ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်သည့် လက်ဖက်
“စီးပွားဖြစ်ရောင်းဝယ်သည့် လက်ဖက်အမျိုးမျိုးသည် ဗိုင်းရပ်စ်ပိုးများကို မလှုပ်မရှား ဖြစ်စေနိုင်ကြောင်း သို့မဟုတ် သေစေနိုင်ကြောင်း” ပဏာမ ဓာတ်ခွဲခန်း လေ့လာတွေ့ ရှိမှုများက ပြသသည်ဟု ရိုက်တာ ကျန်းမာရေးသတင်းက ရေးသားဖော်ပြသည်။ လက်ဖက်ခြောက်စိမ်းနှင့် လက်ဖက်ခြောက်မဲ အမျိုးမျိုးကို လက်ဖက်ရည်ကြမ်းအဖြစ်လည်းကောင်း၊ ရေခဲစိမ်၍လည်းကောင်း ရေယုန် အမျိုးအစား ၁ နှင့် ၂ (herpes simplex 1 and 2)၊ ဗက်တီးရီးယားပိုး စွဲကပ်နေသော ဗိုင်းရပ်စ်ပိုး အမျိုးအစား ၁ (T1 (bacterial) virus) ရောဂါပိုးများဝင်နေသည့် တိရစ္ဆာန်တစ်သျှူးများပေါ် စမ်းသပ်ကြည့်ခဲ့သည်။ နယူးယောက်မြို့ ပေ့စ် တက္ကသိုလ်မှ သုတေသီ ဒေါက်တာ မီလ်တန် ရှီဖန်ဘောင်အာ ၏အဆိုအရ “ရေခဲစိမ် လက်ဖက်ရည်ဖြစ်စေ၊ လက်ဖက်ရည်ကြမ်းဖြစ်စေ [ရေယုန်] ဗိုင်းရပ်စ်ပိုးကို မိနစ်ပိုင်းအတွင်း သေစေနိုင်သည်၊ သို့မဟုတ် မလှုပ်မရှား ဖြစ်စေနိုင်သည်။” ဗိုင်းရပ်စ်ပိုး အမျိုးအစား ၁ နှင့်စမ်းသပ်ရာ၌လည်း အလားတူရလဒ်များ ရရှိသည်။ ဤဗိုင်းရပ်စ်ပိုးများ၏ ရှင်သန်မှုကို လက်ဖက်က မည်သို့နှောင့်ယှက်သည်ကို လောလောဆယ်၌ မရှင်းလင်းသေးသော်လည်း လက်ဖက်ကို ရေများများ ရောသည့်တိုင်အောင် အစွမ်းထက်မြဲ ထက်နေသည်ကို သုတေသီများက တွေ့ ရှိခဲ့သည်။ လက်ဖက်ခြောက်မဲသည် လက်ဖက်ခြောက်စိမ်းထက် ဗိုင်းရပ်စ်ပိုး တိုက်ဖျက်သည့်အစွမ်း ပိုမိုထက်မြက်သည်ကို တွေ့ ရှိရသည်။
တယ်လီဖုန်းကြွေးတင်ခြင်း
ဆန်းဒေး တယ်လီဂရပ်ဖ် သတင်းစာ အဆိုအရ “၁၈ နှစ်သာရှိသေးသည့်” ဩစတြေးလျ လူငယ်များသည် “မိုဘိုင်းလ်ဖုန်း ကျသင့်ငွေတောင်းခံလွှာများ တိုးများခြင်းကြောင့် သူတို့ကိုသူတို့ ဒေဝါလီခံရသူအဖြစ် ကြေညာလျက်ရှိကြသည်။” လူငယ်အချို့သည် တက်ကြွမာန်ပါသည့် ကြော်ငြာများနှင့် အကြွေးဖြင့် လွယ်လွယ်ကူကူ ရရှိနိုင်သည့် ဩဇာအရှိန်၏ လွှမ်းမိုးခံရခြင်းကြောင့် မိုဘိုင်းလ်ဖုန်း ကျသင့်ငွေတောင်းခံလွှာ၌ ဒေါ်လာ ထောင်နှင့်ချီ၍ အကြွေးတင်သွားကြသည်။ လူငယ်များအတွင်း၌ တရိပ်ရိပ်တက်နေသည့် ဤအလားအလာနှင့်ပတ်သက်၍ ထင်မြင်ချက်ပေးရာ၌ ဩစတြေးလျ ဘက်မလိုက် ကုန်သွယ်ရေး ဝန်ကြီး