ဗလုံလေးများ၏ နောက်ကွယ်မှ လျှို့ဝှက်ချက်
ဗလုံလေးများ၏ နောက်ကွယ်မှ လျှို့ဝှက်ချက်
ပြင်သစ်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
ကမ္ဘာတစ်ဝန်းတွင် ပြင်သစ်ရှမ်ပိန်ဝိုင်သည် ပျော်ပွဲရွှင်ပွဲ အခမ်းအနားနှင့် မင်္ဂလာပွဲခံခြင်းတို့နှင့် ခွဲမရအောင် ဆက်နွှယ်လျက်ရှိသည်။ အမှန်အားဖြင့် ဤယမကာကို ထူးခြားသည့် သွင်ပြင်လက္ခဏာ ဆောင်စေသော အမြှုပ်တစီစီတက်သည့် ဗလုံလေးများသည် ပျော်ရွှင်ဖွယ် အခါသမယများစွာ၏ ဝိသေသလက္ခဏာပင်ဖြစ်သည်။
ရှမ်ပိန်ဝိုင်ကို ဒွမ် ပေရီးညေိုာင်က တီထွင်ထုတ်လုပ်ခဲ့သည်ဟု လူအများက ဂုဏ်ပြုမှတ်တမ်းတင်ကြသည်။ မည်သို့ပင်ဆိုစေ၊ သူသည် ဤဝိုင်၏ အရည်အသွေးကို တိုးတက်ကောင်းမွန်အောင် အမှန်ပင် လုပ်ဆောင်ပေးခဲ့သည်။ စိန့် ဘဲန်းနဒစ် ဂိုဏ်းဝင်ဖြစ်သော ဤခရစ်ယာန်ဘုန်းတော်ကြီးသည် (ပြင်သစ်ပြည် ရှမ်ပိန်ဒေသ၏ အလယ်ဗဟို၌) တည်ရှိသော ဟော်ဗီးလ်လာ ကျောင်းတိုက်၏ စပျစ်ဝိုင်ထားရာ မြေအောက်ခန်းကို ၁၆၆၈ ခုနှစ်မှ ၁၇၁၅ ခုနှစ်၊ ကွယ်လွန်ချိန်အထိ တာဝန်ယူထိန်းသိမ်းခဲ့သည်။ ယနေ့ထက်တိုင် ရှမ်ပိန်ဝိုင် ပြုလုပ်ရာ၌ အသုံးပြုသည့် နည်းနိဿယ များစွာအတွက် အချို့သူတို့က ဒွမ် ပေရီးညေိုာင်အား ဂုဏ်ပြုမှတ်တမ်းတင်ကြသည်။
အမြှုပ်ဗလုံစီထသော ဤဝိုင်ကို ပထမဦးဆုံး စိတ်ဝင်စားသူတို့မှာ ဗြိတိသျှပြည်သူတို့ ဖြစ်သော်လည်း ၁၈ ရာစုနှစ်တွင် ပြင်သစ် မင်း မိဖုရား မှူးကြီးမတ်ရာ သေနာပတိတို့က အကောင်းတကာ့ အကောင်းဆုံးဖြစ်သော ဤယမကာကို တွေ့ ရှိလာကြသည်။ သို့ရာတွင် ဂရုပြုသင့်သည့်အချက်မှာ ပြင်သစ်ပြည် ရှမ်ပိန်ဒေသမှထွက်ရှိသည့် ဝိုင်ကိုမှ ရှမ်ပိန်ဝိုင်အစစ်ဟု ခေါ်ဆိုသတ်မှတ်ကြသည်။ ယင်းဝိုင်ကိုပြုလုပ်သည့် စပျစ်သီးပင်လျှင် ထိုဒေသထွက် စပျစ်သီးများ ဖြစ်ဖို့လိုသည်။
ရှမ်ပိန်ဒေသ၏ အောက်ခံမြေလွှာသည် ပေ ၃၃၀ အနက်အထိ ထုံးကျောက်များဖြစ်ပြီး အပေါ်ယံတွင် ပါးလွှာသည့် နုန်းမြေတစ်လွှာ ဖုံးအုပ်လျက်ရှိသည်။ * ထူးခြားသော ဤအင်္ဂါရပ်က အမြဲတမ်း စိုထိုင်းမှု ဖြစ်စေသည့်အပြင် ညဘက်တွင် မြေကြီးသည် နေ့ဘက်က စုပ်ယူစုဆောင်းထားသည့် အပူကို ထုတ်လွှတ်သည်။ ထို့အပြင် စပျစ်ပင်များသည် မြေကြီးထဲသို့ ပေ ၃၀ မက အနက်ထိ အမြစ်ဆင်းခြင်းဖြင့် ယင်းဝိုင်၏ ကောင်းခြင်းလက္ခဏာ အဖြာဖြာအတွက် မရှိမဖြစ်လိုအပ်သည့် သတ္တုဓာတ်များကို လွယ်လင့်တကူ စုပ်ယူစေနိုင်သည်။
