မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒေါသအမျက်ကြီးသောခေတ်ကို အဘယ်အရာက ဖြစ်ပေါ်စေသနည်း

ဒေါသအမျက်ကြီးသောခေတ်ကို အဘယ်အရာက ဖြစ်ပေါ်စေသနည်း

ဒေါသ​အမျက်​ကြီးသော​ခေတ်​ကို အဘယ်အရာက ဖြစ်ပေါ်​စေ​သနည်း

ချက်​ပြည်​သူ့​သမ္မတနိုင်ငံ၊ ပ​ရာ​ဂ်​မြို့ရှိ အရက်​ဆိုင်​တစ်ဆိုင်​တွင် လူတစ်ဦး ထိုင်​နေစဉ် သေနတ်​နှင့် ပစ်သတ်​ခံရ​သည်။ အဘယ်ကြောင့်​နည်း။ အသတ်ခံရ​သူ ဖွင့်​ထားသော က​က်​ဆက်​သံ​ကျယ်​လွန်း​ရာ သေနတ်​သ​မား စိတ်​အနှောင့်အယှက်​ဖြစ်​ခဲ့​သောကြောင့်​ဖြစ်သည်။ ယာဉ်မောင်း​တစ်ဦး​သည် တောင်​အာဖရိက​နိုင်ငံ၊ ကိပ်​တောင်း​မြို့ရှိ လမ်းဆုံ​လမ်းခွ​တစ်​နေရာတွင် ဟော်ကီ​တုတ်​နှင့် ရိုက်​သတ်​ခံရ​၏။ ရိုက်​သတ်​သူသည် ရိုက်​သတ်​ခံရ​သူက သူ့ကို ကား​ရှေ့​မီး​များ​ဖြင့် ထိုး​လိုက်​သောကြောင့် စိတ်ဆိုး​ခဲ့​ပုံ​ရသည်။ ဩစတြေးလျ​နိုင်ငံ​တွင် နေထိုင်​သော ဗြိတိသျှ​သူနာပြု​တစ်ဦး၏ ဒေါသ​ထွက်​နေသော ရည်းစား​ဟောင်း​သည် အိမ်ရှေ့​တံခါး​ကို ဆော​င့်​ကန်​ဝင်လာ​ပြီး သူ့ကို ဓာတ်ဆီ​လောင်း​၍ မီးရှို့​သတ်ခဲ့​သည်။

လမ်းပေါ်​ဒေါသကြီး​ခြင်း၊ အိမ်တွင်း​ဒေါသကြီး​ခြင်း၊ ဝေ​ဟ​င်​ဒေါသကြီး​ခြင်း အစ​ရှိသော ဒေါသကြီး​ခြင်း​မှတ်တမ်းများ​ကို ပုံကြီးချဲ့​နေခြင်း​လော။ သို့​မဟုတ် အဆောက်အဦ​တစ်ခု​၏ နံရံ​များ​ပေါ်​မှ ပက်​ကြား​အက်ကြောင်း​များ​ကဲ့သို့ ယင်း​တို့သည် စိုးရိမ်ဖွယ်​အခြေခံ​ပြဿနာ​၏ ထင်ရှားသော​သတိပေး​ချက်​များ​သာ ဖြစ်​သလော။ အချက်အလက်​များ​က ဒုတိယ​မေးခွန်း​မှန်ကန်ကြောင်း ဖော်ပြ​၏။

လမ်းပေါ်တွင် “အကြမ်းဖက်​ယာဉ်​အဖြစ်အပျက်​များ​၏ မှတ်တမ်းများ​သည် ၁၉၉၀ ပြည့်နှစ်​ကတည်းက တစ်နှစ်​လျှင် ၇ ရာခိုင်နှုန်း​နီးပါး တိုးလာ​သည်” ဟု​ယာဉ်​သွားလာ​ရေး​လုံခြုံမှု​ဆိုင်ရာ အမေရိကန်​မော်တော်​ယာဉ်​အသင်း (အေ​အေ​အေ) ဖောင်ဒေးရှင်း​မှ မကြာသေးမီ​မှတ်တမ်း​တစ်ခု​က ဖော်ပြ​သည်။

