ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ဖျက်လိုဖျက်ဆီးကျူးကျော်သူများ
“ကျူးကျော်ဝင်ရောက်လာသော ‘တစ်ကျွန်းတစ်နိုင်ငံသားများ’ သည် နှစ်စဉ်နှစ်တိုင်း ဒေါ်လာဘီလီယံ ရာနှင့်ချီ၍ ကမ္ဘာ့စီးပွားရေးကို ပျက်ပြားစေရုံမက ရောဂါများကို ပျံ့နှံ့စေသည်၊ ဂေဟစနစ်ကို အကြီးအကျယ်ပျက်စီးစေသည်” ဟု အင်တာနေရှင်နယ် ဟယ်ရယ်လ် ထရီဘျွန်း သတင်းစာက ဖော်ပြ၏။ မူရင်းပတ်ဝန်းကျင်တွင် အန္တရာယ်မဲ့သော အပင်နှင့်တိရစ္ဆာန်များစွာတို့ကို နယ်မြေသစ်များသို့ တမင်တကာဖြစ်စေ၊ အမှတ်တမဲ့ဖြစ်စေ သယ်ဆောင်သွားကြသည်။ ဥပမာ၊ မူရင်းဒေသဖြစ်သော ဩစတြေးလျနှင့် အင်ဒိုနီးရှားမှ အပင်နေမြွေတစ်ကောင်သည် ဂွမ်ကျွန်းပေါ်မှ သဘာဝသစ်တောငှက်များကို မျိုးဖြုတ်ပစ်ပြီး တစ်ခါတစ်ရံ လေယာဉ်ဘီးခေါက်သိမ်းရာ အခေါင်းပေါက်များတွင် ခိုအောင်း၍ ပစိဖိတ်တစ်ခွင် ပျံ့နှံ့လာကြသည်။ ကော်လာပါအယ်လဂျီရေမှော်ပင်နှင့် တောင်အမေရိကဗေဒါပင်တို့ကို တခြားဂေဟစနစ်သို့ ဆောင်ယူလာခြင်းကြောင့် ဧရာမရေပြင်ပေါ်မှ မူလကရှိနေသည့် ပင်လယ်ရေသတ္တဝါများ သေကျေပျက်စီးကုန်သည်။ ကုန်စည်တင်ပျဉ်ချပ်ခင်းပြားတွင်ပါလာသော တရုတ်ပြည်မှ ဦးမှင်ရှည် ပိုးတောင်မာကောင်များသည် မြောက်အမေရိက သစ်တောများကို ဖျက်ဆီးနေကြစဉ် ဂေါက်ကွင်းများအတွက် ယူနိုက်တက်စတိတ်မှ တရုတ်ပြည်သို့ တင်သွင်းလာသော မြက်ပင်များသည် ထိန်းသိမ်း၍မရနိုင်အောင် ပွားများလျက်ရှိသည်။ ဘေးသင့်စေသည့် အခြားမျိုးစိတ်များထဲတွင် အင်းဒီယန်းမြွေပါ၊ ခရုအကျား၊ မိုက်ကိုနာယားအပင်၊ နိုင်းလ်ကကတစ်ငါး၊ မြောက်အမေရိကမီးခိုးရောင်ရှဉ့်၊ တွားသွားငါးခူနှင့် ရိုစီဝံပုလွေပက်ကျိအပြင် ခါချဉ်တို့လည်း ပါဝင်၏။
ကလေးများအတွက် အလှကုန်ပစ္စည်းများ
