မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်ရေးဟူသည် ထာဝရနှောင်ကြိုးဖြစ်သင့်

အိမ်ထောင်ရေးဟူသည် ထာဝရနှောင်ကြိုးဖြစ်သင့်

အိမ်ထောင်ရေး​ဟူသည် ထာဝရ​နှောင်ကြိုး​ဖြစ်​သင့်

ရုပ်ရှင်​များစွာ​တို့၏ နိဂုံး​ကို​ကြည့်​လျှင် အိမ်ထောင်ရေး​သည် လိုချင်​စ​ဖွယ်​ပန်းတိုင်​တစ်ခု​ဖြစ်သည်။ ရုပ်ရှင်​ထဲ​တွင် အမျိုးသား​တစ်ဦး​နှင့် အမျိုးသမီး​တစ်ဦး​တို့ နောက်ဆုံး​တွင် ဇာတ်​ပေါင်း​ကာ၊ လက်ထပ်​ပြီး “သက်​ဆုံး​တိုင် ပျော်ရွှင်စွာ” နေထိုင်သွား​ကြ​လေ​သတည်း​ဖြင့် အဆုံးသတ်​လေ့​ရှိသည်။

စင်စစ်​မူ အိမ်ထောင်ပြုခြင်း​သည် အဆုံး​မဟုတ်ဘဲ ဘဝ​သစ်​တစ်ခု​ကို အတူတကွ အစပြုခြင်း​ဖြစ်သည်။ ထို့​ပြင် “အမှု​၏​အဆုံး​သည် အစ​ထက်​သာ၍​ကောင်း​၏” ဟု ဒေ. ၇:၈ ပြော​သည့်​အတိုင်း မျှော်လင့်​နိုင်​ပါ​သည်။

ထာဝရ​နှောင်ကြိုး

ရှေ့ရေး​ကို ကြိုမြင်​တတ်​ဖို့​လို​ပေ​သည်။ အိမ်ထောင်ရေး​သည် တာ​ရှည်​ပြီး ကျေနပ်​အားရဖွယ်​ဖြစ်​ဖို့​ဆိုလျှင် အုတ်မြစ်​ခိုင်မာ​ရမည်​ဖြစ်၏။ သို့​မဟုတ်လျှင် အိမ်ထောင်​ပြုပြီး​နောက် တွေ့ ကြုံ​ရသည့် စိတ်ဖိစီးမှု​သည် မပြု​မီ​က​ထက် များစွာ​ပို​ဆိုး​နိုင်​ပေ​သည်။ ခရစ်ယာန်​တစ်ဦး​သည် အိမ်ထောင်ရေး​ကို “အဆင်မပြေ​ရင် အချိန်မရွေး ကွာ​နိုင်တယ်” ဟူ၍​စဉ်းစား​ကာ အိမ်ထောင်ပြု​၍​မရ​ပေ။ အိမ်ထောင်ရေး​ကို ထာဝရ​နှောင်ကြိုး​အဖြစ် ရှုမြင်​ရမည်​ဖြစ်သည်။

ကွာရှင်း​သင့်​မသင့်​နှင့်​ပတ်သက်​၍ လူတစ်ဦး မေးမြန်း​သည်ကို ယေရှု​ဖြေကြား​ရာ​၌ အိမ်ထောင်​ဟူ​က ထာဝရ​ဖြစ်စေ​ရမည်​အကြောင်း ရှင်းလင်း​ဖော်ပြ​ခဲ့​၏။ ကိုယ်တော်​ဤသို့​မိန့်ဆိုခဲ့သည်– “အစအဦး​၌ ဖန်ဆင်း​တော်​မူ​သော​သူသည် ယောက်ျား​နှင့်​မိန်း​မ​နှစ်ယောက်​တည်း​ကို ဖန်ဆင်း​တော်​မူ​၏။ ထို​အကြောင်းကြောင့် ‘ယောက်ျား​သည် ကိုယ်​မိဘကို​စွန့်​၍ ကိုယ်​ခင်ပွန်း​၌​မှီဝဲ​သဖြင့်၊ ထို​သူ​နှစ်ယောက်​တို့သည် တစ်​သား​တစ်ကိုယ်တည်း​ဖြစ်​ရ​လိမ့်​မည်’ ဟု ကျမ်း​ဆို​သည်ကို သင်တို့​မဖတ်ဖူး​သလော။ ထို့​ကြောင့် လင်မယား​တို့သည် နှစ်ဦး​မဟုတ် တစ်ဦးတည်း​ဖြစ်၏။ ဘုရားသခင်​ဖက်စပ်၍​ထမ်းပိုး​တင်သော​အရာ​ကို လူ​မခွဲခွာ​စေ​နှင့်။”—မဿဲ ၁၉:၄-၆

