ကောင်းကင်တမန်မင်း မိက္ခေလကား မည်သူနည်း
သမ္မာကျမ်းစာရှုထောင့်
ကောင်းကင်တမန်မင်း မိက္ခေလကား မည်သူနည်း
သမ္မာကျမ်းစာအရ ဝိညာဉ်ဘုံတွင် ခစားနေကြသော ကောင်းကင်တမန် သန်းပေါင်းများစွာရှိ၏။ (ဒံယေလ ၇:၉၊ ၁၀; ဗျာ. ၅:၁၁) ကျမ်းစာတစ်အုပ်လုံးတွင် ဘုရားသခင်အား တည်ကြည်လျက်ရှိသော ကောင်းကင်တမန်များကို ရည်ညွှန်းဖော်ပြချက်များ ရာနှင့်ချီ၍ရှိသည်။ သို့တိုင် ထိုကောင်းကင်တမန်များအနက် နှစ်ပါးကိုသာ အမည်ဖြင့် ဖော်ပြထားသည်။ တစ်ပါးမှာ အနှစ် ၆၀၀ ခန့်အတွင်း ဘုရားသခင်ထံမှ သတင်းတရားများကို လူသုံးဦးအား ကိုယ်တိုင်ကိုယ်ကျမိန့်ဆိုခဲ့သော ကောင်းကင်တမန် ဂါဗြေလဖြစ်၏။ (ဒံယေလ ၉:၂၀-၂၂; လုကာ ၁:၈-၁၉၊ ၂၆-၂၈) ကျမ်းစာတွင် အမည်ဖြင့်ဖော်ပြထားသော ကောင်းကင်တမန် နောက်တစ်ပါးမှာ မိက္ခေလဖြစ်သည်။
မိက္ခေလမှာ ပေါ်လွင်ထင်ရှားသော ကောင်းကင်တမန်တစ်ပါးဖြစ်၏။ ဥပမာ၊ မိက္ခေလသည် ယေဟောဝါ၏လူမျိုးတော်အတွက် နတ်ဆိုးများနှင့် တိုက်ခိုက်သည်ဟု ဒံယေလကျမ်းတွင် ဖော်ပြသည်။ (ဒံယေလ ၁၀:၁၃; ၁၂:၁) မှုတ်သွင်းခံ ယုဒစာစောင်တွင် မောရှေ၏ကိုယ်ခန္ဓာကို အကြောင်းပြု၍ ငြင်းခုံရာတွင် စာတန်နှင့် မိက္ခေလ ရင်ဆိုင်တွေ့ခဲ့သည်ဟု ဖော်ပြ၏။ (ယုဒ ၉) မိက္ခေလသည် စာတန်နှင့် သူ၏နတ်ဆိုးများနှင့် စစ်ဖြစ်ပြီး သူတို့ကို ကောင်းကင်မှ နှင်ချလိုက်သည်ဟု ဗျာ.ကျမ်းတွင် ဖော်ပြသည်။ (ဗျာ. ၁၂:၇-၉) တခြားကောင်းကင်တမန်များကို ဘုရားသခင်၏ရန်သူများအပေါ် ဤသို့ကြီးသောတန်ခိုးနှင့် အခွင့်အာဏာရှိသည်ဟု မဖော်ပြချေ။ သို့ဖြစ်၍ “အကြီးအကဲ၊” သို့မဟုတ် “ဦးစီးခေါင်းဆောင်” ဟုအဓိပ္ပာယ်ရသော နောက်ဆက်စကားလုံး “မင်း” ကိုအသုံးပြု၍ “ကောင်းကင်တမန်မင်း” ဟုမိက္ခေလကို ကျမ်းစာက လျောက်ပတ်စွာ ရည်ညွှန်းခြင်းသည် အံ့ဩစရာမဟုတ်ပေ။
မိက္ခေလ မည်သူမည်ဝါဖြစ်ကြောင်း အငြင်းပွားမှု
ခရစ်ယာန်ဘောင်ဘာသာတရားများအပြင် ယုဒဘာသာနှင့် . . . တွင်လည်း ကောင်းကင်တမန်များနှင့်ပတ်သက်၍ ကွဲပြားသောအယူအဆများရှိကြသည်။ ရှင်းပြချက်အချို့သည် အခြေအမြစ်မရှိချေ။ ဥပမာ၊ အန်ခါရ်သမ္မာကျမ်းစာအဘိဓာန်က ဤသို့ဖော်ပြသည်– “ကောင်းကင်တမန်အကြီးအမှူးတစ်ပါးနှင့်/သို့မဟုတ် ကောင်းကင်တမန်မင်း (လေးပါး သို့မဟုတ် ခုနစ်ပါးပါဝင်သည့်) အုပ်စုငယ်တစ်စု ရှိပေမည်။” အင်ပဲရီအာလ်သမ္မာကျမ်းစာအဘိဓာန် ၏အဆိုအရ မိက္ခေလသည် “လူစွမ်းကောင်းတစ်ဦး၏ အမည်ဖြစ်သည်၊ သူသည် ဘုရားသခင့်သားတော် သခင်ယေရှုခရစ်ဖြစ်သည်ဟူ၍လည်းကောင်း၊ ကောင်းကင်တမန်မင်းခုနစ်ပါးမှ တစ်ပါးဖြစ်သည်ဟူ၍လည်းကောင်း ကွဲလွဲသောယူဆချက်နှစ်ခုရှိ၏” ဆိုသည်။
