ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ငါးအရေခွံဖြင့်ပြုလုပ်ထားသော ဖိနပ်
ပီရူးနိုင်ငံ အင်ဒီးစ်တောင်တန်းများဒေသရှိ လုပ်ငန်းအသစ်တစ်ခု၌ ဖိနပ်များကို ထရောက်ငါးအရေခွံဖြင့် ပြုလုပ်လျက်ရှိနေကြောင်း လီမာမြို့ထုတ်သတင်းစာ အယ်လ် ကိုမာစီယိုကဖော်ပြလိုက်သည်။ ငါးဥဖောက်သည့်နေရာများ သို့မဟုတ် ငါးမွေးမြူရေးခြံများမှ ငါးအရေခွံများကို သားရေနယ်သူများက သဘာဝအတိုင်း သန့်စင်ဆေးကြောပစ်ကာ အခြောက်ခံနေလှန်းကြသည်။ ၎င်းတို့ကို ဆီစိမ်ပြီးနောက် နနွင်း၊ ပိုးတစ်မျိုးမှရသည့်အနီရောင်ဆိုးဆေး သို့မဟုတ် အောချီအိုတီ ဟုခေါ်သည့် မက္ကဆီကန်ဟင်းခတ်အမွှေးအကြိုင် အစရှိသည့် သဘာဝထုတ်ကုန်ပစ္စည်းများနှင့် အရောင်ဆိုးလိုက်ကြသည်။ ဤပြုလုပ်နည်းသည် အရေခွံပေါ်ရှိ ဆွဲဆောင်မှုရှိသော မှန်ကူကွက်ပုံစံကို မဖျက်ဆီးပစ်ချေ၊ ထို့ပြင် “ငွေအကြွေအိတ်များ၊ ပိုက်ဆံအိတ်များ၊ နာရီလက်ပတ်ကြိုးများ သို့မဟုတ် ဆယ်လူလာဖုန်းအိတ်များ” ကိုလည်း ဖန်တီးပြုလုပ်နိုင်သည်။ အဆိုပါစီမံကိန်းကို ဦးဆောင်သူ စက်မှုလုပ်ငန်းအင်ဂျင်နီယာ ဘာဘရာ လေအွန်က ဤသို့ဆိုသည်– “အရေးကြီးဆုံးအရာကတော့ ခရိုမီယံဓာတ်သတ္တုနဲ့ သားရေနယ်ခြင်းမျိုးကို နည်းနည်းမှ အသုံးမပြုဖို့ပါပဲ။ အဲဒါက ညစ်ညမ်းမှုပြဿနာတွေကို တိမ်းရှောင်စေပြီး ထရောက်ငါးအရေခွံကိုလည်း ပတ်ဝန်းကျင်ဆိုင်ရာထုတ်ကုန်ပစ္စည်း လုံးလုံးဖြစ်သွားစေတယ်။”
ရယ်မောခြင်း—အကောင်းဆုံးဆေးဝါးဖြစ်နေဆဲ!
“ဟာသဇာတ်မြူးအား လေးပတ်ကြာ နေ့စဉ်ကြည့်ရှုခြင်းသည် စိတ်ဓာတ်ကျခြင်းရောဂါလက္ခဏာစုကို သိသိသာသာ လျော့နည်းစေကြောင်း ယခု တွေ့ ရှိခဲ့ကြပြီ။ ဟာသသရုပ်ဆောင်များ၏ ကုထုံးဆိုင်ရာတိပ်ခွေများကို တစ်နေ့လျှင် မိနစ် ၃၀ ကြာ နားထောင်ခဲ့ကြသူအချို့သည် ရောဂါမှ သက်သာပျောက်ကင်းခဲ့ကြသည်၊ အခြားသူတို့မူ ၎င်းတို့၏ ဆိုးဝါးသောရောဂါလက္ခဏာစုများ တစ်ဝက်တိတိသက်သာသွားသည်ကို တွေ့ ရှိခဲ့ကြ၏” ဟု လန်ဒန်မြို့ထုတ်သတင်းစာ သည်အင်ဒီပဲန်းဒင့်က ရေးသားဖော်ပြလိုက်သည်။ ယူနိုက်တက်စတိတ်မှ သုတေသနပြုချက်ပေါင်း ၁၀၀ ကျော်ကလည်း ဟာသကြောင့်ဖြစ်ပေါ်လာသည့် ရယ်မောခြင်းသည် အကျိုးရှိနိုင်ကြောင်း ဖော်ပြခဲ့ကြ၏။ စိတ်ဓာတ်ကျနေသူများ၌သာမက