မင်္ဂလာဆောင်​ပြီး​ရက်​နောက်ပိုင်း

ခရစ်ယာန်​တစ်ဦး၏ အသက်တာတွင် အိမ်ထောင်ရေး​သည် ဘုရားသခင်​ထံ​ဆက်ကပ်​အပ်နှံခြင်း​နှင့်​ယှဉ်လာ​မှ​သာ ဒုတိယ​အရေးပါ​ရာ​ဖြစ်သွား​သည်​ဟု ဆိုနိုင်​ပါ​သည်။ အဆိုပါ​ဆက်ကပ်​အပ်နှံခြင်း​သည် လူတစ်ဦး ဖန်ဆင်း​ရှင်​နှင့် ထာဝရ​ဖွဲ့​နှောင်​ခြင်း​ဖြစ်​ကာ နှစ်ခြင်း​ခံ​ခြင်း​ဖြင့် အများ​ရှေ့ ထင်ရှား​ဖော်ပြ​သည်။ မင်္ဂလာဆောင်ခြင်း​သည် အခြားသူ​တစ်ဦး​နှင့် လူသိရှင်ကြား ထာဝရ​ကတိကဝတ်​ပြုခြင်း​ဖြစ်သည်။ အလွန်အမင်း​သံသယ​ရှိနေ​လျက်​နှင့် ဘုရားသခင်​ထံ ကိုယ့်​ကိုယ်ကို ဆက်ကပ်​အပ်နှံ​ဖို့​ကို​သော်လည်း​ကောင်း၊ အိမ်ထောင်ရေး​နှောင်ကြိုး​ကို ရစ်ပတ်​နှောင်ဖွဲ့​ဖို့​ကို​သော်လည်း​ကောင်း စဉ်းစား၍​ပင်မ​ရနိုင်​ချေ။ ထို့​ကြောင့် အိမ်ထောင်ပြု​ရန်​စဉ်းစား​နေ​သူများ​သည် အိမ်​ထောက်​ဖက်​လောင်း​၏ ယုံကြည်ချက်များ၊ ပန်းတိုင်​များ၊ သဘောထားများ​နှင့် စိတ်​နေ​စိတ်ထား​တို့ကို သေသေချာချာ ဆန်းစစ်​အပ်​ပေ​သည်။

မင်္ဂလာပွဲ​အတွက် ပြင်ဆင်​ရာ​တွင် သနား​ကြင်နာ​မှု၊ ထောက်ထား​စာနာမှု​နှင့် ပူးပေါင်း​ဆောင်ရွက်​သည့်​စိတ်ထား​တို့​ရှိဖို့ အရေးကြီး​၏။ ထိုသို့​သော​အရည်အချင်းများ​သည် နောက်ပိုင်း​တွင် အိမ်ထောင်ရေး​ကို အောင်မြင်​စေ​ရာ​၌ ပို​၍​ပင်​အရေးပါ​သည်။ ကြင်စဦး​မောင်နှံ​တို့သည် တစ်ဦး​နှင့်တစ်ဦး တွယ်တာ​မြတ်နိုးကြ​သော်လည်း အိမ်ထောင်​ပြုပြီး​နောက်​တွင်​လည်း မေတ္တာသည် “ကိုယ်ကျိုး​မ​ရှာ​တတ်” သည်ကို နေ့စဉ်​နေ့တိုင်း သတိရ​နေရ​မည်။ တစ်နှစ်​ပြီး​တစ်နှစ် တစ်သမတ်တည်း ကျင့်သုံး​သွားသော​အခါ “မေတ္တာသည် ဖောက်ပြန်​ခြင်း​သဘော​နှင့် အစဉ်​ကင်းလွတ်​၏။” (၁ ကောရိန္သု ၁၃:၅၊ ၈) တည်မြဲသော​မေတ္တာ​ကြောင့် စိတ်ရှည်​သည်းခံခြင်း၊ သနား​ကြင်နာ​ခြင်း၊ ကောင်းမြတ်​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​နှင့် ချုပ်တည်း​ခြင်း​စ​သည့်—ဘုရားသခင့်​ဝိညာဉ်​တော်​အသီး—အရည်အသွေးများ​ကိုလည်း ပို​၍​လွယ်ကူ​စွာ ပြသ​သွားပေ​လိမ့်​မည်။ အဆိုပါ​အရည်အသွေးများ​သည် အောင်မြင်​သော အိမ်ထောင်​ဖြစ်​ရေး​အတွက် လိုအပ်​လှ​ပေ​သည်။—ဂလာတိ ၅:၂၂၊ ၂၃

