မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မင်္ဂလာဆောင်သည့်နေ့—ပျော်လည်းပျော်ရ အဘက်ဘက်မှလည်း အားစိုက်ထုတ်ရ

မင်္ဂလာဆောင်သည့်နေ့—ပျော်လည်းပျော်ရ အဘက်ဘက်မှလည်း အားစိုက်ထုတ်ရ

မင်္ဂလာဆောင်​သည့်​နေ့—ပျော်​လည်း​ပျော်​ရ အ​ဘက်​ဘက်​မှ​လည်း အားစိုက်​ထုတ်ရ

ပထမ​ဆုံး​ထိမ်းမြား​မင်္ဂလာပွဲ​ကို ဦးစီး​ကျင်းပ​ပေး​ခဲ့​သော​အရှင်​မှာ လူသားများ​အား အခြား​မည်သူ​ထက်​မဆို သာ၍​သိတော်မူ​သော ယေဟောဝါ​ဘုရားသခင်​ဖြစ်သည်​ဟု သမ္မာကျမ်းစာ​က​ဖော်ပြ​၏။ ကိုယ်တော်​သည် လူ့​ဘောင်​အဖွဲ့အစည်း​၏ အခြေခံ​အုတ်မြစ်​အဖြစ် အိမ်ထောင်​ကို စ​တည်​ပေး​ခဲ့​သည်။ (ကမ္ဘာဦး ၂:၁၈-၂၄) လက်ထပ်​ထိမ်းမြား​ဖို့​အစီအစဉ်​ဆွဲ​သည့်​အခါ ကျွန်ုပ်​တို့အား ကူညီ​လမ်းညွှန်​ပေး​နိုင်​သည့် မူ​အမျိုးမျိုးကို ဘုရားသခင့်​မှုတ်သွင်းခံ​စကားတော်၊ သမ္မာကျမ်းစာ​တွင် တွေ့ရှိ​ရသည်။

ဥပမာ၊ ယေရှု​က ခရစ်ယာန်​များသည် “ကဲသာ​ဘုရင်​၏​ဥစ္စာ​ကို ကဲသာ​ဘုရင်​အားဆက်​ပေး” ရမည်ဟု မိန့်ဆို​တော်​မူ​ခဲ့​သည်။ (မဿဲ ၂၂:၂၁) သို့​ဖြစ်၍ သူတို့သည် နိုင်​ငံ့​ဥပဒေ​ကို လိုက်နာ​ရမည်​ဖြစ်၏။ ဥပဒေ​တောင်းဆိုချက်​များနှင့်​အညီ​ပြု​သည့် အိမ်ထောင်​မှု​သည် သားသမီး​များ​အတွက် တာဝန်​ဝတ္တရား​များ (စား​ဝတ်​နေ​ရေး​နှင့် ပညာရေး​အပါအဝင်) ပြဋ္ဌာန်း​ခြင်း၊ အမွေဆက်ခံ​ပိုင်ခွင့်​ပေးခြင်း​ကဲ့သို့​သော အကျုံးဝင်​နေသူတို့​ကို အ​ဘက်​ဘက်​မှ အကာအကွယ်​ပေး​သည်။ ထို့​အပြင် မိသားစုဝင်​များ​ကို မတော်မတရား​ပြုခြင်း​နှင့် ခေါင်းပုံဖြတ်​ခြင်း​တို့​မှ အကာအကွယ်​ပေး​ရန် စီစဉ်​ဖွဲ့စည်းထား​သည့် ဥပဒေ​များလည်း​ရှိပါ​သည်။ *

ပြင်ဆင်မှု​များ

မောင်နှံ​တစ်စုံ​သည် အိမ်ထောင်ပြု​မည်၊ ကျမ်းစာ​ပညတ်​များ၊ မူများ​နှင့်​သာမက နိုင်​ငံ့​ဥပဒေ​နှင့်​လည်း ကိုက်ညီ​မည့် အိမ်ထောင်ရေး​ဖြစ်​ဖို့ ဆုံးဖြတ်​လိုက်​သည်​ဆိုလျှင် အဘယ်​လက်တွေ့ကျ​ကိစ္စရပ်​များ​ကို ထည့်​စဉ်းစား​ရမည်​နည်း။ ယင်း​ကိစ္စရပ်​များ​တွင် နေ့စွဲ​နှင့် မည်သို့သော မင်္ဂလာ​အခမ်းအနား​ပုံစံ​မျိုး ကျင်းပ​လို​သည်​တို့ ပါဝင်​သည်။

