ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း—တစ်ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းတစ်ရပ်
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း—တစ်ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းတစ်ရပ်
ဗဟားမားစ်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
သင့်ကိုယ်သင် ‘ငါအပန်းဖြေအနားယူဖို့လိုနေတယ်’ ဟု ဘယ်အချိန်က နောက်ဆုံးပြောခဲ့သနည်း။ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်ခံစားရသည့် ဖိစီးမှုများမှ လွတ်မြောက်ဖို့လိုသည်ဟု သင်ခံစားခဲ့ရကောင်း ခံစားရနိုင်သည်။ အပန်းဖြေအနားယူဖို့အတွက် ခရီးဝေးဝေးသွားဖူးပါသလော။ ဤအရာကိုသုံးသပ်ကြည့်ပါ– လွန်ခဲ့သည့် အနှစ်တစ်ရာကျော်ကျော်လောက်က ကမ္ဘာပေါ်ရှိ လူအများစုသည် ပုံမှန် အပန်းဖြေခရီးထွက်ခြင်းမျိုးမရှိခဲ့ကြချေ။ ထို့ပြင် အများစုသည် မိမိတို့မွေးဖွားရာအရပ်မှ မိုင်အနည်းငယ်ကွာသည့် ဒေသအတွင်း၌သာ ဘဝကိုကုန်ဆုံးစေခဲ့ကြသည်။ ပျော်ရွှင်မှု သို့မဟုတ် ပညာရေးအတွက် ဝေးလံသောအရပ်များသို့ ခရီးသွားခြင်းသည် စွန့်စားဆောင်ရွက်လိုသူ သို့မဟုတ် ချမ်းသာကြွယ်ဝသောပုဂ္ဂိုလ် လူနည်းစုတို့၏ သီးခြားအခွင့်အရေးသာဖြစ်ခဲ့သည်။ သို့သော် ယနေ့အချိန်တွင်ကား ထောင်နှင့်သောင်းနှင့်ချီသောသူတို့သည် ၎င်းတို့နေထိုင်ရာနိုင်ငံအနှံ့ သို့မဟုတ် ကမ္ဘာအနှံ့ထိတိုင် လူးလာခေါက်ပြန် ခရီးဆန့်နိုင်ကြပြီ။ အဘယ်အရာက ထိုသို့ပြောင်းလဲစေခဲ့သနည်း။
စက်မှုတော်လှန်ရေးပြီးနောက် သန်းနှင့်ချီသောလူတို့သည် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့ကို လုပ်ဆောင်လာကြလေသည်။ ရလဒ်မှာ ငွေကို ရေလိုသုံးနိုင်သည်အထိ ဝင်ငွေ အကြီးအကျယ်ရရှိလာခဲ့သည်။ ထို့အပြင် ရှေ့သို့ တစ်ဟုန်ထိုး တိုးတက်လာသည့် နည်းပညာကြောင့်လည်း စက်များပေါ်လာပြီး ကာယလုပ်အား များစွာလိုအပ်သည့် အလုပ်များတွင် စက်များက ဝင်ရောက်နေရာယူလိုက်သည်။ ယင်းက လူများစွာတို့ကို အားလပ်ချိန်ပိုရရှိစေခဲ့၏။ ထိုသို့သောအခြေခံအကြောင်းများ ဝင်ရောက်နေရာယူလာခြင်းနှင့်အတူ ၁၉၀၀ ပြည့်လွန်နှစ်များအလယ်လောက်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ပြီဖြစ်သော သယ်ယူပို့ဆောင်ရေးစနစ် အစုအဝေးများကြောင့် ခရီးသွားလုပ်ငန်း အလုံးအရင်းနှင့်ဖွံ့ဖြိုးလာဖို့ လမ်းပွင့်သွားလေသည်။ ထို့နောက် အသစ်တီထွင်ထားသည့် လူထုဆက်သွယ်ရေးလုပ်ငန်းစုသည် အလှမ်းကွာဝေးသောဒေသများမှ လှပသောရောင်စုံရုပ်ပုံများကို ကမ္ဘာနှင့်အဝန်းရှိ အိမ်တွင်းသို့ အရောက်ထုတ်လွှင့်ပေးနိုင်ခြင်းဖြင့် ခရီးသွားလိုသည့်ဆန္ဒကို လှုံ့ဆော်ပေးခဲ့သည်။
ရလဒ်မှာ ကမ္ဘာချီ ခရီးသွားလုပ်ငန်း လျင်မြန်စွာ ကျယ်ပြန့်လာခြင်းပင်တည်း။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့အစည်း (WTO) ၏ခန့်မှန်းတွက်ချက်မှုအရ နိုင်ငံတကာခရီးသွားလာနေကြသည့် လူအရေအတွက်မှာ ၁၉၉၇ ခုနှစ်တွင် ၆၁၃ သန်းရှိရာမှ ၂၀၂၀ ပြည့်နှစ်ရောက်သော် ၁.၆ ဘီလီယံအထိ တိုးပွားလာမည်ဖြစ်ပြီး ထိုအချိန်၌လည်း လျော့သွားမည့်ပုံမတွေ့ရပါဟုဆိုသည်။ ဤသို့ခရီးသွားလုပ်ငန်း ဦးမော့လာသည်နှင့်အမျှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဝန်ဆောင်မှုအပြည့်အဝပေးသည့် လုပ်ငန်းများ၊ အပန်းဖြေစခန်းများနှင့် နိုင်ငံများလည်း တိုးများလာဖို့လိုပေသည်။
နိုင်ငံများစွာ ခရီးသွားလုပ်ငန်းဈေးကွက်ထဲဝင်ရောက်လာ
ခရီးသွားလုပ်ငန်းသည် နှစ်ဦးနှစ်ဖက် အထူးအကျိုးပြုသော အစီအစဉ်တစ်ရပ်ဖြစ်၏။ ခရီးသွားတစ်ဦးသည် သူ၏သာမန်လုပ်ရိုးလုပ်စဉ်မှ လွတ်ကျွတ်ကာ ကျေနပ်ပြီး ပျော်ရွှင်မှုရ၊ ပညာလည်းရသည်။ သို့သော် ဝန်ဆောင်မှုပေးသူများအတွက်ကော အဘယ်အကျိုးကျေးဇူးများရှိသနည်း။ အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားငွေ သဲ့ယူသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ နိုင်ငံအများစုသည် နိုင်ငံခြားမှတင်သွင်းရမည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပေးဆောင်ရန် နိုင်ငံခြားငွေလိုအပ်သည်။