ခက်ခဲ​သော​အပိုင်းကဏ္ဍ​တစ်ခု​မှာ မင်္ဂလာဆောင်​ပြီး​နေ့​နောက်ပိုင်း ထိုသို့​သော​အရည်အသွေးများ​ကို ဆက်လက်​ပြသ​သွားခြင်း​ဖြစ်သည်။ သို့ရာတွင် ထိုသို့​သော အရည်အသွေးကောင်း​များ​ကို ထင်ရှား​ပြသ​ရာ​၌ အောင်မြင်​ရန် လျှို့ဝှက်ချက်​မှာ ဤသို့​ဖြစ်သည်– သင်​လက်ထပ်​ထား​သူကို ချစ်​မြတ်နိုးပါ၊ ကိုယ်ကျိုး​စွန့်​ရန် တလိုတလား​ရှိပါ။

ယေရှု​က လူသားတို့​အတွက် အကြီးမြတ်ဆုံး​ပညတ်​မှာ ယေဟောဝါ​ကို​ချစ်ခြင်း​ဖြစ်​ပြီး ဒုတိယ​အကြီးမြတ်ဆုံး​ပညတ်​မှာ​မူ “ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်​လော့” ဖြစ်သည်​ဟု မိန့်ဆိုခဲ့သည်။ (မဿဲ ၂၂:၃၉) အိမ်ထောင်​ကျ​ပြီး​သူ​တစ်ဦး၏ အနီးဆုံး ကိုယ်​နှင့်​စပ်ဆိုင်​သူ​မှာ မိမိ၏ အိမ်ထောင်ဖက်​ဖြစ်သည်၊ အကြောင်း​မှာ မြေကြီးပေါ်​ရှိ မည်သည့်​အရာ​က​မျှ လူ​နှစ်ဦး​ကို အိမ်ထောင်ရေး​လောက် မ​ပေါင်းစည်း​စေနိုင်​ပါ။

သို့ရာတွင် ရုပ်ပိုင်း​အရ​ပေါင်းစပ်​ရုံ​မျှ​နှင့် စိတ်​လှုပ်ရှားမှု​ပိုင်း​တွင်​လည်း သဘော​ညီညွတ်​မည်​ဟု အာမ,မခံနိုင်​ပါ။ ကိုယ်ခန္ဓာ​နှစ်ခု​ပေါင်းစပ်​ခြင်း​သည် နှစ်​ကိုယ့်​တစ်စိတ် အမြဲ​ဖြစ်​မည်​မဟုတ်ပါ။ လိင်ဆိုင်ရာ​ပေါင်းစည်း​မှု​က အမြင့်ဆုံး​ကျေနပ်မှု​ပေး​နိုင်​ရန် ဒုတိယ​ပေါင်းစည်းခြင်း​ဖြစ်သော နှလုံးသား​နှင့် ရည်ရွယ်ချက်​တို့ ပေါင်းစည်း​မှု​လည်း​ရှိ​ရမည်။ အများအားဖြင့် အခြားသူ​တစ်ဦး​အတွက် ကိုယ်ကျိုး​စွန့်​ခြင်း​သည် အိမ်ထောင်ရေး အောင်မြင်​စေရန် ပေး​ဆပ်​ဖို့​လို​သည့် အဖိုးအခ​ဖြစ်သည်။ မည်သူ ကိုယ်ကျိုး​စွန့်​သင့်​သနည်း။ လင်ယောက်ျား​လော။ ဇနီးသည်​လော။