ဂျပန်နိုင်ငံမှ အလှကုန်ပစ္စည်းပြုလုပ်သူများသည် ကလေးများအတွက် အထူးရည်စူးထားသည့် မိတ်ကပ်တစ်မျိုး ထုတ်လုပ်လျက်ရှိသည်ဟု ဂျပန်တိုင်းမ်စ် သတင်းစာက ဖော်ပြ၏။ နိုင်ငံတစ်ဝန်း ရေပန်းစားလျက်ရှိသည့် အလှကုန်ပစ္စည်းများ ခေတ်ထနေချိန်တွင် ဆယ်ကျော်သက်အရွယ် မရောက်သေးသူများအပါအဝင် မိန်းကလေးများသည် သူတို့အနှစ်သက်ဆုံး အဆိုတော်များကို အတုယူ၍ ပြောင်ပြောင်လက်လက် နှုတ်ခမ်းနီနှင့် ကာချယ် အစရှိသည့် ပစ္စည်းများကို ဝယ်ယူရန် ကုန်ပဒေသာစတိုးဆိုင်ကြီးတွင် ကြိတ်ကြိတ်တိုးလျက်ရှိသည်။ ရှေးအချိန်က ကလေးများသည် နှုတ်ခမ်းနီကို ပျော်ရွှင်စရာအဖြစ် ဆိုးကြ၏။ ယခုအခါ ကလေးအတော်များများသည် မိတ်ကပ်လိမ်းခြယ်မှုကို စိတ်ထက်သန်လာကြပြီး တစ်စုံတစ်ရာသော မျက်နှာပုံပန်းသဏ္ဌာန် ပိုမိုကြည့်ကောင်းရန် လိမ်းခြယ်နည်းကို သိလိုကြ၏။ ကလေးများအတွက် မဂ္ဂဇင်းတစ်စောင်မှ အယ်ဒီတာတစ်ဦးက ဤသို့ မှတ်ချက်ချသည်– “သိမ်ငယ်တယ်လို့ ခံစားရသူတွေရဲ့ခေတ် ကုန်ပြီ။ အခုခေတ်ကလေးတွေဟာ ငယ်စဉ်ကတည်းက သူတို့ဘိုးဘေးတွေထက် သူတို့ရဲ့ချို့ယွင်းချက်တွေကို ပိုမိုသတိပြုမိကြတယ်။” သို့သော် ကုမ္ပဏီတစ်ခုက ထိုသို့မပြုလုပ်ခဲ့ချေ– “ဂျပန်ယဉ်ကျေးမှုမှာဆိုရင် မူလတန်းကျောင်းသားတွေနဲ့ အဆင့်မြင့်အလယ်တန်းကျောင်းသားတွေဟာ အလှကုန်ပစ္စည်းတွေကို အများအားဖြင့် မသုံးကြဘူး။ လူမှုရေးကိုယ်ကျင့်တရားရှုထောင့်ကနေပြီး (သူတို့အတွက်) အလှကုန်ပစ္စည်းတွေကို ကျွန်တော်တို့ ထုတ်လုပ်ကြမှာမဟုတ်ဘူး။”
“လှုပ်ရမ်းခံရသော နို့စို့ကလေး ရောဂါလက္ခဏာ”
လက်မောင်းများ၊ ခြေထောက်များ၊ ပခုံးများကို လှုပ်ရမ်းခံရသော ကလေးတစ်ဦးတွင် စိုးရိမ်ရဖွယ် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်သည်ဟု မက္ကဆီကိုမြို့တော် အယ်လ် ယူနီဗာဆယ်လ် သတင်းစာက ဖော်ပြသည်။ “သင်ယူမှုစွမ်းရည်ချို့တဲ့သူများစွာသည် လှုပ်ရမ်းခံရသော နို့စို့ကလေးရောဂါလက္ခဏာ၏ သားကောင်များ ဖြစ်ကြသည်ဟု ဆရာဝန်အချို့က ယူမှတ်ကြသည်။” ကလေးအထူးကုဆရာဝန် ဂဝှန်း ဟိုဆေ ရာမိုစ် ဆာဝါရက်စ်၏အဆိုအရ “ဤဒဏ်ချက်ကြောင့် ထိခိုက်မှုဆိုင်ရာ ပြင်ပရောဂါလက္ခဏာများကို