အမှန်ဆိုရလျှင် WTO မှတ်တမ်းတစ်ခုက ဤသို့ဖော်ပြခဲ့သည်– “အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အကြီးဆုံး နိုင်ငံခြားငွေကြေးလဲလှယ်သည့်လုပ်ငန်းဖြစ်ကာ နိုင်ငံများစွာ၏ ဝင်ငွေနှင့်ထွက်ငွေ ချိန်ခွင်လျှာညီစေဖို့ အရေးပါသော အခြေခံအကြောင်းတစ်ရပ်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းမှရရှိသည့် နိုင်ငံခြားငွေမှာ ၁၉၉၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂၃ ဘီလီယံအထိရှိပြီး ရေနံ၊ မော်တော်ယာဉ်၊ ကြေးနန်းဆက်သွယ်ရေးပစ္စည်း၊ အထည်အလိပ်ပို့ကုန်များ၊ အခြား
ထုတ်ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများထက် သာလွန်နေသည်။” အလားတူမှတ်တမ်းက ဤသို့ဖော်ပြပြန်သည်– “ခရီးသွားလုပ်ငန်းသည် တိုးတက်မှုလျင်မြန်သည့် ကမ္ဘာ့အကြီးမားဆုံးလုပ်ငန်းတစ်ခုဖြစ်” ပြီး “ကမ္ဘာ့ပြည်တွင်းထုတ်ကုန် စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအထိ” နေရာယူထားသည်။ ယခင်ဆိုဗီယက်ပြည်ထောင်စုမှ နိုင်ငံအချို့ပင်အပါအဝင် နိုင်ငံအများစုသည် ယခုအခါ အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းတွင် ပါဝင်—သို့မဟုတ် တက်သုတ်နှင်ဝင်ရောက်လာ—လျက်ရှိသည်ကို မအံ့သြသင့်ပေ။ခရီးသွားလုပ်ငန်းမှရရှိသည့် အစိုးရအခွန်ဘဏ္ဍာငွေကို အခြေခံအဆောက်အအုံ တိုးတက်ကောင်းမွန်ရေး၊ ပညာရေးအဆင့်အတန်း ပိုမိုမြင့်မားရေးနှင့် အခြားအခြားသော နိုင်ငံ့လက်ငင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးရေးတို့တွင် အသုံးပြုလျက်ရှိနေသည်။ အစိုးရအားလုံးနီးပါးသည် မိမိတို့၏နိုင်ငံသားများ အလုပ်အကိုင်ရှိရေးအတွက် စိုးရိမ်ပေးတတ်ကြသည်။ ခရီးသွားလုပ်ငန်းကြောင့် ပေါ်ပေါက်လာသည့် အလုပ်အကိုင်များက ဤလိုအပ်ချက်ကို ဖြည့်ဆည်းပေးပါသည်။
ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးကို အကြီးအကျယ် အကျိုးသက်ရောက်ကြောင်း နားလည်စေရန် ယူနိုက်တက်စတိတ်ရှိ ဖလော်ရီဒါပြည်နယ်နှင့် ကျူးဘားကျွန်းစပ်ကြား မက္ကဆီကိုပင်လယ်ကွေ့အဝကို ဖြတ်လျက်တည်ရှိနေသော ကျွန်းစုနိုင်ငံငယ်ကလေးဖြစ်သည့် ဗဟားမားစ်၏ ပုံနမူနာကို သုံးသပ်ကြည့်ပါ။ ဗဟားမားစ်နိုင်ငံတွင် စီးပွားဖြစ်စိုက်ပျိုးရေး ကြီးကြီးကျယ်ကျယ်မရှိ၊ စက်မှုကုန်ကြမ်းပစ္စည်းများလည်း မထွက်ရှိသလောက်ဖြစ်သည်။ သို့သော် ဤကျွန်းများတွင် ပူနွေးသည့်ရာသီဥတု၊ သဘာဝအပူပိုင်းကမ်းခြေများ၊ တစ်သန်း၏လေးပုံတစ်ပုံသာရှိသော