မေတ္တာပြ​ခြင်း​နှင့် ဂုဏ်တင်​ခြင်း

ဘုရားသခင့်​နှုတ်မြွက်တော်​က ဤသို့​မိန့်မှာ​သည်– ‘တစ်ဦး​ကိုတစ်​ဦး​ဂုဏ်တင်​ခြင်း​၌ ဦးဆောင်​လော့။’ (ရောမ ၁၂:၁၀က​ဘ) သင်​ဦးဆောင်​နိုင်​မည်​ဆိုလျှင် ယင်းကို သင့်​အိမ်ထောင်ဖက်​မတောင်းဆို​မီ ကိုယ်ကျိုး​စွန့်​ပါ။ စင်စစ်​မူ​ကား ထပ်တလဲလဲ​တောင်းဆို​ပြီး​မှ ရရှိ​လိုက်​သည့်​အရာတစ်ခု​တွင် တန်ဖိုး​အချို့​အ​ဝက်​လျော့​သွားပြီ​ဖြစ်၏။ ယင်း​သို့​ဖြစ်စေ​မည့်​အစား အိမ်ထောင်​မှ အဖော်အဖက်​တစ်ဦးစီ​သည် အခြားသူ​တစ်ဦး​အား ဂုဏ်တင်မှု​ပြ​ရာ​တွင် အစပြု​သည့်​အကျင့်ကို ပြုစု​ပျိုးထောင်​သင့်​သည်။

ဥပမာ၊ လင်ယောက်ျား​များသည် “[မိမိတို့၏] ဆုတောင်းခြင်း​အမှု၌ အဆီးအတား​မရှိစေ​ခြင်း​ငှာ . . . [ဇနီးသည်] ကို သာ၍​အားနည်း​သော​ကိရိယာ​တန်ဆာ​ကဲ့သို့​မှတ်​လျက် ထောက်ထား​ညှာတာ [“ဂုဏ်တင်၊” က​ဘ] ကြ” ရန် မိန့်မှာ​ခံရ​ကြသည်။ (၁ ပေတရု ၃:၇သမ္မာ) လင်ယောက်ျား​တစ်ဦး​သည် မိမိ၏​ဇနီးသည်​ကို ဂုဏ်​မတင်​လျှင် ဘုရားသခင်​ထံ သူ​ဆုတောင်း​နေသည့်တိုင် သဲ​ထဲ​ရေ​သွန်​သလို အကျိုးရှိ​မည်​မဟုတ်​ချေ။ သို့သော် မိမိ၏​ဇနီးသည်​ကို ဂုဏ်တင်​ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။ အချိန်တိုင်း​၌ သူ့ကို​ထည့်တွက်​စဉ်းစား​ပေးခြင်း၊ သူ၏​ထင်မြင်ချက်​များ​ကို နားထောင်​ပေးခြင်း၊ ကိစ္စရပ်​အမျိုးမျိုး​တွင် အတော်များများကို သူ့​အား​ဦးစားပေး​ခြင်း​တို့ကို ဆိုလို​သည်။ ဇနီးသည်,သည် ပူးပေါင်း​လုပ်ဆောင်​သည့် ကူ​ဖော်​လောင်​ဖက်​တစ်ဦး​ဖြစ်​ရန် ကြိုးစား​အားထုတ်ခြင်း​ဖြင့် ခင်ပွန်း​သည်ကို အလားတူ​ဂုဏ်တင်​နိုင်​ပေ​သည်။—ကမ္ဘာဦး ၂၁:၁၂; သု. ၃၁:၁၀-၃၁

