မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမြွှာမျှော်စင် ပြိုကျသွားသော ထိုတစ်နေ့

အမြွှာမျှော်စင် ပြိုကျသွားသော ထိုတစ်နေ့

အမြွှာ​မျှော်စင် ပြိုကျ​သွားသော ထို​တစ်နေ့

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ​လ ၁၁ ရက်​နေ့တွင် နယူးယောက်​မြို့၊ ဝါ​ရှင်​တန်၊ ဒီ.စီ. နှင့် ပဲ​င်​စီ​လ်​ဗေး​နီး​ယား​တို့​တွင် ဖြစ်ပွား​ခဲ့​သည့် ဖြစ်ရပ်​များသည် ကမ္ဘာ့​ပြည်သူ သန်း​ကုဋေ​ပေါင်း​များစွာ​တို့၏ စိတ်​အစဉ်​တွင် မေ့ပျောက်​၍​မရနိုင်​အောင် စွဲမြဲ​စွာ ထင်ကျန်​နေ​ပေ​လိမ့်​မည်။ နယူးယောက်​မြို့မှ ကမ္ဘာ့​ကုန်သွယ်​ရေး ဗဟို​ဌာန​နှင့် ဝါ​ရှင်​တန်​မြို့မှ ပင်​တ​ဂွန် အ​တိုက်ခံ​ရသည့် သတင်းကို မြင်ရ ကြား​ရသည့် အချိန်၌ သင် အဘယ်​မှာ ရှိနေ​သနည်း။

များပြား​လှ​သည့် ပစ္စည်းဥစ္စာ​များ​အပြင် သာ၍​အရေးကြီးသော များပြား​လှ​သည့် လူ့​အသက်​ပေါင်း​များစွာ​ကို တစ်မုဟုတ်ချင်း မယုံကြည်​နိုင်​လောက်​အောင် လျင်မြန်​စွာ ဖျက်ဆီး​ပစ်လိုက်​သည့် ထို​ဖြစ်ရပ်​က လူသားတို့အား ခေတ္တ​ရပ်တန့်​၍ စဉ်းစားစရာ ဖြစ်စေ​ခဲ့​သည်။

ဘဝတွင် ကျွန်ုပ်​တို့၏ ဦးစားပေး​ရာ​များနှင့် ရွေးချယ်စရာ​များနှင့် ပတ်သက်​၍ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာများ ရရှိခဲ့ကြ​သနည်း။ ထို​ကြေကွဲဖွယ် အဖြစ်ဆိုး​များ​က လူသား​တို့၏ သာ၍​ကောင်းမြတ်သော အရည်အသွေးများ​ဖြစ်သည့် ကိုယ်ကျိုး​စွန့်​ခြင်း၊ အကြင်နာ​မေတ္တာ၊ ခံနိုင်ရည်​နှင့် ကိုယ်ကျိုးမဖက်​ခြင်း​တို့ကို မည်သို့ ရှေ့တန်း​သို့ ရောက်ရှိ​စေ​ခဲ့​သနည်း။ ဤ​ဆောင်းပါး​နှင့် နောက်​ဆောင်းပါး​တို့သည် ဤ​ဒုတိယ​မေးခွန်း​ကို ဖြေဆို​သွားပါ​မည်။

သေ​ဘေး​မှ လွတ်မြောက်​လာ​သူများ​၏ ပြောပြချက်​များ

နယူးယောက်​မြို့၌ ဖြစ်ပွား​သည့်​ကပ်ဘေး​ကြီး​နှင့် တစ်ဆက်​တည်း မြေအောက်​မီးရထားလမ်း​များ​ကို ပိတ်​လိုက်​သဖြင့် ထောင်ပေါင်း​များစွာ​သော လူတို့သည် အောက်ပိုင်း​မ​န်​ဟက်​တန်​မှ ခြေကျင်​ဖြင့် ထွက်ခွာ​ခဲ့​ကြသည်။ လူအများသည် ဘ​ရွတ်​က​လင်​နှင့် မ​န်​ဟက်​တန် တံတား​များ​ကို​ဖြတ်၍ ထွက်ခွာ​ခဲ့​ကြသည်။ ထို​သူတို့သည် ယေဟောဝါသက်သေ​များ​၏ ကမ္ဘာ့​ဌာနချုပ်​ရုံး​နှင့် စက်ရုံ​များ​ကို ကောင်းစွာ​မြင်တွေ့ရ​သည်။ ဘေးအန္တရာယ်​မှ ထွက်ပြေး​လာ​ကြ​သူ​အချို့​သည် ထို​အဆောက်အအုံ​များ​ဆီ​သို့ ဦးတည်​သွားခဲ့​ကြသည်။

သက်သေခံ​တစ်ဦး၏ သမီး​ဖြစ်သူ အေ​လီ​ရှား (ယာ​ပုံ) သည် ပထမဦးဆုံး ရောက်ရှိ​လာ​သည့်​အ​သုတ်​တွင် ပါဝင်​ခဲ့​သည်။ သူ့​တစ်ကိုယ်လုံး ဖုန်​နှင့်​ပြာ​များ​ဖြင့် အ​လိမ်း​လိမ်း​ပေကျံ​နေသည်။ * သူက ဤသို့​ပြောပြ​သည်– “ရထား​စီး​ပြီး အလုပ်ကို သွား​နေချိန်မှာ ကမ္ဘာ့​ကုန်သွယ်​ရေး ဗဟို​ဌာန​ကနေ မီးခိုး​တွေ ထွက်​နေတာကို မြင်​နေ​ရတယ်။ ဘေးအန္တရာယ်​ဖြစ်ပွား​ရာ ဒေသ​ကို ကျွန်မ ရောက်သွားတဲ့​အခါ နေရာတကာမှာ မှန်​စ​တွေ​နဲ့ ပြန့်ကျဲ​နေတယ်။ ပြီး​တော့ အပူရှိန်​ကိုလည်း သတိပြုမိတယ်။ လူတွေကလည်း ခြေဦး​တည့်​ရာ ပြေးလွှား​နေကြ​တယ်၊ ရဲတွေ​က အဲဒီ​အရပ်​ကနေ လူတွေကို ဘေးကင်း​ရာ​ပြောင်းရွှေ့​ဖို့ ကြိုးပမ်း​နေကြ​တယ်။ စစ်​မြေပြင်​တစ်ခု​လို ဖြစ်​နေတယ်။