ဂျွန် ဝပ်တ်ကင်းစ် က ဤသို့ပြောကြားခဲ့သည်– “ယခုအခါ လူငယ်အချို့တို့သည် အထက်တန်းကျောင်း ပြီးသည့်အခါ ဆိုးဆိုးဝါးဝါး နာမည်ပျက်သည်အထိ အကြွေးတင်လျက်ရှိသည်။ ဘဝခရီးကို ဤအခြေအနေမျိုးနှင့် စတင်ရသည်မှာ ဝမ်းနည်းစရာကောင်းလှသည်။” အကြွေးတင်ခြင်းကို ရှောင်ရှားနိုင်ရန် ထိုသတင်းစာက လူငယ်များအား အောက်ပါအတိုင်း အကြံပြုထားသည်– ဖုန်းဆက်လျှင် ငွေပေးရမည်ကို ကောင်းစွာနားလည်ဖို့လိုသည်။ ကျသင့်ငွေတောင်းခံလွှာများ တိုးမလာစေရန် ကြိုတင်ပေးချေသည့် မိုဘိုင်းလ်ဖုန်းကို အသုံးပြုရန် စဉ်းစားပါ။ ကျသင့်ငွေ သက်သာစေရန် လူသုံးနည်းသည့်အချိန်တွင် သင့်ဖုန်းကိုသုံးစွဲပါ။
ပြင်သစ်နိုင်ငံမှ လျှို့ဝှက်အန္တရာယ်များ
ပြင်သစ်ပြည်တစ်ဝန်း ပထမနှင့် ဒုတိယ ကမ္ဘာစစ်အတွင်းက ကြွင်းကျန်သည့် သေစေလောက်သော လက်နက်ကိရိယာ ခန့်မှန်းခြေ တန်ချိန် ၁ ဒဿမ ၃ သန်းခန့် မြေအောက်တွင် မြုပ်လျက်ရှိသည်ဟု လာဖီဂါးရိုး သတင်းစာက ဖော်ပြသည်။ ယခင်က ရှေ့တန်းစစ်မြေပြင် ဖြစ်ခဲ့သည့်နေရာများ၌ လူနှင့် ပတ်ဝန်းကျင်ကို ဆက်လက် ခြိမ်းခြောက် အန္တရာယ်ပေးလျက်ရှိသည့် ဗုံးဆန်ဟောင်းများနှင့် ဓာတုအမြောက်ဆန်ဟောင်းများ ပြန့်ကျဲလျက်ရှိသည်။ ယခင်အခါက မြေလွတ်မြေရိုင်းများသည် ယခုအခါ၌ လူနေရပ်ကွက်များနှင့် စက်မှုဇုန်များ ဖြစ်လာသဖြင့် ဗုံးရှင်းလင်းရေး တပ်ဖွဲ့ငယ်များသည် နှစ်စဉ် အကူအညီတောင်းခံမှု ထောင်နှင့်ချီ၍ လက်ခံရရှိသည်။ သို့တိုင်အောင် မတော်တဆဖြစ်မှု ရာပေါင်းများစွာ ဖြစ်ပွားခဲ့သည့်အပြင် ၁၉၄၅ ခုနှစ်နှင့် ၁၉၈၅ ခုနှစ်အတွင်း ကျွမ်းကျင်ပညာရှင် ၆၀၀ ကျော်သည် တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရသည်။ ကျွမ်းကျင်သူပါရဂူများ၏ ခန့်မှန်းချက်အရ ယခုလက်ရှိနှုန်းထားနှင့် သွားပါက ဤလက်နက်ခဲယမ်းတိုက်ကို ဖယ်ရှားပစ်ရန်အတွက် နှစ်ပေါင်း ၇၀၀ အချိန်ယူရမည်ဖြစ်သည်။
ကမ္ဘာလှည့် ခရီးသည်များအတွက် ရေ