အဆိုပါ​ကိစ္စ​နှင့်​ပတ်သက်​၍ “ဇနီး​မောင်နှံ​၏ အယူအဆ​သည် မိဘများ​၏​အယူအဆ​နှင့် အတိအကျ မကိုက်ညီ​ဘဲ​ဖြစ်​ပေမည်၊ မိမိတို့​ဖြစ်ချင်​ရာ​အတိုင်း တိတိကျကျ ရွေးချယ်​ရမည်​လော၊ မိသားစု​ရိုးရာ​အစဉ်အလာ လိုက်​မည်​လော​ဆို​သည်ကို မ​ဝေခွဲ​နိုင် ဖြစ်နေ​ပေမည်” ဟု စာအုပ်​တစ်အုပ်​က​ဆို​၏။ အဘယ်အရာကို လုပ်ဆောင်​နိုင်​သနည်း။ “ယင်း​အတွက် အလိုက်သင့် နားထောင်​ပေးခြင်း၊ ပြဿနာ​များ​ကို တိုင်ပင်​ဆွေးနွေးခြင်း​နှင့် အလျှော့ပေး​လိုက်လျော​ခြင်း​မှတစ်ပါး လွယ်ကူ​သည့်​ဖြေရှင်း​နည်း​ကား​မရှိ​ချေ။ ဤ​အချိန်​သည် အားလုံး စိတ်​လှုပ်ရှား​နေသည့်​အချိန်​ဖြစ်သည်၊ အနည်းငယ်​ကြိုတင်​စဉ်းစား​ထားခြင်း​နှင့် နားလည်​ပေးခြင်း​တို့သည် အစီအစဉ်များ​ကို အလွယ်တကူ​ဆွဲ​နိုင်​ရန် များစွာ​အထောက်အကူ​ပြု​သည်။”—ပြီးပြည့်စုံ​လင်​သည့် မင်္ဂလာပွဲ​စီစဉ်သူ​နှင့်​မှတ်တမ်း။

အဆိုပါ​နေ့ရက် ကျိန်းသေ​အောင်မြင်​ရန် မေတ္တာပြည့်​ဝ​သည့်​မိဘများ​က များစွာ​စွမ်းဆောင်​နိုင်​မည်​ဖြစ်​သော်လည်း မိမိတို့​စိတ်ကြိုက် စိုးမိုး​ခြယ်လှယ်​ဖို့ မကြိုးစား​သင့်​ပေ။ အခြား​တစ်ဖက်​တွင် အပြီးသတ်​ဆုံးဖြတ်ချက်​များ​ကို သတို့သမီး​နှင့် သတို့သား​က ဆုံးဖြတ်​မည်​ဖြစ်​သော်လည်း သူတို့သည် ကောင်းသော​ရည်ရွယ်ချက်​ဖြင့် အကြံပေး​ခြင်း​ကို​မူ နားထောင်​သင့်​သည်။ အဘယ်​အကြံပြုချက်များ​အား လက်ခံ​မည်​ကို ဆုံးဖြတ်​သောအခါ ဇနီး​မောင်နှံ​သည် ဤ​ကျမ်းစာ​သွန်သင်ချက်​ကို သတိရ​သင့်​သည်– “. . . ခပ်သိမ်း​သော​အမှုအရာ​ကို ပြု​နိုင်​သည်​မှန်​စေ​တော့။ ခပ်သိမ်း​သော​အမှုအရာ​ကို ပြုသင့်​သည်မဟုတ်။ ခပ်သိမ်း​သော​အမှုအရာ​ကို ပြု​နိုင်​သည်​မှန်​စေ​တော့။ ခပ်သိမ်း​သော​အမှုအရာ​များသည် ဆောက်​တည်​တတ်​သည်မဟုတ်။ ကိုယ့်​အကျိုးကို အဘယ်သူမျှ​မ​ရှာ​စေ​နှင့်။ သူ့​အကျိုးကို လူတိုင်း​ရှာ​စေ။”—၁ ကောရိန္သု ၁၀:၂၃၊ ၂၄သမ္မာ။

ပြင်ဆင်မှု​များ​တွင် လုပ်ကိုင်​စ​ရာ​အမျိုးမျိုး​ပါဝင်​သည်၊ ဖိတ်စာ​ဝေ​ခြင်း​မှ​အစ ဧည့်ခံပွဲ​စီစဉ်ခြင်း​အထိ​ဖြစ်၏။ အိပ်ခ်ျ. ဘိုး​မ​န်း​က သူ၏ ခေတ်မီ​သူတို့၏​အိမ်ထောင်ရေး​စာအုပ်​တွင် “ဤ​ပြင်ဆင်မှု​ကို စနစ်တကျ​လုပ်ဆောင်​လေ၊ ကြိုတင်​စဉ်းစား​စီစဉ်​ထား​လေ စိတ်​နွမ်း​လူ​ပန်း​ဖြစ်​ရ​နည်း​လေ​ဖြစ်​မည်” ဟု​ဆို​သည်။ သူက “အကောင်းဆုံး​အခြေအနေ​များ​အောက်တွင်​ပင် ပင်ပန်းမှု​အနည်းငယ်​ရှိ​နိုင်​သည်၊ ယင်းကို​လျော့နည်း​သွားစေရန် အရာရာတိုင်း​ကို အကျိုးသင့်အကြောင်းသင့်​ရှိ​ရှိ အားသွန်ခွန်စိုက်​လုပ်ဆောင်​သွားခြင်းက ပြုသင့်​သည့်​အရာ​ဖြစ်သည်” ဟု​သတိပေး​သည်။

တောက်​တို​မည်​ရ​လုပ်ဆောင်ခြင်း​နှင့် ဧည့်သည်​များ​ကို ဧည့်ဝတ်ပြု​ခြင်း​တို့​ရှိ​ပေမည်။ မိတ်ဆွေများ​နှင့် မိသားစု​များ​က အကူအညီ​ပေး​နိုင်​ပါ​မည်​လော။ သတို့သမီး​နှင့် သတို့သား လုပ်ဆောင်ဖို့​မလို​အပ်​သည့် ကိစ္စ​အချို့​ကို အခြား​တာဝန်​ရှိ​သူများ​အား လွှဲ​ထား​ပေး​နိုင်​ပါ​မည်​လော။

