ကမ္ဘာ့ဒေသများစွာမှ ဝိုင်းဝန်းကူညီမှုနှင့် အကြင်နာမေတ္တာ
ကမ္ဘာ့ဒေသများစွာမှ ဝိုင်းဝန်းကူညီမှုနှင့် အကြင်နာမေတ္တာ
အမေရိကန် ပြည်ထောင်စု၏ အခြားဒေသများနှင့် အခြားနိုင်ငံများမှ စေတနာ့ဝန်ထမ်းများ ရောက်ရှိလာကြသည်။ ထိုသို့သော စေတနာ့ဝန်ထမ်းတစ်ဦးမှာ ကနေဒါနိုင်ငံ၊ အော့တဝါမြို့မှ မီးသတ်သမား၊ အသက် ၂၉ နှစ်ရှိ တွမ် ဖြစ်ပါသည်။ သူက နိုးလော့! ကို ဤသို့ပြောကြားခဲ့သည်– “အဖြစ်အပျက်တွေကို ရုပ်မြင်သံကြားပေါ်မှာ တွေ့ရပြီးနောက် နယူးယောက်မြို့ရှိ ကျွန်တော့် မီးသတ်ရဲဘော်တွေကို စိတ်ဓာတ်ရေးရာ အားပေးမှု ပေးချင်စိတ် ပေါ်လာတယ်။ သောကြာနေ့မှာ ကျွန်တော် ကားမောင်းပြီးဆင်းလာတယ်။ စနေနေ့မှာ အချင်းဖြစ်ပွားရာ ဗဟိုချက်ကိုသွားပြီး အကူအညီ ပေးချင်တဲ့အကြောင်း ပြောပြတယ်။ ဆွဲပုံးတပ်ဖွဲ့လို့ခေါ်တဲ့အဖွဲ့မှာ တာဝန်ချပေးတယ်။ အပျက်အစီး အကျိုးအပဲ့တွေကို တစ်ပုံးပြီးတစ်ပုံး သယ်ထုတ်ရတယ်။
“ကျွန်တော်တို့ အုတ်ကျိုးအုတ်ပဲ့တွေကို ကော်ပြားတစ်ကော်ချင်းစီ တဖြည်းဖြည်းချင်း စစ်ထုတ်ရင်းနဲ့ ကျဆုံးသွားတဲ့ မီးသတ်သမားတွေရဲ့ အထောက်အထား သဲလွန်စဖြစ်နိုင်တဲ့ ပစ္စည်းတွေကို လိုက်ရှာကြတယ်။ သော့ခတ်ထားတဲ့ တံခါးတွေကိုဖွင့်ဖို့ အသုံးပြုတဲ့ ကိရိယာ (Halligan tool) နဲ့ ရေပိုက်တစ်ခုက ပိုက်ဆက်များကို ကျွန်တော် ရှာတွေ့ခဲ့တယ်။ တကယ့်ကို အပင်ပန်းခံပြီး လုပ်ရတဲ့အလုပ်ဖြစ်တယ်။ စေတနာ့ဝန်ထမ်း အယောက် ၅၀ လောက်နဲ့တောင် မြေကျောက်သယ်ကား တစ်စီးပြည့်ဖို့ ငါးနာရီကြာတယ်။
“စက်တင်ဘာလ ၁၇ ရက်၊ တနင်္လာနေ့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အဆောက်အအုံထဲကို ပြေးဝင်သွားကြတဲ့ မီးသတ်သမားတချို့ရဲ့ ရုပ်အလောင်းတွေကို ကျွန်တော်တို့ ဆွဲထုတ်ခဲ့ကြတယ်။ အဲဒီမြင်ကွင်းကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး။ ကယ်ဆယ်ရေးလုပ်သားအားလုံး လုပ်လက်စအလုပ်ကို ရပ်ပစ်လိုက်ပြီး သူတို့ရဲ့ အမာစား ဦးထုပ်နဲ့ ခမောက်တွေကိုချွတ်ပြီး ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေကို အရိုအသေပေးတဲ့အနေနဲ့ မတ်တတ်ရပ်နေခဲ့ကြတယ်။