“ကမ္ဘာပေါ်ရှိ အများသူငါ အပန်းဖြေရာ နေရာအများသည် တစ်သုတ်ပြီးတစ်သုတ် အတောမသတ် ရောက်လာကြသည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ရေကူးကန်များနှင့် ဂေါက်ကွင်းများကို တည်ဆောက်ရသဖြင့် ရေ ရှားပါးပြတ်လပ်လာရသည်” ဟု လန်ဒန်ထုတ် ဂါးဒီးယန်း သတင်းစာက ဖော်ပြသည်။ “ဤကိစ္စသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြီးမားကျယ်ပြန့်လှသည်။ တစ်ခါတစ်ရံတွင် [အာဖရိကတိုက်ရှိ] ကျေးရွာတစ်ရွာလုံးတွင် ဘုံပိုင်ခေါင်း တစ်ခေါင်းတည်းသာ ရှိသည်ကို တွေ့ရမည်ဖြစ်သော်လည်း ဟိုတယ်တိုင်း၏ အခန်းတိုင်းတွင် ရေပိုက်ခေါင်းများနှင့် ရေပန်းများ တပ်ဆင်ထားကြသည်” ဟု ခရီးသွားလုပ်ငန်း ကုမ္ပဏီမှ ထရီရှာ ဘန်းနက်က ပြောပြသည်။ စပိန်နိုင်ငံတွင် ကမ္ဘာလှည့် ခရီးသည်တစ်ဦးသည် တစ်ရက်လျှင် ရေဂါလံ ၂၃၀ သုံးစွဲသော်လည်း ဒေသခံတစ်ဦးမူကား ဂါလံ ၇၀ သာသုံးစွဲနေရကြောင်း ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တစ်ခုက ခန့်မှန်းတွက်ချက်သည်။ ခြောက်သွေ့သည့် တိုင်းပြည်တစ်ပြည်တွင် ၁၈ ကျင်းရှိသည့် ဂေါက်ကွင်းတစ်ခုအတွက် လိုအပ်သည့်ရေပမာဏမှာ လူဦးရေ ၁၀,၀၀၀ ရှိသည့် မြို့တစ်မြို့၏ လိုအပ်ချက်နှင့်ညီမျှသည်။ ကမ္ဘာလှည့်ခရီးသည် ၁၀၀ က ရက်ပေါင်း ၅၅ ရက်အတွင်း သုံးစွဲသည့် ရေပမာဏသည် ရွာသား ၁၀၀ အား ၁၅ နှစ်စာကျွေးမွေးနိုင်သော ဆန်ရေစပါး စိုက်ပျိုးရန်အတွက် လုံလောက်သည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ခန့်မှန်းဖော်ပြသည်။
ဆေးလိပ်သောက်ခြင်း၏ အန္တရာယ်များ
“ဆေးလိပ်မသောက်သူများထဲမှ အဆုတ်ကင်ဆာဖြင့် သေဆုံးသူရှစ်ဦးအနက် တစ်ဦးသည် ဆေးလိပ်မသောက်ဘဲ ဝန်းကျင် ဆေးလိပ်သောက်သူတို့၏ ဆေးလိပ်ငွေ့များကို ရှူရှိုက်ရခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်” ဟု ဂျပန် အမျိုးသား ကင်ဆာ သုတေသနဌာနမှ နာအိုဟီတို ယာမာဂူချီက အခိုင်အမာဆိုသည်။ သိပ္ပံပညာရှင်တို့က ၎င်းတို့၏ တွေ့ရှိချက်များကို အဆုတ်ကင်ဆာဖြင့် သေဆုံးသူ ၅၂,၀၀၀ အား လေ့လာချက်အပေါ် အခြေခံထားကြသည်။ ၎င်းအပြင်၊ “ဆေးလိပ်သောက်သူ တိုက်ရိုက် ရှူရှိုက်သည့် ဆေးလိပ်ငွေ့မှာထက် ဆင့်ပွား ဆေးလိပ်ငွေ့တွင် အဆိပ်ဖြစ်စေသော ကာဗွန် မိုနောက်ဆိုက်နှင့် ကာဆီနိုဂျင် ပိုမိုပါဝင်ကြောင်း အချိန်ကြာမြင့်စွာက တွေ့ရှိခဲ့သော သုတေသနပြုချက်က ထင်ရှားစေသည်” ဟု အဆာဟီ ရှင်ဘွန်း သတင်းစာကဆိုသည်။ ၁၉၉၉ ခုနှစ်တွင် ဂျပန်နိုင်ငံတွင် အစိုးရကပြုလုပ်သည့် လူပေါင်း ၁၄,၀၀၀ ပါဝင်သည့် လေ့လာမှုတစ်ခုတွင် အလုပ်ဌာန