ကုန်ကျ​စရိတ်

အကျိုးသင့်အကြောင်းသင့်​ရှိသည့် ဘတ်ဂျက်​တစ်ခု​လိုအပ်​ပေ​သည်။ မိမိတို့​တတ်နိုင်​သည်ထက် ပို​ကုန်ကျ​မည့် မင်္ဂလာဆောင်​ပွဲ​အတွက် စရိတ်​ခံရန် ဇနီး​မောင်နှံ သို့​မဟုတ် ၎င်းတို့၏​မိဘများ​ကို အကြွေးတင်​စေခြင်း​သည် မေတ္တာပြ​ရာ​မကျ​ပါ၊ အကျိုးသင့်အကြောင်းသင့်​လည်း​မရှိ​ချေ။ ပို​၍​အသေးစိတ်​ကျ​သည့် မင်္ဂလာပွဲ​ကို စီစဉ်​နိုင်​သူများစွာ​တို့သည် အဆိုပါ​ပွဲ​ကို ရိုးရိုးရှင်းရှင်း​ထား​ဖို့ ရွေးချယ်​ကြသည်။ မည်သို့​ပင်​ဖြစ်ပါစေ ဇနီး​မောင်နှံ​အချို့​သည် ခန့်မှန်း​ကုန်ကျ​ငွေ​နှင့် အမှန်တကယ်​ကုန်ကျ​မည့်​စရိတ်​အတွက် စာရင်း​တစ်ခု​ထား​ရှိ​ခြင်း​သည် အထောက်အကူ​ဖြစ်​ကြောင်း တွေ့ရှိ​ခဲ့​ကြပြီ။ ထို့​ပြင် စနစ်တကျ​စီမံ​ဖို့​လိုအပ်​သည့် အရာ​မှန်သမျှ​အတွက် အချိန်​ကန့်သတ်​ထား​ဖို့ စာရင်း​တစ်ခု ရှိ​ထား​မည်​ဆိုလျှင်​လည်း အကူအညီ​ရနိုင်​ပေ​သည်။ ကန့်သတ်​ထား​သည့်​အချိန်​များ​ကို စိတ်ဖြင့် အလွတ်​မှတ်သား​ထား​ဖို့​ကြိုးစား​ခြင်း​သည် စိတ်​ပင်ပန်း​ဖို့​အကြောင်း​များသည်။

မင်္ဂလာပွဲ​သည် မည်မျှ​ကုန်ကျ​မည်​နည်း။ တစ်​နေရာ​နှင့်​တစ်​နေရာ ကုန်ကျ​စရိတ်​ချင်း​မတူကြ​ပေ၊ သို့သော် မည်သည့်​အရပ်၌​ပင် သင်​နေထိုင်​ပါစေ ကိုယ့်​ကိုယ်ကို ဤသို့​မေးကြည့်​ခြင်း​က ပညာရှိရာ​ရောက်မည်– ‘ငါ​တို့​စီစဉ်​ထား​သမျှ​အရာအားလုံးကို ငါ​တို့​တတ်နိုင်​ပါ့​မလား။ အဲဒါတွေ တကယ်ပဲ​လိုအပ်​လို့လား။’ ပူပူနွေးနွေး​သတို့သမီး​ဖြစ်သူ တီနာ​က​ဤသို့​ဆို​ခဲ့​သည်– “ ‘မရှိမဖြစ်’ ပုံ​ပေါက်​တဲ့ အရာ​တချို့ဟာ အချိန်​လည်း​ရောက်​ရော မလိုအပ်တဲ့​အရာ​အဖြစ် ပြောင်း​သွားခဲ့တယ်။” ယေရှု​ဤသို့​အကြံပေး​ခဲ့​ရာ​ကို သုံးသပ်ကြည့်​ပါ– “သင်တို့တွင်​တစ်ယောက်​သော​သူသည် တိုက်​ကို​တည်​မည်​ဟု​အကြံ​ရှိလျှင်၊ ထို​တိုက်​ပြီး​အောင် ငွေ​လောက်​မည်​မလောက်​မည်​ကို​သိခြင်း​ငှာ၊ ရှေးဦး​စွာ​ထိုင်၍ ကုန်​စရိတ်​ကို​မချင့်တွက်​ဘဲ​နေ​မည်​လော။” (လုကာ ၁၄:၂၈) သင်​နှစ်သက်ရာ​တိုင်း​ကို လုပ်ဆောင်ဖို့​မတတ်နိုင်​ပါ​က တချို့သော​အရာ​ကို ပယ်​လိုက်ပါ။ ပို​၍​တတ်နိုင်​သည့်​တိုင် ကိစ္စရပ်​များ​ကို ရိုးရိုးရှင်းရှင်း သင်​ထား​လို​ပေမည်။