ဘုရားသခင့်​နှုတ်မြွက်တော်​က ဤသို့​ဆို​သည်– “ယောက်ျား​တို့သည် မိမိကိုယ်ကို​ချစ်​သကဲ့သို့ မိမိ​ခင်ပွန်း​တို့ကို ချစ်​ရ​ကြ​မည်။ ခင်ပွန်း​ကို​ချစ်သော​သူသည် ကိုယ်ကို​ချစ်သော​သူ​ဖြစ်၏။ ကိုယ်​အသားကို မုန်း​သော​သူ​တစ်ယောက်မျှ​မရှိ။ ခရစ်တော်​သည် အသင်းတော်ကို ကျွေးမွေး​ပြုစု​တော်​မူ​သကဲ့သို့ ခပ်သိမ်း​သော​သူတို့သည် မိမိတို့​အသားကို ကျွေးမွေး​ပြုစု​တတ်ကြ​၏။” မိမိ၏​နောက်တော်လိုက်​များ​ကို ခရစ်တော် မည်မျှ​ချစ်​မြတ်နိုး​တော်​မူ​ခဲ့​သနည်း။ ကိုယ်တော်​သည် သူတို့​အတွက် လိုလိုလားလား​ပင် အသက်ပေး​ချစ်​ခဲ့​သည်။ ထို့​အပြင် သမ္မာကျမ်းစာ​က​ဤသို့​ဆို​ပြန်​သည်– “သင်တို့ [လင်သား​တို့] သည် အသီးအသီး ကိုယ်ကို​ကိုယ်​ချစ်​သကဲ့သို့ ကိုယ်​ခင်ပွန်း​ကို ချစ်​ကြလော့။” (ဧဖက် ၅:၂၈-၃၃) ထို့နောက် ဘုရားသခင့်​နှုတ်မြွက်တော်​က ဇနီးသည်​များ​အား ‘ဘုရားသခင်​၏​စကားတော်​ကို ကဲ့ရဲ့​ခြင်း​နှင့်​ကင်းလွတ်​စိမ့်​သော​ငှာ၊ ကိုယ်​ခင်ပွန်း​ကို​ချစ်၍ . . . ခင်ပွန်း​၏​အုပ်စိုးခြင်း​ကို လက်အောက်ခံ’ ပါ​ဟု​မိန့်ဆို​သည်။—တိတု ၂:၄၊ ၅က​ဘ။

အမှား​များ​ကို​သည်းခံပါ

လူသား​အားလုံး​သည် မစုံမလင်​မွေးဖွား​လာ​ခဲ့​သောကြောင့် အမှား​များ​ပြု​တတ်ကြ​သူ​ချည်း​ပင်။ (ရောမ ၃:၂၃; ၅:၁၂; ၁ ယောဟန် ၁:၈-၁၀) သို့သော် အမှား​များ​ကို ပုံကြီးချဲ့​မည့်​အစား ဤ​ကျမ်းစာ​သွန်သင်ချက်​ကို လိုက်နာပါ​လေ– “အခြားသော​အမှုအရာ​ထက်မက၊ အချင်းချင်း​အား​ကြီးသော ချစ်ခြင်း​မေတ္တာ​ရှိကြလော့။ ချစ်ခြင်း​မေတ္တာသည် များစွာ​သော​အပြစ်​တို့ကို ဖုံးအုပ်​တတ်၏။” (၁ ပေတရု ၄:၈) အမှား​မဖြစ်​စ​လောက်​လေး​များ​ကို ဗွေ​မယူ​ဘဲ လျစ်လျူရှု​လိုက်ခြင်း​သည် အကောင်းဆုံး​ကိုင်တွယ်​ဖြေရှင်း​နည်း​ဖြစ်သည်။ ပို​၍​ကြီး​လေး​သော​အမှား​များ​တွင်​လည်း အလားတူ​မှန်ကန်​နိုင်​ပေ​သည်။ ကောလောသဲ ၃:၁၂-၁၄ က​ဤသို့​ဆို​သည်– “သင်တို့သည် . . . သနားစုံမက်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ စိတ်​နှိမ့်ချ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ စိတ်ရှည်ခြင်း​တို့ကို ယူတင်​ဝတ်ဆောင်​ကြလော့။ တစ်ယောက်​၌​တစ်ယောက် အပြစ်တင်စရာ​အခွင့်​ရှိလျှင်၊ အချင်းချင်း​သည်းခံ၍ အပြစ်ကို​လွှတ်​ကြလော့။ ခရစ်တော်​သည် သင်တို့၏​အပြစ်ကို​လွှတ်တော်​မူ​သကဲ့သို့၊ ထို​နည်းတူ​ပြု​ကြလော့။ စုံလင်ခြင်း​အဖွဲ့အစည်း​တည်း​ဟူသော ချစ်ခြင်း​မေတ္တာကို ထပ်၍​ယူတင်​ဝတ်ဆောင်​ကြလော့။”