သို့မဟုတ် စာသင်ကျောင်းမှလူ ၃၅ ရာခိုင်နှုန်းနှင့် အိမ်မှလူ ၂၈ ရာခိုင်နှုန်တို့သည် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်ခဲ့ရကြသည်ကို တွေ့ရှိခဲ့ရသည်။ “ဆေးလိပ်သောက်သူတို့အနေဖြင့် မိမိတို့သည် ဆေးလိပ်မသောက်သူတို့၏ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေလျက်ရှိကြောင်း သိထားသင့်ပေသည်။ သက်ဆိုင်ရာ အာဏာပိုင်တို့အနေဖြင့်လည်း တာဝန်သိသိဖြင့် ဤအုပ်စုနှစ်စုကို သီးခြားခွဲထားသင့်သည်” ဟု ယာမာဂူချီက ဆိုသည်။
ခေတ်ပေါ် ကျွန်ကုန်ကူးခြင်းလုပ်ငန်း
“ဗြိတိသျှ အခြေစိုက် တက္ကသိုလ် ပညာရှင်တစ်ဦး၏ နောက်ဆုံး သုတေသန တွေ့ရှိချက်အရ ကျွန်ကုန်ကူးခြင်းလုပ်ငန်းကို [ယခုအခါတွင်] လူ့သမိုင်း၌ မည်သည့်အချိန်ကထက်မဆို ပို၍တွေ့ရှိလာရသည်” ဟူ၍ လန်ဒန်ထုတ် သည်အင်ဒီပင်းဒင့် သတင်းစာက ရေးသားဖော်ပြသည်။ ရိုဟမ်တန်မြို့၊ ဆာရီး တက္ကသိုလ်မှ လူမှုဗေဒ ပါမောက္ခ ကယ်ဗင် ဘေးလ်ဇ်က “ယခုအခါ၌ လူပေါင်း ၂၇ သန်းသည် ကျွန်များသဖွယ် နေထိုင်နေရသဖြင့် ရောမအင်ပါယာခေတ်ကထက်လည်းကောင်း၊ အတ္တလန္တိတ် သမုဒ္ဒရာ ဖြတ်ကျော်၍ ကျွန်ကုန်ကူးခြင်းလုပ်ငန်း အထွတ်အထိပ် ရောက်ခဲ့ချိန်ကထက်လည်းကောင်း ပိုများနေကြောင်း ခန့်မှန်းတွက်ချက်ထားသည်” ဟု ထိုသတင်းစာက ဆိုသည်။ ယခုခေတ် ကျွန်စနစ်အတွက် အသုံးပြုသည့် နည်းလမ်းများသည်
လွန်ခဲ့သည့်နှစ်ပေါင်း ၁၅၀ ကနှင့် မတူတော့သော်လည်း သန်းပေါင်းများစွာသော လူတို့သည် “အကြမ်းနည်းသုံးသူများ၊ သို့မဟုတ် အကြမ်းနည်းသုံးမည်ဟု ခြိမ်းခြောက်သူများ၏ ထိန်းကွပ်ခြင်း ခံနေရသည့်အပြင် လုပ်အားခ တစ်ပြားတစ်ချပ်မျှပင် မရရှိကြချေ” ဟု ဘေးလ်ဇ်ကဆိုသည်။ ယခုခေတ် အများဆုံးတွေ့ရသည့် ကျွန်စနစ်ပုံစံမှာ ကန်ထရိုက် ကျွန်စနစ်ပင်ဖြစ်သည်။ ၎င်းပုံစံသည် စနစ်တကျ ဖွဲ့စည်းထားသည့် ဂိုဏ်းများက အခကြေးငွေယူ၍ ဝင်ငွေကောင်းသည့် အလုပ်အကိုင် ရရှိစေမည် ဟူသောကတိပေး၍ အခြားတိုင်းပြည်သို့ ခေါ်ထုတ်ခြင်းဖြစ်သည်။ သို့ရာတွင် တိုင်းပြည်တစ်ပြည်သို့ ခိုးသွင်းခံရပြီးနောက် ထိုလုပ်သားတို့သည် အစေအပါအလုပ်ကိုလုပ်၍ ၎င်းတို့တင်ရှိသည့်ကြွေးကို ပေးဆပ်ရန်အတွက် အဓမ္မခိုင်းစေခံရခြင်းဖြင့် ခေါင်းပုံဖြတ်ခံရကြသည်။ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် စိတ်ကျဝေဒနာကို သက်သာစေနိုင်သည်