လူနည်းစုဖြစ်သည့် ခင်မင်ဖော်ရွေသောလူမျိုးနှင့် ယူနိုက်တက်စတိတ်နှင့်နီးကပ်နေခြင်းတို့ ပေါင်းစပ်လိုက်သောအခါ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ တိုးတက်အောင်မြင်နေခဲ့သည်။ သို့သော် ကမ္ဘာလှည့်ခရီးသွားများ စိတ်တိုင်းကျဖြစ်ဖို့နှင့် ဘေးရန်ကင်းရှင်းသည့် အပန်းဖြေမှုဖြစ်စေဖို့ အဘယ်အရာလိုအပ်သနည်း။
ခေတ်သစ်အပန်းဖြေသူများကို ပျော်ရွှင်ကျေနပ်စေခြင်း
အပြည်ပြည်ဆိုင်ရာခရီးသွားလုပ်ငန်း စစချင်းတွင် တိုင်းတစ်ပါးသို့ အလည်အပတ်ရောက်ဖူးသည့် အတွေ့အကြုံ သိပ်မရှိလှရာ ထိုအချိန်တွင် သွားလာရ ခက်ခဲလင့်ကစား အလည်အပတ်ရောက်ဖူးခြင်းသည်ပင်လျှင် ခရီးလှည့်လည်သူများစွာတို့အတွက် စိတ်ကျေနပ်စရာဖြစ်သည်။ သို့ရာတွင် ယနေ့ လူထုဆက်သွယ်ရေးနည်းစနစ်က လူများစွာတို့အား ၎င်းတို့၏အိမ်ရိပ်မြုံမှမခွာဘဲ ရုပ်မြင်သံကြားပေါ်မှနေ၍ ဝေးလံသည့်အရပ်ဒေသများနှင့်ပတ်သက်၍ လေ့လာမြည်းစမ်းခွင့် ရရှိစေသည်။ သို့ဖြစ်၍ ယခုအချိန်တွင် အပန်းဖြေစခန်းများအတွက် စိန်ခေါ်ချက်မှာ အလည်အပတ်ခရီးတွင် အိမ်တွင်နေရသည့် အဆင်ပြေမှုမျိုး သို့မဟုတ် အိမ်မှာထက်ပင် ပို၍အဆင်ပြေမှုမျိုးပေးရင်း အတွေ့အကြုံထူးဖြစ်စေရေးဖြစ်သည်။ ထို့အပြင် ကမ္ဘာလှည့်ခရီးသည်များစွာတို့သည် မကြာခဏ ခရီးသွားလာလေ့ရှိသည်ဖြစ်၍ သွားရောက်လိုရာဒေသတို့သည် ကမ္ဘာနှင့်အဝန်း အပြိုင်အဆိုင်ဖြစ်လာခဲ့ကြသည်။
ယင်းက အံ့မခန်းဖွယ် ဆွဲဆောင်မှုများနှင့် အပန်းဖြေစခန်းများကို ပေါ်ပေါက်လာစေခဲ့သည်။ ဥပမာ၊ ဗဟားမားစ်နိုင်ငံမှ အလွန်ကြီးမားသော ဇိမ်ခံဟိုတယ်တစ်ခုကို သုံးသပ်ကြည့်ပါ။ “ဒီဟိုတယ်ကြီးကို မမေ့နိုင်လောက်တဲ့ အတွေ့အကြုံထူး အမှန်ရဖို့ ဒီဇိုင်းဆွဲထားတယ်။ အတွေ့အကြုံ ထူးသထက်ထူးလာစေဖို့လည်း ကျွန်တော်တို့ ရည်ရွယ်ထားပါသေးတယ်။ သင့်တွင် မမေ့နိုင်လောက်အောင် စွဲကျန်စေဖို့အတွက် ကျွန်တော်တို့ရဲ့ ဒေသခံလူတွေနဲ့အပြန်အလှန် ကူးလူးဆက်ဆံစေချင်ပါတယ်” ဟု ဟိုတယ်ဖွံ့ဖြိုးမှုအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဘီဗာလီ ဆန်ဒါဇ်ကဆိုသည်။ ထိုသို့သော အပန်းဖြေစခန်းများသည် ဧည့်သည်တော်တို့၏ လိုအပ်ချက်များကို မည်သို့ဖြည့်ဆည်းပေးကြသနည်း။
