါဖြစ်ပွားမှု ၆၀ မှ ၈၀ ရာခိုင်နှုန်းခန့်သည် အပြင်၌စားသည့် အစားအစာနှင့် အပြင်မှဝယ်လာသည့် အစားအစာများမှ စတင်သည်ဟုဆိုသည်။ မိမိစားသောက်သည့် စားသောက်ဆိုင်သည် ဥပဒေနှင့်အညီ ကျန်းမာရေး စံချိန်စံညွှန်း ကိုက်မကိုက် အသေအချာ စစ်ဆေးပါ။ ကောင်းစွာကျက်အောင် ချက်ထားသည့်အသားကို မှာစားပါ။ ဆိုင်မှဝယ်လာသည့် အစားအစာကို နှစ်နာရီအတွင်း အပြီးစားသင့်သည်။ ထိုထက်ကြာမည်ဆိုလျှင် အပူချိန် ၁၆၅ ဒီဂရီ ဖာရင်ဟိုက်အထိ ပြန်၍နွှေးပါ။

သံသယဖြစ်ဖွယ် အစားအစာကို စွန့်ပစ်ပါ။ စားစရာအချို့ ကောင်းမကောင်း မဝေခွဲနိုင်ပါက စွန့်ပစ်လိုက်ခြင်းသည်သာ ကောင်းပါသည်။ ကောင်းသော အစားအစာများကိုမူ ဖြုန်းတီးခြင်းမပြုသင့်ပေ။ သို့သော်လည်း မကောင်းသောအစာကို စားမိ၍ဖျားနာလျှင် ပို၍တန်ဖိုးကြီးစွာ ပေးဆပ်ရပေမည်။

[Credit Line]

—⁠အမေရိကန်ပြည်ထောင်စု၊ အစားအစာ စိတ်ချရမှု နည်းပညာ ကောင်စီမှ ထုတ်ဝေသည့် အစားအစာ စိတ်ချရရေး အကြံပြုချက်များ စာစောင်ကို အဓိက အခြေခံထားသည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

လူခပ်သိမ်းအတွက် အာဟာရပြည့်ဝ၍ စိတ်ချရသော အစားအစာကို ဘုရားသခင် ကတိပေးထားတော်မူ၏