အမေရိကန်ပြည်ထောင်စု၊ ဒွတ်ခ် တက္ကသိုလ် ဆေးပညာဌာန၌ ပြုလုပ်ခဲ့သည့် သုတေသနအပေါ် ဝေဖန်သုံးသပ်ရာ၌ ဟားဗတ် စိတ်ကျန်းမာရေး သဝဏ်လွှာ က “အချို့သော လူမမာများအဖို့ စိတ်ကျဝေဒနာ ကုသရာ၌ ပုံမှန်သုံးစွဲနေကျ ဆေးဝါးကုသမှုထက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ပိုမိုအစွမ်းထက်ဖွယ်ရှိသည်” ဟုဆိုသည်။ စိတ်ကျဝေဒနာ ဆိုးရွားပြင်းထန်သည့် လူမမာ ၅၀ စီပါဝင်သည့် အုပ်စုသုံးစုအား ကွဲပြားသည့်ကုထုံး တစ်မျိုးစီဖြင့် လေးလကြာ ကုသမှုပြုခဲ့သည်။ တစ်စုအား စိတ်ကျဝေဒနာပျောက်ဆေးကို မှီဝဲစေသည်၊ နောက်တစ်စုအား ကိုယ်လက်လေ့ကျင့်ခန်းကိုသာ ပြုလုပ်စေသည်။ တတိယတစ်စုအား နှစ်မျိုးစလုံးကို ပြုလုပ်စေသည်။ လေးလကြာပြီးနောက် အုပ်စုသုံးစုစလုံးမှ ၆၀ နှင့် ၇၀ ရာခိုင်နှုန်းရှိသည့် လူမမာများသည် “ဆေးပညာရှုထောင့်အရ စိတ်ကျဝေဒနာ ပျောက်ကင်းသွားကြသည်” ဟု ကျန်းမာရေး သဝဏ်လွှာ ကဆိုသည်။ သို့ရာတွင် နောက်ဆက်တွဲ ခြောက်လအတွင်း ကိုယ်လက်လေ့ကျင့်ခန်းသက်သက် ပြုလုပ်စေခဲ့သည့် လူမမာများသည် “စိတ်လှုပ်ရှားမှုပိုင်း အရလည်းကောင်း၊ ကာယပိုင်း အရလည်းကောင်း အကောင်းဆုံး အနေအထား၌ ရှိကြသည်။ ၎င်းတို့၏ ရောဂါပြန်ထသည့်နှုန်းမှာ ရှစ်ရာခိုင်နှုန်းသာရှိသည်။” ဆေးဝါးမှီဝဲသူတို့၏ ရောဂါပြန်ထသည့်နှုန်းမှာ ၃၈ ရာခိုင်နှုန်းဖြစ်ပြီး ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပြီး ဆေးဝါးမှီဝဲသူတို့၏နှုန်းမှာ ၃၁ ရာခိုင်နှုန်း အသီးသီးရှိကြသည်။
ဂျမေကာ ကျောက်တန်းများ ပြန်လည်ရှင်သန်လာပြီလော
ဂျမေကာ၏ မြောက်ဘက်ကမ်းလွန်မှ ပင်လယ်ဖြူကောင်များ (Sea urchins) တစ်ကျော့ပြန် ပေါက်ပွားလာပုံရသည်ဟု ဒါးလာ့စ် နံနက်သတင်း မှ ဆောင်းပါးတစ်ပုဒ်က ဖော်ပြသည်။ ထို့ပြင်၊ “ပင်လယ်ဖြူကောင်များနှင့်အတူ ခံနိုင်ရည်ရှိပြီး ကျောက်တန်းဖြစ်တည်သော သန္တာမျိုးများ အပါအဝင် သန္တာအကောင်ပေါက်လေးများ ရှင်သန်ပေါက်ပွားလျက် ရှိကြသည်။” ကျောက်တန်းများသည် Diadema antillarum ခေါ် ပင်လယ်ဖြူကောင်မျိုးစိတ် ရုတ်တရက် တဖြုတ်ဖြုတ် သေကျေကုန်ကြသည့် ၁၉၈၃ နှင့် ၁၉၈၄ ခုနှစ်ကတည်းက ရှင်သန်ရေးအတွက် ရုန်းကန်လာခဲ့ရသည်။ ပင်လယ်ဖြူကောင် မျိုးစိတ်အချို့သည် ပင်လယ်ရေညှိများ ပွားများခြင်းကို ထိန်းပေးသည်။ ပင်လယ်ရေညှိများ ပွားချင်တိုင်း ပွားခွင့်ရမည်ဆိုလျှင် ၎င်းတို့သည် သန္တာကျောက်တန်းများကို အကြီးအကျယ် ပျက်စီးစေနိုင်သည်။ သို့သော်လည်း “Diadema များ ပြန်လည် ပွားများလာပြီဖြစ်သဖြင့် ကျောက်တန်းများလည်း အလားတူစွာ တိုးပွားလာတော့မည်ဖြစ်ကြောင်း လေ့လာမှုအသစ်က ပြသလျက်ရှိသည်” ဟု ထိုသတင်းစာက ရေးသားဖော်ပြသည်။ ယခုကဲ့သို့ ပြန်လည်ကောင်းမွန်လာသည့် လက္ခဏာသည် “ဆယ်စုနှစ်များအတွင်း ကယ်ရီဘီယံပင်လယ် ကျောက်တန်းများမှ ထွက်ပေါ်လာသည့် အကောင်းဆုံးသတင်းပင်ဖြစ်သည်” ဟု အဏ္ဏဝါ ဇီဝဗေဒပညာရှင် နန်စီ နော်လ်တန် ကဆိုသည်။
ကော်စေ့များကြောင့် ပင်လယ်သတ္တဝါများ အဆိပ်သင့်
“ကမ္ဘာတစ်ဝန်းလုံးရှိ ပင်လယ်သတ္တဝါများသည် ပင်လယ်သမုဒ္ဒရာရေပြင်၌ မျောပါနေသည့် ကော်စေ့များကြောင့် အဆိပ်သင့်လျက်ရှိကြသည်” ဟု နယူး ဆိုင်းယင်းတစ်စ်တ် မဂ္ဂဇင်းက ရေးသားဖော်ပြသည်။ ဓာတုပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများသည် ကမ္ဘာတစ်ဝန်းရှိ ပလတ်စတစ်ပစ္စည်း ထုတ်လုပ်သူများထံသို့ ပေါ်လီမာများကို အစေ့လေးများအဖြစ် သင်္ဘောနှင့် ပို့ဆောင်ကြသည်။ သို့သော်လည်း တန်ချိန်ထောင်ပေါင်းများစွာရှိသော ဤကော်စေ့များသည် စက်ရုံအလုပ်ရုံများမှလည်းကောင်း၊ မြို့တွင်းမှစွန့်ပစ်သည့် အမှိုက်သရိုက်များမှလည်းကောင်း၊ သင်္ဘောများမှ ပျောက်ဆုံးသော၊ သို့မဟုတ် စွန့်ပစ်သော ကုန်ပစ္စည်းများမှလည်းကောင်း ပင်လယ်အတွင်းသို့ မျောပါလာကြသည်။ ဂျပန်နိုင်ငံ၊ တိုကျို စိုက်ပျိုးရေးနှင့် နည်းပညာ တက္ကသိုလ်မှ သုတေသီများက ထိုကော်စေ့များတွင် ပင်လယ်ရေမှ ၎င်းတို့ စုပ်ယူသည့် အဆိပ်ဖြစ် ဓာတုပစ္စည်းများ ပါဝင်မှု မြင့်မားကြောင်း တွေ့ရှိခဲ့ကြသည်။ ၎င်းဓာတုပစ္စည်းများသည် တိရစ္ဆာန်များ၏ ကိုယ်ခံအား၊ မျိုးအောင်ခြင်းနှင့် ဟိုမုန်းစနစ်များကို ထိခိုက်ပျက်စီးစေသည်။ ငှက်များ၊ ငါးများနှင့် လိပ်များက ထိုအစေ့များကို ငါးဥများ၊ သို့မဟုတ် အခြားသော အစားအစာအဖြစ် အမှတ်မှား၍ စားမိတတ်ကြသောကြောင့် တိုးချဲ့ဆင့်ကဲစားစဉ်အတွက် သောကပွားစရာ ဂယက်ရိုက်မှုများ ပေါ်ထွက်လာသည်။