အပန်းဖြေစခန်း၏ ကုလားကာနောက်ကွယ်
ဘီဗာလီက “အခန်းပေါင်း ၂,၃၀၀ ရှိတဲ့ ကျွန်တော်တို့ရဲ့ အဆောက်အအုံဟာ ဧည့်သည်တွေနဲ့ပြည့်သွားတဲ့အခါ တစ်ချိန်တည်းမှာ စိတ်ကျေနပ်အောင်ပြုစုပေးရမယ့် ဧည့်သည် ၇,၄၀၀ နှင့် ၈,၀၀၀ အကြားရှိနိုင်တယ်” ဟုဆိုသည်။ “လက်တွေ့ ဖြည့်ဆည်းပေးရေး စိန်ခေါ်ချက်ဟာ အလွန်တရာကြီးမားတယ်။ ဒီဧည့်သည်အားလုံးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လိုတဲ့ အဖွဲ့အစည်းဟာ မြို့ငယ်လေးတစ်မြို့ကို စီမံခန့်ခွဲရသလိုမျိုးဖြစ်ရုံသာမက နောက်ထပ်စိန်ခေါ်ချက်တွေလည်းရှိသေးတယ်။ ကျွန်တော်တို့ဆီမှာ ဧည့်သည်တွေ သူတို့အိမ်မှာစားနေကျ အစားအစာမျိုး အရန်သင့်ရှိထားရမယ်။ ဒါပေမဲ့ သူတို့ရဲ့အတွေ့ အကြုံကို အမှတ်တရလေးဖြစ်သွားစေဖို့ဆိုရင် ဆန်းပြားတဲ့ထမင်းစားဆောင်နဲ့ အပန်းဖြေစရာ အခွင့်အရေးတွေကိုလည်း ကမ်းလှမ်းပေးရပါမယ်။ အပန်းဖြေစခန်းတွေမှာ ၅၀ ရာခိုင်နှုန်းကျော်လောက်ရှိတဲ့ အမှုထမ်းတွေဟာ အစားအသောက်နဲ့ အဖျော်ယမကာဌာနတွေမှာ အလုပ်လုပ်ကြတယ်။”
သို့တိုင်၊ အိုင်. ကေ. ပရာ့ဒ်ဟန်က “နီပေါနိုင်ငံကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၏ လူမှုယဉ်ကျေးမှုဆိုင်ရာသက်ရောက်အား” ဟူသည့် သူ၏စာတမ်းငယ်တွင် “ခရီးသွားလာစဉ် စိတ်တိုင်းကျမှုနှင့် ပျော်ရွှင်မှု အစစ်အမှန်ကို ဆုံးဖြတ်ပေးသည့် အခြေခံအကြောင်းရင်းရှိရှိသမျှတွင် ဒေသခံလူတို့၏ ဧည့်သည်များအပေါ်ဆက်ဆံပုံနှင့် ဧည့်သည်များခံစားရသည့် လုံခြုံမှုထက် ပို၍အရေးကြီးသော အခြားအကြောင်းရင်းမရှိချေ” ဟုထုတ်ဖော်ပြောဆိုသည်။
ကမ္ဘာတစ်ဝန်း အောင်မြင်နေသော ကမ္ဘာလှည့်ခရီးသွား အပန်းဖြေစခန်းများသည် အဆိုပါနယ်ပယ်များတွင် အားရကျေနပ်မှုရနိုင်သမျှ များများရရှိစေရန် မည်သို့လုပ်ဆောင်နေကြသနည်း။ “သင်တန်းပေးခြင်း၊ လိုအပ်ချက်နှင့်အညီ အပြုအမူအပြောအဆိုကို မွမ်းမံပေးခြင်း၊ လေ့ကျင့်ပေးခြင်း၊ ပြုပြင်ပေးခြင်း—အရည်အသွေးမြင့်မားသော ဝန်ဆောင်မှု တစ်သမတ်တည်းရှိရန် အဆက်မပြတ် စူးစမ်းရှာဖွေခြင်း” ပြုရမည်ဟု ဗဟားမားစ်နိုင်ငံမှ ထိပ်တန်းအပန်းဖြေစခန်းကို ကြီးကြပ်လေ့ကျင့်ပေးနေသည့် အမှုဆောင်အရာရှိတစ်ဦးက အထက်ပါမေးခွန်းကို အဖြေပေးခဲ့သည်။ “ဗဟားမားစ်နိုင်ငံသားအများစုသည် ပင်ကိုအားဖြင့် သဘောကောင်းသူများဖြစ်ကြသည်။ သို့သော် အလုပ်ချိန်၌ တစ်ချိန်လုံး ဖော်ဖော်ရွေရွေရှိရန်၊ နှစ်လိုဖွယ်ဖြစ်ရန်နှင့် ပြုံးရွှင်နေရန်မှာ အလွန်ခက်ခဲလှ၏။ ထို့