“အချင်းဖြစ်ပွားတဲ့ ဗဟိုချက်ရဲ့ မြင်ကွင်းကို ကျွန်တော်ရပ်ပြီး ကြည့်နေစဉ်မှာ အခုခေတ် လူ့ဘဝဟာ ပျက်လွယ်ပျောက်လွယ်လှချည်လားဆိုတဲ့ အသိတရားဝင်လာတယ်။ တစ်ဆက်တည်းမှာ ကျွန်တော့်ဘဝ၊ ကျွန်တော့်အလုပ်၊ ကျွန်တော့်မိသားစု အကြောင်းတွေကိုလည်း အလေးအနက် စဉ်းစားဆင်ခြင်မိတယ်။ ကျွန်တော့်အလုပ်ဟာ အန္တရာယ်ရှိပေမဲ့လို့ လုပ်ရကျိုးနပ်တဲ့အလုပ်ပါ။ သူတစ်ပါးကို ကူညီပေးနိုင်တဲ့အပြင် အသက်တွေကိုလည်း ကယ်ဆယ်နိုင်တယ်လေ။”
သက်သေခံများ လက်တွေ့ကူညီ
ဘေးဒုက္ခဖြစ်ပွားသည့် ပထမနှစ်ရက်အတွင်း လူ ၇၀ ခန့် ယေဟောဝါသက်သေများ၏ ကမ္ဘာ့ဌာနချုပ်သို့ လာရောက် ခိုလှုံခဲ့ကြသည်။ ဟိုတယ်အခန်းနှင့် ဝန်စည်စလယ်များ ဆုံးရှုံးခဲ့ကြသူအချို့အား တည်းခိုရန်နေရာ၊ လဲလှယ်ရန်အဝတ်အစားများနှင့် စားစရာသောက်စရာများကို စီစဉ်ပေးခဲ့သည်။ အရေးအကြီးဆုံးမှာ အတွေ့အကြုံရှိသော ခရစ်ယာန်အကြီးအကဲများက စိတ်ဓာတ်ရေးရာ အားပေးမှုများ ပေးခဲ့ကြသည်။
ယေဟောဝါသက်သေများသည် အချင်းဖြစ်ပွားရာဗဟိုချက်၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေကြသည့် အမှုထမ်းများအတွက် အရေးပေါ်လိုအပ်သည့် ပစ္စည်းကိရိယာများနှင့် အထောက်အပံ့များ ပေးပို့ခဲ့သည်။ မီးသတ်သမားများကို ကယ်ဆယ်ရေးဒေသသို့ ပို့ဆောင်ရာ၌ မီးသတ်ဌာနအတွက်လည်း သယ်ယူပို့ဆောင်ရေးများ စီစဉ်ပေးခဲ့သည်။ သန့်ရှင်းရေးလုပ်သားတစ်ဦးဖြစ်သည့် အသက် ၃၉ နှစ်ရှိသော သက်သေခံ ရီကာဒို (ယာအထက်ပုံ) သည် ရာပေါင်းများစွာသော အခြားသူတို့နှင့်အတူ အပျက်အစီး အကျိုးအပဲ့များကို တန်နှင့်ချီ၍ နေ့စဉ်ရက်ဆက် ရှင်းလင်းဖယ်ရှားရာ၌ ပါဝင်လုပ်ဆောင်ခဲ့သည်။ သူက နိုးလော့! အား ဤသို့ပြောပြသည်– “မြင်မြင်သမျှဟာ သောကဗျာပါဒ ဖြစ်စရာတွေချည်းပဲ၊ အထူးသဖြင့်ကတော့ ပျောက်ဆုံးနေတဲ့ ရဲဘော်တွေကို ရှာဖွေနေကြတဲ့ မီးသတ်သမားများအတွက်ပါပဲ။ မီးသတ်သမားတစ်ယောက်
ကို အသက်ရှင်လျက် ကယ်ထုတ်လာတာကို ကျွန်တော် တွေ့ခဲ့ရတယ်။ မီးသတ်သမား နောက်တစ်ယောက်ကတော့ အပေါ်ကကျလာတဲ့ လူသေအလောင်းပိလို့ သေဆုံးသွားတယ်။ မီးသတ်သမား တော်တော်များများ ငိုကြွေးကြတယ်။ ကျွန်တော်လည်း စိတ်မတင်းနိုင်လို့ ငိုကြွေးမိခဲ့တယ်။ အဲဒီနေ့မှာ သူတို့ထက် သတ္တိကောင်းတဲ့လူ ဘယ်သူရှိဦးမှာလဲ။”“အချိန်နှင့် ကြို၍မမြင်နိုင်သော ဖြစ်ရပ်”