ကျွန်ုပ်​တို့​အိမ်ထောင်ဖက်​၏ သာမန်​အမှား​များနှင့် အပြစ်​အနာအဆာ​များ​ကို အကြိမ်​မည်မျှ ခွင့်လွှတ်​သင့်​သနည်း။ ယေရှု​အား ပေတရု​ဤသို့​မေးမြန်းခဲ့​သည်– “‘သခင်၊ ညီအစ်ကို​သည် အကျွန်ုပ်​ကို​ပြစ်မှား​၍ အကျွန်ုပ်​တို့သည် သူ၏​အပြစ်ကို ဘယ်နှစ်ကြိမ်​လွှတ်​ရ​ပါ​အံ့​နည်း။ ခု​နစ်​ကြိမ်​မြောက်​အောင် လွှတ်​ရ​ပါ​အံ့​လော’ ဟု မေးလျှောက်​သော်၊ ယေရှု​က၊ ‘ခု​နစ်​ကြိမ်​မြောက်​အောင် လွှတ်​ရမည်​ငါ​မဆို။ အကြိမ်​ခု​နစ်​ဆယ်ခု​နစ်​လီ​မြောက်​အောင် လွှတ်​ရမည်​ငါ​ဆို​၏။’” (မဿဲ ၁၈:၂၁၊ ၂၂) ယေရှုသည် အိမ်ထောင်ရေး​နှောင်ဖွဲ့​မှုမရှိ​သူတို့ကို​ပင် ထိုသို့ မိန့်ဆို​လျှင် အိမ်ထောင်ဖက်​များ​စပ်ကြား ပို​၍​ခွင့်လွှတ်​ရန် မည်မျှ လိုအပ်​သည်​တကား!

အိမ်ထောင်မင်္ဂလာ​အသိုင်းအဝိုင်း​သည် မကြာသေးမီ​နှစ်များ​စွာ​က ထိုးနှက်​တိုက်ခိုက်​ခံ​ခဲ့​ရ​သော်လည်း အိမ်ထောင်မင်္ဂလာ​ကို ဘုရားသခင်​မှ အစပြု​တည်ထောင်​ခဲ့​ခြင်း​ဖြစ်​ကာ ကိုယ်တော်​စီရင်​ရာ​တိုင်း​သည် “အလွန်​ကောင်း” သောကြောင့် နောက်ဆုံး​တွင်​မူ ဆက်​တည်ရှိ​သွားပေ​လိမ့်​မည်။ (ကမ္ဘာဦး ၁:၃၁) ယင်းသည် ခေတ်​နောက်ကျ​သွား​မည်​မဟုတ်​ချေ။ ယင်းသည် အထူးသဖြင့် ဘုရားသခင့်​မိန့်မှာချက်​များ​ကို လေးစား​ပြီး​စွဲကိုင်​ကြ​သူတို့​အလယ်တွင် အောင်မြင်မှု​ရှိ​နိုင်​ပေ​သည်။ သို့သော် စိန်ခေါ်ချက်​မှာ– တစ်ဦး​ပေါ်​တစ်ဦး​ချစ်​မြတ်နိုး​ပြီး တွယ်တာ​ယုယ​သွားပါ​မည်​ဟု မင်္ဂလာဆောင်​သည့်​နေ့တွင် ပြု​ခဲ့​သည့်​ကတိကဝတ်​ကို နှစ်ဦးစလုံး တည်​ကြ​ပါ​မည်​လော။ ၎င်း​သည် အမှန်ပင် စိန်ခေါ်ချက်​တစ်ခု​ဖြစ်​နိုင်​ပြီး အောင်မြင်​ဖြစ်မြောက်​ရန် ကြိုးစား​ရုန်းကန်​ရ​ပေမည်။ သို့သော် ကြိုးစား​ရကျိုးနပ်​ပေမည်!