အိမ်တွင်း​ဒေါသကြီး​ခြင်း​သည် နေရာအနှံ့​ပေါ်ပေါက်​လျက်​ရှိသည်။ ဥပမာ၊ ၁၉၉၈ ခုနှစ်​အတွင်း မှတ်တမ်း​တင်ထားသော အိမ်တွင်း​အကြမ်းဖက်​အမှုတွဲ​များ​တွင် ၅၀ ရာခိုင်နှုန်း တိုးလာ​သည်ကို ဩစတြေးလျ၊ န​ယူး​ဆောက်​ဝေး​လ်​ပြည်နယ်​ရှိ ရဲက တွေ့မြင်​ခဲ့​သည်။ လက်ထပ်​ထားသော သို့​မဟုတ် လက်မ​ထပ်​ဘဲ​အတူ​နေသော ထို​နိုင်ငံ​ရှိ အမျိုးသမီး​လေး​ဦးလျှင် တစ်ဦး​သည် အိမ်ထောင်ဖက်​၏ အကြမ်းဖက်မှုကို ခံ​ခဲ့​ရ၏။

ဝေ​ဟ​င်​တွင်​လည်း အလားတူ​ပင် ဖြစ်ပျက်​၏။ လေကြောင်း​ခရီးသည်​များသည် အမှုထမ်းများ၊ ခရီးသည်​အချင်းချင်း​အပြင် လေယာဉ်မှူး​များ​ကို​ပင် ရုတ်တရက်​အမျက်​ထွက်၍ တိုက်ခိုက်​ကြ​ရာ ကမ္ဘာ့​အဓိက​လေကြောင်း​အချို့​သည် ဒေါသတကြီး​တိုက်ခိုက်သူ​များ​ကို သူတို့​ခုံ​တွင် ချုပ်နှောင်​ရန် အထူး​ကြိုး​များ​ကို လေယာဉ်​ဝန်ထမ်း​များ​အား ပေး​ထား​သည်။

တိုးများ​လာသော​လူတို့သည် သူတို့၏​စိတ်​လှုပ်ရှားမှု​ကို အဘယ်ကြောင့် မချုပ်တည်း​နိုင်​ကြ​သနည်း။ အဆိုပါ​ဒေါသကြီး​သော​လုပ်ရပ်များ​ကို အဘယ်အရာက လှုံ့ဆော်ပေး​သနည်း။ ဤ​စိတ်​ခံစားမှု​များ​ကို ထိန်း​ရန် အမှန်ပင်​ဖြစ်​နိုင်​သလော။

အဘယ်ကြောင့် ဒေါသကြီး​ရသနည်း

ဒေါသကြီး​ခြင်း​ဟူသည် အလွန်အမင်း​စိတ်ဆိုး​ခြင်း သို့​မဟုတ် ဒေါသ​ပေါက်ကွဲခြင်း​ဖြစ်သည်။ ဒေါသကြီး​သော​လုပ်ရပ်များ​သည် ကြမ်းတမ်းသော​စိတ်​လှုပ်ရှားမှု ဖြစ်စေ​သည့်​အထိ ဒေါသ​ထွက်​ရာ​မှ ဖြစ်ပေါ်​လာ​၏။ “အဖြစ်အပျက်​တစ်ခု​လေး​အတွက်​နဲ့ ယာဉ်မောင်းတွေ အကြမ်းဖက်​ရန်ဖြစ်​ကြ​တာ​မဟုတ်ဘူး။ ယာဉ်မောင်းတွေ​ရဲ့ စိတ်သဘောထား​တွေ​နဲ့ သူတို့​ဘဝမှာ ဖိစီးမှုများ​လွန်းလို့ ဖြစ်ပုံရ​တယ်” ဟု​ယာဉ်​သွားလာ​ရေး​လုံခြုံမှု​ဆိုင်ရာ အေ​အေ​အေ​ဖောင်ဒေးရှင်း​ဥက္ကဋ္ဌ ဒေးဗစ် ကေ. ဝေး​လ​စ္စ​က​ဆို​၏။