ရှမ်ပိန်ဟု အမည်တွင်သော ထိုဒေသသည် ဧက ၉၀,၀၀၀ ခန့်ကျယ်ဝန်း၍ စပျစ်ခြံများက ခန့်မှန်းခြေအားဖြင့် ဧက ၇၀,၀၀၀ ခန့်နေရာယူထားသည်။ ၁၉၈၅ ခုနှစ်တွင် အပူချိန် သုညအောက် ၂၂ ဒီဂရီ ဖာရင်ဟိုက်အထိ ကျဆင်းခဲ့သဖြင့် နှင်းခါးရိုက်၍ အပင်များ ပျက်စီးခဲ့သကဲ့သို့ ပျက်စီးမှုနည်းပါးစေရန်အတွက် စပျစ်ပင်များကို တောင်စောင်းများ၏ အမြင့်ပိုင်းတွင် စိုက်ပျိုးကြသည်။ စိုက်ပျိုးသည့် စပျစ်သီး အမျိုးအစား သုံးမျိုးမှာ အနက်ရောင် စပျစ်သီးများဖြစ်ကြသည့် ပီနိုး မြူညား (Pinot Meunier) နှင့် ပီနိုး နဝါး (Pinot Noir) နှင့် အဖြူရောင် စပျစ်သီးဖြစ်သည့် ရှားဒန်းနေး (Chardonnay) တို့ဖြစ်ကြသည်။ *
အမြှုပ်နည်းသော စပျစ်ဝိုင်
ဆွတ်ခူးလာသည့် စပျစ်သီးများကို ၎င်းတို့၏အခွံမှ အရောင်များ အရည်ထဲသို့ ရောနှော၍ ပါမသွားစေရန် ကြီးမား၍ ဇောက်တိမ်သော အရည်ညှစ်စက်များအတွင်းသို့ ချက်ချင်းထည့်၍ အရည်ညှစ်ယူသည်။ စပျစ်သီး လေးတန်ကို ပထမအကြိမ် ညှစ်ယူရာ၌ ထွက်ရှိသည့် ကူဗေး (cuvée) ၅၄၀ ဂါလံကို အကောင်းဆုံးဝိုင် ပြုလုပ်ရန်အတွက်သာ အသုံးပြုသည်။ နောက်ထပ်နှစ်ကြိမ် ညှစ်ယူသည့်အခါ အရည်အသွေးညံ့သည့် စပျစ်ရည် ၁၁၀ ဂါလံနှင့် ၅၄ ဂါလံ အသီးသီး ထွက်ရှိသည်။ ၎င်းနောက်ပိုင်း ထွက်ရှိသည့် စပျစ်ရည်သည် ရှမ်ပိန်အစစ် မဟုတ်တော့ပေ။
ဝက်သစ်ချစည် သို့မဟုတ် သတ္တုစည်များအတွင်း၌ တဆေးများသည် တိတ်ဆိတ်စွာဖြင့် သီတင်းပတ်အတန်ကြာ ၎င်းတို့၏အလုပ်ကို လုပ်ဆောင်ကြသည်။
အဏုဇီဝရုပ်များသည် အရည်ထဲမှ သကြားများကို စားသောက်၍ စွန့်ပစ်ပစ္စည်းများအဖြစ် အရက်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်လုပ်ကြသည်။ ဤပထမအကြိမ် ကဇော်ဖောက်ခြင်းသည် ကျန်အခြားဝိုင်များ ကဇော်ဖောက်သကဲ့သို့ပင်ဖြစ်သည်။ ဤနည်းဖြင့် အမြှုပ်နည်းသော စပျစ်ဝိုင်ကို ရရှိသည်။ နောက်တစ်ဆင့်အနေနှင့် ဤထူးကဲသော