ကြောင့် အဘယ်ကဏ္ဍမျိုးကိုမဆို သူတို့လုပ်ဆောင်နေကြပါစေ ဆရာဝန်၊ ရှေ့နေ သို့မဟုတ် အာမခံကိုယ်စားလှယ်တစ်ဦးအား ထူးခြားသည့်သွင်ပြင်လက္ခဏာကို ဆောင်စေသည့် ကျွမ်းကျင်ပိုင်နိုင်မှုမျိုးဖြင့် ချဉ်းကပ်ဖို့လိုအပ်ပုံကို ကျွန်ုပ်တို့ သွတ်သွင်းပေးသည်။ ဆောင်ရွက်မှုတိုင်းအတွက် ခြုံငုံခရီးသွားအတွေ့အကြုံ ပါဝင်သည့် တင်းကျပ်သော အပြည်ပြည်ဆိုင်ရာစံနှုန်းများကို ကျွန်ုပ်တို့ ကျင့်သုံးကြသည်။ အဆိုပါစံနှုန်းများကို မီအောင်ဆောင်ရွက်ရာတွင် အဖွဲ့လိုက် ကျွန်ုပ်တို့ကြိုးစားဆောင်ရွက်လေ သာ၍အဆင်ပြေချောမွေ့ ပြီး လုပ်ဆောင်မှုအဆင့်ကလည်း တစ်သမတ်တည်း မြင့်မားလေဖြစ်မည်။”အခြေအနေ၏အခြားတစ်ဖက်၌
သင်ခရီးသွားပြီဆိုလျှင် အစီအစဉ်ကို စေ့စေ့စပ်စပ် ဆွဲထားလင့်ကစား သင်ကြိုတင်မတွေးမိသည့် ကုန်ကျစရိတ်များ အမြဲရှိနေပုံရသည်ကို သတိပြုမိသလော။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကုမ္ပဏီများသည်လည်း အလားတူ တွေ့ကြုံနေရသည်။
“ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ကျွန်ုပ်တို့၏ ဖွံ့ ဖြိုးတိုးတက်နေသော လူ့အသိုင်းအဝိုင်းကို အကျိုးကျေးဇူး များစွာဖြစ်ထွန်းစေနိုင်သည်” ဟု အစောပိုင်းတွင် ဖော်ပြထားသည့် ပရာ့ဒ်ဟန်ကဆိုသည်။ သို့ရာတွင် လျောက်ပတ်သည့် ချင့်ချိန်တိုင်းထွာမှုမရှိလျှင် “ပြင်၍မရသော လူမှုပြဿနာများကလည်း ပေါ်ပေါက်လာနိုင်သည်” ဟုသူကဖော်ပြသည်။ သူကဤသို့ထပ်ဆင့်ဆိုသည်– “[ကျွန်ုပ်တို့] သည် ခေတ်သစ်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၏ အကျိုးသက်ရောက်မှုအမျိုးမျိုးနှင့်ပတ်သက်၍ ကောင်းစွာသိရှိကာ သင့်တော်လျောက်ပတ်စွာ ပြင်ဆင်ဖို့လိုအပ်သည်။” အဘယ်ပြဿနာများကို သူရည်ညွှန်းနေခြင်းဖြစ်သနည်း။