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]

ကွာရှင်း​ခြင်း​နှင့် ခွဲနေ​ခြင်း

အိမ်ထောင်မင်္ဂလာ​ကို​အစပြု​သူ ဘုရားသခင်​သည် ယင်းကို ထာဝစဉ်​တည်မြဲသော​ပေါင်းစည်း​မှု​ဖြစ်​ရန် ကြံရွယ်​ခဲ့​သည်။ သို့သော် လူတစ်ဦး​သည် မိမိ၏​အိမ်ထောင်ဖက်​ကို ကွာရှင်း​ပြီး—ပြန်​အိမ်ထောင်ပြု​နိုင်​သူ​တစ်ဦး​ဖြစ်​ရန်—အတွက် ကျမ်း​ဆိုင်ရာ​အကြောင်းရင်း တစ်စုံတစ်ရာ​ရှိပါ​သလော။ အဆိုပါ​ကိစ္စ​ကို ဤသို့​ကြေညာ​ခြင်း​ဖြင့် ယေရှု​တိုက်ရိုက်​ပြောဆို​ခဲ့​သည်– “မှားယွင်း​ခြင်း​အကြောင်း​မှတစ်ပါး အခြားသော​အကြောင်း​ဖြင့် မိမိ​မယား​နှင့်​ကွာ​၍ အခြားသော​မိန်း​မ​နှင့်​စုံဖက်​သော​သူသည် မိမိ​မယား​ကို​ပြစ်မှား​၏။” (မဿဲ ၁၉:၉) အိမ်ထောင်ဖက်​တစ်ဦး လိင်မှု​ဖောက်ပြားခြင်း​သည်​သာ ကွာရှင်း​ဖို့​အတွက် တစ်ခု​တည်း​သော အကြောင်းရင်း​ဖြစ်​ကာ အပြစ်မဲ့​သော​အိမ်ထောင်ဖက်​ဖြစ်သူ​က ပြန်လည်​အိမ်ထောင်ပြု​ခွင့်​ရှိသည်။

ထို့​အပြင် ၁ ကောရိန္သု ၇:၁၀-၁၆ ပါ​ကျမ်း​စကား​များသည် အိမ်ထောင်ဖက်​များ​အား အတူတကွ​နေထိုင်ရန်​အားပေး​သော်လည်း ခွဲနေ​ခြင်း​ကိုလည်း​ခွင့်ပြု​ပေ​သည်။ မိမိတို့၏​အိမ်ထောင်ရေး​တည်တံ့​ရန် များစွာ​ကြိုးစား​အားထုတ်​ပြီး နောက်ဆုံး ခွဲနေ​ခြင်း​မှ​အ​ပ အခြား​ရွေးချယ်စရာ​လမ်းမ​ရှိ​ဟု အချို့​ယူဆကြ​လေ​သည်။ ထိုသို့​သော ခြေလှမ်း​အတွက် အဘယ်​ကျမ်းစာ​အကြောင်းရင်း​များ​က လက်ခံနိုင်ဖွယ်​ဖြစ်​မည်​နည်း။

တမင်​မထောက်ပံ့​ဘဲ​နေခြင်း​သည် အကြောင်းရင်း​တစ်ခု​ဖြစ်၏။ အိမ်ထောင်ပြု​သည့်​အခါ လင်ယောက်ျား​သည် မိမိ​မယား​နှင့် သားသမီး​များ​ကို ကျွေးမွေး​စောင့်ရှောက်​ရန်​တာဝန်​ယူရ​၏။ ဘဝ​လိုအပ်ရာ​များ​ကို တမင်တကာ​မထောက်ပံ့​ပေး​သူ​အမျိုးသား​သည် “ယုံကြည်ခြင်း​တရားကို​ငြင်းပယ်​၏။ မယုံကြည်​ဖူး​သော​သူ​ထက် သာ၍​ယုတ်မာ​၏။” (၁ တိမောသေ ၅:၈) ထို့​ကြောင့် ခွဲနေ​နိုင်​ပါ​သည်။

နောက်တစ်ခု​မှာ အကြီးအကျယ် ရိုက်ပုတ်​နှိပ်စက်ခြင်း​ဖြစ်သည်။ ထို့​ကြောင့် အိမ်ထောင်ဖက်​တစ်ဦး​သည် မိမိ၏​ဇနီး​မယား​ကို ကာယရေး​အရ နှိပ်စက်​ကလူ​ပြု​လျှင် မတရား​ပြု​ခံရ​သူသည် ခွဲနေ​နိုင်​ပေ​သည်။ (ဂလာတိ ၅:၁၉-၂၁; တိတု ၁:၇) “မတရားသော​သူနှင့် လုယူ​ဖျက်ဆီး​လို​သော​သူကို ဝိညာဉ်တော်သည်​မုန်းတော်မူ​၏။”—ဆာလံ ၁၁:၅

ခွဲနေ​ခြင်း​အတွက် အကြောင်းရင်း​နောက်တစ်ခု​မှာ ယုံကြည်သူ​၏ ဝိညာဉ်​ရေး—သူနှင့်​ဘုရားသခင် ဆက်ဆံ​ရေး—ကို လုံးဝ အန္တရာယ်​ပြုခြင်း​ဖြစ်သည်။ အိမ်ထောင်ဖက်သည် ဆန့်ကျင်မှု​ပြု​လျှင်၊ မသွား​မလာ​ရ ချုပ်ချယ်​ထားခြင်း​ပါ​နိုင်သော​ကြောင့် စစ်မှန်သော​ဝတ်ပြုရေးကို မ​ဆောင်ရွက်​နိုင်​လောက်​အောင်​ဖြစ်စေ​ပြီး ယုံကြည်သူ​၏​ဝိညာဉ်​ရေး​ကို အန္တရာယ်​ဖြစ်စေ​ရာ အချို့​သော ယုံကြည်သူများ​သည် ခွဲနေ​ဖို့​လိုအပ်​သည်ကို တွေ့ ရှိခဲ့​ကြသည်။ *မဿဲ ၂၂:၃၇; တမန်​တော် ၅:၂၇-၃၂

သို့ရာတွင် ထိုသို့​သော​အခြေအနေ​များ​အောက် ကွာရှင်း​မည်​ဆိုလျှင် ကွာရှင်း​သူသည် လွတ်လွတ်လပ်လပ် အိမ်ထောင်​အသစ်ထူ​နိုင်​ခွင့်​မရှိ​ချေ။ သမ္မာကျမ်းစာ​အရ ထပ်မံ​အိမ်ထောင်ပြု​ခွင့်​ပေး​သည့် ကွာရှင်း​ခြင်း​အတွက် တစ်ခု​တည်း​သော တရားဝင်​အကြောင်းရင်း​မှာ သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း သို့​မဟုတ် ‘မတရားမေထုန်​ပြုခြင်း’ ဖြစ်​ပေ​သည်။—မဿဲ ၅:၃၂က​ဘ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 27 ခွဲနေ​ခြင်း​နှင့်​ပတ်သက်သော ဆွေးနွေးချက်​ကို ၁၉၈၉၊ နိုဝင်ဘာ ၁ ရက်​နေ့​ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၄-၅ တွင်​ရှု။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အိမ်ထောင်ရေး​ကို တည်မြဲသော​အစီအစဉ်​တစ်ရပ်​အဖြစ် ရှုမြင်​သင့်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့သည် “အကြိမ် ခု​နစ်​ဆယ်ခု​နစ်​လီ” ခွင့်လွှတ်​သင့်​ကြောင်း ယေရှု​မိန့်ဆိုခဲ့