စပျစ်ဝိုင်ကို အမြှုပ်တစီစီထသော အနံ့အရသာထူးကဲသည့် ယမကာအဖြစ်သို့ ပြောင်းလဲစေသည်။အမြှုပ်နည်းသော စပျစ်ဝိုင်ထဲ၌ပါဝင်သည့် သကြားဓာတ်ကို တိုင်းတာ၍ တစ်ကွတ်လျှင် တစ်အောင်စနှုန်းခန့် (စပျစ်ရည် ၁ ပိဿာလျှင် သကြား ၂ ကျပ်ခွဲသားခန့်) ရှိလာအောင် စပျစ်ဝိုင်အဟောင်းတွင် ဖျော်ထားသော ကြံသကြားပါဝင်သည့် အရက်ချိုပြင်းကို ထည့်ပေးသည်။ ထို့နောက် ရရှိလာသည့် စပျစ်ဝိုင်ကို ပုလင်းထဲထည့်၍ ယာယီအဆို့ဖြင့် ပိတ်ထားလိုက်သည်။ ဤပုလင်းတို့ကို လအတန်ကြာအောင် ၅၀ ဒီဂရီ ဖာရင်ဟိုက်ရှိသည့် မြေအောက်ခန်းတွင် လှဲလျက်အနေအထားဖြင့် အစီအရီဆင့်ထားသည်။ ဤကာလအတွင်း တဆေးသည် သကြားကို တဝစားခြင်းဖြင့် တဖြည်းဖြည်းနှင့် ဒုတိယအကြိမ် ကဇော်ဖောက်ခြင်း စတင်သည်။ အဏုဇီဝရုပ်များသည် နောက်တစ်ကြိမ် သကြားကို စားခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် ပိုမိုထုတ်လုပ်ကြသည်။ သို့သော် ဤတစ်ကြိမ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်သည် စည်အတွင်း ရှိစဉ်ကကဲ့သို့ အပြင်သို့ စိမ့်မထွက်နိုင်ဘဲ ပုလင်းအတွင်း၌ ပိတ်မိနေသဖြင့် တွန်းကန်အားသည် တဖြည်းဖြည်းနှင့် သဘာဝလေထုဖိအား၏ ခြောက်ဆဖြစ်လာသည်။ အဆို့ ဖွင့်လိုက်သည့်အခါ ငါးလီတာ ခြောက်လီတာမျှသော ဓာတ်ငွေ့များထွက်လာသဖြင့် သန်းပေါင်းများစွာသော လင်းလက်သည့် ဗလုံလေးများကို ဖြစ်ပေါ်စေသည်။
ထိုမျှလောက်သော တွန်းကန်အားကို ခံနိုင်ရန်အတွက် ပုလင်းများသည် ခိုင်ခံ့မှု ရှိရမည့်အပြင် လုံလုံခြုံခြုံ ပိတ်ဆို့ထားဖို့လည်း လိုအပ်သည်။ ရှေးယခင်က ဤပြဿနာသည် ထုတ်လုပ်သူတို့အတွက် အတော်အတန် အကျပ်ရိုက်သည့် ကိစ္စဖြစ်ခဲ့သည်။ သာဓကအားဖြင့် စပျစ်ဝိုင် အတ္ထုပ္ပတ္တိ စာအုပ်တွင် စာရေးသူ ဟျူး ဂျွန်ဆင်က ၁၉ ရာစုနှစ် အကုန်ပိုင်းတွင် “ပေါက်ကွဲလွင့်စင်လာသည့် ဖန်စများမှ မျက်နှာကို အကာအကွယ်ပေးသည့် သတ္တုမျက်နှာဖုံး မပါဘဲ ရှမ်ပိန်ဝိုင်ထားရာ မြေအောက်ခန်းအတွင်းသို့ အရဲစွန့်၍ ဝင်ရောက်ခြင်းသည် အလွန်ပင် ဉာဏ်အမြော်အမြင်မဲ့သည်။ အထူးသဖြင့် နွေဦးရာသီတွင်ဖြစ်သည်“ ဟုဖော်ပြထားသည်။