ထိုဘေးကြီးတွင် လူပေါင်းထောင်နှင့်ချီ၍ သေဆုံးခဲ့သည်။ ထိုသူတို့အနက် သက်သေခံ အနည်းဆုံး ၁၄ ယောက်ပါဝင်သည်။ ၎င်းတို့သည် ထိုအဖြစ်ဆိုး ဖြစ်ပွားသည့်နေရာ၌၊ သို့မဟုတ် အနီး၌ ရောက်ရှိနေချိန်နှင့် ကြုံသွားသည်။ မူလက ထရစ်နီဒတ်တွင်နေထိုင်သည့် အသက် ၆၅ နှစ်ရှိ ဂျွိုက်စ် ကမ်းမင်းစ်သည် ထိုနေ့တွင် ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာနအနီး၌ သွားဆရာဝန်နှင့်ပြသရန် ချိန်းဆိုထားသည်။ အကြောင်းမလှသည်မှာ ထိုအချိန်သည် ဘေးကြီးဖြစ်ပွားသည့် အချိန်နှင့်တိုက်ဆိုင်နေသည်။ သိရသ၍ သူသည် မီးခိုးမွှန်၍ အနီးရှိဆေးရုံသို့ အပူတပြင်း ပို့ဆောင်ခံရသော်လည်း အသက်မမီတော့ချေ။ သူ့နည်းတူ များစွာသောသူတို့သည်လည်း “အချိန်နှင့် ကြိုမမြင်နိုင်သော ဖြစ်ရပ်” ၏အကျိုးဆက်များကို တွေ့ကြုံခံစားခဲ့ကြရသည်။ (ဒေ. ၉:၁၁၊ ကဘ) ဂျွိုက်စ်အား စိတ်အားထက်သန်သော ဧဝံဂေလိဟောပြောသူအဖြစ် လူသိများသည်။
ကယ်လ်ဗင် ဒေါ်ဆင် (လေးထောင့်ကွက်ရှု) သည် တောင်ဘက်မျှော်စင်၏ ၈၄ ထပ်ရှိ အကျိုးဆောင်လုပ်ငန်း ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သည်။ မြောက်ဘက်မျှော်စင်ကို လေယာဉ်ဝင်တိုက်စဉ်က သူသည် သူ့ရုံးခန်းထဲမှ ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရသည်။ ထိုအချိန်တွင် အခြားတစ်နေရာ၌ရောက်နေသည့် သူ့အလုပ်ရှင်က အခြေအနေကိုသိလို၍ ဖုန်းဆက်ခဲ့သည်။ သူက ဤသို့ပြောပြသည်– “ကယ်လ်ဗင်က သူတွေ့ရသမျှကို ပြောပြတယ်။ ‘လူတွေက ခုန်ချနေကြတယ်!’ လို့သူပြောတယ်။ ကျွန်တော်က ရုံးခန်းကနေ အမြန်ဆုံးထွက်ခွာဖို့၊ တခြားလူတွေကိုလည်း အမြန်ထွက်ခွာဖို့ ပြောလိုက်တယ်။” သို့သော် ကယ်လ်ဗင်သည် ထိုဘေးအန္တရာယ်မှ မလွတ်မြောက်ခဲ့ချေ။ အလုပ်ရှင်ဖြစ်သူက ဤသို့ဆက်၍ပြောပြသည်– “ကယ်လ်ဗင်ဟာ ကျွန်တော်တို့လို ဘာသာရေးယုံကြည်မှု မရှိသူတွေကစ လူအားလုံး နှစ်သက်သဘောကျတဲ့ လူတော်လူကောင်း တစ်ယောက်ပါ။ သူ့ရဲ့ ဘုရာတရား ကိုင်းရှိုင်းမှုနဲ့ စာနာကြင်နာမှုကို ကျွန်တော်တို့ လေးစားအားကျမိတယ်။”