မမြင်ရသော်လည်း ဦးနှောက်သွေးယိုခြင်းနှင့် ဦးနှောက်ပျက်ခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်” ဟုဆို၏။ နားပင်းခြင်း၊ မျက်စိကန်းခြင်း၊ ကျောရိုးတွင် ဒဏ်ရာရခြင်း၊ လေဖြတ်ခြင်း၊ အကြောဆွဲခြင်းအပြင် သေနိုင်သည်ဟုလည်း သူက ထပ်ဆင့်ဆိုသည်။ ထိုသို့ဖြစ်ရခြင်းမှာ နို့စို့ကလေး၏ခေါင်းသည် အတော်အတန်လေးနေပြီး လည်ပင်းကြွက်သားများ မခိုင်မာသေးရာ လှုပ်ရမ်းခံရသည့်ဖိအားကို ထောက်ကန်ထားနိုင်ခြင်း မရှိသောကြောင့်ဖြစ်၏။ အမှန်ဆိုသော် နို့စို့ကလေး၏ငိုသံကြောင့် စိတ်တိုနိုင်၏။ သို့သော် ကလေးထိန်းများကို ကူညီပေးသည့်အနေနှင့် သတင်းစာက ဤသို့အကြံပြု၏– “တစ်မိနစ်အတွင်း ပြုလုပ်ရမည့် အဆင့်သုံးဆင့်မှာ (၁) ရပ်လိုက်ပါ၊ (၂) ထိုင်လိုက်ပါ၊ (၃) စိတ်လျှော့လိုက်ပါ။ ကလေးကို ဒေါသထွက်မည့်အစား သင့်စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပါ။” ထို့နောက် ကလေးငိုစရာဖြစ်စေသည့် အဘယ်အရာကိုမဆို ဂရုစိုက်ပါ—အစားကျွေးခြင်း၊ ခါးတောင်ကျိုက်ပိတ်လဲပေးခြင်း သို့မဟုတ် ကလေးကို ချော့မော့ပြီး ပြုံးရွှင်စေမည့် အရာများကို ပြုလုပ်ပေးပါ။
ဂွန်ဒိုလာ (ဦးကော့ပဲ့ကော့လှေ) ကွယ်ပျောက်သွားပြီလော
“ဗင်းနစ်မြို့တွင် ဂွန်ဒိုလာဆောက်လုပ်သူများ၏ ရှေးအတတ်ပညာ တဖြည်းဖြည်း ကွယ်ပျောက်လျက်ရှိ၏။ ကမ္ဘာပေါ်တွင် စိတ်အဝင်စားဆုံးမြို့တစ်မြို့၏ သမိုင်းကြောင်းကို ထင်ဟပ်စေသည့် ရိုးရာဓလေ့၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် အတတ်ပညာကို ဂရုမစိုက်ဘဲ ကောင်းစွာမတတ်ကျွမ်းသေးသူများက နောက်ပိုင်းဂွန်ဒိုလာများကို ဆောက်လုပ်ကြပေမည်” ဟုလန်ဒန် သည်အင်ဒီပဲန်ဒန်တ် သတင်းစာကဆိုသည်။ ၁၁ ရာစုနှစ်ကတည်းက တည်ရှိခဲ့သည်ဟု လူအများသိကြသည့် လှေဆောက်လုပ်ခြင်း အတတ်ပညာသည် “ဖခင်မှ သားသို့၊ ဆရာမှ တပည့်သို့ ရှေးဟောင်းနည်းစနစ်များကို လက်ဆင့်ကမ်းပေးခြင်း မရှိသောကြောင့်” ကွယ်ပျောက်တော့မည်ဖြစ်သည်။ အလုပ်သမားခ ဈေးကြီးလွန်းပြီး ဗင်းနစ်လူငယ်များက ဤအတတ်ပညာကို သင်ယူရန် အနှစ် ၂၀ အကုန်မခံလိုသည့်အချက်ကို အပြစ်ပုံချသည်။ ထို့ကြောင့် လက်ရှိဆောက်လုပ်ရေးကျွမ်းကျင်သူ အနည်းငယ်သည် အငြိမ်းစားယူရမည့်အရွယ် ရောက်သောအခါ သူတို့ကို အစားထိုးမည့်သူ တစ်ဦးမျှရှိပုံမရပေ။ ဂွန်ဒိုလာလှေကို နာရီပေါင်း ၅၀၀ ကြာဆောက်လုပ်ရပြီး တခြားလှေများနှင့် မတူရခြင်းမှာ လက်ယာဘက်ထက် လက်ဝဲဘက်သည် ပိုကျယ်ကာ လှေထိုးသူနှင့် သူ၏လှော်တက်အလေးချိန်ဖြင့် ဟန်ချက်ညီမျှစေသည်။ ဤသို့သော ပုံပန်းသွင်ပြင် အချိုးမညီသော ဒီဇိုင်းက ဗင်းနစ်၏အကျဉ်းမြောင်းဆုံး တူးမြောင်းများတွင် မောင်းနှင်နိုင်စေခြင်းဖြစ်သည်။
ပင်လယ်ဓားပြတိုက်မှု တရိပ်ရိပ်တိုးများလာခြင်း
“ပင်လယ်ဓားပြတိုက်မှုသည် ယခင်ကထက် တိုးများလာလျက်ရှိသည်” ဟုပြင်သစ်မဂ္ဂဇင်း ဗာလိုဝဲရ် အာ့ခ်တူဝဲလ် ကဆို၏။ ပင်လယ်ဓားပြတိုက်မှု အရေအတွက်သည် ယခင်နှစ်နှစ်ကျော်ကထက် နှစ်ဆပိုများလာသည်။ ထိုအခြေအနေသည် အထူးသဖြင့် ငွေကြေးအခက်အခဲကြောင့် ဆင်းရဲကာ ရာဇဝတ်မှုကို ကျူးလွန်စေသည့် အရှေ့တောင်အာရှတွင် အဆိုးဝါးဆုံးဖြစ်၏။ သို့သော် အာဖရိကနှင့် တောင်အမေရိက ကမ်းရိုးတန်းများတွင်လည်း ပင်လယ်ဓားပြတိုက်မှု တိုးများလာသည်။ ပြင်သစ်သင်္ဘောပိုင်ရှင်များ၏ ဗဟိုကော်မတီ
ကိုယ်စားလှယ် အက်ဒ်ဝါရ် ဘာလ်၏အဆိုအရ “၁၉၉၈ ခုနှစ်တွင် ဒေါ်လာ ၁၆ ဘီလီယံ ဆုံးရှုံးခဲ့သည်။ ကုန်ပစ္စည်းများနှင့်အတူ သင်္ဘောအချို့သည် လုံးဝပျောက်ကွယ်သွားသည်။ သင်္ဘောများကို ပြန်ပေးဆွဲသွားပြီး အသွင်သဏ္ဌာန်ပြောင်းပြီးနောက် သင့်လျော်ရာအလံများကိုတပ်၍ ပြန်ပေးဆွဲသမားများ အသုံးပြုဖွယ်ရှိသည့် ဆိပ်ကမ်းများတွင် ပြန်ပေါ်လာကြသည်။” ပင်လယ်ဓားပြများသည် အမြန်မောင်းရေယာဉ်များနှင့် ခေတ်မီဆက်သွယ်ရေးကိရိယာကို အသုံးပြု၍ လက်နက်ကြီးများတပ်ဆင်ကာ ပို၍အကြမ်းဖက်လာကြ၏။လူငယ်အရက်သမားများ
“ဥရောပရှိ လူငယ်များသည် အသက်ငယ်ငယ်လေးနှင့် အရက်မူးကြပြီး မူးချိန်ပိုများလာသည်” ဟုဂျာမန်သတင်းစာ ဇွတ်ဒဝိုက်ချာ ဇိုင်တွန်က ဖော်ပြသည်။ ဤထိတ်လန့်ဖွယ်အခြေအနေကို မကြာသေးမီက ဥရောပသမဂ္ဂကျန်းမာရေးဝန်ကြီးများအား အာရုံစိုက်လာစေသည်။ ဤပြဿနာသည် မည်မျှကြီးမားသနည်း။ ဥပမာ၊ နိုင်ငံအချို့တွင် ၄၀ နှင့် ၅၀ ရာခိုင်နှုန်းကြား အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးများသည် ဘီယာကို ပုံမှန်သောက်ကြသော်လည်း အင်္ဂလန်၊ စကော့တလန်နှင့် ဝေလပြည်မှ ထိုအရွယ် မိန်းကလေးများသည် ဝိုင်နှင့်အရက်သောက်သုံးမှုတွင် ယောက်ျားလေးများထက် သာလွန်သည်ဟု ၁၉၉၈ ခုနှစ်လေ့လာမှုတစ်ရပ်က ဖော်ပြ၏။ ဒိန်းမတ်၊ ဖင်လန်နှင့် ဗြိတိန်နိုင်ငံတို့တွင် ၁၅ နှစ်အရွယ် ထက်ဝက်ကျော်သည် တစ်ကြိမ်ထက်မက လူမှန်းမသိအောင် အရက်မူးခဲ့ကြသည်။ နှစ်စဉ်နှစ်တိုင်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ အသက် ၁၅ နှစ်မှ ၂၉ နှစ်ကြားရှိ ထောင်ပေါင်းများစွာ အရက်ကြောင့် သေဆုံးခဲ့ကြသည်။ ဝန်ကြီးများကောင်စီက အရက်သောက်ခြင်း၏အကျိုးဆက်များကို လူငယ်များသိရှိစေရန် အရက်ပညာပေးအစီအစဉ် ပြုလုပ်ပေးသင့်ကြောင်း ပြောဆိုခဲ့သည်။
ဆေးလိပ်သောက်၍သေဆုံးသူများ စီးပွားရေးကို ထောက်ကူသလော
“ဆေးလိပ်သောက်၍ စောစီးစွာ သေဆုံးသူများသည် ဆေးဖိုးကုန်ကျစရိတ်ကို ထေမိစေသည် . . . ဟူ၍ သုံးသပ်ထားသော စီးပွားရေးဆန်းစစ်လေ့လာမှုတစ်ရပ်ကို ချက်ခ်သမ္မတနိုင်ငံမှ ဖိလစ်မောရစ္စကုမ္ပဏီအရာရှိများက ဖြန့်ခဲ့သည်။ စီးကရက်ပြုလုပ်သူ၏အစီရင်ခံစာတွင် . . . စီးကရက်များအပေါ် အခွန်များနှင့် ‘စောစောသေဆုံးခြင်းက ကျန်းမာရေးကုန်ကျစရိတ်ကို လျော့နည်းစေခြင်း’ အပါအဝင် ဆေးလိပ်သောက်ခြင်း၏ အမျိုးသားဘဏ္ဍာရေးအတွက်ပါ ‘အကျိုးဖြစ်ထွန်း’ မှုကို ထပ်လောင်းပြောကြားသည်” ဟု သည်ဝေါလ်စထရစ်ဂျာနယ် ကဆို၏။ ထိုဆောင်းပါးကပင် ဤသို့ထပ်ဆင့်ဆိုသည်– “ပေးဆပ်ခြင်းနှင့် အကျိုးဖြစ်ထွန်းမှုတို့ကို တွက်ချက်ရာ၌ ၁၉၉၉ ခုနှစ်တွင် အစိုးရသည် အသားတင်အမြတ် ကိုရူးနာ ၅.