ခရစ်ယာန်များ နှစ်သစ်ကူးပွဲလမ်းအခမ်းအနား ဆင်နွှဲသင့်သလော
သမ္မာကျမ်းစာရှုထောင့်
ခရစ်ယာန်များ နှစ်သစ်ကူးပွဲလမ်းအခမ်းအနား ဆင်နွှဲသင့်သလော
“နှစ်သစ်ကူး အကြိုရက် မွန်းလွဲပိုင်းဟာ ထူးထူးခြားခြားကြီးကို အေးဆေးငြိမ်သက် နေပါတယ်။ ည ၁၁ နာရီလောက်ကျတော့ လူနာတွေ တဖွဲဖွဲ ရောက်လာတော့တယ်။ ဓားဒဏ်ရာ သေနတ်ဒဏ်ရာနဲ့လူနာတွေ၊ မော်တော်ကား မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့ ဆယ်ကျော်သက်တွေနဲ့ ထုနှက်ခံရတဲ့ အိမ်ထောင်ရှင်မတွေဖြစ်ကြတယ်။ အားလုံးနီးပါးလောက်ဟာ အရက်ကြောင့် ဖြစ်ရတာပါ” ဟု ဘရာဇီးလ်နိုင်ငံမှ ဆရာဝန်တစ်ဦးဖြစ်သည့် ဖာနန်ဒို ကပြောသည်။
အထက်ပါ အခြေအနေကို ထောက်ရှု၍ ဘရာဇီးလ် ဂျာနယ်တစ်စောင်က နှစ်ဆန်းတစ်ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အရက်နာကျသောနေ့အဖြစ် ရည်ညွှန်းဖော်ပြခဲ့သည်ကို အံ့သြကြမည်မဟုတ်ပေ။ ဥရောပ သတင်းဌာနတစ်ခုက “နှစ်သစ်ကူးပွဲသည် သာမန်အရပ်သားများထဲမှ ပျော်ရွှင်မှု ပဓာနဝါဒီများအတွက် အထူးတလည် ဆင်ယင်ကျင်းပသည့် ပွဲလမ်းဖြစ်သည်” ဟုဆိုပြီးနောက် “လူနှင့် အရက်တို့၏ အဆုံးအစ မရှိသောတိုက်ပွဲ နောက်တစ်ချီဖြစ်သည်” ဟုဆက်၍ဆိုထားသည်။
မှန်ပါသည်၊ လူတိုင်း လွန်လွန်ကြူးကြူး အရက်သောက်ခြင်း၊ ကြမ်းကြမ်းရမ်းရမ်း ပြုမူခြင်းဖြင့် နှစ်သစ်ကူးပွဲကို ဆင်ယင်ကျင်းပကြသည် မဟုတ်ပါ။ အမှန်အားဖြင့် လူများစွာတို့သည် နှစ်သစ်အခါသမယ၏ ကြည်နူးဖွယ်ရာ အမှတ်ရစရာလေးများ ကိုယ်စီရှိကြသည်။ “ကျွန်တော်တို့ဆိုရင် ကလေးဘဝတုန်းက နှစ်သစ်ကူးအကြိုနေ့ကို မျှော်ရတာ အမောပါပဲ” ဟုအထက်၌ ကိုးကားခဲ့သည့် ဖာနန်ဒိုကဆိုသည်။ “ကစားနည်းတွေ၊ စားစရာ သောက်စရာတွေ စုံလို့ပဲ။ ညကျတော့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နမ်းရှုပ်ပြီး ‘နှစ်သစ်မှာ ပျော်ရွှင်ပါစေ’ ဆိုပြီး ဆုတောင်းမေတ္တာ ပို့ကြတယ်။”
အလားတူစွာ ယနေ့ လူအများက နှစ်သစ်ကူး ပျော်ပွဲအခမ်းအနားကို လွန်လွန်ကျွံကျွံ မရှိဘဲ ပါဝင်ဆင်နွှဲကြသည်ဟု ယူမှတ်ကြသည်။ မည်သို့ပင်ဆိုစေ၊ ခရစ်ယာန်များအနေဖြင့် ရေပန်းစားသော ဤပျော်ပွဲရွှင်ပွဲ၏ မူလအစနှင့် အဓိပ္ပာယ်တို့ကို ဆန်းစစ်သင့်ပေသည်။ နှစ်သစ်ကူး ပျော်ပွဲအခမ်းအနားသည် သမ္မာကျမ်းစာ သွန်သင်ချက်များနှင့် ကွဲလွဲဆန့်ကျင်သလော။