အီတလီ​နိုင်ငံ​တွင် မင်္ဂလာပွဲ​များ​အတွက် ရရှိနိုင်​သည့် ဝန်ဆောင်မှု​များနှင့် ပစ္စည်း​များ​ကို အရောင်း​မြှင့်တင်​ရန် ကျင်းပ​ခဲ့​သည့် ကုန်စည်​ပြပွဲ​တစ်ခု​သည် စံပြ​အီတာလျန်​သတို့သမီး​တစ်ဦး မည်မျှ​သုံးစွဲ​နိုင်​ပုံ​နှင့်​ပတ်သက်​၍ ခန့်မှန်း​တွက်ချက်​ပေး​ခဲ့​သည်။ မိတ်ကပ်​နှင့်​ဆံပင်​အလှ​ပြုပြင်ခြင်း ဒေါ်လာ ၄၅၀; ဇိမ်​ခံ​ကား​ငှား​ရမ်း​ခြင်း ဒေါ်လာ ၃၀၀; မင်္ဂလာပွဲ​မှတ်တမ်းတင်​ဓာတ်​ပုံ​ရိုက်ကူးခြင်း ဒေါ်လာ ၆၀၀; မင်္ဂလာပွဲ​အမှတ်တရ​အယ်လဘမ်​စာအုပ် (ဓာတ်​ပုံ​များ​မပါ) ဒေါ်လာ ၁၂၅-၅၀၀; ပန်း​များ ဒေါ်လာ ၆၀၀; အကျွေး​အမွေး လူတစ်ဦး​လျှင် ဒေါ်လာ ၄၅-၉၀; ဂါ​ဝန်​ရှည် ဒေါ်လာ ၁,၂၀၀ နှင့်​အထက်။ အရေးကြီးသော​နေ့​ထူး​အဖြစ်​သဘောထား​ကာ အထူး​ကျင်းပ​လို​စိတ်​ဖြစ်ပေါ်​မည်​ဆိုလျှင်​လည်း ဖြစ်ပေါ်​လောက်​ပေ​သည်။ သို့သော် အဘယ်အရာကို​ပင် ဆုံးဖြတ်​ပြုလုပ်​ပါစေ ချင့်ချင့်ချိန်ချိန်​ရှိ​သင့်​ပေ​သည်။

အချို့​က ငွေ​အမြောက်အမြား သုံးစွဲ​ကြသော်လည်း အခြားသူများ​က​မူ ချွေတာ​သုံး​လို​ကြသည်—သို့​မဟုတ် မချွေတာ​လျှင်​မရ​၍ ထိုသို့​ချွေတာ​ကြ​ခြင်း​ဖြစ်သည်။ “ကျွန်မ​တို့​နှစ်ယောက်စလုံး​က ရှေ့ဆောင်​တွေ [အချိန်ပြည့်​ဧဝံဂေလိတရား​ဟော​သူများ] ဖြစ်​ကြ​တော့ ငွေ​တစ်ပြား​တစ်ချပ်​မှ​မရှိဘူး၊ ဒါပေမဲ့ အဲဒါက အရေး​မကြီး​ပါ​ဘူး။ ကျွန်မ​ရဲ့ ယောက္ခမ​က ဝတ်စုံ​အတွက် ပိတ်စ​တစ်စ​ဝယ်​ပေးတယ်၊ အဲဒီ​ပိတ်စ​ကို သူငယ်ချင်း​တစ်ယောက်​က မင်္ဂလာ​လက်ဖွဲ့​အဖြစ် ချုပ်​ပေး​ခဲ့တယ်။ ဖိတ်စာ​တွေ​ကို ကျွန်မ​ခင်ပွန်း​က လက်ရေး​နဲ့​ပဲ​ရေးတယ်၊ ခရစ်ယာန်​မိတ်ဆွေ​တစ်ယောက်​က ကား​ငှား​ပေး​ပါ​တယ်။ ဧည့်ခံပွဲ​အတွက် လိုအပ်​တာ​တွေ​ပဲ​ဝယ်ပြီး တစ်ယောက်​က ကျွန်မတို့ကို ဝိုင်​လက်ဆောင်​ပေးတယ်။ ဖြုန်းတီး​ရာ​လည်း​မကျ၊ လုံလုံလောက်လောက်​လည်း​ရှိတယ်​လေ” ဟု သတို့သမီး​တစ်ဦး​က​ဆို​ခဲ့​သည်။ သတို့သား​တစ်ဦး၏​အဆို​အရ မိသားစု​နှင့် မိတ်ဆွေများ​က လက်တွေ့ကျကျ အကူအညီ​ပေး​သောအခါ “ကုန်ကျ​စရိတ်​မှာ အကြီးအကျယ် သက်သာ​သွား​သည်။”