ဂျူးထုံးတမ်းတွင် အဆိုပါကောင်းကင်တမန်ခုနစ်ပါးမှာ ဂါဗြေလ၊ ဂျေရမီရယ်လ်၊ မိက္ခေလ၊ ရာဂဲလ်၊ ရာဖီယယ်လ်၊ ဆေရီယယ်လ်နှင့် ဥရေလတို့ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ၊ အစ္စလာမ်ဘာသာသည် ဂျီဘရီလ်၊ မီကေလ်၊ အီဇရာအီလ်၊ အစ္စရာဖီလ်တို့ဖြစ်သော ကောင်းကင်တမန်လေးပါးရှိသည်ဟု ယုံကြည်၏။ ကက်သလစ်အယူဝါဒတွင်
လည်း မိက္ခေလ၊ ဂါဗြေလ၊ ရာဖီယယ်လ်နှင့် ဥရေလတို့ဖြစ်သော ကောင်းကင်တမန်မင်းလေးပါးရှိသည်ဟု ယုံကြည်ကြသည်။ သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။ ကောင်းကင်တမန်မင်း များစွာရှိသလော။သမ္မာကျမ်းစာ၏အဖြေ
ကျမ်းစာတွင် မိက္ခေလမှတစ်ပါး တခြားမည်သူကိုမျှ ကောင်းကင်တမန်မင်းဟု မဖော်ပြထားသည့်အပြင် “ကောင်းကင်တမန်မင်း” ကိုဗဟုဝုစ်ကိန်းဖြင့်လည်း အသုံးမပြုထားချေ။ မိက္ခေလကို ကောင်းကင်တမန်မင်း အဖြစ် ကျမ်းစာက ဖော်ပြထားပြီး ထိုဘွဲ့ထူးသည် ကိုယ်တော်တစ်ပါးတည်းသာ ပိုင်ဆိုင်သည်ဟု ဆိုလို၏။ ထို့ကြောင့် တခြားကောင်းကင်တမန်အားလုံးကို အုပ်ချုပ်ရသည့် အခွင့်အာဏာအပြည့်အဝကို ကောင်းကင်သတ္တဝါများမှ တစ်ပါးတည်းကိုသာ ယေဟောဝါ လွှဲအပ်ခဲ့ကြောင်း ကောက်ချက်ချခြင်းသည် ကျိုးကြောင်းဆီလျော်ပါသည်။
ဖန်ဆင်းရှင်ကိုယ်တိုင်အပြင် တည်ကြည်သူတစ်ဦးတည်းကသာ ယေရှုခရစ်၏လက်အောက် ကောင်းကင်တမန်များရှိသည်ဟု ဖော်ပြ၏။ (မဿဲ ၁၃:၄၁; ၁၆:၂၇; ၂၄:၃၁) တမန်တော်ပေါလုသည် “သခင်ယေရှု” နှင့် “တန်ခိုးရှိသော ကောင်းကင်တမန်တို့” အကြောင်းကို ကွဲကွဲပြားပြား ဖော်ပြခဲ့သည်။ (၂ သက်သာလောနိတ် ၁:၆၊ ၇) ထို့ပြင် ပေတရုက “ထိုသခင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ်၍ ကောင်းကင်တမန်အစရှိသော အာဏာစက်တန်ခိုးများတို့ကို အုပ်စိုးလျက် ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရှိတော်မူ၏” ဟူ၍ ရှင်ပြန်ထမြောက်ခဲ့သော ယေရှုအကြောင်း ဖော်ပြခဲ့သည်။—၁ ပေတရု ၃:၂၂။