သွေးမတည့်သူများ၊ သွေးတိုးနေသူများ၊ ရောဂါပြီးစနစ်အားနည်းနေသူများ၊ ကင်ဆာရောဂါသည်များနှင့် ရူမတွိုက်အရိုးဆစ်ရောင်နာရောဂါရှိသူများ၌ပင် အာနိသင်သက်ရောက်ခဲ့သည်။ မည်သို့ဆောင်ရွက်ကြောင်းကို ရှင်းရှင်းလင်းလင်း နားမလည်ကြသေးသော်လည်း ရယ်မောခြင်းသည် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစေကြောင်း လူသိများခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။ သို့သော် စိတ်ရောဂါကုထုံးပညာရှင် ဒေါက်တာ အက်ဒ် ဒန်ကဲယ်ဘလူးက သတိချပ်စရာအချို့ကို ဤသို့ဖော်ပြပေးသည်– စော်ကားသော၊ ထေ့ငေါ့သော ပြက်လုံးကို ရှောင်ကြဉ်ပါ၊ ရယ်ရွှင်မြူးတူးလွန်းခြင်းကိုလည်း ဂရုပြုပါ။ သို့မဟုတ်လျှင် လူနာသည် မိမိပြဿနာကို အလေးအနက်ထားစရာမလိုဟု ထင်မှတ်သွားနိုင်သည်။
ဒုတိယအရေးကြီးသော ဘာသာရေး
မကြာသေးမီက ဘရာဇီးနိုင်ငံ၏ ဆင်းရဲနွမ်းပါးသောမြို့ပြလူထုအား စစ်တမ်းကောက်ယူကြည့်ရာ ၆၇ ရာခိုင်နှုန်းက ကက်သလစ်ဖြစ်သည်ဟုပြောဆိုကြသော်လည်း အမှန်စင်စစ်တွင် ၃၅ ရာခိုင်နှုန်းကသာ ယေရှု၊ မယ်တော်မာရိနှင့် ချာ့ခ်ျအယူဝါဒတို့ကို ယုံကြည်ကြကြောင်း ဖော်ပြခဲ့၏။ ၃၀ ရာခိုင်နှုန်းလောက်ကသာ ချာ့ခ်ျဝတ်ပြုစည်းဝေးများကို အပတ်စဉ် ပုံမှန်တက်ရောက်ကြသည်။ ထို့အပြင် ဘရာဇီးလီးယန်းဂိုဏ်းအုပ်ဘုန်းတော်ကြီးများ၏ အမျိုးသားညီလာခံ တာဝန်ရ စစ်တမ်းတစ်ခုက များစွာသောသူတို့သည် လက်မထပ်မီသံဝါသပြုခြင်း (၄၄ ရာခိုင်နှုန်း)၊ ကွာရှင်းခြင်း (၅၉ ရာခိုင်နှုန်း)၊ ပြန်အိမ်ထောင်ပြုခြင်း (၆၃ ရာခိုင်နှုန်း) နှင့် ပဋိသန္ဓေတားနည်းကိုအသုံးပြုခြင်း (၇၃ ရာခိုင်နှုန်း) တို့နှင့်ပတ်သက်၍ ကက်သလစ်ချာ့ခ်ျ၏ သွန်သင်ချက်ကို သဘောမတူ ဆန့်ကျင်ကြကြောင်း ဖော်ပြလိုက်သည်။ ဓမ္မပညာရှင် ဆီဗီရီနို ဗီစန်တာ၏အဆိုအရ ခရစ်ယာန်ဘုန်းကြီးများ လျော့နည်းခြင်း၊ ဘရားဇီးနိုင်ငံ၏ ပညာရေးစနစ်အပေါ် ဩဇာလွှမ်းမိုးမှု ယုတ်လျော့သွားခြင်းနှင့် အယူဝါဒများကို အပေါ်ယံကြောသွန်သင်ခြင်းတို့ကြောင့် ချာ့ခ်ျသည် ဆုတ်ယုတ်ကျဆင်းလျက်ရှိသည်။ “ကက်သလစ်တို့၏ မျိုးဆက်သစ်သည် ဆက်နွှယ်ခြင်းပြဝါဒကို သင်ယူလာခဲ့ကြရာ ဘာသာရေးကို ဒုတိယအရေးကြီးကိစ္စရပ်တစ်ခုအဖြစ် ရှုမြင်ကြသည်။
ဘေးအန္တရာယ်—အိမ်တွင်!