ဤသို့​ဖိစီးမှု​စုပုံ​လာ​ရခြင်း​သည် နေ့စဉ် ကြားသိ​ရမည့် များ​လှ​စွာ​သော သတင်း​အချက်အလက်​များ​ကြောင့်​ဖြစ်သည်။ သတင်း​အချက်အလက်​များ​လွန်း စာအုပ်​၏​နောက်ကျော​အဖုံး​တွင် ဒေးဗစ် လူးဝိစ္စ​က ဤသို့​ဖော်ပြ​သည်– “ယနေ့ အလုပ်သမား​များစွာ​သည် အချက်အလက်​များစွာ​နှင့် နစ်မွန်း​နေကြ၏။ . . . သတင်း​အချက်အလက်​များ​လွန်း​လာ​ရာ သူတို့သည် ဖိစီးမှုများ​လာ​သည်၊ မဆင်မခြင်​ပြုလုပ်​လာ​ကြသည်၊ ရှုပ်ထွေး​သွား​ကြသည်။” ဤ​အချက်အလက်​များစွာ​၏ သာဓက​တစ်ခု​ကို ကိုးကား​ပြီး သတင်းစာ​တစ်စောင်​က ဤသို့​ဖော်ပြ​၏– “ကြား​ရက်ထုတ် သတင်းစာ​တစ်စောင်​တွင်​ပါ​သော သတင်း​အချက်အလက်​သည် ၁၇ ရာစုနှစ်​တွင်​ရှိ သာမန်​လူတစ်ဦး​အား တစ်သက်တာ​ဖော်ပြ​ထား​ရာ​တ​မျှ များပြား​သည်။”

ကျွန်ုပ်​တို့​ပါးစပ်​များ​ထဲ သွင်း​ရာ​သည်လည်း အမျက်​ဒေါသကို ဆွပေး​နိုင်​ပေမည်။ တိုးများ​နေသော ရန်လိုမှု​သည် စီးကရက်​သောက်​ခြင်း၊ အရက်သောက်​ခြင်း၊ ကျန်းမာ​ရေး​နှင့်​မညီသော ဓာတ်စာ​တစ်မျိုး​တို့​နှင့် ဆက်နွှယ်​သည်​ဟု ကျယ်ကျယ်ပြန့်ပြန့်​လေ့လာမှု​နှစ်ခု​က ဖော်ပြ​၏။ ပျံ့နှံ့​လျက်​ရှိသော အဆိုပါ​ဘဝ​ပုံစံ​စရိုက်​များသည် စိတ်ဖိစီးမှု​နှင့် စိတ်​အလိုမကျ​ခြင်း​တို့ကို ဖြစ်ပေါ်​စေ​သည်—ဆဲဆို​ခြင်း၊ စိတ်​တို​ခြင်း​နှင့် သည်းမခံ​နိုင်​ခြင်း​ပုံစံ​ဖြင့် ထွက်ပေါ်​လာ​သည့် စိတ်​အလိုမကျ​ခြင်း​ဖြစ်သည်။

ရိုင်းစိုင်း​သော အပြု​အမူ​များနှင့် ရုပ်ရှင်​များ

ဩစတြေးလျ​ပြစ်မှု​ဗေဒ​အဖွဲ့ (အေ​အိုင်​စီ) မှ​ဒါရိုက်တာ​ဖြစ်သူ ဒေါက်တာ အေဒမ် ဂ​ရေ​ကာ​ရ်​သည် ရိုင်းစိုင်း​မှု​နှင့် ရာဇဝတ်မှု​တို့​စပ်ကြား ဆက်စပ်မှု​ကို ဝေဖန်​ကာ ဤသို့​ဖော်ပြ​သည်– “ရိုသေ​လေးစားမှု​နှင့် ယဉ်ကျေး​သိမ်မွေ့​မှု​တို့ကို ထ​မ်​မံ​အာရုံစိုက်​ခြင်း​သည် အသေးအမွှား​ရာဇဝတ်မှု လျော့​ချရေး​အတွက် အရေးကြီးဆုံး​ခြေလှမ်း​တစ်​လှမ်း ဖြစ်​ပေမည်။” ထို​အဖွဲ့က စိတ်ရှည်​ရန်၊ သည်းခံ​ရန်​နှင့် ဆဲဆို​ခြင်း​ကို​ရှောင်ကြဉ်​ရန် ထောက်ခံ​ပြောဆို​၏။ ထိုသို့​မပြု​လုပ်​လျှင် မူမမှန်သော​အကျင့်ကို ရာဇဝတ်မှု​သို့ ပြောင်းလဲ​ပစ်​နိုင်၏​ဟု ဆို​သည်။ လူအများသည် စိတ်​အလိုမကျ​မှု​နှင့် စိတ်ဖိစီးမှု​တို့ လျော့ပါး​စေရန် ရွေးချယ်​လိုက်​သော စိတ်​ဖြေ​နည်း​သည် အမှန်​တွင် စိတ်​တို​ပြီး ဒေါသကြီး​စေရန် တွန်းအား​ပေး​သည်။ မည်သို့​အားဖြင့်​နည်း။

