“ဘဝမှာ အပျော်ရွှင်ဆုံးနေ့”
“ဘဝမှာ အပျော်ရွှင်ဆုံးနေ့”
မင်္ဂလာဆောင်ချိန်သည် ရွှင်လန်းဖွယ်ကောင်းသော အခါသမယဖြစ်၏။ ဇနီးမောင်နှံများစွာတို့က “အဲဒီနေ့ဟာ ဘဝမှာ အပျော်ရွှင်ဆုံးနေ့တစ်နေ့ပဲ” ဟုဆိုခဲ့ကြသည်။ သို့သော် အဘက်ဘက်မှ အားအစိုက်ထုတ်ရဆုံးအချိန်လည်း ဖြစ်နိုင်ပေသည်။ ဆုံးဖြတ်ချက်များနှင့် လိုအပ်သော ပြင်ဆင်မှုရှိရှိသမျှအပြင် အဆိုပါနေ့တွင် လူများစွာက သတို့သားသတို့သမီးကို လာရောက်တွေ့ဆုံကြမည်ဖြစ်သောကြောင့် သတို့သားသတို့သမီးနှင့် ၎င်းတို့၏မိသားစုများမှာ အလွန်စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းလျမှုတို့ ခံစားရပေမည်။
မင်္ဂလာဆောင်ခြင်းသည် ဇနီးမောင်နှံတို့အတွက် ဘဝသစ်တစ်ခုကို စလျှောက်ခြင်းပင်ဖြစ်သည်။ သို့သော် သူတို့ချည်းနှင့်သာ စပ်ဆိုင်အကျိုးသက်ရောက်သည်မဟုတ်ချေ။ သမီးဖြစ်သူ၊ သားဖြစ်သူ၊ နှမဖြစ်သူ သို့မဟုတ် မောင်ဖြစ်သူတစ်ဦး အိမ်ထောင်ပြုလိုက်ခြင်းက ချစ်မြတ်နိုးရသူတစ်ဦး အိမ်ထောင်ခွဲလိုက်ခြင်းဖြစ်လေ့ရှိသောကြောင့် မိသားစုမှာ ဝမ်းနည်းဝမ်းသာဖြစ်တတ်ပေသည်။
မင်္ဂလာဆောင်ခြင်း အလေ့အထများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားကြသည်ဖြစ်ရာ ဤတွင် ယင်းတို့အားလုံးကို ဆွေးနွေးရန် မဖြစ်နိုင်ချေ။ ဤဆောင်းပါးများသည် အနောက်နိုင်ငံနှင့် အလားတူနိုင်ငံများရှိ အစဉ်အလာကို အဓိကအာရုံစိုက်ပါမည်။ ထိုနိုင်ငံများတွင် အိမ်ထောင်ပြုခြင်းသည် ငွေကုန်ကြေးကျ အလွန်များနိုင်သည်။ တချို့က မင်္ဂလာဆောင်သည့်နေ့တွင် ဧည့်ခံရန်ခန်းမ သို့မဟုတ် စားသောက်ဆိုင်ငှားရမ်းခြင်း၊ စီစဉ်တည်ခင်းကျွေးမွေးခြင်းတို့၌ ငွေအမြောက်အမြား သုံးစွဲကြသည်။ အီတလီနိုင်ငံတွင် ပျမ်းမျှ မင်္ဂလာစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကျော် ကုန်ကျသည်ဟု ခန့်မှန်းရသည်။ အခြားနေရာများ၌ကဲ့သို့ ဂျပန်နိုင်ငံတွင်လည်း ကုန်ကျစရိတ်မှာ ပိုမိုမြင့်မားနိုင်သည်။ များသောအားဖြင့် သတို့သမီးနှင့်သတို့သားက အကုန်အကျမခံပေ။ ၎င်းတို့၏မိဘများက အကုန်ခံကြသည်။
မင်္ဂလာဆောင်ပွဲများသည် လုပ်ငန်းကြီးတစ်ခုဖြစ်သည်။ ကုမ္ပဏီများစွာတို့သည် လိုလေသေးမရှိ၊ “ပြီးပြည့်စုံလင်” သည့်မင်္ဂလာပွဲ၏အသွင်အပြင်ကို ပုံဖော်လှုံ့ဆော်ပေးသည်။ စင်စစ်တွင်မူ သူတို့က “သင့်ဘဝမှာ အဲဒါဟာ အပျော်ဆုံးနေ့ပဲ!” ဟူသည့်သဘောသက်ရောက်စေသည်။ ဤသို့ဖြင့် သူတို့သည် သင့်အတွက် အရေးကြီးသောနေ့ကို “ပြီးပြည့်စုံလင်” စေဖို့အတွက် “မရှိမဖြစ်လိုအပ်သော” ပစ္စည်းများနှင့် ဝန်ဆောင်မှုအတော်များများကို