မိမိတို့၏ ငွေ​ရေး​ကြေး​ရေး​အခြေအနေ မည်သို့​ပင်​ရှိနေပါစေ ခရစ်ယာန်​ဇနီး​မောင်နှံ​တို့သည် တရားလွန်​ဖြစ်​ခြင်း၊ လောက​ဆန်​ခြင်း သို့​မဟုတ် ပ​လွှား​ဝ​င့်​ဝါ​ခြင်း​မှန်သမျှကို ရှောင်ကြဉ်​လို​ကြ​ပေမည်။ (၁ ယောဟန် ၂:၁၅-၁၇) မင်္ဂလာဆောင်​ပွဲ​ကဲ့သို့​သော ပျော်ရွှင်ဖွယ်​ကောင်း​သည့် ဖြစ်ရပ်​တစ်ခု​သည် လူတစ်ဦးကို “အပြစ်တင်​ခွင့်​နှင့်​ကင်းလွတ်​သော​သူ” ဟု​ယူမှတ်​ခံရ​ခြင်း​မှ အတားအဆီး​ဖြစ်စေ​နိုင်​သည့် စားကြူး​ခြင်း၊ သောက်ကြူး​ခြင်း သို့​မဟုတ် အခြား​မည်သည့်​အမှုကို​မဆို​ရှောင်ရန် သတိပေး​သည့် အသင့်အတင့်​ပြုမူခြင်း​ဆိုင်ရာ ကျမ်းစာ​မူများ လိုက်နာ​ဖို့ ပျက်ကွက်​စေမည်​ဆိုလျှင် အလွန်​ဝမ်းနည်းစရာပင်!—သု. ၂၃:၂၀၊ ၂၁; ၁ တိမောသေ ၃:၂

အခြားသူများ​ထက် ပို​၍​ကြီးကျယ်​ပြီး ပို​၍​သာအောင်​ကြိုးစား​မည်​ဟူ​သည့် စိတ်ဓာတ်​မျိုးကို ရှောင်ကြဉ်ပါ​လေ။ နိုင်ငံ​တစ်နိုင်ငံ​မှ သတို့သမီး​နှစ်ဦး​ဆင်မြန်း​ခဲ့​သည့် ကြီးကျယ်​လွန်း​သော ဦး​ခေါင်းဖုံး​ဇာ​ပဝါ​များ​ကို စဉ်းစား​ဆင်ခြင်​ကြည့်​ပါ—ဇာ​ပဝါ​တစ်ခု​သည် အချင်း ၄၂ ပေ​ရှိပြီး ပေါင် ၅၀၀ ခန့်​လေး​၏; နောက်​ဇာ​ပဝါ​တစ်ခု​မှာ ပေ​တစ်ထောင်​ရှည်လျား​ပြီး ယင်းကို ကိုင်​ပေးဖို့ သတို့သမီး​အ​ရံ အ​ယောက် ၁၀၀ လိုအပ်​သည်။ ထိုသို့​သော​အ​ခင်း​အ​ကျင်း​မျိုးကို အတုယူ​ခြင်း​က အကျိုးသင့်အကြောင်းသင့်​ရှိ​မှု​နှင့်​ပတ်သက်​သည့် သမ္မာကျမ်းစာ​၏​အကြံပြုချက်​နှင့် ကိုက်ညီ​ပါ​မည်​လော။—ဖိလိပ္ပိ ၄:၅

ရိုးရာ​အစဉ်အလာ​ကို လိုက်နာသင့်​သလော

ထိမ်းမြားခြင်း​ဆိုင်ရာ ရိုးရာ​အစဉ်အလာ​များသည် တစ်နိုင်ငံ​နှင့်​တစ်နိုင်ငံ မတူကြ​ပေ၊ သို့​ဖြစ်၍ ယင်း​တို့အားလုံး​ကို ဖော်ပြ​ရန်​မှာ မဖြစ်​နိုင်​ချေ။ တစ်စုံတစ်ရာ​သော ဓလေ့​ထုံးစံ​တစ်ခု​ကို လိုက်လျှောက်​မည်​မလိုက်လျှောက်​မည်​ကို ဆုံးဖြတ်​သည့်​အခါ ဇနီး​မောင်နှံ​သည် မိမိတို့​ကိုယ်ကို ဤသို့​မေးသင့်​ပေ​သည်– ‘ဤ​အစဉ်အလာ​သည် အဘယ်​သဘောဆောင်​သနည်း။ ကြင်စဦး​ဇနီး​မောင်နှံ​အပေါ် ဆန်​ကြဲ​ခြင်း​ကဲ့သို့​သော ကံကောင်း​ပါစေ​ကြောင်း သို့​မဟုတ် သားသမီး​များများ မွေးဖွား​ပါစေ​ကြောင်း ဆန္ဒပြု​သည့် အယူသီးမှု​တစ်ခုခု​နှင့် ပတ်သက်​နေ​သလော။ သမ္မာကျမ်းစာ ရှုတ်ချ​ထား​သည့် အယူမှား​ဘာသာ သို့​မဟုတ် အခြား​ထုံးတမ်းများ​နှင့် ဆက်နွှယ်​နေ​သလော။ ယင်းက မ​လျော်​ကန်​ရာ​ကျနေ​သလော သို့​မဟုတ် မေတ္တာမဲ့​ရာ​ကျနေ​သလော။ အခြား​သူများကို အနေရခက်​စေနိုင်​သလော သို့​မဟုတ် ထိမိ​လဲ​စေနိုင်​သလော။ ကျွန်ုပ်​တို့​ဇနီး​မောင်နှံ​၏ သဘောထားများ​နှင့်​ပတ်သက်​၍ သံသယများ ပေါ်လာ​နိုင်​သလော။ မနှစ်မြို့ဖွယ်​ရာ​များ​ဖြစ်နေ​သလော။’ အဆိုပါ​အချက် တစ်ချက်​ချက်​တွင် သံသယ​ဖြစ်စရာ​ရှိ​နေလျှင် ထို​ရိုးရာ​အစဉ်အလာ​ကို ရှောင်​လိုက်ခြင်းက​ပို​ကောင်း​မည်​ဖြစ်​ပြီး လိုအပ်​မည်​ဆိုလျှင် ဧည့်သည်​များ​အား အဆိုပါ​ဆုံးဖြတ်ချက်​ကို ကြိုတင်​အသိပေး​ထား​ပါ။