“ကမ္ဘာလှည့်ခရီးသွားများစွာတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် နိုင်ငံများတွင် မရည်ရွယ်ဘဲနှင့် မိမိတို့၏ အစဉ်အလာဘဝပုံစံများ အကြီးအကျယ်ရောနှောခံလိုက်ရကြောင်း အမြဲတွေ့ ကြုံနေရသည်။ နေရာဒေသအချို့တွင် ဒေသခံယဉ်ကျေးမှုမှာ ဝါးမျိုခံလိုက်ရလေသည်။” အဆင့်မြင့်ဗဟားမားစ် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ အကြီးအကဲဖြစ်သူ ကော်လ်ဒဲယ် သောမ်ဆင်က ဖြစ်နေကျ နောက်ဆက်တွဲဆိုးကျိုးတစ်ခုအကြောင်းကို အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ သောမ်ဆင်သည် ၎င်း၏နိုင်ငံအပေါ် သက်ရောက်သည့် အကျိုးကျေးဇူးမှန်သမျှကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်သည်။ သို့တိုင်၊ အမြဲပင် အပန်းဖြေလာသူများက ဒေသခံလူဦးရေထက်များနေ—သို့မဟုတ် အများစုဖြစ်နေ—သည့် နိုင်ငံတစ်နိုင်ငံတွင်နေထိုင်ရခြင်းသည် အခြားမမြင်နိုင်သည့် အကျိုးဆက်များစွာကို ဖြစ်ပေါ်စေခဲ့ပြီ။
ဥပမာ၊ ကမ္ဘာလှည့်ခရီးသွားများနှင့် သွားအတူလာအတူ အလုပ်လုပ်ရသူအချို့က ဧည့်သည်,သည် တစ်ချိန်လုံးအားနေသည်ဟု တဖြည်းဖြည်း မှားယွင်းစွာ စတင်ယူမှတ်လာကြသည်။ ဒေသခံလူတို့သည် အဆိုပါ စိတ်ကူးယဉ် ဘဝပုံစံကို အတုယူရန် ကြိုးပမ်းနိုင်သည်။ အခြားသူများကမူ ထိုနည်းဖြင့် ထိခိုက်မခံရပါ။ သို့သော် မိမိတို့၏အားလပ်ချိန်များကို ဧည့်သည်များပျော်ပါးရာနေရာတို့တွင် အကြီးအကျယ်သုံးစွဲလိုက်ခြင်းအားဖြင့် တဖြည်းဖြည်း မိမိတို့၏ အစဉ်အလာဖြစ်သော ဘဝပုံစံကို ခွာချွတ်ပစ်ခဲ့ကြသည်။ တစ်ခါတစ်ရံ တိုင်းရင်းသားပြည်သူတို့သည် ကမ္ဘာလှည့်ခရီးသွားများအတွက် တည်ဆောက်ထားသည့် အဆောက်အအုံများတွင် အမြဲပြည့်နေရာ ဒေသခံယဉ်ကျေးမှု၏ ရပ်ကွက်ဗဟိုဌာနများမှာ တဖြည်းဖြည်း မှေးမှိန်သွားသည်အထိ၊ အချို့နေရာများတွင်မူ လုံးဝပျောက်သွားသည်အထိပင်။
ကမ္ဘာလှည့်ခရီးသည်အများ အကြိုက်တွေ့သည့်နေရာများစွာတို့မှာ ပစ်ရမှာလည်း အဆီတဝင်းဝင်း၊ စားရမှာလည်း သဲတရှပ်ရှပ်ဖြစ်ကာ အကျပ်ရိုက်နေကြသည်။ ၎င်းတို့သည် အဆက်မပြတ်ရောက်ရှိလာကြသည့် ဧည့်သည်များထံမှ ငွေများဝင်လာသည်ကို လက်ခံရခြင်းသည် ဝမ်းသာပီတိဖြစ်ကြရသော်လည်း တရားဥပဒေနှင့်မညီသောအရာကိုမှ အာသီသပြင်းပြစွာ ခံတွင်းတွေ့တတ်ကြသည့် ကမ္ဘာလှည့်ခရီးသွားများ၏ စိတ်အလိုကို ဖြည့်ဆည်းပေးရန် ဖန်တီးပေးသည့် စီးပွားရေးလုပ်ငန်းအချို့ကြောင့် ဖြစ်ပေါ်လာသော လူမှုရေးပြဿနာများအောက်တွင် စိတ်ပင်ပန်းကာ ဝန်ပိနေကြသည်။