၈၂ ဘီလီယံ (ဒေါ်လာ ၁၄၇.၁ သန်း) ရရှိခဲ့သည်ဟု ထိုအစီရင်ခံစာက ဖော်ပြသည်။” ထိုအစီရင်ခံစာကို မကျေနပ်၍ ချက်ချင်းပင် ဟစ်ကြွေးခဲ့ကြသည်။ “စီးကရက်များသည် လူတို့အား သေစေသည်ကို ဆေးရွက်ကုမ္ပဏီများက ငြင်းပယ်လေ့ရှိကြသည်။ ယခု သူတို့သည် ယင်းနှင့်ပတ်သက်၍ ဝါကြွားနေကြ၏” ဟု ပင်တိုင်ဆောင်းပါးရှင်တစ်ဦးက ရေးသားခဲ့သည်။ ဘောဂဗေဒပညာရှင် ကဲနက်သ် ဝေါနာက ဤသို့ဆို၏– “ဖောက်သည်များကို သေစေခြင်းဖြင့် ပြည်သူ့ဘဏ္ဍာအတွက် ငွေရှာပေးနေသည်ဟု ကြွားလုံးထုတ်မည့် ကုမ္ပဏီရှိဦးမည်လော။ ရှိမည်ဟု ကျွန်ုပ်မထင်ချေ။” ဖိလစ်မောရစ္စကုမ္ပဏီသည် နောက်အပတ်တွင် ဝန်ချတောင်းပန်စာတစ်စောင် ထုတ်ပြန်ခဲ့၏။ “ယင်းသည် ဆိုးရွားသော အမှားတစ်ခုပြုရုံမက မကောင်းသည်ကို ကျွန်ုပ်တို့ သဘောပေါက်ပါသည်” ဟုဒုတိယဥက္ကဋ္ဌ စတီဗင် စီ. ပါရီခ်ျက ပြောဆိုခဲ့သည်။ “လုံးဝမသင့်တော်ဟုပြောဆိုခြင်းသည် လျှော့၍ပြောခြင်းဖြစ်သည်။”
ကလေးများကို ရုပ်ပစ္စည်းမက်မောမှု လျော့စေရန် ကူညီပေးခြင်း
“ဈေးသည်တစ်ဦး၏ အကြိုက်ဆုံး” မှာကလေးများဖြစ်ကာ ကလေးငယ်များပင် “စွဲလမ်းနေသော ဖောက်သည်များ” ဖြစ်လာကြပြီး “ထိုဉာဉ်ကို ဖျောက်ဖျက်၍မရ” ဟုကနေဒါ သည်ဂလုပ်ဘ်အဲန်မေးလ် သတင်းစာက ဖော်ပြသည်။ သို့သော် စတန်ဖော့ဒ်ဆေးတက္ကသိုလ်ကျောင်းမှ ပါမောက္ခအဖွဲ့တစ်ဖွဲ့က ဤဖြေရှင်းနည်းကို ရထားကြသည်– ခြောက်လသင်ရိုးညွှန်းတမ်းတစ်ခုသည် ကလေးများကို ရုပ်မြင်သံကြားကြည့်ခြင်း လျော့နည်းသွားစေသည့်ပြင် ကြည့်ရှုသည့်အစီအစဉ်ကိုလည်း ရွေးချယ်တတ်စေသည်။ ကျောင်းပြီးချိန်တိုင်လေသော် ဤသင်တန်းတွင်ပါဝင်ကြသော ကလေးများသည် သူတို့၏မိဘများကို အရုပ်သစ်များဝယ်ပေးရန် မပူဆာတော့ချေ။ ဂလုပ်ဘ် ၏အဆိုအရ “သာမန်ကလေးတစ်ဦးသည် ၁၉၇၀ ပြည့်နှစ်များတွင် တစ်နှစ်လျှင် ကြော်ငြာပေါင်း ၂၀,၀၀၀ ကိုကြည့်နေရာမှ ၄၀,၀၀၀ အထိ ကြည့်ရှုလာကြသည်” ဟုဆို၏။