ရွှင်လန်းမှု​နှင့် စိတ်​လှုပ်ရှားမှု

အရေးပါသော​နေ့တွင် ဖြစ်ပေါ်​သည့် စိတ်​လှုပ်ရှားမှုများ​မှာ ဝမ်းသာ​ကြည်နူး​မှု​မှ​သည် မျက်ရည်ကျ​ရသည်​အထိ အမျိုးမျိုး​ရှိ​နိုင်​သည်။ “စိတ်ကူးယဉ်​အိပ်မက် အကောင်အထည်​ပေါ်လာ​တော့ ပျော်​လိုက်တာ မပြောပါနဲ့​တော့​ရှင်” ဟု သတို့သမီး​တစ်ဦး​က​ဆို​သည်။ သို့သော် သတို့သား​တစ်ဦး​က ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်တော့်​ဘဝမှာ အဆိုးဝါးဆုံး​နေ့​ဖြစ်သလို အကောင်းဆုံး​နေ့​လည်း​ဖြစ်ပါ​တယ်။ ကျွန်တော့်​ရဲ့ ယောက္ခမ​တွေ​ဟာ သူတို့ရဲ့ သမီးဦး​ကို ကျွန်တော်​ယူ​လိုက်တဲ့​အတွက် မျက်ရည်​ဖြိုင်ဖြိုင်​ကျ ငိုကြွေး​ခဲ့​ကြတယ်၊ ကျွန်တော့်​ဇနီး​လည်း သူ့​မိဘတွေ​ငို​နေတာကို​တွေ့​တော့ လိုက်​ငို​တယ်၊ နောက်ဆုံး ကျွန်တော်​လည်း မခံနိုင်​တော့​တာ​နဲ့ ချုံးပွဲချ​ငို​လိုက်​မိတယ်။”

ဤသို့​သော တုံ့ပြန်မှု​များ​ကြောင့် အထိတ်တလန့်​ဖြစ်စရာ​အကြောင်း​မရှိပါ—ယင်း​တို့သည် စိတ်​တင်းကျပ်​မှု​ကြောင့်​သာ​ဖြစ်၏။ မိသားစု​ဆက်ဆံ​ရေး၊ ဇနီး​မောင်နှံ​ချင်း​ပင် တစ်ခါတစ်ရံ ဆက်ဆံ​ရေး​အနည်းငယ်​တင်း​နေ​မည်​ဆိုလျှင် အံ့ဩစရာ​မဖြစ်​သင့်​ချေ။ “စင်စစ်​မူ၊ ယင်းသည် ဖြစ်ရပ်​ကြီး​တစ်ခု​ကို အတူတကွ အစီအစဉ်​ဆွဲ​ခြင်း​တွင် ၎င်းတို့၏ ဦးဆုံး​တွေ့ ကြုံ​မှု​ဖြစ်​ပေမည်၊ ဤ​စိတ်​လှုပ်ရှားမှု​သည် သူတို့၏​ဆက်ဆံ​ရေး​အပေါ် တစ်နည်း​နည်းဖြင့် အကျိုး​သက်ရောက်​ဖို့ အကြောင်း​များသည်” ဟု ပြီးပြည့်စုံ​လင်​သည့် မင်္ဂလာပွဲ​စီစဉ်သူ​နှင့်​မှတ်တမ်းက​ဆို​၏။ မျှော်လင့်​ထား​သလို ဖြစ်​မလာ​သည့်​အတွက် စိတ်ပျက်​စ​ရာ​မဟုတ်ပါ; ဤသို့​ဤ​နှယ်​ဖြစ်နေ​စဉ် အကြံဉာဏ်​နှင့် ထောက်မမှုကို​ရှာဖွေခြင်း​သည် အကျိုး​အရှိဆုံး​ဖြစ်​ပေမည်။

သတို့သား​တစ်ဦး​က ဤသို့​ထုတ်ဖော်​ပြောဆို​ခဲ့​သည်– “ကျွန်တော်​အင်မတန်​မှ တန်ဖိုး​ထား​မယ့်​အရာ​နဲ့ မရှိလို့ အမြဲ​တ​သသ​ဖြစ်နေ​ခဲ့​ရတဲ့ အရာ​က​တော့ ကိုယ်​ရင်ဖွင့်​နိုင်၊ ရင်ထဲ​က​ခံစားချက်​တွေ​ကို ဝေမျှ​ခံစား​ပေး​နိုင်​မယ့် အကြံပေး​သူ​တစ်ဦး​ပါ​ပဲ။” ထိုသို့​သော​ကဏ္ဍ​ကို​ဖြည့်ဆည်း​ပေး​ရန် ရင့်ကျက်သည့်​မိတ်ဆွေ​တစ်ဦး သို့​မဟုတ် ဆွေမျိုး​တစ်ဦး၊ ခရစ်ယာန်​အသင်းတော်​ရှိ အတွေ့အကြုံ​ရှိ​အခြားသူ​တစ်ဦး​ထက် သာ၍​ကောင်းသော​သူ ရှိပါ​ဦး​မည်​လော။