အတိတ်မှ အမှန်တရားများ
နှစ်သစ်ကူး ပျော်ပွဲအခမ်းအနားများသည် အသစ်အဆန်း မဟုတ်ပါ။ အစောဆုံး ဘီ.စီ.အီး. ၃,၀၀၀ ကတည်းက ဗာဗုလုန်တွင် ယင်းအခမ်းအနားများကို ကျင်းပခဲ့ကြောင်း ရှေးကမ္ပည်းကျောက်စာများက ဖော်ပြသည်။ မတ်လလယ်တွင် ဆင်ယင်ကျင်းပသည့် ၎င်းပျော်ပွဲရွှင်ပွဲမှာ အထူးပင်အရေးပါလှသည်။ “ထိုအချိန်တွင် မားရ်ဒွတ် နတ်ဘုရားသည် လာမည့်နှစ်အတွက် တိုင်းပြည်၏ကြမ္မာကို အဆုံးအဖြတ်ပေးသည်” ဟု ကမ္ဘာ့စာအုပ် စွယ်စုံ
ကျမ်း ကဆိုသည်။ ဗာဗုလုန်လူမျိုး၏ နှစ်သစ်ကူးပွဲတော်သည် ၁၁ ရက်တာရှည်ပြီး ယဇ်ပူဇော်ခြင်း၊ စီတန်းလှည့်လည်ခြင်းနှင့် မျိုးအောင်ခြင်းဆိုင်ရာ ရိုးရာဓလေ့များ ပါဝင်သည်။တစ်ချိန်က ရောမတို့သည်လည်း ၎င်းတို့၏ တစ်နှစ်တာကို မတ်လတွင် စတင်ခဲ့ကြသည်။ သို့သော် ဘီ.စီ.အီး. ၄၆ ခုနှစ်တွင် ဧကရာဇ် ဂျူးလီယက် ဆီဇာက ဇန်နဝါရီလ တစ်ရက်မှ စတင်ရမည်ဟု ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည်။ ထိုနေ့သည် အစနှင့်ဆိုင်သော နတ်ဘုရား ဂျိန်းနာ့စ်အတွက် ရည်စူးသတ်မှတ်ထားပြီးဖြစ်သဖြင့် ယခုသော် ထိုနေ့သည် ရောမတို့၏ နှစ်ဆန်းတစ်ရက်လည်း ဖြစ်လာလေသည်။ ရက်စွဲကသာ ပြောင်းသွားသော်လည်း ပွဲတော်၏ ပေါက်လွှတ်အပျော်ကြူးမှု အခြေအနေမူကား ဆက်လက်တည်မြဲလာသည်။ ဇန်နဝါရီလဆန်း တစ်ရက်နေ့တွင် ပြည်သူတို့သည် “လူမျိုးခြား၏ အယူသီးမှု အမျိုးမျိုးတို့ဖြင့် စည်းလွတ်ဝါးလွတ် လွန်လွန်ကဲကဲ ပျော်ရွှင်မြူးထူးကြသည်” ဟုမက္ကလင်းတော့နှင့် စထရောင်းတို့၏ စွယ်စုံကျမ်း ကဆိုသည်
ယနေ့ထက်တိုင် နှစ်သစ်ကူး ပျော်ပွဲအခမ်းအနားများတွင် အယူသီးသော ရိုးရာထုံးတမ်းဓလေ့များက နေရာယူထားလျက်ရှိသည်။ သာဓကအားဖြင့် တောင်အမေရိက ဒေသအချို့တွင် လူအများက ညာခြေတစ်ဖက်တည်းပေါ်ရပ်၍ နှစ်သစ်ကို ကြိုဆိုကြသည်။ အချို့တို့က တံပိုးခရာများ မှုတ်ကြသည်၊ ဗြောက်အိုးများ ဖောက်ကြသည်။ ချက်လူမျိုးတို့၏ ထုံးစံအရ နှစ်သစ်ကူးအကြိုနေ့သည် ပဲနီကလေးဟင်းရည်ကို သောက်ရသည့်အချိန်ဖြစ်ပြီး