“ကလေး​များနှင့် လူကြီး​များသည် သေခြင်းနှင့် ဖျက်ဆီးခြင်း ပြကွက်​များ​ကို ရှုစား​ရန် ရုပ်ရှင်​ရုံ​များ​သို့ စု​ပြုံ​သွားရောက်​ကြသည်။ အကြမ်းဖက်​ဗီဒီယို​ဈေးကွက်​သည် ကျယ်ပြန့်​ပြီး စီးပွား​ဖြစ်ထွန်း​၏။ ‘စစ်​အရုပ်​ကစားစရာ​များ’ ကို​မိဘများ​က အမြဲတမ်း​မနှစ်သက်​ကြသော်လည်း ကလေး​များ​က သဘောကျ​ကြသည်။ ရုပ်မြင်သံကြား​မှ​ထုတ်လွှင့်​သော အကြမ်းဖက်​ဇာတ်​ကား​များ​ကို လူကြီး​ရော၊ ကလေး​များ​ပါ အလွန်​နှစ်သက်​ကြသည်၊ ယဉ်ကျေးမှု​စံနှုန်း​များ​ကို ထုတ်လွှင့်​ပေး​ရာ​တွင် ရုပ်မြင်သံကြားသည် အဓိက​ကဏ္ဍ​တစ်ခု​ဖြစ်၏” ဟူ၍ အေ​အိုင်​စီ အစီရင်ခံစာ​တစ်ခု​က ဖော်ပြ​သည်။ ယင်းသည် လမ်းပေါ်​နှင့် အိမ်တွင်း ဒေါသ​ပေါက်ကွဲခြင်း​နှင့် မည်သို့​ဆက်စပ်​သနည်း။ ထို​အစီရင်ခံစာ​က ဤသို့​ဆင်ခြင်​သုံးသပ်​သည်– “လူ့​ဘောင်​အဖွဲ့အစည်း​တစ်ခု​သည် အကြမ်းဖက်မှုကို အရေးမယူ​ဘဲ လျစ်လျူရှု​ထား​လျှင် ထို​လူ့​ဘောင်​အဖွဲ့အစည်း​အတွင်းရှိ လူတို့၏​စံနှုန်း​များသည် ထိုသို့​နှင့်​အညီ ဖြစ်ပေါ်​လာ​လိမ့်​မည်။”

ယနေ့ လူအများ​က ဒေါသ​ထွက်​ခြင်း​သည် ဖိစီးမှုကို သဘာဝ​အလျောက် တုံ့ပြန်​ခြင်း၊ ကျွန်ုပ်​တို့၏ ဖိစီးမှုများ​လွန်း​သော၊ ရန်လိုသော လူ့​ဘောင်​အဖွဲ့အစည်း​ကို မလွှဲ​မရှောင် တုံ့ပြန်​ခြင်း​မျှ​သာ​ဖြစ်သည်​ဟု ဆင်ခြေပေး​ကြ​ပေမည်။ ထို့​ကြောင့် “ဒေါသ​ထွက်​လျှင် မထိန်းချုပ်​နှင့်” ဟူသော လူကြိုက်များ​သည့် ယူဆချက်​သည် အမှန်ပင် အကြံဉာဏ်​ကောင်း ဖြစ်​သလော။

ဒေါသကြီး​ခြင်း​ကို ထိန်းချုပ်​သင့်​သလော

ပေါက်ကွဲ​တတ်သော မီးတောင်​တစ်လုံး​သည် ၎င်း​အနီး​ပတ်ဝန်းကျင်​တွင် နေထိုင်သူ​များ​ကို အကြီးအကျယ်​ဘေးသင့်​စေ​သကဲ့သို့ ဒေါသ​ပေါက်ကွဲ​သူ​တစ်ဦး​သည် သူ့​ပတ်ဝန်းကျင်​ရှိ သူများကို အန္တရာယ်​ရှိစေ​၏။ သူကိုယ်တိုင်​လည်း ထိခိုက်​နစ်နာ​၏။ မည်သည့်​နည်းဖြင့်​နည်း။ “ဒေါသ​ထွက်​ခြင်း​သည် ပို​၍​ပင် ရန်လိုစိတ်​ကို ဖြစ်ပေါ်​စေ​၏” ဟူ၍ အမေရိကန်​ဆေး​ဘက်​ဆိုင်ရာ အဖွဲ့အစည်း​ဂျာနယ် (ဂျေ​အေ​အမ်​အေ) က​ဖော်ပြ​သည်။ သုတေသန​ပြုချက်​အရ ဒေါသ​ထွက်​သော အမျိုးသားများသည် “ဒေါသ​မ​ထွက်​သူများ​ထက် အသက် ၅၀ တွင်​ပို​၍ သေ​နိုင်​ဖွယ်​ရှိသည်။”