“အနား​မှ​ရှိတဲ့ အဆောက်အအုံ​ကြီး​ထဲ​ကို ကျွန်မ ပြေးဝင်​ခိုလှုံ​လိုက်တယ်။ တစ်ဆက်​တည်း​မှာ တောင်ဘက်​မျှော်စင်​ကို ဒုတိယ​လေယာဉ် ဝင်​တိုက်​တဲ့​အခါ ပေါက်ကွဲ​သံ​ကြီး​ကို ကြား​လိုက်ရတယ်။ မြင်​လိုက်ရ​တဲ့ မြင်ကွင်းကတော့ ပြော​မပြ​နိုင်​လောက်​အောင်​ပါ​ပဲ၊ မည်းမှောင်​တဲ့ မီးခိုးလုံး​ကြီး​တွေ ဖုံးလွှမ်း​သွားတယ်။ ကျွန်မတို့ကို အန္တရာယ်​စက်​ကွင်း​ကနေ ထွက်ခွာ​ကြဖို့ လာ​ပြော​ကြ​တော့ ကျွန်မ​ဟာ အိစ်ထ်မြစ်​ကို​ဖြတ်ကူး​ပြီး ဘ​ရွတ်​က​လင်​ဘက်​ကို​သွားမယ့် ကူး​တို့​ပေါ်​ရောက်သွား​တယ်။ တစ်ဖက်​ကမ်း​ကို​ရောက်တော့ ကျွန်မ မော့ကြည့်​လိုက်တဲ့အခါ ‘ကင်းမျှော်စင်’ ဆို​တဲ့​ဆိုင်းဘုတ်​ကြီး​ကို လှမ်းမြင်​လိုက်တယ်။ အမေ့​ဘာသာရဲ့ ဌာနချုပ်​ပါ​လား! ကျွန်မ​လည်း မဆိုင်းမတွ​ဘဲ အဲဒီ​ရုံး​အဆောက်အအုံ​ဆီ​ကို ဦးတည်​သွားတော့တာပဲ။ ဒိ​ထက်​ကောင်း​တဲ့​နေရာ ရှိ​မှာ​မဟုတ်ဘူးဆိုတာ ကျွန်မ​သိလိုက်တယ်။ ကိုယ်လက် သုတ်သင်​သန့်ရှင်း​ပြီး​နောက် မိဘတွေ​ဆီ​ကို တယ်လီဖုန်း​ဆက်​ပြီး အကြောင်းကြား​နိုင်​ခဲ့တယ်။”

ဝဲ​င်​ဒဲလ် (ယာ​ပုံ) သည် မျှော်စင်​ကြီး​နှစ်ခု​ကြား​ရှိ မာ​ရ်ရိယတ် ဟိုတယ်​တွင် တံခါးဝ​မှ​ဧည့်ကြို​ဖြစ်သည်။ သူက ဤသို့​ပြောပြ​သည်– “ပထမ​ပေါက်ကွဲ​မှု ဖြစ်ပွား​တဲ့​အချိန်​မှာ ဧည့်သည်​စောင့်​ခန်း​မှာ ကျွန်တော် တာဝန်ကျ​နေတယ်။ ပတ်ပတ်လည်​မှာ အကျိုးအပဲ့ အစ​အ​န​တွေ ကျ​လာတာကို တွေ့ရ​တယ်။ လမ်း​တစ်ဖက်​ကို ကြည့်​လိုက်တဲ့အခါ​မှာ လူတစ်ယောက် တစ်ကိုယ်လုံး မီးလောင်​ပြီး လဲနေ​တာ​ကို တွေ့​လိုက်ရတယ်။ ကျွန်တော်​လည်း အပေါ်​အင်္ကျီ​နဲ့ ရှပ်အင်္ကျီ​ကို က​မ​န်း​က​တမ်း​ချွတ်​ပြီး မီးကို​ငြိမ်းသတ်​ဖို့ ပြေး​သွားတယ်။ လမ်းသွားလမ်းလာ​တစ်ဦး​က လာ​ကူညီ​ပေးတယ်။ မီးလောင်​တဲ့​လူရဲ့​ကိုယ်​ပေါ်မှာ ခြေအိတ်​နဲ့​ဖိနပ်​က​လွဲလို့ အဝတ်အစား​အားလုံး လောင်ကျွမ်း​သွားတယ်။ နောက်ကျ​တော့ မီး​သတ်​သမားများ ရောက်လာ​ပြီး ဆေး​ကုသ​ဖို့ ခေါ်ဆောင်​သွားတယ်။

“သိပ်​မကြာခင်​မှာ စီ​ဘီ​အက်စ် ရုပ်မြင်သံကြား သတင်း​ဌာန​က ဘရိုင်ယန် ဂ​မ်​ဘဲ​က အဖြစ်အပျက်နဲ့​ပတ်သက်ပြီး မျက်မြင်​သက်သေ​ရဲ့ ပြောပြချက်​ကို​ရရှိဖို့ တယ်လီဖုန်း​နဲ့ ဆက်သွယ်​လာ​ပါ​တယ်။ ဗာဂျင်​အိုင်း​လန်း​မှာ​ရှိတဲ့ ကျွန်တော့်​မိသားစုက ဒီ​အကြောင်းကို တီဗွီ​ကနေ ကြားသိ​လိုက်တဲ့​အတွက် ကျွန်တော် အသက်​ရှင်​နေတယ်​ဆိုတာ​ကို သိလိုက်ရ​ကြတယ်။”

ကမ္ဘာ့ ဘဏ္ဍာရေး ဗဟိုအဖွဲ့​မှ အရပ် ခြောက်​ပေ-ငါး​လက်မ​ရှိသော ထွားကျိုင်း​သန်မာ​သည့် အလုပ်သမား ဒေါ်နယ်​လ်​သည် သူ၏​အဆောက်အအုံ ၃၁ ထပ်​မှ​နေ၍ အမြွှာ​မျှော်စင်​နှင့် မာ​ရ်ရိယတ်​ဟိုတယ်​တို့ကို တည့်တည့်​ကြည့်​နေသည်။ သူက ဤသို့​ပြောပြ​သည်– “မြင်​လိုက်ရ​တဲ့​မြင်ကွင်း​ကြောင့် ကျွန်တော် ထိတ်လန့်​တုန်လှုပ်​လွန်းလို့ ကြက်​သေ​သေသွား​ခဲ့တယ်။ မြောက်ဘက်​မျှော်စင်​ကနေ ကျ​တဲ့​လူက​ကျ၊ ခုန်ချ​တဲ့​လူက ခုန်ချ​နေကြ​တယ်။ ကျွန်တော်​လည်း က​ယောင်​ချောက်ချား​ဖြစ်​ပြီး အဆောက်အအုံ​ထဲ​ကနေ ကမန်းကတန်း ပြေးထွက်​ခဲ့တယ်။”