စလိုဗက် ရိုးရာထုံးတမ်းအရ လူတို့သည် စားပွဲခင်းအောက်တွင် ငွေ သို့မဟုတ် ငါးအကြေးခွံများကို ထားကြသည်။ မကောင်းသော အလားအလာအတွက် ချေဖျက်ရန်နှင့် ကြီးပွားချမ်းသာလာဖို့ သေချာစေရန် ရည်ရွယ်ထားသည့် ယင်းသို့သော ရိုးရာဓလေ့များသည် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းချိန်သည် ဘဝအလားအလာအတွက် အဆုံးအဖြတ်ပေးသည့် အချိန်ဖြစ်သည်ဟူသော ရှေးအယူတစ်ခုကို သက်ဆိုးရှည်စေခြင်းမျှသာဖြစ်သည်။
သမ္မာကျမ်းစာ အမြင်
သမ္မာကျမ်းစာက ခရစ်ယာန်များအား “ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း . . . တို့ကို ကြည်ရှောင်၍၊ . . . တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့” ဟု နှိုးဆော်တိုက်တွန်းထားသည်။ * (ရောမ ၁၃:၁၂-၁၄; ဂလာတိ ၅:၁၉-၂၁; ၁ ပေတရု ၄:၃) နှစ်သစ်ကူး ပျော်ပွဲအခမ်းအနားများသည် များသောအားဖြင့် သမ္မာကျမ်းစာ ရှုတ်ချထားသော လွန်ကဲမှုများ၏ သွင်ပြင်လက္ခဏာကို ဆောင်သောကြောင့် ခရစ်ယာန်များသည် ၎င်းပျော်ပွဲများတွင် မပါဝင်ကြချေ။ ဤသို့မပါဝင်ခြင်းကြောင့် ခရစ်ယာန်များသည် ပွဲဖျက်များဖြစ်သည်ဟု အဓိပ္ပာယ်မသက်ရောက်ပါ။ အမှန်အားဖြင့် မှန်သော ဘုရားသခင်ကို ကိုးကွယ်သူတို့အား အကြောင်းအမျိုးမျိုးကြောင့် ဝမ်းမြောက်ရွှင်လန်းကြရန် အထပ်ထပ် မိန့်မှာထားသည်ကို သူတို့ သိရှိကြသည်။ (တရားဟောရာ ၂၆:၁၀၊ ၁၁; ဆာလံ ၃၂:၁၁; သု. ၅:၁၅-၁၉; ဒေ. ၃:၂၂; ၁၁:၉) သမ္မာကျမ်းစာက အစားအသောက်တို့သည် ဝမ်းမြောက်ရွှင်လန်းခြင်းနှင့် ဒွန်တွဲလျက်ရှိကြောင်းကိုလည်း အသိအမှတ်ပြုထားသည်။—ဆာလံ ၁၀၄:၁၅; ဒေ. ၉:၇က။
ကျွန်ုပ်တို့ တွေ့မြင်ခဲ့သကဲ့သို့ပင် နှစ်သစ်ကူးပွဲများသည် အယူမှား ဓလေ့ထုံးစံများမှ မြစ်ဖြားခံခဲ့ကြသည်။ အယူမှားသော ကိုးကွယ်မှုသည် ယေဟောဝါ ဘုရားသခင့်အမြင်တွင် ညစ်ညမ်း၍ စက်ဆုပ်ရွံရှာဖွယ်ရာ ဖြစ်သဖြင့် ခရစ်ယာန်တို့သည် ထိုသို့သော ဇာစ်မြစ်များမှ အရင်းခံဆင်းသက်လာသည့် အလေ့အထများကို ပယ်ကြသည်။ (တရားဟောရာ ၁၈:၉-၁၂; ယေဇကျေလ ၂၂:၃၊ ၄) တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း။” ခိုင်လုံသောအကြောင်းရှိသဖြင့် ပေါလုက “မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်” ဟုဆက်လက်ဆိုထားသည်။—၂ ကောရိန္သု ၆:၁၄-၁၇က။