ကောင်းကင်တမန်မင်း မိက္ခေလမှာ ယေရှုဖြစ်သည်ဟု အတိအကျဖော်ပြထားချက် ကျမ်းစာတွင် မတွေ့ရသော်လည်း ကောင်းကင်တမန်မင်း၏ရာထူးနှင့် ယေရှုကို ချိတ်ဆက်ပြသည့် ကျမ်းချက်တစ်ချက်ရှိ၏။ သက်သာလောနိတ်မြို့သားများထံ ရေးလိုက်သော တမန်တော်ပေါလု၏စာတွင် ဤသို့ပရောဖက်ပြုခဲ့သည်– “သခင်ဘုရားသည် ကြွေးကြော် [“အမိန့်သံပေး၊” ကဘ] ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။” (၁ သက်သာလောနိတ် ၄:၁၆) ဤကျမ်းချက်တွင် ယေရှုသည် တန်ခိုးတော်ရရှိထားရုံမက ဘုရားသခင်၏မေရှိယဘုရင်ဖြစ်သည်ဟု ဖော်ပြထားသည်။ ကိုယ်တော်သည် “ကောင်းကင်တမန်မင်းအသံ” နှင့်မိန့်ဆို၏။ ကိုယ်တော်တွင် သေလွန်သူများကို ထမြောက်ပေးနိုင်သည့် တန်ခိုးတော်ရှိကြောင်းကိုလည်း သတိပြုပါ။
ယေရှုသည် လူသားအဖြစ် ကမ္ဘာမြေကြီးပေါ်ရှိစဉ်က သေလွန်သူအချို့ကို ရှင်ပြန်ထမြောက်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် အမိန့်သံဖြင့် မိန့်ဆိုခဲ့သည်။ ဥပမာ၊ နာဣနမြို့မှ သေလွန်သွားသော မုဆိုးမ၏သားကို ရှင်ပြန်ထမြောက်ပေးသောအခါ ကိုယ်တော်က “အချင်းလုလင်၊ ထလော့၊ သင့်အား ငါအမိန့်ရှိသည်” ဟုမိန့်ဆိုခဲ့၏။ (လုကာ ၇:၁၄၊ ၁၅) နောက်ပိုင်း ယေရှု၏မိတ်ဆွေ လာဇရု မထမြောက်မီလေးတွင် ကိုယ်တော်က “‘လာဇရု ထွက်၍လာလော့’ ဟုကြီးသောအသံနှင့် ဟစ်ခေါ်တော်မူ၏။” (ယောဟန် ၁၁:၄) သို့သော် ဤအချိန်အခါများတွင် ယေရှု၏အသံသည် စုံလင်သောလူသား၏အသံဖြစ်သည်။
ယေရှုကိုယ်တော်တိုင် ထမြောက်ပြီးနောက် ကိုယ်တော်အား ဝိညာဉ်သားတစ်ပါးအဖြစ် ကောင်းကင်တွင် “ကြီးမြတ်သောဘွဲ့နာမ” ချီးမြှောက်ပေးခဲ့သည်။ (ဖိလိပ္ပိ ၂:၉) ကိုယ်တော်သည် လူသားတစ်ဦးအနေနှင့်မဟုတ်ဘဲ ကောင်းကင်တမန်မင်းအသံဖြင့် မိန့်မြွက်ခဲ့သည်။ ထို့ကြောင့် “ခရစ်တော်၌ သေလွန်သောသူတို့” ကောင်းကင်သို့ထမြောက်ရန် ဘုရားသခင်၏တံပိုးတော်မှုတ်ချိန်တွင် ယေရှုသည် “ကောင်းကင်တမန်မင်းအသံ” နှင့် “ကြွေးကြော် [“အမိန့်သံပေး၊” ကဘ]” လေသည်။ ကောင်းကင်တမန်မင်းသာလျှင် “ကောင်းကင်တမန်မင်းအသံ” နှင့်ခေါ်နိုင်မည်ဟု ကောက်ချက်ချခြင်းသည် ကျိုးကြောင်းညီညွတ်၏။
မှန်ပါသည်၊ သရပ်နှင့် ခေရုဗိမ်ကဲ့သို့သော အဆင့်မြင့်ရာထူးရှိ အခြားကောင်းကင်တမန်များ ရှိကြပါသည်။ (ကမ္ဘာဦး ၃:၂၄; ဟေရှာယ ၆:၂) သို့တိုင် ရှင်ပြန်ထမြောက်ခဲ့သော ယေရှုခရစ်ကို ကောင်းကင်တမန်အားလုံး၏ အကြီးအမှူး ကောင်းကင်တမန်မင်း မိက္ခေလအဖြစ် ကျမ်းစာက ဖော်ပြ၏။