အခြား​အတွေ့အကြုံ​တစ်ခု​မှာ အသက် ၆၀ ကျော်​ရှိသော မိခင်​တစ်ဦး​နှင့် အသက် ၄၀ ကျော်​ရှိသော သူ့​သမီး​နှစ်ယောက်​နှင့် ပတ်သက်​သည်။ ရုသ်​နှင့် ၎င်း​၏​ညီမ ဂျိုနီ​တို့သည် အမြွှာ​မျှော်စင်​အနီးရှိ ဟိုတယ်​တစ်ခု​တွင် မိခင်​ဖြစ်သူ ဂျန္နစ္စ​နှင့်အတူ တည်းနေ​ကြသည်။ လက်မှတ်​ရ သူနာပြု​ဖြစ်သော ရုသ်​က အဖြစ်အပျက်​ကို ဤသို့​ပြောပြ​သည်– “ကျွန်မ ရေပန်း​နဲ့ ရေချိုး​နေတယ်။ ရေချိုးခန်း​က အမြန်​ထွက်​လာဖို့ အမေနဲ့​ညီမ​တို့​က ဗြုန်းခနဲ အော်ပြော​လိုက်တယ်။ ကျွန်မ​တို့​က ၁၆ ထပ်​မှာ​လေ၊ အကျိုးအပဲ့ အစ​အ​န​တွေ ကျနေ​တာ​ကို ပြတင်းပေါက်​ကနေ သူတို့​မြင်​နေ​ရတယ်။ အမေက လူတစ်ယောက် တစ်​နေရာ​ရာ​ကနေ တွန်း​ထုတ်​ခံ​လိုက်​သလို အနီးအနား​က အမိုး​တစ်ခုပေါ် လွင့်စင်​ကျ​သွားတာကို အသေအချာ​ကြီး​ကို မြင်​လိုက်ရတယ်။

“ကျွန်မ အဝတ်အစား မြန်မြန်​ဝတ်​ပြီး သူတို့နဲ့ ဆင်းလာ​ခဲ့တယ်။ စူးစူး​ဝါး​ဝါး အော်ဟစ်သံ​တွေ​နဲ့ ပွက်လောရိုက်​နေကြ​တယ်။ လမ်းမ​ပေါ်​ရောက်တဲ့အခါ​မှာ ပေါက်ကွဲ​သံ​တွေ​ကို​ကြား​ရတယ်၊ မီး​ပန်း​မီး​ပွား​တွေ​ကိုလည်း မြင်ရ​တယ်။ ကျွန်မတို့ကို တောင်ဘက် စတက်​တန်​အိုင်း​လန်း ကူး​တို့​ရှိရာ ဘက်​ထာ​ရီ​ဥယျာဉ်​ဘက်​ကို အပြေးအလွှား သွား​ခိုင်းတယ်။ ပြေးရင်းလွှားရင်း​နဲ့ အမေနဲ့ ကွဲ​သွားခဲ့တယ်။ အမေ့​မှာ​က နာတာရှည် ပန်း​နာ​ရင်​ကျပ်​ရောဂါ ရှိနေတယ်။ ဒီ​မီးခိုး​တွေ၊ ပြာတွေ၊ ဖုန်​တွေ​ကြားထဲ​မှာ သူ​ဘယ်လို​လုပ်​များ အသက်ရှင်​ကျန်ရစ်​နိုင်​မလဲ။ ကျွန်မ​တို့ နာရီ​ဝက်​လောက်​ကြာ​အောင် သူ့ကို​ရှာပါ​သေး​တယ်၊ ဒါပေမဲ့ အရိပ်အယောင်​တောင် မ​တွေ့ရ​ပါ​ဘူး။ အမေ​ဟာ အစွမ်းအစ​ရှိပြီး တည်ငြိမ်မှု​ရှိတဲ့​အတွက် အစပိုင်း​မှာ ကျွန်မ​တို့​က သိပ်​ပြီး​စိတ်​မ​ပူ​ပါ​ဘူး။

“နောက်ဆုံး​မှာ ကျွန်မ​တို့​ဟာ ဘ​ရွတ်​က​လင်​တံတား​ဘက်​ကို ဆက်လျှောက်​ပြီး တစ်ဖက်​ကမ်း​ကို​ကူး​ဖို့​ညွှန်ကြား​ခံရ​တယ်။ ဘ​ရွတ်​က​လင်​ဘက်​ကမ်း​ကို​ရောက်​ပြီး ‘ကင်းမျှော်စင်’ ဆို​တဲ့ ဧရာမ ဆိုင်းဘုတ်​ကြီး​ကို မြင်​လိုက်ရ​တဲ့​အ​ခိုက်​မှာ ကျွန်မ​တို့ ဘယ်လောက် စိတ်သက်သာရာ ရသွား​ခဲ့​တာ​ကို စဉ်းစား​ကြည့်​ပါ! ကျွန်မ​တို့ ဘေးအန္တရာယ် ကင်းရှင်း​သွားပြီ​ဆိုတာ သိလိုက်တယ်။

“ကျွန်မတို့ကို လှိုက်လှဲ​စွာ ကြိုဆို​ကြ​တဲ့​အပြင် နေရာ​ထိုင်​ခင်း​တွေ​လည်း ပေး​ကြတယ်။ ဒိ​အပြင် အဝတ်အစား​တွေ​လည်း ပေး​ကြတယ်။ ဘာကြောင့်လဲ​ဆိုတော့ ကိုယ်​တစ်ခု အဝတ်​တစ်ထည်​က​လွဲ​ရင် ကျွန်မ​တို့​မှာ ဘာမှ​ပါ​မလာ​ဘူး​လေ။ ဒါပေမဲ့ အမေ ဘယ်​ရောက်နေ​ပါ​သလဲ။ ကျွန်မ​တို့ တစ်ညလုံး အချိန်ကုန်​ခံ​ပြီး ဆေးရုံ​တွေ​မှာ အမေကို ခြေရာ​ခံ​လိုက်ရှာ​ပေမဲ့ ဘာ​သဲလွန်စ​မှ မရခဲ့​ဘူး။ နောက်​တစ်နေ့​မနက် ဆယ့်တစ်​နာရီ​ခွဲ​လောက်​မှာ ကျွန်မ​တို့ သတင်း​တစ်ခု လက်ခံရ​ရှိခဲ့တယ်။ အောက်ထပ် ဧည့်သည်​စောင့်​ခန်း​မှာ အမေ​ရောက်နေတယ်​တဲ့! ဘယ်လိုများ ဖြစ်ပျက်​ခဲ့​သလဲ။”