အမေရိကန်​နှလုံး​ဘက်​ဆိုင်ရာ​အဖွဲ့အစည်း​က​လည်း ထို​နည်းတူ​စွာ​ဖော်ပြ​၏– “ဒေါသ​ပေါက်ကွဲ​သော အမျိုးသားများသည် ဒေါသ​အမျက်​ကို ထိန်းချုပ်​သော အမျိုးသားများ​ထက် လေဖြတ်​နိုင်​သည့်​အန္တရာယ် နှစ်ဆ​ရှိသည်။” အဆိုပါ​သတိပေး​ချက်​များသည် အမျိုးသား​ရော၊ အမျိုးသမီးများနှင့်​ပါ သက်ဆိုင်​၏။

မည်သည့်​အကြံပြုချက်​သည် အမှန်တကယ် အကျိုး​သက်ရောက်မှု​ရှိ​သနည်း။ လောက​အာဏာပိုင်​များ​၏ အကြံပြုချက်​နှင့် ကျယ်ပြန့်​စွာ​ထုတ်ဝေ​ထား​သည့် လူမှု​ဆက်ဆံ​ရေး​အပေါ် အခွင့်အာဏာ​ရှိသော သမ္မာကျမ်းစာ​၏​အကြံပြုချက်​စပ်ကြား ဆင်တူချက်​များ​ကို သတိပြုပါ။

အမျက်​ဒေါသကို ချုပ်ထိန်း​လော့ —ဒေါသကြီး​ခြင်း​ကို ရှောင်​လော့

ဒေါက်တာ​ရက်ဖော့ဒ် ဘီ. ဝီလျံ​သည် ဂျေ​အေ​အမ်​အေ စာအုပ်​တွင် ဤသို့​ဖော်ပြ​၏– “ရိုးရှင်း​သော​အကြံပြုချက်​မှာ ‘ဒေါသ​ထွက်​သောအခါ ဖွင့်​ထုတ်​လိုက်’ ခြင်း​သည် . . . အကူအညီ​ဖြစ်​နိုင်​ဖွယ်​မရှိ​ချေ။ သာ၍​အရေးကြီး​သည်​မှာ သင့်​ဒေါသကို ဆန်းစစ်​ရန် သင်ယူပြီး​နောက် ထိန်းချုပ်ခြင်း​ဖြစ်သည်။” သင့်ကိုယ်ကို​သင် ဤသို့​မေး​ရန် သူ​အကြံပြု​သည်– “(၁) ဤ​အခြေအနေ​သည် ကျွန်ုပ်​အတွက် အရေးပါ​သလော။ (၂) ကျွန်ုပ်​၏​စဉ်းစား​တွေးခေါ်မှု​များနှင့် ခံစားချက်​များသည် အရှိအတိုင်း အချက်​မှန်​များနှင့် ကိုက်ညီ​၏​လော။ (၃) ဒေါသ​မ​ထွက်​မိ​ရန် ဤ​အခြေအနေ​ကို ပြုပြင်​ပြောင်းလဲ​နိုင်​သလော။”

သု. ၁၄:၂၉; ၂၉:၁၁ “စိတ်ရှည်သော​သူသည် ပညာ​ကြီး​၏။ စိတ်​တို​သော​သူ​မူ​ကား အထူးသဖြင့် မိုက်​ပေ​၏။ မိုက်​သော​သူသည် မိမိ​ကြံစည်​သမျှ​ကို ဖော်ပြ​တတ်၏။ ပညာရှိ​သော​သူ​မူ​ကား အဆင်​မသင့်​မီ ထိမ်ဝှက်​တတ်၏။”

ဧဖက် ၄:၂၆၊ ၂၇ “အမျက်ထွက်​ရာ​တွင် အပြစ်​မရှိစေ​နှင့်။ အမျက်​မပြေ​ဘဲ နေ​မဝင်​စေ​နှင့်။”