သို့သော်လည်း ရှမ်ပိန်ဝိုင် ပြုလုပ်မှုသည် ဤမျှနှင့် မပြီးသေးပါ။ စပျစ်ဝိုင်ကို နောက်ကျိစေတတ်သော သေဆုံးသွားသည့် တဆေးဆဲလ်များနှင့် ဓာတ်ဆားများ စုပုံဖြစ်ပေါ်သည့် အနည်အနှစ်ကို ဖယ်ရှားပစ်ရဦးမည်။ ဤအလုပ်သည် ထုံးစံအတိုင်း ပုလင်းလှည့်သူများဖြစ်သည့် remueurs တို့၏အလုပ်ဖြစ်သည်။ ပုလင်းလှည့်သူတို့က ပုလင်းလည်ပင်းကို အောက်ဘက်သို့ တစ်ပတ်၏ ရှစ်ပုံတစ်ပုံမှ လေးပုံတစ်ပုံအထိ အဆင့်ဆင့် နေ့စဉ် စောင်းပေးကြသည်။ အချို့လုပ်သားများသည် တစ်နာရီလျှင် ပုလင်း ၁၀,၀၀၀ အထိ လှည့်နိုင်သည်။ သာမန် ရှမ်ပိန်ဝိုင်အတွက်မူ ဤအလုပ်ကို တစ်စတစ်စနှင့် စက်များဖြင့် အစားထိုး လုပ်ကိုင်လာကြသည်။
အပြီးသတ် အနုစိတ် မွမ်းမံမှု
နောက်ဆုံးတွင် အနည်အနှစ်များသည် ပုလင်းလည်ပင်းတွင် စုလာကြသည်။ ယင်းကို dégorgement (အန်ထုတ်ခြင်း) ခေါ် နည်းစနစ်ဖြင့် ဖယ်ထုတ်သည်။ ပုလင်းကို ဇောက်ထိုးကိုင်၍ ပုလင်းလည်ပင်းကို သုညအောက် ၁၇ ဒီဂရီ ဖာရင်ဟိုက်ရှိသည့် ဆားပျော်ရည်တွင် စိမ်ထားသည်။ ထိုနောက် ပုလင်းကို အမြန်ဖွင့်လိုက်သည့်အခါ အတွင်းတွန်းကန်အားက အေးခဲနေသည့် အနည်အနှစ်ကို အပြင်သို့ တွန်းထုတ်ပစ်လိုက်သည်။ ထွက်သွားသည့် ပမာဏကို ဖြည့်စွက်သည့်အနေနှင့် အရက်ချိုပြင်းအသစ်ကို ပြန်ဖြည့်ပေးသည်။ ရှမ်ပိန်ဝိုင်သည် သုံးစွဲသူတို့၏ အကြိုက်ကိုလိုက်၍ ချိုပေါ့ဝိုင်၊ ချိုမြမြဝိုင်နှင့် ဝိုင်ချိုဟူ၍ ပါဝင်သည့်သကြားဓာတ်က သတ်မှတ်ပေးသည်။ ယခုသော် နောက်ဆုံးအနေနှင့် ဝိုင်ပုလင်းများကို အထူးပြုလုပ်ထားသည့် ဖော့ဆို့ဖြင့် အလုံပိတ်သည်။ ၎င်းဖော့ဆို့များသည် တဖြည်းဖြည်းနှင့် ရှမ်ပိန်ဝိုင်၏ ဝိသေသလက္ခဏာ တစ်ခုဖြစ်သည့် ထူးခြားသော မှိုပွင့်သဏ္ဌာန် ဖြစ်လာကြသည်။
ဖော့ဆို့များကို အသေအချာ ခိုင်ခိုင်မြဲမြဲ ပိတ်ဆို့ထားရန်လိုသည်။ အစပိုင်း၍ ပိုက်ဆံလျှော်ကြိုးကို အသုံးပြုခဲ့ရာ၌ မြေအောက်ခန်းများ၏ စိုထိုင်းမှုကြောင့် ကြိုးများဆွေးမြေ့တတ်သဖြင့် မအောင်မြင်ခဲ့ချေ။ ၎င်းနောက် ရိုးရိုး သတ္တုနန်းကြိုးကို အသုံးပြုခဲ့သော်လည်း သံချေးတက်သဖြင့် ဖော့ဆို့ကို ပြတ်တောက်စေသည်။ နောက်ဆုံး၌ စိတ်ကူးနောက်တစ်မျိုး ရလာသည်– ဖော့ဆို့အပေါ်တွင် သတ္တုအဖုံးအုပ်၍ လွန်းတင်ထားသည့် နန်းကြိုးအစွပ်ဖြင့် နေသားကျအောင် ထိန်းထားသည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ ကျော်အတွင်း ပုလင်းများကို ဤနည်းဖြင့် အလုံပိတ်ခဲ့ကြသည်။ နောက်ဆုံးအနေနှင့် သတ္တုလွှာအကွပ်ကွပ်၍ အလှတန်ဆာဆင်ပေးသည့် အမှတ်တံဆိပ် ကပ်ပေးသည်။
မနာလိုစရာ ယမကာ
စပျစ်ဝိုင်ပြုလုပ်သည့် ဒေသများစွာသည် အလားတူသော အမြှုပ်ဗလုံစီထသည့် စပျစ်ဝိုင်များကို နည်းလမ်းရှာကြံ ထုတ်လုပ်လာခဲ့ကြသည်။ သို့ရာတွင် ထုတ်လုပ်ပုံ နည်းစနစ်ချင်း တူသည့်တိုင်အောင် ၎င်းပစ္စည်းကို အမြှုပ်ဗလုံစီထသော စပျစ်ဝိုင်ဟုသာ ခေါ်နိုင်သည်။ ရှမ်ပိန်ဝိုင်ဟု ခေါ်၍မရပေ။ ရှမ်ပိန်ဟူသောအမည်ကို မှတ်ပုံတင်ထား၍ဖြစ်သည်။ များမကြာမီက ပြင်သစ် ဖက်ရှင် ပုံစံထုတ်သူတစ်ဦးက ရှမ်ပိန်ဟုခေါ်သည့် ရေမွှေးတစ်မျိုးကို ဖြန့်ချိလိုက်သည့်အခါ တရားစွဲခံခဲ့ရသည်။ အယ်လ်ဒါပန်းဖြင့် ပြုလုပ်၍ ရှမ်ပိန်ပုလင်းနှင့်တူသည့် ပုလင်းဖြင့်ထည့်ကာ အယ်လ်ဒါပန်း ရှမ်ပိန် အမည်ပေးထားသည့် ယမကာတစ်မျိုးကို ဈေးကွက်တင်ရောင်းချသည့် အင်္ဂလိပ်လူမျိုးတစ်ဦးလည်း အလားတူဖြစ်ရပ်မျိုး ကြုံတွေ့ ခဲ့ရသည်။
စီးပွားရေးလုပ်ငန်း အများနည်းတူ ရှမ်ပိန်လုပ်ငန်းသည်လည်း စီးပွားရေး အကျပ်အတည်းနှင့် ကြုံတွေ့ ခဲ့ရသည်။ ၁၉၈၉ ခုနှစ်တွင် ပုလင်းပေါင်း ၂၄၉ သန်းအထိ စံချိန်တင် ထုတ်လုပ်ပြီးနောက် ရောင်းအား ကျဆင်းခဲ့သဖြင့် များစွာပိုလျှံခဲ့သည်။ ယနေ့တွင် စပျစ်သီး စိုက်ပျိုးသူတို့က အရည်အသွေးကို ဦးစားပေးသည့်အနေနှင့် ထုတ်လုပ်မှုကို ကန့်သတ်ထားကြသည်။
အလင်းရောင်မရှိ၊ အပူချိန် အပြောင်းအလဲမရှိသည့် နေရာ၌ ရှမ်ပိန်ဝိုင်ကို နှစ်အနည်းငယ်ကြာအောင် သိုလှောင်ထားနိုင်သော်လည်း ထုတ်လုပ်သည့် ကုမ္ပဏီက နှစ်ချို့ခံပြီးသားဖြစ်သည်။ ထို့ကြောင့်၊ ရှမ်ပိန်ဝိုင်ကို ဝယ်ပြီးသည်နှင့် သောက်သုံးနိုင်သည်။ မည်သို့ တည်ခင်းသင့်သနည်း။ ရှမ်ပိန်ဝိုင်ကို ၄၃ နှင့် ၄၈ ဒီဂရီ ဖာရင်ဟိုက်ရှိအောင် အအေးခံသင့်သည်။ အကောင်းဆုံးနည်းမှာ ရေနှင့် ရေခဲတုံးလေးများ ထည့်ထားသည့် ပုံးတစ်ခုထဲ ပုလင်းကို စိမ်ထားခြင်းဖြစ်သည်။ ၎င်းနောက် ရှည်မျောမျော ဖန်ခွက်ထဲ ငှဲ့ထည့်ခြင်းဖြင့် အမြှုပ်ဗလုံစီများ တက်လာသည်ကို ဝင့်ကြွားသည့်ပီတိဖြင့် ခံစားနိုင်ပေသည်။