ဤဘေးဒုက္ခတွင် အသက်ဆုံးရှုံးခဲ့ရသည့် သက်သေခံ နောက်တစ်ဦးမှာ ဂျိမ်းစ် အမာတို (တစ်ဖက်စာမျက်နှာမှ ယာအောက်ပုံ) ဖြစ်သည်။ သူသည် သားသမီးလေးယောက်ဖခင်၊ နယူးယောက် မီးသတ်ဌာနမှ ဗိုလ်ကြီးတစ်ဦးဖြစ်ပါသည်။ သူ့ကိုသိကျွမ်းသူတို့က သူသည် အလွန်သတ္တိကောင်းသူဖြစ်သည်၊ “မီးလောင်နေတဲ့ အဆောက်အအုံထဲကနေ လူတကာ ထွက်ပြေးနေချိန်မှာ သူက ဝင်သွားရဲတဲ့သတ္တိရှိတယ်” ဟုပြောဆိုကြသည်။ ဂျိမ်းစ်သည် ကျဆုံးသွားပြီဖြစ်သော်လည်း တပ်ရင်းမှူးအဆင့်သို့ ရာထူးတိုးမြှင့် ခန့်အပ်ခံရသည်။
အတွေ့အကြုံ ခုနစ်နှစ်ရှိသည့် သက်သေခံ မီးသတ်သမား နောက်တစ်ဦးမှာ ဂျော့ခ်ျ ဒီပါစကွာလီ ဖြစ်သည်။ သူသည် မယ်လိုင်စာနှင့် အိမ်ထောင်ကျ၍ နှစ်နှစ်သမီးလေး ဂျော်ဂျီယာရိုးဇ် ကိုရရှိခဲ့သည်။ သူသည် ယေဟောဝါသက်သေများ၏ စတက်တန်အိုင်းလန်း အသင်းတော်တွင် အကြီးအကဲတစ်ဦးဖြစ်ပြီး တောင်ဘက်မျှော်စင် ပြိုကျချိန်၌ အထပ်တစ်ဆယ်တွင် ရောက်ရှိနေသည်။ သူသည်လည်း အခြားသူတို့၏အသက်ကို ကယ်ဆယ်ရင်းနှင့် အသက်ပေးသွားသူဖြစ်သည်။
ဤသူတို့မှာ သူတစ်ပါးအသက်ကို ရွပ်ရွပ်ချွံချွံ ကယ်ဆယ်ရင်းနှင့် အသက်စွန့်သွားကြသည့် ရာနှင့်ချီသော မီးသတ်သမားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အရေးပေါ်လုပ်သားများအနက်မှ နှစ်ဦးမျှသာဖြစ်သည်။ ဤကယ်ဆယ်ရေးသမားများ၏ သူရသတ္တိကို အလေးမပေး၍ မဖြစ်ပေ။ နယူးယောက်မြို့တော်ဝန် ရူးဒေါ့ဖ် ဂျူလီယာနီက ရာထူးတိုးမြှင့်ခံရသည့် မီးသတ်သမားများ အုပ်စုတစ်စုအား နောက်ပိုင်းတွင် ဤသို့မိန့်ကြားခဲ့သည်– “အခက်ခဲဆုံး အခြေအနေမျိုး၌ ကိုယ်ကျိုးမငဲ့ဘဲ ရှေ့သို့တိုးရဲသည့် သင်တို့၏ ရိုင်းပင်းကူညီလိုစိတ်သည် ကျွန်ုပ်တို့အားလုံးအတွက် လှုံ့ဆော်အားပေးမှုတစ်ရပ် ဖြစ်ပေသည်။ . . . နယူးယောက်မြို့ မီးသတ်ဌာန၏ ရဲစွမ်းသတ္တိသည် အပြောင်မြောက်ဆုံး စံနမူနာပင်ဖြစ်သည်။”
နှစ်သိမ့်မှုပေးသည့် ခရစ်ယာန်ဓမ္မအမှု
ထိုအဖြစ်ဆိုး ဖြစ်ပွားသည့် နောက်ရက်များအတွင်း အမေရိကန်ပြည်ထောင်စုရှိ ယေဟောဝါသက်သေ ၉၀၀,၀၀၀ ခန့်သည် နိုင်ငံတစ်ဝန်းတွင် ဝမ်းနည်းပူဆွေးနေသူတို့အား နှစ်သိမ့်အားပေးရန် ခိုင်မာပြတ်သားသည့် အစီအစဉ်တစ်ရပ် ချမှတ်ခဲ့ကြသည်။ သူတစ်ပါးကို ချစ်သည့်မေတ္တာက ဝမ်းနည်းပူဆွေးသူတို့ကို နှစ်သိမ့်အားပေးရန် စေ့ဆော်ပေးသည်။ (မဿဲ ၂၂:၃၉) သူတို့၏ ခရစ်ယာန်ဓမ္မအမှုဆောင်လုပ်ငန်းတွင် စိတ်သောကရောက်နေသည့် လူသားတို့အဖို့ တစ်ခုတည်းသော မျှော်လင့်ချက်အစစ်ကို ညွှန်ပြနိုင်ရန်လည်း ကြိုးပမ်းအားထုတ်ခဲ့ကြသည်။—၂ ပေတရု ၃:၁၃။