မိမိတို့၏​ရင်သွေး​က မိသားစု​အသိုက်အမြုံ​ကို ခွဲခွာ​သွားတော့​မည်​ဖြစ်​ကြောင်း သိလိုက်ရ​သောအခါ မိဘတို့​မှာ ရွှင်လန်းခြင်း၊ ဂုဏ်ယူ​ဝမ်းမြောက်ခြင်း၊ လွမ်းဆွတ်​ခြင်း​နှင့် ရင်တဒိတ်ဒိတ်​ခုန်​ခြင်း​တို့ကို ရော​ထွေး​ခံစား​ရနိုင်​သည်။ သို့ရာတွင် ဖန်ဆင်း​ရှင်​ရည်ရွယ်​ထား​သည့်​အတိုင်း မိမိတို့၏​ရင်သွေး​တို့ “ကိုယ့်​မိဘကို​စွန့်” ကာ သူ့​အိမ်ထောင်ဖက်​နှင့် တွဲဖက်​၍ “တစ်​သား​တစ်ကိုယ်တည်း​ဖြစ်လာ” မည့်​အချိန်​ရောက်လာ​ပြီ​ဖြစ်​ကြောင်း တစ်ကိုယ်ကောင်း​စိတ်​ကင်း​စွာ နားလည်​သင့်​ပေ​သည်။ (ကမ္ဘာဦး ၂:၂၄) မိမိ၏​သားဦး အိမ်ထောင်ပြု​သွားခြင်း​ကို မိမိ​ကိုယ်နှိုက်​တုံ့ပြန်​ရာ​နှင့်​ပတ်သက်​၍ မိခင်​တစ်ဦး​က ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်မ​မျက်ရည်ကျခဲ့​ရတယ်၊ ဝမ်းနည်းပြီး​ကျ​တဲ့​မျက်ရည်​သာမက​ဘဲ တကယ့်ကို ချစ်စရာ​ကောင်း​တဲ့ သမီး​ချွေး​မ​တစ်ယောက်​ရ​လိုက်လို့ ဝမ်းသာ​ပြီး​ကျ​တဲ့​မျက်ရည်​လည်း​ပါ,ပါ​တယ်။”

အဆိုပါ​အခါသမယ​ကို နှစ်လိုဖွယ်​နှင့် တည်ဆောက်မှု​ဖြစ်စေ​ရန် မိဘများသည်—သတို့သမီး​နှင့် သတို့သား​ကဲ့သို့​ပင်—ပူးပေါင်း​ဆောင်ရွက်မှု၊ တည်ငြိမ်မှု၊ တစ်ကိုယ်ကောင်း​မ​ဆန်​မှု​နှင့် သဘောထားကြီး​မှု​စ​သည့် ခရစ်ယာန်​အရည်အသွေးများ​ကို ပြသ​ဖို့​လိုအပ်​ပေ​သည်။—၁ ကောရိန္သု ၁၃:၄-၈; ဂလာတိ ၅:၂၂-၂၄; ဖိလိပ္ပိ ၂:၂-၄

အချို့​သော သတို့သမီး​များသည် မိမိတို့​မင်္ဂလာဆောင်​သည့်​နေ့တွင် တစ်ခုခု ဆိုးဆိုးဝါးဝါး ချွတ်ချော်​တိမ်းစောင်း​သွား​မည်—ကား​တာယာ​ပြား​သွားပြီး အခမ်းအနား​သို့ နောက်ကျ​မှ​ရောက်မည်၊ ရာသီဥတု​ဆိုးဝါး​မည် သို့​မဟုတ် အချိန်​အနားကပ်​မှ မင်္ဂလာ​ဝတ်စုံ​က ပြင်​၍​မရအောင် ပျက်စီး​သွား​မည်—ကို စိုးထိတ်​ကြသည်။ ဤ​အရာများ ဖြစ်​ဖို့​အကြောင်း​မရှိ​နိုင်​ပါ။ သို့ရာတွင် လက်တွေ့ကျပါ​လေ။ အရာရာတိုင်း အစဉ်​ချောမွေ့​နေ​မည်​ကား​မဟုတ်​ချေ။ အဟန့်အတား​များ​ရှိ​မည်​ကို လက်ခံရ​မည်​ဖြစ်၏။ (ဒေ. ၉:၁၁) အခက်အခဲ​များနှင့် ရင်ဆိုင်​ကြုံတွေ့​ရာ​တွင် သင့်​ဟာသ​ဉာဉ်​ကို မပျောက်ဆုံး​သွားဖို့​နှင့် အပြုသဘောထား​ကို ဆက်​ထိန်းထား​ဖို့ ကြိုးစား​ပါ။ တစ်ခုခု တလွဲတချော်​ဖြစ်​သွားခဲ့သော် နောက်ပိုင်း​တွင် ယင်းကို သင်​စား​မြုံ့​ပြန်​သည့်​အခါ ရ​ယ်​စ​ရာ​ပုံပြင်​တစ်ခု ဖြစ်သွား​ပေမည်။ မင်္ဂလာပွဲ​၏​ရွှင်လန်းမှု​ကို အသေးအဖွဲ​သာ​ဖြစ်သော အမှတ်မထင်​ဖြစ်ပျက်​ခဲ့​မှုများ​ကြောင့် အပျက်​စီး​မခံ​ပါ​နှင့်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ယင်း​နှင့်​စပ်လျဉ်း၍ နိုင်ငံ​အသီးသီး​သည် လင်​ပြိုင် မယား​ပြိုင်​ထားခြင်း၊ သွေး​နီး​ချင်း​သံဝါသပြု​ခြင်း၊ လိမ်လည်​လှည့်ဖြားခြင်း၊ အိမ်ထောင်ရေး​အကြမ်းဖက်​ခြင်း​နှင့် ဥပဒေ​အရ အရွယ်​မ​ရောက်​သေး​သူများ​နှင့် အိမ်ထောင်ပြုခြင်း​တို့ကို တားမြစ်​ထား​သည်။