မိခင်​ဖြစ်သူ ဂျဲန္နစ္စ​က ဖြစ်​ကြောင်း​ကုန်စင်​ကို ဤသို့​ဆက်၍​ပြောပြ​သည်– “ဟိုတယ်​ကနေ ကျွန်မ​တို့ အပြေးအလွှား ထွက်​လာတဲ့​အချိန်​မှာ အသက်ကြီးတဲ့ မိတ်ဆွေ​တစ်ဦး​ကို ကျွန်မ သတိရ​လိုက်​မိတယ်။ သူက ကျွန်မ​တို့​နဲ့​အတူ ထွက်​မလာ​နိုင်​ခဲ့​ဘူး​လေ။ ပြန်လှည့်​ပြီး သူ့ကို သွား​ခေါ်ထုတ်​ချင်​ပေမဲ့ သိပ်​ပြီး အန္တရာယ်ကြီး​နေပြီ​လေ။ အဲဒီလို ရုတ်ရုတ်သဲသဲ ဖြစ်​နေတဲ့​အချိန်​မှာ ကျွန်မ​သမီးတွေ​နဲ့ တ​ကွဲ​တ​ပြား ဖြစ်သွား​ခဲ့တယ်။ ဒါပေမဲ့ သိပ်​ပြီး မစိုးရိမ်​ပါ​ဘူး။ သမီးတွေဟာ စဉ်းစား​ချင့်ချိန်​တတ်​သူတွေ ဖြစ်​တဲ့​အပြင် ရုသ်​ဟာ​လည်း အရည်အချင်း​ရှိတဲ့ သူနာပြု​တစ်ဦး ဖြစ်တယ်​လေ။

“ဘယ်​နေရာ​ပဲ ကြည့်​လိုက်ကြည့်​လိုက် အကူအညီ​လို​တဲ့ လူတွေ​ချည်း​ပဲ၊ အထူးသဖြင့် ကလေး​သူငယ်​များနဲ့ ရင်ခွင်​ပိုက်​အရွယ် ကလေး​တွေ​ဖြစ်တယ်။ ကျွန်မ​လည်း တတ်နိုင်​သလော​က် ကူညီ​ပေး​ခဲ့တယ်။ ဘေးရောက်​သူတွေကို သူတို့ရဲ့​ဒဏ်ရာ ပြင်းထန်မှု​အလိုက် ခွဲခြား​ပြီး ကုသ​ပေး​တဲ့​နေရာကို ကျွန်မ​ရောက်သွား​တယ်။ ရဲတွေ​နဲ့ မီး​သတ်​သ​မား​တွေ​ရဲ့ လက်နဲ့​မျက်နှာကို ဆေးကြော​သန့်စင်​ပေးတယ်။ သူတို့​တစ်ကိုယ်လုံး​က​လည်း ကျပ်​ခိုး​နဲ့ဖုန်​တွေ အ​လိမ်း​လိမ်း​ကပ်​နေတယ်။ အဲဒီ​နေရာမှာ မနက် သုံးနာရီ​လောက်​အထိ ကျွန်မ​နေခဲ့တယ်။ အဲဒီနောက်​တော့ နောက်ဆုံး​ကူး​တို့​နဲ့ စတက်​တန်​အိုင်း​လန်း​ကို လိုက်သွား​ခဲ့တယ်။ ကျွန်မ​ရဲ့​သမီး​နှစ်ယောက် အဲဒီမှာ ခိုလှုံ​နေမယ်လို့ ထင်​ခဲ့တယ်။ ဒါပေမဲ့ သူတို့ကို ရှာမတွေ့​ဘူး။

“မနက်​ကျ​တော့ ပထမ​ဆုံး ကူး​တို့​နဲ့ မ​န်​ဟက်​တန်​ကို ပြန်​သွားဖို့ ကြိုးစား​ပေမဲ့လည်း ကျွန်မ​က အရေးပေါ်​လုပ်သား မဟုတ်တဲ့​အတွက် လိုက်လို့​မရဘူး။ နောက်တော့ ကျွန်မ ကူညီ​ပေး​ခဲ့​တဲ့ ရဲ​တစ်ယောက်ကို တွေ့​လိုက်တယ်။ ဒါနဲ့ ကျွန်မ​က ‘ဂျွန်! ကျွန်မ မ​န်​ဟက်​တန်​ကို ပြန်သွား​မ​လို့’ ဆိုပြီး အော်ပြော​လိုက်​တော့ သူက ‘ကျွန်တော့်​နောက် လိုက်ခဲ့’ လို့​ပြန်​ပြော​လိုက်တယ်။

“မ​န်​ဟက်​တန်​ကို​ရောက်တော့ ကျွန်မ မာ​ရ်ရိယတ် ဟိုတယ်​ကို ဦးတည်​ပြီးသွား​ခဲ့တယ်။ အသက်ကြီးတဲ့ ကျွန်မ​ရဲ့​မိတ်ဆွေ​ကို ကူညီ​ပေး​နိုင်​မယ့် အခွင့်အလမ်း ရှိ​ချင်​ရှိဦးမယ်​လို့ တွေး​မိတယ်။ ဒါပေမဲ့ ဘယ်လိုမှ မဖြစ်​နိုင်​တော့​ဘူး၊ ဟိုတယ်​က ပြိုပျက်​သွားပါပြီ။ မြို့လယ်​ကောင်​တစ်ခုလုံး​ဟာ သင်္ချိုင်း​တ​စ​ပြင်​လို​ပဲ၊ သက်ရှိ​အရိပ်အယောင်​ဆို​လို့ ဘာမှ​မတွေ့ရဘူး။ ပင်ပန်း​နွမ်း​နယ်​လို့ မျက်တွင်း​ဟောက်​ပက်​ဖြစ်​နေတဲ့ ရဲတွေ​နဲ့ မီး​သတ်​သ​မား​တွေ​ကိုပဲ တွေ့ရ​တယ်။ သူတို့​အားလုံး​ရဲ့ မျက်နှာဟာ ကြေကွဲ​ဆွေးမြေ့​နေတယ်။

“ကျွန်မ ဘ​ရွတ်​က​လင်​တံတား​ဘက်​ကို ဆက်​ပြီး​လျှောက်​သွားတယ်။ တံတား​ထိပ်​နဲ့ နီး​လာတဲ့အခါ​မှာ ကျွန်မ ကောင်းကောင်း​ကျွမ်းဝင်​တဲ့ ဆိုင်းဘုတ်​ကြီး ‘ကင်းမျှော်စင်’ ကို​လှမ်းမြင်​လိုက်ရတယ်။ သမီးတွေကို အဲဒီမှာ တွေ့​ကောင်း​တွေ့​လိမ့်မယ်လို့ တွေး​မိတယ်။ သေချာတာပေါ့၊ သူတို့က ကျွန်မ​ကို ဧည့်သည်​စောင့်​ခန်း​မှာ ဆင်းလာ​တွေ့​တယ်​လေ။ ကျွန်မ​တို့ ဖက်ပြီး​ငို​လိုက်​ကြ​တာ!