ကမ်းလှမ်းပေးကြသည်။ ယင်းတို့မှာ အထူးဖိတ်စာများ၊ သင့်အတွက် “အသားနားဆုံး” ဂါဝန်ရှည်၊ သတို့သမီးအရံများအတွက် ဂါဝန်ရှည်များ၊ ပါတီပွဲတွင် သီးသန့်ဖိတ်ကြားထားသော အမျိုးသားများအတွက် ညပွဲဝတ်စုံ သို့မဟုတ် အလားတူဝတ်စုံများ ဖြစ်ကြပေမည်။ ထို့နောက် ပန်းများ၊ ဇိမ်ခံမှန်လုံကားကြီးများ၊ စားကောင်းသောက်ဖွယ်များရရှိနိုင်မည့် စားသောက်ဆိုင်တစ်ဆိုင်၊ ဓာတ်ပုံဆရာတစ်ဦး၊ တီးဝိုင်းတစ်ဝိုင်းနှင့် တခြားပစ္စည်းများလည်း ရှိကောင်းရှိပေမည်။ သတို့သမီးနှင့်သတို့သားတို့ဆန္ဒအဝဝကို ဖြည့်ဆည်းပေးထားသည့်စာရင်းနှင့် ဆိုင်ရာကုန်ကျစရိတ်စာရင်းတို့သည် များစွာသောဖခင်တို့ကို တုန်လှုပ်သွားစေနိုင်သည်။
လူ့ဘောင်အသီးသီးတွင် ရိုးရာအစဉ်အလာ လိုက်နာစောင့်ထိန်းခြင်းသည် အလွန်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။ ပြုမူသင့်သည့် ကိုယ်အမူအရာ တသီတတန်းကြီးပါဝင်သော သတ်မှတ်ထားသည့်နည်းလမ်းတစ်ခုရှိရာ သတို့သမီးနှင့် သတို့သားတို့က နည်းလမ်းတကျ ညီတူညာတူလုပ်ဆောင်ဖို့ ဖြစ်သည်။ မှတ်သားထားရမည့်အရာ များစွာရှိသည်မှာ မှန်ပါသည်၊ သို့သော် ၎င်းတို့အားလုံးကို အဆီအငေါ်တည့်အောင် လုပ်ဆောင်ရမည့်အချိန်မှာ အကန့်အသတ်သာရှိသည်။
စိတ်လှုပ်ရှားမှု သို့မဟုတ် စိတ်ပျက်အားလျော့မှုကို မျှော်လင့်သလော။ သင်မည်သို့ပင်တုံ့ပြန်ပါစေ မင်္ဂလာဆောင်ခြင်းတွင် မလွဲမသွေအကျုံးဝင်မည့် အရာအားလုံးကို အလေးထားစဉ်းစားခြင်းက မေးစရာမေးခွန်း အတော်များများပေါ်လာစေသည်။ ယနေ့ခေတ်တွင် အိမ်ထောင်ပြုခြင်းဟူသည် မည်သည့်အရာကိုဆိုလိုသနည်း။ မင်္ဂလာဆောင်ခြင်း “ပီသ” ရန် အထက်ပါအရာအားလုံး လိုအပ်ပါသလော။ လက်တွေ့ပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ အခက်အခဲအမျိုးမျိုးကို မည်သို့ကျော်လွှားအောင်မြင်နိုင်မည်နည်း။
ဖိစီးမှုများရှိလင့်ကစား များစွာသောသူတို့သည် မင်္ဂလာဆောင်ခြင်းအမှုကို အောင်မြင်စွာ အသေးစိတ်စီစဉ်နိုင်ခဲ့ကြပြီး အဆိုပါအခါသမယတွင် ပျော်မွေ့ခဲ့ကြပြီဖြစ်သည်။ ၎င်းတို့၏တွေ့ ကြုံမှုများက ထပ်တူဖြစ်ရပ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်နေသည့်အခြားသူတို့အတွက် အကူအညီဖြစ်စေနိုင်သည်။ ထို့ပြင် မင်္ဂလာအခမ်းအနား အစီအစဉ်များဆွဲသည့်အခါ အကူအညီပေးနိုင်သည့် ကျမ်းစာမူများလည်းရှိရာ အဆိုပါနေ့သည် တက်ရောက်လာမည့်သူအားလုံးအတွက် နှစ်လိုဖွယ်၊ ပျော်ရွှင်ဖွယ်နှင့် တည်ဆောက်မှုဖြစ်စေသည့် နေ့တစ်နေ့အဖြစ်သို့ ပြောင်းသွားပါလိမ့်မည်။