[စာမျက်နှာ ၇ ပါ အကျဉ်း​ဖော်ပြချက်]

“‘မရှိမဖြစ်’ ပုံ​ပေါက်​တဲ့ အရာ​တချို့ဟာ အချိန်​လည်း​ရောက်​ရော မလိုအပ်တဲ့​အရာ​အဖြစ် ပြောင်း​သွားခဲ့တယ်။”—တီနာ၊ သတို့သမီး

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ပြင်ဆင်မှု​စာရင်း​နမူနာ​ပုံစံ *

၆ လ သို့​မဟုတ် ယင်း​ထက်​စော​စွာ

❑ အစီအစဉ်များ​ကို ခင်ပွန်း​လောင်း သို့​မဟုတ် ဇနီးလောင်း၊ တစ်ဖက်​၏​မိဘ​မောင်​ဖွား​များ၊ မိဘများနှင့် ဆွေးနွေး​ပြောဆို​ပါ

❑ ဆန္ဒရှိ​သည့် မင်္ဂလာပွဲ​အမျိုးအစား​ကို သတ်မှတ်​ဆုံးဖြတ်​ပါ

❑ ဘတ်ဂျက်​ကို တွက်ချက်​ပါ

❑ တရား​ဥပဒေ​တောင်းဆိုချက်​များ​ကို စစ်ဆေး​ပါ

❑ ဧည့်ခံပွဲ​ကျင်းပ​မည့်​နေရာကို ကြိုတင်​ငှား​ထား​ပါ

❑ ဓာတ်​ပုံ​ဆရာ​နှင့်​ဆက်သွယ်​ပါ

၄ လ

❑ မင်္ဂလာပွဲ​တွင်​ဆင်မြန်း​မည့် အဝတ်အစား​များ​ကို ရွေးချယ်​ပါ (ဗီရို​ထဲ​မှ)၊ ဝယ်ပါ သို့​မဟုတ် ချုပ်​ပါ

❑ ပန်း​များ ကြိုတင်​မှာ​ထား​ပါ

❑ ဖိတ်စာ​များ ရွေးချယ်​၍​ကြိုတင်​မှာ​ထား​ပါ

၂ လ

❑ ဖိတ်စာ​များ​ပို့​ပါ

❑ လက်စွပ်​များ​ဝယ်ထား​ပါ

❑ လိုအပ်သော​စာရွက်စာတမ်း​များ ရယူ​ထား​ပါ

၁ လ

❑ မင်္ဂလာ​ဝတ်စုံ​များ​ကို အစမ်း​ဝတ်​ကြည့်​ပါ

❑ မှာ​ထား​သည့်​ပစ္စည်း​များနှင့် အချိန်းအချက်​များ​ကို အတည်ပြု​ပါ

❑ လက်ခံ​ထားပြီး​သား မည်သည့်​လက်ဆောင်​မဆို​အတွက် ကျေးဇူး​တင်​စာ​များ​ရေးပါ

၂ ပတ်

❑ ကိုယ်ပိုင်​ပစ္စည်း​များ​ကို နေထိုင်ရာ​အသစ်​သို့ ပြောင်းရွှေ့​ပါ

၁ ပတ်

❑ အကူအညီ​ပေး​မည့်​သူအား​လုံး​ကို သူတို့​လုပ်ဆောင်ပေး​ရမည့်​အရာ​နှင့်​ပတ်သက်​၍ သိစေပါ

❑ မည်သည့် ငှား​ရမ်း​ထား​သည့်​ပစ္စည်း​များ​ကို​မဆို ပြန်ပေး​ဖို့​စီစဉ်​ပါ

❑ အခြား​သူများကို အတတ်နိုင်ဆုံး တာဝန်ခွဲ​ပေး​ပါ

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 31 ယင်းကို ဒေသခံ တရား​ဥပဒေ​တောင်းဆိုချက်​များ၊ ကိုယ်ရေးကိုယ်တာ​အခြေအနေ​များနှင့်​အညီ ပြုပြင်​ချိန်ညှိ​နိုင်​ပါ​သည်။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

“ဘုရားသခင်​ဖက်စပ်၍ ထမ်းပိုး​တင်​တော်​မူ​သော​အရာ​ကို လူ​မခွဲမခွာ​စေ​နှင့်”