“အံ့ဩစရာ သိပ်​ကောင်း​တာ​က ဒီလောက်​များတဲ့ မီးခိုး​တွေ၊ ဖုန်​တွေ၊ ပြာတွေ​ကြားထဲ​မှာ ကျွန်မ လုံးဝ ပန်း​နာမ​ထ​ခဲ့​ဘူး။ ကျွန်မ တစ်ချိန်​လုံး ဆုတောင်း​နေခဲ့တယ်၊ ကိုယ်​က သူများကို ကူညီ​ပေး​နိုင်​တဲ့​လူ​ဖြစ်ချင်​တယ်၊ သူများ​အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေ​ချင်ဘူး​လေ။“

“ဆင်း​မယ့်​ကွင်း​လည်း မရှိပါဘူး”

အသက် ၂၀ ကျော်​အရွယ်​ရှိ အမျိုးသမီး ရေ​ချယ်​က နိုးလော့! စာရေး​ဆရာ​အား ဤသို့​ပြောပြ​သည်– “ခေါင်း​ပေါ်မှာ လေယာဉ်ပျံ​တစ်စင်း​ရဲ့​အသံကို ကြား​ရတဲ့​အချိန်​မှာ ကျွန်မ​က အောက်ပိုင်း​မ​န်​ဟက်​တန်​မှာ ကျွန်မ​နေထိုင်တဲ့ ဘ​လောက်​အတိုင်း အောက်ဘက်​ကို လမ်းလျှောက်သွား​နေတယ်။ အသံ​က သိပ်ကျယ်​လွန်းလို့ ကျွန်မ မော့ကြည့်​လိုက်တယ်။ ကျွန်မ ယုံ​တောင်​မယုံနိုင်​ဘူး၊ ဧရာမ ခရီးသည်​တင် ဂျက်​လေယာဉ်​ကြီး​က သိသိသာသာကြီး မြေပြင်​ကို ဆင်းသက်လာ​နေတယ်။ ဘာကြောင့် ဒီလောက်​နိမ့်​နိမ့်​လေး​နဲ့ ဒီလောက်​မြန်မြန်​ကြီး ပျံ​နေရ​သလဲ​ဆိုတာ စဉ်းစား​လို့​တောင် မရနိုင်​ဘူး။ ဆင်း​မယ့်​ကွင်း​လည်း မရှိပါဘူး။ လေယာဉ်မှူး​က လေယာဉ်​ကို မထိန်းနိုင်​လို့လား။ အဲဒီလို တွေး​နေတုန်းမှာ​ပဲ ‘လေယာဉ် အဆောက်အအုံ​ကို တိုက်မိ​သွားပြီ’ ဆိုပြီး အမျိုးသမီး​တစ်ယောက်​က စူးစူး​ဝါး​ဝါး အော်​လိုက်တဲ့​အသံကို ကြား​လိုက်ရတယ်။ မြောက်ဘက်​မျှော်စင်​ကြီး​ကနေ ပေါက်ကွဲ​သံနဲ့​အတူ ဧရာမ မီးလုံး​ကြီး ထွက်ပေါ်​လာတယ်။ မျှော်စင်​ကြီး​မှာ မည်းနက်​တဲ့ အပေါက်​ကြီး​တစ်​ပေါက်​ကို မြင်​လိုက်ရတယ်။

“ကျွန်မ​တစ်သက်တာ​မှာ ဒီလောက် ကြောက်စရာ ကောင်း​တာ​မျိုးကို တစ်ခါ​မှ မတွေ့ဖူး​ဘူး။ တကယ့်​အဖြစ်လို့​တောင် မထင်​ရ​ဘူး။ အိပ်မက်​မက်​နေ​သလိုပဲ။ ကျွန်မ ပါးစပ်​အဟောင်း​သားနဲ့ ငေါ​င်း​စင်း​စင်း ရပ်နေ​မိတယ်။ တစ်ခဏ​လေး​အတွင်းမှာပဲ ဒုတိယ မျှော်စင်​ကြီး​ကို နောက်​လေယာဉ်​တစ်စင်း​က ဝင်​တိုက်​ပြန်​လို့ နောက်ဆုံး​မှာ​တော့ မျှော်စင်​ကြီး​နှစ်ခုစလုံး ပြိုကျ​သွားပါ​လေ​ရော။ ကျွန်မ​လည်း က​ယောင်​ချောက်ချား​ကို ဖြစ်​သွားတာ​ပဲ။ မခံမရပ်​နိုင်အောင် ဖြစ်​ရ​ပါ​တယ်!”

“ရေကူး​သွားရမယ်​ဆိုရင်လည်း ကူး​မှာပဲ”

အသက် ၁၆ နှစ်​ရှိ ဒဲန်းနိဇ်​သည် ကမ္ဘာ့​ကုန်သွယ်​ရေး ဗဟို​ဌာန​၏​တောင်ဘက် သုံး​ဘ​လောက်​အကွာ​တွင် တည်ရှိ​သော အမေရိကန် စ​တော့​နှင့်​ရှယ်​ယာ​ဒို​င်​နှင့် ကပ်လျက်​ရှိသည့် သူ့​ကျောင်း​သို့ ရောက်ခါစ​ရှိသည်။ “မနက် ၉ နာရီ ကျော်​ရုံ​ရှိသေးတယ်။ တစ်ခုခု​တော့ ဖြစ်သွား​ပြီ​ဆိုတာ​ကို သိလိုက်​ပေမဲ့ ဘာ​ရ​ယ်​လို့​တော့ မသိ​ဘူး။ ကျွန်မ​ဟာ စာသင်​ကျောင်း​ရဲ့ ၁၁ ထပ်​မှာ သမိုင်း​ဘာသာ သင်ကြား​နေတယ်။ ကျောင်းသူ​ကျောင်းသား​တွေ​အားလုံး ကြောက်လန့်​နေကြ​တယ်။ ဆရာမ​က ကျွန်မတို့ကို စာမေးပွဲ စစ်​ချင်​သေး​ပေမဲ့ ကျွန်မ​တို့​က​တော့ အပြင်ထွက်ပြီး အိမ်ပြန်​ချင်​နေကြ​တယ်။

“ဒုတိယ​လေယာဉ် တောင်ဘက်​မျှော်စင်​ကြီး​ကို တိုက်​လိုက်တဲ့အခါ​မှာ ကျွန်မ​တို့​ရဲ့​အဆောက်အအုံ တုန်ခါ​သွား​သည်။ ဒါပေမဲ့ ဘာဖြစ်​သွားတယ်​ဆိုတာ​ကို ကျွန်မ​တို့ မသိ​သေး​ပါ​ဘူး။ ‘အမြွှာ​မျှော်စင်​ကြီး​ကို လေယာဉ်​နှစ်စင်း ဝင်​တိုက်​သွားတယ်’ ဆို​တဲ့​အသံကို ဆရာမ​ရဲ့ လမ်းလျှောက်​စကားပြော​စက်​ကနေ ရုတ်တရက် ကြား​လိုက်ရတယ်။ ‘ကျောင်း​မှာ ဆက်​ပြီး​နေဖို့​တော့ မသင့်​တော့​ဘူး၊ ဒါဟာ အကြမ်းဖက်မှုပဲ၊ စ​တော့​နှင့်​ရှယ်​ယာ​ဒို​င်​ဟာ နောက်​ပစ်မှတ်​ဖြစ်​မယ်’ ဆိုပြီး စိတ်​ထဲမှာ တွေး​မိတယ်။ ဒါနဲ့ ကျွန်မ​တို့ ကျောင်း​အပြင်​ကို ထွက်​ခဲ့​ကြတယ်။