အကျိုးပြုသောကမ္ဘာလှည့်ခရီးသွားလုပ်ငန်း
ခေတ်သစ်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ အကြီးမားဆုံးသော အကျိုးတချို့မှ ဖြစ်ပေါ်စေသည့်အကျိုးဆက်များကြောင့် မကြာခဏ တိုး၍ကြားနေရသည့် “အကျိုးပြုသော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း” ဟူသည့် အသုံးအနှုန်း ဆက်အဓွန့်ရှည်တည်တံ့ရေးမှာ အန္တရာယ်ကျရောက်နေသည်။ ယင်းက ရေတိုအကျိုးကျေးဇူးများရရှိစေသည့် အချို့သော ကမ္ဘာလှည့်ခရီးသွားဆိုင်ရာအမူအကျင့်သည် ‘ရွှေဥ,ဥသည့်ငန်းကိုသတ်ပစ်’ သည့်နှယ် ရေရှည်အကျိုးပြုမည့်ကိစ္စကို အန္တရာယ်ပြုနေကြောင်း အချို့တို့အား သဘောပေါက်လာစေသည်။ ခရီးသွားလုပ်ငန်းကို ထာဝစဉ်ထူထောင်သွားဖို့ဆိုလျှင် ခက်ခဲသောပြဿနာအချို့ကို မလွဲမသွေဖြေရှင်းရမည်။
ပတ်ဝန်းကျင်အပေါ် ခရီးသွားလုပ်ငန်း၏သက်ရောက်မှု၊ ဒေသခံယဉ်ကျေးမှုအပေါ် သက်ရောက်သည့်ဂယက်ရိုက်မှု၊ အပန်းဖြေစခန်း ကြီးကြီးငယ်ငယ်တို့၏ အမြတ်အစွန်းရရေးပန်းတိုင်များ၊ အိမ်ရှင်နိုင်ငံများ၏ အမျိုးသားရေးဦးတည်ချက်များနှင့် သဟဇာတဖြစ်မှု—ယင်းတို့သည် အပြိုင်ကြဲရမည့် ကိစ္စရပ်များမှ အချို့ဖြစ်ပြီး ရှေ့လျှောက် ဟန်ချက်ညီရန်လုပ်ဖို့ လိုမည်ဖြစ်သည်။ မကြာသေးမီက ဘေးကင်းလုံခြုံရေးပြဿနာများသည် ခရီးသွားလုပ်ငန်းကို ငွေကြေးအရ အကြီးအကျယ်ထိခိုက်ခဲ့ပြီး နောက်ဆုံးတွင် ယင်းတို့ကို ဖြေရှင်းသွားရမည်။ ယင်းတို့သည် ကြီးထွားလာသည့် ခေတ်သစ် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် ရှေ့လျှောက် မည်သို့အကျိုးသက်ရောက်စေမည်ကိုကား အနာဂတ်တွင် စောင့်ကြည့်ရပေမည်။
သင်၏ပုံမှန်လုပ်ရိုးလုပ်စဉ်မှ အနားယူကာ၊ သင်နေထိုင်ရာမှ အလှမ်းအလွန်ဝေးသည့် အပန်းဖြေစခန်းတစ်ခုတွင် သွားအပန်းဖြေဖို့ သင်ဆုံးဖြတ်လိုက်သည့် နောင်တစ်ကြိမ်တွင် ဤကမ္ဘာလုံးဆိုင်ရာလုပ်ငန်း—ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း—ကို သင်အရေးမထားဘဲနေမည်မဟုတ်ချေ။
[စာမျက်နှာ ၁၅ ရှိ ရုပ်ပုံ]