ဖရန့်ခ် ဒေါ​န​ဗန်​သည် သူ၏ ဒေါသ​အမျက်​ကို ကိုင်တွယ်​ဖြေရှင်းခြင်း—အမျိုးသားများ​အတွက် ဖြေရှင်း​နည်းလမ်း​ညွှန် စာအုပ်​တွင် ဤသို့​ဖော်ပြ​သည်– “ဒေါသကို​ရှောင်ခြင်း—သို့​မဟုတ် ပို​၍​သတ်သတ်မှတ်မှတ်​ဆို​ရ​လျှင် သင်၏​ဒေါသ​ထွက်​စ​ရာ​ဖြစ်ရပ်​တွင်​ရှိသည့် နေရာ​နှင့် သူများကို​ရှောင်ခြင်း—သည် ဒေါသ​အရှိန်​အမြင့်ဆုံး​အချိန်တွင် အထူး​အရေးပါသည့် မဟာ​ဗျူဟာ​တစ်ခု​ဖြစ်သည်။”

သု. ၁၇:၁၄သ​မ “ရန်​တွေ့​ခြင်း​သည် စကား​သွန်းလောင်းခြင်းက စ၍​ဖြစ်သော​ကြောင့် ရန်​မ​တွေ့​မီ ခုခံ​ငြင်းခုံခြင်း​ကို စွန့် [“ထွက်ခွာ၊” က​ဘ] လော့။”

လူသာ​ပဓာန​ဝါဒီ ဂျာနယ်​စာအုပ်​တွင် ရေးသားသော ဘာ​ထ​ရမ် ရော့စ်​ချားတ်​က ဤသို့​ဆို​၏– “ဒေါသ​သည် . . . အ​ဓိ​အားဖြင့် မိမိ​အပေါ်​မူတည်​၏။ ဒေါသ​ဖြစ်လာ​ရသည့် အကြောင်း​များသည် ကျွန်ုပ်​တို့၏​စိတ်ထဲ​တွင် ရှိနေ​၏။ . . . ဒေါသ​ကြောင့်​ဖြစ်ပေါ်​လာ​သည့် ဆိုးကျိုး​များစွာ​နှင့်​နှိုင်းယှဉ်လျှင် ကောင်းကျိုး​နည်းပါး​လှ​သည်။ ဒေါသကို​မ​ထွက်​စေ​ဘဲ ခံစားခြင်း​က သာ၍​ကောင်း​၏။

ဆာလံ ၃၇:၈ “အမျက်မထွက်​စေ​နှင့်။ ဒေါသ​စိတ်​ကို စွန့်ပယ်​လော့။ ပြစ်မှား​စေခြင်း​ငှာ တိုက်တွန်း​တတ်သော​စိတ်​မရှိစေ​နှင့်။”

သု. ၁၅:၁သ​မ “ဖြည်းညင်း​စွာ ပြန်​ပြော​ခြင်း​သည် ဒေါသကို ငြိမ်း​စေ​တတ်၏။ ကြမ်းတမ်းသော​စကား​မူ​ကား အမျက်​ကို နှိုးဆော်​တတ်၏။”

သု. ၂၉:၂၂၊ သ​မ “အမျက်ထွက်​လွယ်​သော​သူသည် ရန်ကို​နှိုးဆော်​တတ်၏။ ဒေါသ​ပြင်းထန်သော​သူလည်း လွန်ကျူး​မှု များ​စေ​တတ်၏။”

ကမ္ဘာ​တစ်ဝန်း​ရှိ သန်းနှင့်ချီ ယေဟောဝါသက်သေ​များသည် အထက်ပါ​ဆုံးမ​စကား​ကို ထောက်ခံကြ​သည်။ သင့်​ဒေသ​ရှိ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် ကျင်းပ​နေသော အစည်းအဝေး​များ​ကို တက်ရောက်​ရန်၊ ဒေါသ​အမျက်​ကြီးသော​ခေတ်တွင် ကျွန်ုပ်​တို့​နေထိုင်​နေရ​သော်လည်း သမ္မာကျမ်းစာ​အကြံပြုချက်​နှင့်​အညီ နေထိုင်ခြင်း​သည် အမှန်တကယ်​ပင် အကျိုး​သက်ရောက်မှု​ရှိကြောင်း အသင်​ကိုယ်တိုင် တွေ့မြင်​ရန် ကျွန်ုပ်​တို့​ဖိတ်ခေါ်ပါ​သည်။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ပေါက်ကွဲ​သော မီးတောင်​တစ်လုံး​ကဲ့သို့ ဒေါသကြီး​ခြင်း​ကို မထိန်းချုပ်​နိုင်သော​လူတစ်ဦး​သည် ထိခိုက်​နစ်နာ

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​အကြံပြုချက်​သည် အမှန်တကယ်​ပင် အကျိုး​သက်ရောက်မှု​ရှိ