“ကျွန်မ​တို့ ဘက်​ထာ​ရီ​ဥယျာဉ်​ကို သုတ်​ခြေ​သင် ပြေး​သွား​ကြတယ်။ အဖြစ်အပျက်​ကို​သိရ​အောင် ကျွန်မ နောက်​ပြန်လှည့်​ကြည့်​လိုက်တယ်။ တောင်ဘက်​မျှော်စင်​ကြီး ပြိုကျ​တော့​မှာ​ကို တွေ့​လိုက်ရတယ်။ ဒါနဲ့ မြင့်မား​တဲ့ အဆောက်အအုံ​တွေ​အားလုံး ဇ​ယ်​စက်​သလို ဆက်တိုက်​ပြိုကျ​မယ်​လို့ ကျွန်မ​တွေး​မိတယ်။ ကျွန်မ​ရဲ့ နှာခေါင်း​နဲ့ လည်ချောင်း​တွေ​မှာ ပြာတွေ ဖုန်​တွေ​နဲ့ ပိတ်ဆို့​နေတဲ့​အတွက် အသက်ကို မနည်း​ကြီး လု​ရှူ​နေ​ရတယ်။ အိစ်ထ်မြစ်​ဘက်​ကို အပြေးအလွှား​သွား​ရင်း​နဲ့ ‘ရေကူး​သွားရမယ်​ဆိုရင်လည်း ကူး​မှာပဲ’ လို့​စိတ်ကူး​ထား​တယ်။ ပြေးရင်းလွှားရင်း​နဲ့ သမီးကို ကယ်မ​သနားတော်မူ​ပါ​လို့ ယေဟောဝါ​ဆီ ဆုတောင်း​ခဲ့တယ်။

“နောက်ဆုံး​မှာ​တော့ န​ယူး​ဂျာ​စီ​ဘက်​ကို​သွားတဲ့ ကူး​တို့​ပေါ်​ကို​ရောက်သွား​တယ်။ ငါး​နာရီ​ကြာပြီး​နောက်​မှ အမေက ကျွန်မ​ကို ရှာတွေ့ခဲ့​တယ်။ ဘာပဲ​ဖြစ်ဖြစ် ဘေးမ​သီ ရန်​မ​ခ​ဘဲ အမေ့​ရင်ခွင်​ထဲ ပြန်ရောက်​ခဲ့​ပါ​တယ်။”

“ကျွန်တော့်​ဘဝရဲ့ နောက်ဆုံး​နေ့​များလား”

န​ယူး​ဂျာ​စီ​ပြည်နယ်၊ ပ​ရင်း​စ​တန်​မြို့မှ အသက် ၂၈ နှစ်​ရှိသော ဂျော်ရှူ​အာ​သည် မြောက်ဘက်​မျှော်စင်​၏ အထပ် ၄၀ တွင် စာပြ​နေသည်။ သူက ဤသို့​ပြန်လည်​ပြောပြ​သည်– “ဗြုန်းကနဲ​ဆို ဗုံး​တစ်လုံး ပေါက်ကွဲ​သလား​လို့ အောက်မေ့​ရတယ်။ အဆောက်အအုံ​တစ်ခုလုံး သိမ့်​သိမ့်​တုန်ခါ​သွားတယ်၊ ဒါနဲ့ ကျွန်တော်​က ‘မဟုတ်​သေး​ပါ​ဘူး၊ ဒါ​ငလျင်​လှုပ်​တာ​ပဲ’ လို့​ထင်​လိုက်​မိတယ်။ အပြင်ဘက်​ကို ကြည့်​လိုက်တဲ့အခါ​မှာ မယုံကြည်​နိုင်​လောက်​အောင်​ပါ​ပဲ၊ အဆောက်အအုံ​ကြီး ပတ်ပတ်လည်​မှာ မီးခိုး​တွေ​နဲ့ အကျိုးအပဲ့ အစ​အ​န​တွေ ဝေ့​လည်​လွှင့်​ပါး​လို့​နေကြ​တယ်။ ကျွန်တော်​က ‘တပည့်​တို့၊ ပစ္စည်း​တွေ သိမ်း​မနေ​နဲ့။ ပြေး​ပေ​တော့!’ လို့ အတန်း​ကို ပြော​လိုက်တယ်။

“ကျွန်တော်​တို့ လှေကား​အတိုင်း အောက်​ကို​ပြေးဆင်း​ကြတယ်။ လှေကား​မှာ မီးခိုး​တွေ​နဲ့​ပြည့်နေ​ပြီး အလိုအလျောက် ရေ​ဖျန်း​တဲ့​ပိုက်​ခေါင်း​တွေ​က​လည်း ရေ​ဖျန်း​ပေး​နေတယ်။ ကြောက်​စိတ်မွှန်​ပြီး ထိတ်ထိတ်ပျာပျာ​တော့ မဖြစ်​ဘူး။ မီးလောင်​တဲ့​နေရာ​နဲ့ ပက်​ပင်း​မ​တိုး​မိဖို့ မှန်ကန်​တဲ့​လှေကား ရွေး​မိအောင် ကျွန်တော် အဆက်မပြတ် ဆုတောင်း​ခဲ့တယ်။

“လှေကား​အတိုင်း ပြေးဆင်း​လာ​ရင်း​နဲ့ ‘ဒါဟာ ကျွန်တော့်​ဘဝရဲ့ နောက်ဆုံး​နေ့​များလား’ လို့​တွေး​မိတယ်။ ယေဟောဝါ​ထံ ကျွန်တော် မပြတ်​ဆုတောင်း​တဲ့​အတွက် ရင်ထဲမှာ ထူးဆန်းတဲ့​ငြိမ်သက်ခြင်း​တစ်မျိုး ခံစား​ရတယ်။ အဲဒီလို စိတ်​ငြိမ်သက်ခြင်း​မျိုးကို တစ်ခါ​မှ မခံစား​ရခဲ့ဖူး​ဘူး။ အဲဒီ​အခိုက်အတန့်​လေး​ကို တစ်သက်လုံး မေ့​နိုင်​မှာ မဟုတ်ဘူး။