ဗြိတိန်နိုင်ငံ ကူးသန်းရောင်းဝယ်ခြင်းနှင့် စက်မှုလုပ်ငန်းဌာနမှ ထုတ်ဝေသည့် ၁၉၉၉ ခုနှစ်အတွက် ဆေးရုံစာရင်းအင်းများက “အိမ်တွင်းမတော်တဆမှုများကြောင့် ပတ်စဉ် လူ ၇၆ ဦး သေဆုံးကြရသည်—ထိုထက်မကသောလူတို့သည် လမ်းပေါ်မတော်တဆမှုများကြောင့် သေဆုံးခဲ့ကြကြောင်း” ဖော်ပြထားသည်ကို လန်ဒန်သတင်းစာ သည်ဂါးဒီးယန်းက အစီရင်ခံလိုက်သည်။ “ကိုယ်ထူကိုယ်ထကိရိယာများ၊ လှေကားများ၊ ကော်ဇောများနှင့် ရေနွေးကရားအိုးများ” သည် အသက်ဆုံးရှုံးစေနိုင်သည့်အကြောင်းတွင် အများဆုံးဖြစ်လေ့ရှိသည်။ နှစ်စဉ် လူပေါင်း ၃,၀၀၀ ကျော်သည် အဝတ်ခြင်းများပေါ် ခလုတ်တိုက်လဲကျပြီးသည့်နောက် အရေးပေါ်အခန်းသို့ သွားခဲ့ရသည်၊ လူပေါင်း ၁၀,၀၀၀ ကျော်သည် ခြေစွပ်များ သို့မဟုတ် အသားကပ်ဘောင်းဘီများကို အလျင်စလိုကောက်စွပ်နေစဉ် ပေါ်ပေါက်လာသည့် မတော်တဆမှုများကြောင့် ဆေးရုံတက်ခဲ့ရသည်၊ ဒဏ်ရာအနာတရဖြစ်မှုပေါင်း ၁၃,၀၀၀ ကျော်သည် ဟင်းသီးဟင်းရွက်ပြင်ဆင်နေစဉ် တွေ့ကြုံခဲ့ရ၏။ မတော်တဆမှု ၁၀၀,၀၀၀ ခန့်သည် အရက်ယမကာများနှင့်ဆက်နွှယ်နေသည်။ မတော်တဆမှုများကာကွယ်ရေး တော်ဝင်လူမှုအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတစ်ဦးက ဤသို့ထုတ်ဖော်ပြောဆိုလိုက်သည်– “ကျွန်မတို့ဟာ အလုပ်ခွင်နဲ့ လမ်းတွေပေါ်မှာ သတိရှိကြပေမဲ့ အိမ်မှာကျတော့ သတိလက်လွတ်ဖြစ်ကုန်တယ်။ လက်ဖက်ရည်အိုးအစွပ်ကို ဆွဲချွတ်မိပြီး သင့်ခြေထောက်ပေါ် ရေနွေးပူလောင်သွားမယ်ဆိုရင် အကြီးအကျယ် ဒဏ်ရာရသွားနိုင်တယ်။”
ဗိုင်ကင်း အစာထိန်းဆေး
လွန်ခဲ့သောအနှစ်တစ်ထောင်က ဗိုင်ကင်းတို့သည် လပေါင်းများစွာ အထားခံသည့် စိမ့်မြေမှရရှိသောရေကို ပင်လယ်ရေကြောင်းခရီးသွားလာရာတွင် ယူဆောင်သွားခဲ့ကြသည်။ ကုန်းပေါ်တွင်မူ စကင်ဒီနေးဗီးယန်းလူမျိုးတို့သည် ရိုးရာအစဉ်အလာအရ ငါးနှင့် မုန်လာဥဝါ၊ ခါးဖုဖြူကဲ့သို့သော အပင်အစားအစာများကို သစ်ဆွေးစိမ့်မြေထဲတွင် သိမ်းဆည်းသိုလှောင်ထားခြင်းဖြင့် တာရှည်ခံအောင်ထိန်းသိမ်းခဲ့ကြသည်။ သုတေသနပညာရှင်များသည် စိမ့်မြေထဲတွင်ရှိနေသည့် သားရေနယ်ရာတွင်သုံးသော