နယူးဇီလန်တွင် လင်းပိုင်များကို ရှာပုံတော်ဖွင့်ခြင်း
နယူးဇီလန်တွင် လင်းပိုင်များကို ရှာပုံတော်ဖွင့်ခြင်း
နယူးဇီလန်နိုင်ငံမှ နိုးလော့! စာရေးသူ ရေးသားသည်
“ဤသတ္တဝါသည် အကြောင်းတစ်စုံတစ်ရာ မရှိဘဲ လူတို့ကို ခင်မင်တတ်သည့် တစ်မျိုးတည်းသော သတ္တဝါဖြစ်သည်” ဟူ၍ ဂရိ စာတမ်းရှင် ပလူးတားခ် ကရေးသားခဲ့သည်။ အဘယ်သတ္တဝါကို ရည်ညွှန်းခြင်းဖြစ်သနည်း။ အခြားသတ္တဝါမဟုတ်၊ ဝေလငါးမျိုးဝင် နို့တိုက်သတ္တဝါ လင်းပိုင်ကို ရည်ညွှန်းခြင်းဖြစ်သည်။
ကမ္ဘာ့စာအုပ် စွယ်စုံကျမ်း အလိုအရ “သိပ္ပံပညာရှင်အများက လင်းပိုင်များသည် ချင်ပန်ဇီနှင့် ခွေးများနှင့်အတူ အသိဉာဏ် အရှိဆုံး တိရစ္ဆာန်များ အဆင့်အတန်းတွင် ပါဝင်သည်ဟု ယုံကြည်ထားကြသည်။” သို့တစေ၊ ပလူးတားခ် ဆိုခဲ့သည့်အတိုင်း လင်းပိုင်များသည် အစာရေစာရရှိရေး တစ်ခုတည်းအတွက် လူတို့ထံ ချဉ်းကပ်ကြခြင်း မဟုတ်ပါ။ အမှန်မှာ လင်းပိုင်အများသည် လူတို့နှင့် ပေါင်းဖော်ရခြင်းကို ပျော်မွေ့ပုံရသည်။ “လင်းပိုင်သည် လူတို့ကို တကယ်တမ်း လိုအပ်ပုံ မရှိသော်လည်း ပင်ကိုသဘာဝအားဖြင့် သိချင်၊ စူးစမ်းချင်စိတ် ပြင်းပြ၍ လူတို့က ၎င်း၏ မြူးထူးဆော့ကစားပုံကိုကြည့်၍ သဘောကျသည်ထက် ၎င်းက လူတို့၏ မြူးထူးသော အမူအရာကိုကြည့်၍ ပို၍ ပျော်ရွှင်ပုံပေါက်သည်” ဟူ၍ အဏ္ဏဝါ၏ လျှို့ဝှက်ဆန်းကြယ်မှုများ စာအုပ်တွင် ဖော်ပြထားသည်။ ပင်လယ်လင်းပိုင်မျိုးစိတ် ၃၂ မျိုးရှိသည့်အနက် နယူးဇီလန်ရေပြင်တွင် ကျက်စားသည့် လေးမျိုးမှာ ရိုးရိုးလင်းပိုင် (common dolphin)၊ ပုလင်းနှာခေါင်း လင်းပိုင် (bottle-nosed dolphin)၊ မည်းကြုတ်သော လင်းပိုင် (dusky dolphin) နှင့် ကမ္ဘာ့အငယ်ဆုံး ဟက္ကတာ လင်းပိုင် (Hector’s dolphin) တို့ဖြစ်ကြသည်။ *
နယူးဇီလန်၏ သဘာဝပသာဒ ပင်လယ်ကမ်းခြေဒေသ တစ်ခုဖြစ်သည့် ကျွန်းပင်လယ်အော် (Bay of Islands) တွင် လင်းပိုင် အလွန်ပေါများသည်။ ထိုနေရာသို့ သွားရောက်လည်ပတ်လိုစိတ် ထက်သန်ကြသဖြင့် ကျွန်ုပ်တို့သည် ရပ်ဆဲလ်မြို့မှ သင်္ဘောဖြင့် ထွက်ခွာခဲ့ကြသည်။ ကျွန်ုပ်တို့၏လမ်းပြက ပုလင်းနှာခေါင်း လင်းပိုင်နှင့် ရိုးရိုးလင်းပိုင်များအပြင် လင်းပိုင်မျိုးဝင် အဖြူနှင့် အနက်ရောင် အသားစား ဝေလငါးများ (killer whales) နှင့် ရေကြောင်းပြ ဝေလငါးများ (pilot whales) ကိုပါ တွေ့နိုင်သည်ဟုပြောသည်။ ၎င်းတို့ကို တွေ့မြင်ရန် ၎င်းတို့၏ နှာခေါင်းပေါက်မှ မှုတ်ထုတ်သည့် ရေမှုန်ရေမွှားကိုဖြစ်စေ၊ ၎င်းတို့၏ ကျောဆူးတောင်ကိုဖြစ်စေ ဂရုစိုက်စောင့်ကြည့်ရန် လမ်းပြက အကြံပြုသည်။ “တစ်ခါတစ်ရံ သူတို့က ကျွန်မတို့ကို အရင်တွေ့ကြတယ်” ဟုလမ်းပြကဆိုသည်။