သက်သေခံတို့သည် အများတကာထံ ချဉ်းကပ်ရာ၌ အကြင်နာမေတ္တာ ထားရှိကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ သမ္မာကျမ်းစာမှ နှစ်သိမ့်အားပေးမှုကို ကမ်းလှမ်းရန်၊ “ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” ဟူ၍မိန့်တော်မူခဲ့သော ခရစ်တော်၏ လန်းဆန်းမှုဖြစ်စေသည့် စံနမူနာကို တုပရန်ဖြစ်သည်။—မဿဲ ၁၁:၂၈-၃၀။
မန်ဟက်တန်မြို့နယ်အတွင်းရှိ ယေဟောဝါသက်သေများ၏ အသင်းတော်များမှ အကြီးအကဲ အုပ်စုတစ်စုသည် အချင်းဖြစ်ပွားရာဗဟိုချက်သို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်သားများအား နှစ်သိမ့်အားပေးခွင့် ရရှိခဲ့သည်။ တုံ့ပြန်မှုများမှာ အားရဖွယ် ကောင်းလှသည်။ ထိုအမှုတော်ဆောင်များက ဤသို့မှတ်ချက်ချကြသည်– “ကျွန်တော်တို့ ကျမ်းစာဖတ်ပြတဲ့အခါမှာ သူတို့မျက်လုံးမှာ မျက်ရည်တွေ ဝဲလာကြတယ်။” ကယ်ဆယ်ရေးလုပ်သားများသည် လှေဆိပ်တစ်ခုတွင် လှေတစ်စီးပေါ်၌ အနားယူနေကြသည်။ “အဲဒီလူတွေဟာ မျှော်လင့်ချက်မဲ့ပြီး စိတ်ဓာတ်ကျနေသလိုပဲ။ ခေါင်းကို ငိုက်စိုက်ချထားကြတယ်။ သူတို့တွေ့လိုက်ရတဲ့ အခြေအနေဆိုးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမှန်း မသိသလိုဖြစ်နေကြတယ်။ ကျွန်တော်တို့ သူတို့နဲ့ဝင်ထိုင်ပြီး ကျမ်းစာထဲက ကျမ်းချက်တွေကို ဖတ်ပြတယ်။ အဲဒီလူတွေက အခုလိုလာအားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ကြတယ်။ ဒီလိုနှစ်သိမ့်အားပေးမှုမျိုးကို သူတို့ တကယ်ပဲ လိုအပ်နေတယ်ဆိုတဲ့အကြောင်း ပြောပြတယ်။”
ဤအဖြစ်ဆိုးကြီး ဖြစ်ပွားပြီးနောက် ဆက်သွယ်ထိတွေ့ခဲ့သူတို့သည် အများအားဖြင့် ဖတ်စရာတစ်စုံတစ်ခုကို လိုချင်ကြသောကြောင့် ထောင်ပေါင်းများစွာသော ဘရိုရှာများကို သူတို့အား အခမဲ့ ဝေငှပေးခဲ့သည်။ ဘရိုရှာအချို့မှာ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ၊ စစ်မဲ့ကမ္ဘာ တစ်နေ့နေ့ရှိနိုင်ပါမည်လော (လိပ်) နှင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော တို့ဖြစ်သည်။ ၎င်းပြင်၊ နိုးလော့! (လိပ်) နှစ်စောင်မှ မျက်နှာဖုံး အခန်းဆက် ဆောင်းပါးများဖြစ်သည့် “အကြမ်းဖက်ဝါဒအပေါ် အမြင်သစ်” (၂၀၀၁ ခုနှစ်၊ မေလ ၂၂ ရက်ထုတ် [လိပ်]) နှင့် “အထိတ်တလန့် ဖြစ်ပြီးနောက် ခံစားရသော ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းခြင်း” (၂၀၀၁ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်ထုတ် [လိပ်]) တို့ကိုလည်း အထူးအလေးပေး ဖော်ပြခဲ့သည်။ အခါများစွာ၌ သက်သေခံတို့သည် သမ္မာကျမ်းစာ၏ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်းကို ရှင်းပြခဲ့ရသည်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) သန်းပေါင်းများစွာသောသူတို့ထံသို့ ဤနှစ်သိမ့်အားတက်ဖွယ် သတင်းစကား ရောက်ရှိသွားဖွယ်ရှိသည်။
အလေးအနက် စဉ်းစားဆင်ခြင်ဖွယ်ရာ
နယူးယောက်မြို့၌ ဖြစ်ပွားခဲ့သည့် ဤကဲ့သို့သော အဖြစ်ဆိုးများက ကျွန်ုပ်တို့ မည်သို့သော ဘဝအသက်တာမျိုးဖြင့် အသက်ရှင်နေကြောင်း အလေးအနက် စဉ်းစားဆင်ခြင်စေသင့်သည်။ ကိုယ်ကျိုးအတွက်သာ အသက်ရှင်နေသလော၊ အခြားသူတို့၏ ပျော်ရွှင်မှု တိုးပွားရေးအတွက် ကြိုးစားနေသလော။ “အချင်းလူ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်[ရာယဇ်]ကို ထာဝရဘုရား တောင်းတော်မူသနည်း” ဟူ၍ပရောဖက် မိက္ခာက မေးခွန်းထုတ်ခဲ့သည်။ (မိက္ခာ ၆:၈) ကျိုးနွံနှိမ့်ချသောစိတ်ရှိလျှင် ကျွန်ုပ်တို့သည် သေလွန်သူတို့အတွက် စစ်မှန်သောမျှော်လင့်ချက်ကို ရှာဖွေရန်၊ ဤကမ္ဘာပေါ်တွင် ပရဒိသု အခြေအနေ ပြန်လည်တည်ထောင်ရန်အတွက် ဘုရားသခင် များမကြာမီ အဘယ်အရာ ပြုလုပ်မည့်အကြောင်း သိရှိရန် ဘုရားသခင့် နှုတ်မြွက်တရားတော်ကို စူးစမ်းလေ့လာမည်ဖြစ်သည်။ သမ္မာကျမ်းစာ၏ ကတိတော်များအကြောင်းကို ပိုမိုသိလိုပါက သင့်ရပ်ကွက်ရှိ ယေဟောဝါသက်သေများနှင့် ဆက်သွယ်ရန် တိုက်တွန်းပါသည်။—ဟေရှာယ ၆၅:၁၇၊ ၂၁-၂၅; ဗျာဒိတ် ၂၁:၁-၄။
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]
တာတြာနာ၏ ဆုတောင်းချက်