သစ်ခေါက်ဖန်ရည် သို့မဟုတ် အောက်စီဂျင်ကင်းမဲ့နေမှုသည် အော်ဂဲနစ် ဒြပ်ဝတ္ထုပစ္စည်းများ၏ ယိုယွင်းပျက်စီးမှုကို နှေးကွေးစေသည့်အရာဖြစ်ကြောင်း ကြာမြင့်စွာကတည်းက တွေးတောလာခဲ့ကြသည်။ မကြာသေးမီက နော်ဝေးဂျီးယန်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ဒေါက်တာ ထဲရင့်စ် ပိန်တာနှင့် သူ၏အပေါင်းအဖော်များသည် အစာထိန်းဆေးအစစ်ဖြစ်သည်ဟု ၎င်းတို့ယုံကြည်ကြသည့် သကြားဒြပ်ပေါင်းတစ်ခုကို ရေညှိမှ ခွဲထုတ်ယူခဲ့ကြကြောင်း စီအဲန်အဲန် သတင်းဌာနက အစီရင်ခံသည်။ ယင်း၏ထိရောက်မှုကိုဖော်ပြရန် သူတို့သည် ဆာမွန်ငါးအရေခွံအချို့ကို သစ်သားဆယ်လျူလို့စ်ထဲ မြှုပ်ထားခဲ့ကြပြီး အခြားအရေခွံအချို့ကိုမူ သစ်ဆွေးမြေထဲမြှုပ်ထားလိုက်ကြသည် သို့မဟုတ် ယင်းတို့ကို ရေညှိမှထုတ်ယူထားသည့် အဆီအနှစ်ဖြင့် ဖုံးအုပ်ထားလိုက်ကြသည်။ “သစ်သားဆယ်လျူလို့စ်ထဲမြှုပ်ထားသည့် ငါးများသည် နှစ်ရက်ကြာပြီးနောက် ပုပ်စော်နံသွားသော်လည်း သစ်ဆွေးမြေထဲ သို့မဟုတ် အဆီအနှစ်ထဲမြှုပ်ထားသည့် ငါးများမူ တစ်လအထိ အထားခံသည်” ဟု အဆိုပါအစီရင်ခံစာကဆို၏။
နှလုံးရပ်တန့်ခြင်းကို တိုးဖြစ်စေသည့် မီးခိုးမြူအန္တရာယ်
“နွေရာသီတွင် ကနေဒါနိုင်ငံ မြို့ကြီးများစွာကို လွှမ်းခြုံထားသည့် ပိန်းနေသော မီးခိုးမြူထုသည် နှစ်နာရီအတွင်း နှလုံးရပ်တန့်မှုများကို ဖြစ်စေနိုင်သည်” ဟု ကနေဒါနိုင်ငံထုတ် နယ်ရှင်နယ်လ် ပို့စ်သတင်းစာက အစီရင်ခံလိုက်သည်။ မီးခိုးမြူ
တွင် အဓိကအားဖြင့် မော်တော်ကားများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မီးဖိုခန်းများမှလွှတ်ထုတ်လိုက်သည့် အလွန့်အလွန်သေးငယ်၍ မျက်စိဖြင့်မမြင်နိုင်သော ညစ်ညမ်းစေသည့်ပစ္စည်းများ—အမှုန်များပါဝင်ကြသည်။ “နှလုံးရပ်တန့်လွယ်သည့် လူနာများ၊ ဆီးချိုရောဂါသည်များ၊ နှလုံးရောဂါသည်များ သို့မဟုတ် ရောဂါရင့်နေသူများသည် အမှုန်များဖြင့် အကြီးအကျယ်ညစ်ညမ်းနေသည့် လေထုတွင် လေသလပ်ခံကြပြီးနောက် နှစ်နာရီအတွင်း နှလုံးရပ်တန့်ခြင်းအန္တရာယ် ၄၈ ရာခိုင်နှုန်း မြင့်မားလာသည်ကို တွေ့ကြုံခဲ့ကြရသည်။ ဘေးအန္တရာယ်မှာ ၂၄ နာရီအတွင်း ၆၂ ရာခိုင်နှုန်းအထိ တိုးများလာခဲ့၏” ဟု အဆိုပါသတင်းစာကဆိုသည်။ မီးခိုးမြူသတိပေးချက်များ ထုတ်ပြန်ထားပြီးဖြစ်သော်လည်း “အိမ်တွင်းများ၌သာ အချိန်ကုန်ရန် ကြိုးစားပါ၊ ဖြစ်နိုင်လျှင် လေအေးပေးစက်ဖွင့်၍နေက ပိုကောင်းသည်။ အဆိုပါအမှုန်များသည် အလွန်သေးငယ်သဖြင့် အိမ်တွင်းရှိ လေထဲဖောက်ထွင်းဝင်ရောက်နိုင်ကာ လေအေးပေးစက်က ယင်းအမှုန်တို့ကို စစ်ထုတ်ပေးပါလိမ့်မည်” ဟု ဟားဗတ်တက္ကသိုလ် ဆေးကျောင်းမှ ဒေါက်တာ မူရေး မီတဲလ်မန်က အကြံပြုလိုက်သည်။တစ်မှေးအိပ်ခြင်း၏အစွမ်း
လပ်ဖ်ဘာရာတက္ကသိုလ်မှ ဗြိတိသျှအအိပ်ပညာရှင် ပါမောက္ခ ဂျင်မ် ဟောန်၏အဆိုအရ နေ့ခင်းငိုက်မျဉ်းခြင်းအတွက် အကောင်းဆုံးကုထုံးမှာ “ဆယ်မိနစ် တစ်မှေးအိပ်ရုံသာဖြစ်သည်” ဟု လန်ဒန် တိုင်းမ်စ်ကအစီရင်ခံသည်။ ဟောန်က ဤသို့အခိုင်အမာဆိုလိုက်သည်– “တစ်စုံတစ်ရာသော ကုသမှုကဲ့သို့ပင်ဖြစ်သည်– ကုသမှုခံယူရမည့် ဝေဒနာရဲ့အချိန်နီးလာလေ ပိုပြီးထိရောက်လေဖြစ်သည်။” ယူနိုက်တက်စတိတ်ရှိ ကော်ပိုရေးရှင်းတချို့သည် တစ်မှေးအိပ်စက်အနားယူသည့်အခန်းများ—အိပ်ရာများ၊ စောင်များ၊ ခေါင်းအုံးများနှင့် အမှုထမ်းများအတွက် မိနစ် ၂၀ တိုင်း အသံပေးရန် အချိန်ကိုက်ထားသည့် စားပွဲတင် နှိုးစက်နာရီများနှင့်အတူ အေးဆေးငြိမ့်ညောင်းသည့်အသံများ သွင်းထားပေးခြင်း—ထားပေးကြသည်။ သို့သော် သင်သည် အချိန်ကြာကြာ—၂၅ မိနစ်—ငိုက်မျဉ်းနေမည်ဆိုလျှင် နိုးလာသည့်အခါ စိတ်မသက်မသာခံစားနေရမည်ဟု ပေါမောက္ခ ဟောန်ကသတိပေး၏။ “ကိုယ်ခန္ဓာသည် ဆယ်မိနစ်ထက်ကျော်လွန်၍ အနားယူလိုက်သည်နှင့်တစ်ပြိုင်နက် ညအချိန်ရောက်နေပြီဟု စ၍ထင်မြင်လာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပေမည်။”
အဝလွန်ခြင်းနှင့် ကင်ဆာရောဂါ
“အနောက်နိုင်ငံ၌ ဆေးလိပ်မသောက်သူများတွင် အဝလွန်ခြင်းသည် ကင်ဆာနှင့်စပ်လျဉ်း၍ အဓိကရှောင်ကြဉ်ရမည့်အကြောင်းရင်းဖြစ်သည်” ဟု လန်ဒန်မြို့ထုတ် သည်တိုင်းမ်စ်သတင်းစာက အစီရင်ခံသည်။ ဘဝပုံစံပြောင်းလဲမှုများက—ဝလွန်းပါက အလေးချိန်လျှော့ချခြင်းအပါအဝင်—ဆေးလိပ်မသောက်သူများ၌ ကင်ဆာရောဂါဖြစ်ပေါ်မှုကို တစ်ဝက်လျှော့ချပစ်နိုင်ကြောင်း အနှစ်ငါးဆယ်ကြာသုတေသနပြုချက်က ဖော်ပြသည်။ “သင်သည် ဆေးလိပ်မသောက်သူတစ်ဦးဖြစ်ပါက အထူးဂရုစိုက်ရမည့်အရာနှစ်ခုမှာ ကိုယ်အလေးချိန်တိုးခြင်းနှင့် အစာအိမ်နှင့်သားအိမ်ကင်ဆာဖြစ်စေနိုင်သည့် ဗိုင်းရပ်စ်ပိုးများဖြစ်ကြသည်” ဟု ဗြိတိန် ကင်ဆာသုတေသနအင်စတီကျူ့မှ ပါမောက္ခ ဂျူလီယန် ပီတိုက ပြောဆိုလိုက်သည်။ “အစာကို အကန့်အသတ်ဖြင့်ကျွေးမွေးထားသည့် တိရစ္ဆာန်များနှင့်စမ်းသပ်လေ့လာမှုများက ကင်ဆာဖြစ်မည့်အန္တရာယ်ကို များစွာလျှော့ချပေးသည်ကို ဖော်ပြနေသည်။” ဆေးဘက်ဆိုင်ရာစံနှုန်းများအရ လူတစ်ဦး၏ ကိုယ်အလေးချိန်သည် အသက်၊ လိင်၊ အမြင့်၊ ကိုယ်လုံးကိုယ်ဖန်နှင့်ပတ်သက်၍ စံပြကိုယ်အလေးချိန်ထက် ၂၀ ရာခိုင်နှုန်းထက်မက ကျော်လွန်နေမည်ဆိုလျှင် အလွန်ဝသည်ဟုသတ်မှတ်သည်။
လက်မထပ်မီ အတူနေထိုင်ခြင်း
“လက်မထပ်မီ အတူနေထိုင်ခဲ့ကြသည့် မိဘများသည် အများအားဖြင့် ခွဲနေဖို့အကြောင်းနှစ်ဆပိုများသည်” ဟု ကနေဒါသတင်းစာ နေရှင်နယ်လ်ပို့စ်ကဖော်ပြသည်။ ကလေးတစ်ဦးရှိနေခြင်းသည် မိဘများ တစ်ဦးကိုတစ်ဦး ကတိကဝတ်ပြုထားခြင်း၏ သင်္ကေတတစ်ခုဖြစ်သည်ကိုတွေ့ရဖို့ သုတေသနပညာရှင်များကမျှော်လင့်ထားကြောင်း ကနေဒါစာရင်းဇယားများက ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်၏ တွဲဖက်စာရေးဆရာမ ဟီသာ ဂျူဘီကပြောဆိုလိုက်သည်။ “သို့သော် ဇနီးမောင်နှံတို့သည် လက်မထပ်ဘဲ အတူတကွပေါင်းသင်းနေထိုင်လိုစိတ်ပိုရှိလေ ခွဲနေလိုစိတ်လည်းပိုရှိမည်” ဟုသူရေးသားခဲ့သည်။ လက်မထပ်မီ အတူမနေခဲ့ကြသည့်မိဘ ၁၃.၆ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ကြည့်သော် လက်မထပ်မီ အတူတကွပေါင်းသင်းနေထိုင်သူ ၂၅.၄ ရာခိုင်နှုန်းက ခွဲနေခဲ့ကြသည်ကို သုတေသနပညာရှင်များက တွေ့ရှိခဲ့သည်။ “အရင်ဆုံး အတူနေထိုင်ခဲ့သူတို့သည် တည်ငြိမ်သည့် ဆက်ဆံရေးမရှိကြချေ၊ အကြောင်းမှာ [အတူတကွပေါင်းသင်းနေထိုင်] ရန် အသင့်ပြင်ထားကြသူတို့သည် အိမ်ထောင်ပြုခြင်းဆိုင်ရာကတိကဝတ်ကို တန်ဖိုးမထားကြသူများဖြစ်ကြောင်း” ဂျူဘီကပြောဆိုလိုက်သည်။