လင်းပိုင်တို့နှင့်အတူ ရေကူးခြင်း
များမကြာမီတွင် ၁၃ ပေအထိ ရှည်လျားသည့် ပုလင်းနှာခေါင်း လင်းပိုင်များ၏ ပုံသဏ္ဌာန် မည်းမည်းကြီး ကျွန်ုပ်တို့ရှေ့ ဘွားကနဲ ပေါ်လာသည်။ ၎င်းတို့၏ ကျောဆူးတောင်များသည် လှိုင်းလုံးများကို အားထုတ်မှု မပါသယောင် အသာလေး ခွဲထုတ်လျက်ရှိကြသည်။ ဝေလငါးများ မြူးထူး ဆော့ကစားကြသည့်အခါ ၎င်းတို့သည် သင်္ဘောဦးပိုင်း၏ ဖိအားအရှိန်ကြောင့် ဖြစ်ပေါ်သည့် ရေလှိုင်းကို လိုက်၍စီးတတ်ကြသည်။ သင်္ဘောရပ်ပြီးနောက် လမ်းပြနှင့် ကျွန်ုပ်တို့သည် မြစိမ်းရောင် ပင်လယ်ရေပြင်ထဲသို့ သတိကြီးစွာဖြင့် လျှောဆင်းကြသည်။ ရေထဲတွင် လင်းပိုင်အရိုင်းတို့သည် ကျွန်တော်တို့နှင့်အတူ ရေကူးကြသည်။
ကျွန်ုပ်တို့၏ ပတ်ပတ်လည်တွင် ကျောဆူးတောင်များ ဝိုင်းရံနေသဖြင့် မည်သည့်နေရာကို ဦးစွာကြည့်ရမည် မသိဖြစ်နေသည်။ ကျွန်ုပ်သည် အသက်ကို တဝကြီးရှူပြီးနောက် ကျွန်ုပ်အောက်တွင် လှုပ်ရှားနေသည့် မီးခိုးရောင် ပုံသဏ္ဌာန်ကြီးကို စိတ်အားတင်း၍ ရင်သပ်ရှုမောဖွယ် ငေးမောကြည့်လိုက်မိသည်။ လင်းပိုင်တစ်ကောင်က ကျွန်တော့်ကို စစ်ဆေးသည့်အနေနှင့် ရေနက်ပိုင်းမှ ပေါ်လာပြီးနောက် အသာကလေး လူးလှိမ့်၍ အပေါ်သို့ တက်သွားသဖြင့် ဗိုက်သားဖြူဖြူကို လှစ်ဟပြသွားသည်။ လင်းပိုင်တို့သည် ခပ်လှမ်းလှမ်းတွင် ရှိကြသော်လည်း ၎င်းတို့၏ ဆိုနာလေချွန်သံများကို ကောင်းစွာကြားနိုင်သည်။ လင်းပိုင်တို့
၏ လေချွန်သံကိုတု၍ ကျွန်ုပ် အသံပြုကြည့်သော်လည်း ၎င်းတို့သည် မသိကျိုးကျွန်ပြုလျက် ဝေးရာသို့ ထွက်သွားပြီးနောက် ကျွန်ုပ်တို့နှင့် ကူးခတ်ရန်အတွက် နောက်တစ်ကျော့ ပြန်လှည့်လာသည်။အစာဖမ်းခြင်းနှင့် ဆော့ကစားခြင်း
ကျွန်ုပ်တို့ သင်္ဘောပေါ် ပြန်ရောက်ပြီးနောက် ကျွန်ုပ်တို့၏သင်္ဘောသည် လင်းပိုင်များနောက်ကိုလိုက်၍ အရိပ်အာဝါသကောင်းသော ပင်လယ်အော်တစ်ခုသို့ ရောက်သွားသည်။ ဤနေရာတွင် မရေတွက်နိုင်လောက်အောင်များသော လင်းပိုင်များ ရေထဲမှခုန်ပျံ၍ ရေထဲသို့ တဗွမ်းဗွမ်း ပြန်ကျသွားသည်ကို ကျွန်ုပ်တို့ တွေ့မြင်ရသည်။ အမှန်ဆိုရလျှင်၊ ၎င်းတို့သည် အစာ ဖမ်းစားနေခြင်းဖြစ်သည်။ ၎င်းတို့၏အစာထဲတွင် ပြည်ကြီးငါးများ၊ ရိုးရိုးငါးများနှင့် အခွံမာ ရေနေသတ္တဝါများ ပါဝင်သည်။ အစာဖမ်းနည်း သင်တန်းပေးနေသည့် အသွင်တစ်မျိုးကိုပင် ကျွန်ုပ်တို့ တွေ့လိုက်ရသည်။ မိခင်လင်းပိုင်က မိမိ၏ ဆိုနာအသံဖြင့် ငါးလေးတစ်ကောင်ကို သတိလစ်သွားစေပြီးနောက် လင်းပိုင်သားငယ်က အမြီးဖြင့်ရိုက်ပုတ်၍ ဖမ်းရန်ကြိုးစားသည်။ လင်းပိုင်သားငယ်လေးသည် နောက်ထပ် လေ့ကျင့်ရန် လိုနေသေးပုံပေါက်သည်။