ခရစ်ယာန်တို့သည် အယူသီးသည့် ရိုးရာဓလေ့များ၌ ပါဝင်ခြင်းဖြင့် ပျော်ရွှင်မည်၊ ကြီးပွားချမ်းသာမည်ဟူသည့် အာမခံချက်မပေးကြောင်း၊ ထိုပွဲများတွင် ပါဝင်ခြင်းဖြင့် ဘုရားသခင့် မျက်နှာသာတော် ဆုံးရှုံးစေနိုင်ကြောင်းကိုလည်း သိရှိကြသည်။ (ဒေ. ၉:၁၁; ဟေရှာယ ၆၅:၁၁၊ ၁၂) ထို့အပြင် သမ္မာကျမ်းစာက ခရစ်ယာန်များအား အပြုအမူ အနေအထိုင်ဘက်တွင် အလွန်အကျွံမရှိဘဲ ချုပ်တည်းခြင်းရှိရန်လည်း သတိပေးဆုံးမထားသည်။ (၁ တိမောသေ ၃:၂၊ ၁၁) ခရစ်တော်၏ တရားတော်ကို လိုက်နာပါသည်ဟု ဆိုသူတစ်ဦးအနေဖြင့် အထိန်းအကွပ်မရှိ လွန်ကျွံမှု သွင်ပြင်လက္ခဏာဆောင်သည့် ပျော်ပွဲရွှင်ပွဲတစ်ရပ်တွင် ပါဝင်ဆင်နွှဲခြင်းသည် သင့်တော်မည်မဟုတ်သည်မှာ သိသာထင်ရှားပေသည်။
နှစ်သစ်ကူး ပွဲလမ်းအခမ်းအနားများသည် နှစ်သက်စဖွယ် ဆွဲဆောင်အား ကောင်းလှသော်လည်း သမ္မာကျမ်းစာက “မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်” ဟူ၍လည်းကောင်း၊ “ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေး ရှိသမျှတို့နှင့် ကိုယ်ကိုကိုယ် ကင်းစင်စေ . . . ကြကုန်အံ့” ဟူ၍လည်းကောင်း မိန့်မှာထားသည်။ လိုက်နာသူတို့အား ယေဟောဝါက “သင်တို့ကို ငါသည် လက်ခံမည်။ သင်တို့၏အဘဖြစ်မည်။ သင်တို့လည်း ငါ၏သားသမီး ဖြစ်ကြလိမ့်မည်” ဟူ၍ ကြည်နူးအားရဖွယ် အာမခံချက် ပေးထားတော်မူ၏။ (၂ ကောရိန္သု ၆:၁၇ခ–၇:၁) မှန်ပါသည်၊ မိမိအပေါ် စောင့်သိရိုသေသမှု ပြုသူတို့အား ထာဝရကောင်းချီး မင်္ဂလာများနှင့် ကြီးပွားချမ်းသာခြင်း ပေးမည်ဟု ကိုယ်တော် ကတိပေးထားတော်မူ၏။—ဆာလံ ၃၇:၁၈၊ ၂၈; ဗျာ. ၂၁:၃၊ ၄၊ ၇။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 12 “ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း” တို့သည် ပထမရာစုနှစ်အတွင်းက ရောမမြို့တွင် ရေပန်းစားသော ဓလေ့များဖြစ်ခဲ့သောကြောင့် ယင်းအကြောင်းတို့ကို ပေါလု ရည်ညွှန်းရာ၌ နှစ်သစ်ကူး ပျော်ပွဲအခမ်းအနားများမှ သောက်စားပျော်ပါးခြင်းတို့ကိုလည်း ရည်ညွှန်းခဲ့ဖွယ်ရှိသည်။