“နောက်ဆုံး အဆောက်အအုံ​ကြီး​ရဲ့ အပြင်ဘက်​ကို ကျွန်တော်​တို့ ရောက်လာတဲ့​အခါမှာ ရဲတွေ​က လူတွေကို ရပ်​မနေ​ဘဲ ဆက်သွား​ခိုင်းတယ်။ မျှော်စင်​ကြီး​တွေ​ကို မော့ကြည့်​လိုက်တဲ့အခါ​မှာ အဆောက်အအုံ​ကြီး နှစ်ခုစလုံး​ဟာ ထက်​ခြမ်း​ခြမ်း​လိုက်​သလို ကွဲအက်​နေတာကို တွေ့​လိုက်ရတယ်။ အိပ်မက်​လို​ပါ​ပဲ။

“အဲဒီနောက်​မှာ ထောင်နဲ့​သောင်း​နဲ့​ချီ​တဲ့​လူတွေက အသက်ရှူရပ်​လိုက်​သလို ချောက်ချား​စ​ရာ​ကောင်း​လောက်​အောင် ငြိမ်ကျ​သွားတယ်။ နယူးယောက်​မြို့ကြီး ရပ်တန့်​သွား​သလား​လို့ အောက်မေ့​ရတယ်။ အဲ့​လို​ငြိမ်ကျ​သွားပြီး​တာ​နဲ့ စူးစူး​ဝါး​ဝါး ငယ်​သံ​ပါ​အောင် အော်ဟစ်​တဲ့​အသံ​တွေ ဆက်တိုက်​လိုက်ပါ​လာတယ်။ တောင်ဘက်​မျှော်စင် ပြိုကျ​လာတယ်! မီးခိုး​တွေ၊ ပြာတွေ၊ ဖုန်​မှုန့်​လုံး​ကြီး​တွေ​ဟာ ကျွန်တော်​တို့​ဘက်​ကို တစ်ရှိန်ထိုး ရိုက်ခတ်​လာတယ်။ ရုပ်ရှင်​ထဲ​က အထူး​ဖန်တီးချက်​တွေ​လို​ပါ​ပဲ။ ဒါပေမဲ့ ဒါက တကယ့်​ဖြစ်ရပ်​ပါ။ အဲ့ဒီ မီးခိုး​ပြာ​ဖုန်​လုံး​ကြီး​ဟာ ကျွန်တော်​တို့​ဆီ ရောက်လာတဲ့​အခါမှာ ကျွန်တော်​တို့ အသက်ရှူ​လို့​တောင်​မရ ဖြစ်​သွားတယ်။

“မ​န်​ဟက်​တန်​တံတား​ရောက်​အောင် မနည်း​ကြိုးစား​ပြီး သွားခဲ့​ရတယ်။ ဟို​ရောက်တော့ လှည့်ကြည့်​လိုက်တဲ့အခါ မြောက်ဘက်​မျှော်စင်​ကြီး​ဟာ သူ့​အပေါ်မှာ​ရှိတဲ့ တီဗွီ​ဧရိယာတိုင်​ကြီး​နဲ့​အတူ ပြိုကျ​သွားတာကို တွေ့​လိုက်ရတယ်။ တံတား​ကို ဖြတ်လျှောက်​ရင်း​နဲ့ ယေဟောဝါသက်သေ​များ​ရဲ့ ကမ္ဘာ့​ဌာနချုပ်​ဖြစ်​တဲ့ ဗေသလ​ကို ရောက်​နိုင်​ဖို့ မပြတ်​ဆုတောင်း​ခဲ့တယ်။ ကျွန်တော့်​တစ်သက်တာ​မှာ အဲဒီ​နေရာကို မြင်​လိုက်ရ​တဲ့ ပျော်ရွှင်မှု​မျိုး တစ်ခါ​မှ မခံစား​ခဲ့​ဖူး​ဘူး။ ပြီး​တော့ စက်ရုံ​ရဲ့​နံရံ​ပေါ်မှာ လူထောင်ပေါင်း​များစွာ နေ့စဉ်​တွေ့မြင်​နိုင်​တဲ့ ‘ဘုရားသခင့် နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​ကို နေ့စဉ်​ဖတ်ပါ’ ဆို​တဲ့ ဧရာမ​ဆိုင်းဘုတ်​ကြီး ရှိနေတယ်​လေ။ ‘ရောက်တော့​မယ်၊ အားတင်း​ပြီး ဆက်​သာ​လျှောက်​ပါ’ ဆိုပြီး ကိုယ့်​ကိုယ်ကို အားပေး​မိတယ်။

“အဲဒီ​အဖြစ်အပျက်တွေကို ပြန်ပြောင်း​စဉ်းစား​လိုက်တဲ့အခါ​မှာ ဦးစားပေး​ရမယ့်​ကိစ္စ​တွေ​ကို သူ့​နေရာ​နဲ့​သူ ဦးစားပေး​ရမယ်၊ ဘဝမှာ ပထမ​နေရာမှာ ရှိတဲ့​အရာ​ကို ပထမ​နေရာမှာ ထား​ရမယ်ဆိုတာ​ကို ကျွန်တော် ကောင်းကောင်း​ကြီး စွဲမှတ်​သွားတယ်။”

“လူတွေ မျှော်စင်​ပေါ်ကနေ ခုန်ချ​တာ​ကို ကျွန်မ တွေ့ရ​တယ်”

အသက် ၂၂ နှစ်​ရှိသော ဂျက်​စီ​ကာ​သည် မြို့လယ်​ကောင် မြေအောက်​ဘူတာ​တစ်ခု​မှ ထွက်​လာချိန်​တွင် ထို​အဖြစ်အပျက်​ကို မြင်တွေ့ခဲ့​ရသည်။ “ကျွန်မ မော့ကြည့်​လိုက်တဲ့အခါ​မှာ ပြာတွေ၊ အကျိုးအပဲ့​နဲ့ သတ္တု​အစ​အ​န​ပေါင်း​စုံ ကျဆင်း​လာတာကို တွေ့ရ​တယ်။ လူတွေက အများသုံး တယ်လီဖုန်း​တွေ​ကို​သုံးဖို့ စောင့်နေ​ကြတယ်၊ စောင့်​ရတာ​ကြာ​လို့ ပို​ပို​ပြီး က​ယောင်​ချောက်ချား ဖြစ်လာ​ကြတယ်။ စိတ်​ငြိမ်သက်​ဖို့ ကျွန်မ ဆုတောင်း​တယ်။ နောက်ထပ် ပေါက်ကွဲ​ပြန်​ပြီ။ သံမဏိ​တွေ၊ မှန်​စ​တွေ မိုးပေါ်​က ကျ​လာတယ်။ ‘လေယာဉ်​နောက်​တစ်စင်း’ ဆို​တဲ့​အော်သံ​ကို ကြား​လိုက်ရတယ်။