ကယ်လ်ဗင် ဒေါ်ဆန်၏ ကျန်ရစ်သူမုဆိုးမ လီနာက သူ၏ ခုနစ်နှစ် သမီးလေးက သူ့ဖေဖေ အိမ်ပြန်မလာတော့ကြောင်း သိရှိပြီး ရက်အနည်းငယ်အကြာတွင် ဆုတောင်းခဲ့ပုံကို နိုးလော့! အားပြောပြခဲ့သည်။ လီနာက ဆုတောင်းသည်၊ ပြီးနောက် တာတြာနာက “မေမေ၊ သမီးလည်း ဆုတောင်းလို့ရလား” ဟုမေးသည်။ မိခင်ဖြစ်သူက ခွင့်ပြုလိုက်သည့်အခါ တာတြာနာက ဤသို့ဆုတောင်းခဲ့သည်– “ကောင်းကင်ဘုံရှင် အဖ ယေဟောဝါ၊ ဒီအစားအစာနဲ့ တစ်နေ့တာ အသက်ရှင်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သမီးနဲ့မေမေ အားရှိဖို့အတွက် ဝိညာဉ်တော် ပေးသနားပါ။ ဖေဖေ အိမ်ပြန်လာတဲ့အခါ ခွန်အားရှိဖို့ ဖေဖေ့ပေါ်မှာလည်း ဝိညာဉ်တော် ပေးသနားပါ။ ဖေဖေပြန်လာတဲ့အခါမှာ ကျန်းကျန်းမာမာ၊ သန်သန်စွမ်းစွမ်း၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ကောင်းကောင်းမွန်မွန် ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်။ ယေရှု၏နာမတော်၌ . . . ဪ၊ ပြီးတော့ မေမေ့ကို ခွန်အားပေးဖို့လည်း မမေ့နဲ့ဦးနော်။ အာမင်။”
“လီနာက တာတြာနာ ကောင်းစွာနားလည်မလည် အသေအချာမသိသဖြင့် “သမီးလေး၊ သမီးရဲ့ဆုတောင်းချက်က ကောင်းလိုက်တာကွယ်။ ဒါပေမဲ့၊ သမီးဖေဖေ ပြန်လာတော့မှာ မဟုတ်ဘူးဆိုတာ သမီးသိရဲ့လား” ဟုပြောလိုက်သည်။ တာတြာနာ၏ မျက်နှာလေးမှာ အံ့သြထိတ်လန့်ခြင်း အရိပ်အယောင် ရုတ်တရက် ဖုံးလွှမ်းသွားသည်။ “ပြန်မလာတော့ဘူး ဟုတ်လား” ဟူ၍သူကဆိုသည်။ “ဟုတ်တယ်၊ ဒီအကြောင်း သမီးကို ပြောပြပြီးပြီလို့ မေမေထင်တယ်။ သမီးဖေဖေ ပြန်မလာတော့ဘူးဆိုတာ သမီးနားလည်ပြီးသားလို့ မေမေထင်ထားတာ” ဟုမိခင်ဖြစ်သူက ပြောပြသည်။ တာတြာနာက “ကမ္ဘာသစ်မှာ ဖေဖေ ပြန်လာမယ်လို့ မေမေကပဲ တစ်ချိန်လုံး ပြောနေတယ်မဟုတ်လား” ဟူ၍ပြောသည်။ နောက်ဆုံး၌ သမီးလေး၏သဘောကို နားလည်သွားသဖြင့် လီနာက “မေမေ တောင်းပန်ပါတယ် သမီးလေးရယ်။ သမီးကို နားလည်မှု လွဲသွားခဲ့တယ်။ သမီးက သမီးဖေဖေ မနက်ဖြန် ပြန်လာမှာကို ပြောနေတာလို့ မေမေ ထင်ခဲ့မိတယ်” ဟုပြန်ပြောလိုက်သည်။ “ကမ္ဘာသစ်ဟာ သမီးအတွက် ဒီလောက်တောင် အစစ်အမှန် ဖြစ်တယ်ဆိုတာကို သိလိုက်ရလို့ ကျွန်မ သိပ်ကို စိတ်ချမ်းသာမိပါတယ်” ဟူ၍ လီနာက မှတ်ချက်ချခဲ့သည်။