လင်းပိုင်တို့သည် တစ်နေကုန်နီးပါး ရင်းရင်းနှီးနှီး ရောနှောပေါင်းသင်း ဆော့ကစားကြသည်။ လင်းပိုင်တစ်ကောင်က ကျွန်ုပ်တို့ရှေ့မှ ညက်ညောစွာ ရွေ့လျားသွားရာ၌ ကျောဆူးတောင်တွင် ငြိနေသည့် ပင်လယ်ရေညှိများကို ဝင့်ကြွားစွာ ပြသသွားသည်။ ပင်လယ်ရေညှိသည် လင်းပိုင်များ အကြိုက်ဆုံး ကစားစရာဖြစ်ကြောင်း ကျွန်ုပ်တို့၏လမ်းပြက ရှင်းပြသည်။ ပင်လယ်ရေညှိကို ၎င်းတို့၏ ဆူးတောင်၌ဖြစ်စေ၊ နှုတ်သီး၌ဖြစ်စေ တင်၍ အချိန်ကြာမြင့်စွာ ကစားကြသည်။ တစ်ကောင် ကစားပြီးနောက် နောက်တစ်ကောင်က ၎င်းရေညှိကိုယူ၍ တစ်လှည့်ကစားပြန်သည်။
‘အသံ ရုပ်ပုံ’
လင်းပိုင်တို့သည် ၎င်းတို့၏ ရေအောက်ဝန်းကျင်ကို ပိုမို တိကျမှန်ကန်စွာ “မြင်” နိုင်ရန်အတွက် ပဲ့တင်ညွှန်ပြခြင်း (echolocation) သို့မဟုတ် ဆိုနာ (sonar) စနစ်တစ်မျိုးကို အသုံးပြုသည်။ ၎င်းစနစ်မှာ နှုန်းလွန်အသံလှိုင်း ဓာတ်မှန် (ultrasound scan) ၌သုံးသည့် လှိုင်းနှုန်းမျိုးနှင့် ဆင်တူသည့် လှိုင်းနှုန်းကို အသုံးပြုသည်။ လင်းပိုင်တို့သည် တချက်ချက်မြည်သံများကို ထုတ်လွှတ်၍ ပြန်လည်လက်ခံရရှိသည့် “ရုပ်ပုံများ” က ၎င်းတို့၏အစာနှင့် စိတ်ဝင်စားသည့် အခြားအရာများ—ကျွန်ုပ်တို့ အပါအဝင်—ကိုတွေ့မြင်စေသည်။ လင်းပိုင်တို့သည် လူ့စကားသံထက် လှိုင်းကြိမ်နှုန်း ဆယ်ဆမြင့်၍ လေးဆခွဲ ပို၍မြန်သည့်နှုန်းဖြင့် ထုတ်လွှင့်သည့် စူးရှသော လေချွန်သံများကို အသုံးပြုလျက် တစ်ကောင်နှင့်တစ်ကောင် ဆက်သွယ်ကြသည်။ လင်းပိုင်တို့သည် ကျွန်ုပ်တို့သိရှိသည့် ဘာသာစကား တစ်မျိုးမျိုးကို အသုံးပြုမည့်အစား ‘အသံ ရုပ်ပုံများ’ ကိုဖန်တီးကြသည်ဟု ယူဆရသည်။
လင်းပိုင်အကြောင်း လေ့လာစရာ များစွာ ကျန်ရှိသေးသည်မှာ သိသာထင်ရှားသည်။ တစ်နေ့သောအခါ သူတို့အကြောင်း၊ သူတို့ မည်သို့ စဉ်းစားသည်၊ ကျွန်ုပ်တို့အပေါ် မည်သို့မြင်သည် အစရှိသည့်အကြောင်းများကို အပြည့်အဝ နားလည်လာဖွယ်ရှိသည်။ ကျွန်ုပ်တို့သည် ရင်ထဲ၌ ရင်သပ်ရှုမော အံ့သြခြင်း၊ ချစ်ခင်တွယ်တာခြင်း အပြည့်နှင့် မြူအတိ ဖုံးလွှမ်းသော ကျောက်ကမ်းပါးနှင့် ဖြူလွှလွှ သဲသောင်ကမ်းခြေနှင့်အတူ သာယာလှပ၍ လူသူကင်းဝေးသော ၎င်းပင်လယ်အော်ကို လင်းပိုင်များ ပျော်မြူးရာအဖြစ် ထားရစ်၍ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ၎င်းသတ္တဝါများနှင့်ပတ်သက်သည့် အချက်အလက်အသစ်များကို တွေ့ရှိခဲ့ရသည့်အပြင် ၎င်းတို့ကိုဖန်ဆင်းသည့် အရှင်အပေါ်၌လည်း ခန့်ညားလေးစားခြင်း တိုးလာခဲ့သည်။—ဗျာ. ၄:၁၁။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 နယူးဇီလန်သို့ ရံဖန်ရံခါ ရောက်ရှိလာတတ်သော အခြားမျိုးစိတ်များမှာ သဲနာရီ လင်းပိုင် (hourglass dolphin) နှင့် တောင်ပိုင်းမှ ဆူးတောင်မဲ့ ဝေလငါး လင်းပိုင်မျိုးတို့ဖြစ်သည်။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
အကောင်ပေါက်ကို ကျွေးမွေးသုတ်သင်ခြင်း
လင်းပိုင်သည် ငါးမဟုတ်၊ နို့တိုက်သတ္တဝါ ဖြစ်သည်။ ထို့ကြောင့် လင်းပိုင်အကောင်ပေါက်တို့သည် မိခင်နို့ရည်ကို သောက်စို့ကြသည်။ နို့တိုက်ကျွေးသည့်ကာလ သုံးနှစ်ကျော်အတွင်း သားငယ်အား ဘဝရှင်သန် ရပ်တည်ရေးအတွက် လိုအပ်သည့်အရာများကို သင်ကြားပေးသည်။ သာဓကအားဖြင့် ပဲ့ထင်ညွှန်ပြခြင်း သို့မဟုတ် ဆိုနာစနစ်ကို အသုံးပြုနည်းအပြင် “ဝါကျ” တိုင်း၏အဆုံးတွင် ခြားနားသိသာသော “ကိုယ်ပိုင်လက္ခဏာ” ကို မည်သို့အသံပြုရမည် စသည်တို့ကို သင်ကြားပေးသည်။ အစာရှာနည်း၊ မိတ်လိုက်နည်းနှင့် အခြားလင်းပိုင်တို့နှင့် အပြန်အလှန် တုံ့ပြန်နည်းတို့ကိုလည်း သင်ကြားပေးသည်။
လင်းပိုင်အကောင်ပေါက်သည် မိခင်၏ဗိုက်ထဲ၌ ခေါက်လျက်အနေအထားနှင့်ရှိပြီး မွေးဖွားသည့်အချိန်တွင် အမြီးပိုင်းက ဦးဆုံးထွက်လာသည်။ မွေးကင်းစ အကောင်ပေါက်များ၌ မိခင်ဗိုက်ထဲရှိစဉ်က ခေါက်နေခဲ့သည့်နေရာကို အထင်အရှား ဖော်ပြသည့် ဒေါင်လိုက်မျဉ်းများကို တွေ့နိုင်သည်။ အကောင်ပေါက်သည် မိခင်နှင့်အတူ ရေကူးရင်း နို့စို့သည်။ မိခင်ဖြစ်သူ ရေကူးခြင်းမှဖြစ်ပေါ်သည့် ဟိုက်ဒရိုဒိုင်နမစ် အကျိုး (hydrodynamic effects) ကိုအမှီပြု၍ ဤသို့ပြုလုပ်နိုင်ခြင်းဖြစ်သည်။
[Credit Line]
© Jeffrey L. Rotman/CORBIS
[စာမျက်နှာ ၁၉ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
နယူးဇီလန်
ကျွန်းပင်လယ်အော်
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ပုလင်းနှာခေါင်း လင်းပိုင်
[Credit Line]
© Jeff Rotman
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဟက္ကတာ လင်းပိုင်
[Credit Line]
Mark Jones
မည်းကြုတ်သော လင်းပိုင်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ရိုးရိုးလင်းပိုင်
[Credit Line]
© R.E. Barber/Visuals Unlimited