ဗလုံလေးများ၏ လျှို့ဝှက်ချက်ကို ယခု ဖော်ထုတ်ပြီးဖြစ်ရာ သင့်အနေဖြင့် အနံ့အရသာနှင့် ပြည့်စုံသော ဤယမကာကို မြည်းစမ်းရန် အခွင့်အရေး ကြုံလာခဲ့သော် ယင်းကိုထုတ်လုပ်ရာ၌ လူတို့စိုက်ထုတ်ခဲ့သည့် လုံ့လဝီရိယကို သတိရလျက် သန်းပေါင်းများစွာသော ဤဗလုံလေးများ၏ သာယာကြည်နူးမှုကို နှစ်ခြိုက်စွာ ခံစားပါလေ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 6 ထိုဒေသမှ ထုံးကျောက်မြေသည် စုစုပေါင်းမိုင် ၁၅၀ ကျော်ရှည်လျားသည့် စပျစ်ဝိုင်ထားရာ မြေအောက်ခန်းများ တူးဖော်ရာ၌လည်း လွယ်ကူလှသည်။ ထိုအခန်းများ၏ အပူချိန်သည် ၅၀ ဒီဂရီ ဖာရင်ဟိုက်တွင် အမြဲရှိနေရသည်။ ရင်းမ်စ်ဒေသတွင် ယခုလက်ရှိ အသုံးပြုနေသည့် မြေအောက်ခန်း အများစုမှာ ရှေးရောမ ကျောက်မိုင်းများ၏ အကြွင်းအကျန်များ ဖြစ်ကြသည်။
^ အပိုဒ်၊ 7 ထင်ရှားကျော်ကြားသော Blanc de Blancs (အဓိပ္ပာယ်မှာ အဖြူတကာ့ အဖြူ) ကဲ့သို့သော ရှမ်ပိန်အချို့တို့သည် အေပါနာမြို့တောင်ဘက် ကော့ဒေးဘလန် ဒေသထွက် ရှားဒန်းနေး စပျစ်သီး သက်သက်ဖြင့် ပြုလုပ်ကြသည်။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ရှားဒန်းနေး
ပီနိုး နဝါး
ပီနိုး မြူညား
[Credit Lines]
Photo DUBOIS-Collection C.I.V.C.
Photo collection C.I.V.C.
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
၁ စပျစ်သီးများကို ဂရုတစိုက် လက်ဖြင့် ဆွတ်ခူး၍ စက်အားသုံးညှစ်စက်ဖြင့် အရည်ညှစ်ယူသည်
၂ ဝက်သစ်ချစည်များအတွင်း တဆေးများ သီတင်းပတ်အတန်ကြာ ကဇော်ဖောက်ပေးသည်
၃ ဝိုင်ပုလင်းများကို ဒုတိယအကြိမ် ကဇော်ဖောက်ရန် စင်များပေါ်တွင် သိုလှောင်ထားသည်
၄ “အန်ထုတ်ခြင်း” ခေါ် နည်းစနစ်တွင် အနည်အနှစ်များကို ပုလင်းထဲမှ ပွင့်ထွက်စေသည်
[Credit Lines]
Photo M. HETIER-Collection C.I.V.C.
Photo collection C.I.V.C.