“ကျွန်မ မော့ကြည့်​လိုက်တဲ့အခါ​မှာ ကြောက်စရာ​ကောင်း​တဲ့ ဆိုးရွား​တဲ့​မြင်ကွင်း​တွေ​ပါ​လား၊ မီးခိုး​နဲ့ မီးတောက်​မီးလျှံ​တွေ တ​လိပ်​လိပ် အူ​ထွက်​နေတဲ့ အပေါ်ထပ်​တွေ​ကနေ လူတွေ ခုန်ချ​နေကြ​တယ်။ ယောက်ျား​တစ်ယောက်​နဲ့ မိန်း​မ​တစ်ယောက်​တို့ကို ကျွန်မ​မျက်စိ​ထဲမှာ အခုထက်ထိ မြင်ယောင်​နေတယ်။ သူတို့​နှစ်ယောက်​ဟာ ပြတင်းပေါက်​ကို ဖက်တွယ်​ထား​နေရာ​က နောက်ဆုံး​မှာ လက်လွှတ်​ချ​လိုက်ရ​ပြီး အောက်​ကို​ထိုး​ကျ​သွား​ကြတယ်။ မကြည့်​ရက်​စ​ရာ မြင်ကွင်း​ပါ​ပဲ။

“နောက်ဆုံး​မှာ​တော့ ကျွန်မ ဘ​ရွတ်​က​လင်​တံတား​ပေါ် ရောက်သွား​တယ်။ သက်သောင့်သက်သာ မရှိတဲ့​ဖိနပ်​ကို​ချွတ်​ပြီး ဘ​ရွတ်​က​လင်​ဘက်​ကမ်း​ကို ပြေး​သွားတယ်။ ကင်းမျှော်စင် ရုံး​အဆောက်အအုံ​ထဲ​ကို ကျွန်မ ဝင်​သွားတဲ့အခါ စိတ်​ငြိမ်သက်​သွား​အောင် ချက်ချင်းပဲ လာပြီး​နှစ်သိမ့်​အားပေးကြတယ်။

“အဲဒီ​ည အိမ်မှာ ၂၀၀၁ ခုနှစ်၊ ဩဂုတ်​လ ၂၂ ရက်ထုတ် နိုးလော့! ထဲ​က ‘အထိတ်တလန့် ဖြစ်​ပြီး​နောက် ခံစား​ရသော ဖိစီးမှုကို ကိုင်တွယ်​ဖြေရှင်းခြင်း’ အခန်းဆက် ဆောင်းပါး​များ​ကို ဖတ်​ဖြစ်​ခဲ့တယ်။ ဒီ​အကြောင်း​တွေ​ကို ကျွန်မ သိပ်​ကို လိုအပ်​နေတယ်​လေ!”

ဘေးဒုက္ခ​၏ ကြီးမားမှု​က လူ​တို့အား တတ်နိုင်​သည့်​ဘက်​မှ အကူအညီ​ပေး​ရန် စေ့ဆော်​ပေး​ခဲ့​သည်။ နောက်​ဆောင်းပါး​၌ ထို​အကြောင်း​များ​ကို ဖော်ပြ​ထား​ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 နိုးလော့! သည် ဘေးအန္တရာယ်​မှ လွတ်မြောက်​လာ​သူ အမြောက်အမြား​ကို လူတွေ့မေးမြန်း​ခဲ့​သဖြင့် ဤ​ပြန်လည်​ဆန်းစစ်ချက် အကျဉ်း​၌ အားလုံး​ကို ဖော်ပြ​နိုင်​ခြင်း​မရှိပါ။ ၎င်းတို့၏ ပူးပေါင်း​ဆောင်ရွက်မှု​သည် ဤ​ဖြစ်ရပ်​မှတ်တမ်းများ​ကို ပြည့်စုံ​ခိုင်မာ​စေ​သည်။

[စာမျက်နှာ ၈/၉ ပါ ပုံကြမ်း/ရုပ်ပုံများ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

လုံးဝ ပျက်စီး

မြောက်ဘက်​မျှော်စင် အမှတ် ၁ ကမ္ဘာ့​ကုန်သွယ်​ရေး ဗဟို​ဌာန

တောင်ဘက်​မျှော်စင် အမှတ် ၂ ကမ္ဘာ့​ကုန်သွယ်​ရေး ဗဟို​ဌာန

မာ​ရ်ရိယတ်​ဟိုတယ် အမှတ် ၃ ကမ္ဘာ့​ကုန်သွယ်​ရေး ဗဟို​ဌာန

အမှတ် ၇ ကမ္ဘာ့​ကုန်သွယ်​ရေး ဗဟို​ဌာန

အကြီးအကျယ် ပျက်စီး

အမှတ် ၄ ကမ္ဘာ့​ကုန်သွယ်​ရေး ဗဟို​ဌာန

အမှတ် ၅ ကမ္ဘာ့​ကုန်သွယ်​ရေး ဗဟို​ဌာန

L ဝမ်း လစ်ဘာတီ ပ​လာ​ဇာ

D ဂျာမနီ​ဘဏ် ၁၃၀ လစ်ဘာတီ​လမ်း

ယူအက်စ် အကောက်​ခွန်​ရုံး အမှတ် ၆ ကမ္ဘာ့​ကုန်သွယ်​ရေး ဗဟို​ဌာန

N S တောင်​နှင့်​မြောက် ခြေကျင် လမ်းသွားလမ်းလာ​များ ပေါင်းကူး​တံတား

တစ်ပိုင်း​တစ်စ ပျက်စီး

2F အမှတ် ၂ ကမ္ဘာ့​ဘဏ္ဍာရေး ဗဟို​ဌာန

3F အမှတ် ၃ ကမ္ဘာ့​ဘဏ္ဍာရေး ဗဟို​ဌာန

W ဟေ​မ​န္တ​ဥယျာဉ်

[Credit Line]

As of October 4, 2001 3D Map of Lower Manhattan by Urban Data Solutions, Inc.

[ရုပ်ပုံများ]

ထိပ်​ပုံ– တောင်ဘက်​မျှော်စင် ဦးစွာ​ပြိုကျ​သည်

အထက်​ပုံ– အချို့​က ကင်းမျှော်စင် အဆောက်အအုံ​များ​သို့ လာရောက် ခိုလှုံ​ခဲ့​ကြသည်

ယာ​ပုံ– မီး​သတ်​သ​မား​နှင့် ကယ်ဆယ်​ရေး​လုပ်သား ရာ​ပေါင်း​များစွာ​သည် အချင်း​ဖြစ်ပွား​ရာ ဗဟိုချက်​၌ မမော​နိုင်​မ​ပန်း​နိုင် လုပ်ဆောင်ခဲ့​ကြသည်

[Credit Lines]

AP Photo/Jerry Torrens

Andrea Booher/FEMA News Photo

[Picture Credit Line on page 3]

AP Photo/Marty Lederhandler

[Picture Credit Line on page 4]

AP Photo/Suzanne Plunkett