ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျော်ရွှင်စေသော ဘီးနှစ်ဘီးပေါ်ဝယ်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျော်ရွှင်စေသော ဘီးနှစ်ဘီးပေါ်ဝယ်
ဗြိတိန်နိုင်ငံမှ နိုးလော့! စာရေးသူပေးပို့သည်
အခြားယာဉ်များထက် ဈေးအသက်သာဆုံးဖြစ်သော၊ မြို့ပြဒေသများစွာတို့တွင် ကားထက်ပိုမြန်သော၊ သင့်ကျန်းမာရေးနှင့် ပျော်ရွှင်မှုအတွက် အကောင်းဆုံးဖြစ်သော ယာဉ်ကား အဘယ်အရာဖြစ်မည်နည်း။ စက်ဘီးပင်ဖြစ်၏။ စက်ဘီးစီးခြင်းသည် ကျေနပ်နှစ်ခြိုက်မှုနှင့်အတူ လက်တွေ့ကျမှုတို့ရောပြွမ်းနေသည့် အကျိုးဖြစ်ထွန်းသော လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။ များစွာသောလူတို့သည် မိမိတို့၏ကျန်းမာရေးကို စိတ်ဝင်စားလာကြသည့် ဤခေတ်ကာလ၌ စက်ဘီးဖြင့်ခရီးသွားခြင်းကို သင်စဉ်းစားမည်ဆိုလျှင် စဉ်းစားရကျိုးနပ်ပေသည်။
ကစားစရာမှသည် သယ်ယူပို့ဆောင်ရေးသို့
ဂျာမန်တီထွင်သူ ဘယ်ရွယ် ကားလ် ဗွန် ဒရစ်က စက်ဘီးကို တီထွင်ခဲ့သည်ဟုဆိုကြသည်။ ၁၈၁၇ ခုနှစ်တွင်ပေါ်လာသော မော်တော်ဆိုင်ကယ်အသေးစားနှင့်တူသည့် သူ၏ဆန်းပြားသောယာဉ်သည် အခြေခံပုံစံတစ်ခုဖြစ်၏။ ဒရိုင်ဇင်းဟုခေါ်သည့် အဆိုပါယာဉ်တွင် ဘီးနှစ်ဘီး၊ ထိုင်ခုံနှင့် ပဲ့ကိုင်ရန်အတွက် လက်ကိုင်ဘားတန်းတစ်ခုပါသော်လည်း ခြေနင်းများမရှိချေ။ စကော့တစ်ရှ်လူမျိုး ပန်းပဲသမား ကာ့ခ်ပက်ထရစ် မက္ကမီလန်သည် နောက်ဘီးဝင်ရိုးတွင် မောင်းတံနှင့်ဆက်ထားသည့် ခြေနင်းတပ်ဆင်ခဲ့သည့်အချိန် ၁၈၃၉ ခုနှစ်တွင် ကိုယ်တိုင်မောင်းနှင်သည့် ယာဉ်တစ်မျိုး ပေါ်ထွက်လာခဲ့သည်။ သို့ဖြစ်၍ နှစ်ဘီးတပ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်းသည် ရေပန်းစားလာရာ အလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့လေသည်။ ပြင်သစ်လူမျိုးသားအဖနှစ်ဦးဖြစ်သည့် ပီးယားနှင့် အားနပ်စ် မီချော့ခ်စ်တို့သည် ရှေ့ဘီးဝင်ရိုးတွင် ခြေနင်းကိုတပ်ဆင်လိုက်ကြရာ ဗီလောစီပိဒ် (လက်တင်စကား ဗီလော့က်စ်၊ “လျင်မြန်သော၊” နှင့် ပဲဒစ်၊ “ခြေထောက်” မှဆင်းသက်လာ) ဟုခေါ်သည့် ပို၍မြန်ဆန်ပြီး ထိန်းရပိုလွယ်သည့် စက်ဘီးတစ်မျိုးကို ပြုလုပ်ခဲ့ကြသည်။
ရှေ့ဘီးအရွယ်အစားကြီးထွားလာသည်နှင့်အမျှ အသွားရှိန်ကလည်းတိုးလာခဲ့၏။ ထို့အပြင် အင်္ဂလန်နိုင်ငံတွင် ပဲနိ-ဖာသင် (penny-farthing) ဟု သိရှိထားသည့် သာမန်ရိုးရိုးစက်ဘီး ပေါ်ထွက်လာခဲ့ရာ ယင်းတွင် အချင်း ငါးပေရှိ အလွန်ကြီးမားသည့်ရှေ့ဘီးနှင့် သေးငယ်သည့်နောက်ဘီးပါရှိသည်။ ကြီးမားသော အင်္ဂလိပ်ကြေးနီပိုက်ဆံပဲနိနှင့် အလွန့်အလွန်သေးငယ်သည့် ပဲနိ၏လေးပုံတစ်ပုံငွေအကြွေ (ဖာသင်) တို့၏ ခြားနားချက်ကို အခြေခံထားရာ ရှေ့ဘီးမြင့်ကြီးတွင် ခြေနင်းတပ်ဆင်ထားသောစက်ဘီး (penny-farthing) ဟုခေါ်ဆိုသည်။
နောက်ပေါ်လာသည့်စက်ဘီးမှာ စိတ်ချရသည့် စက်ဘီးတစ်မျိုးဖြစ်သည်၊ စက်ဘီးစီးသူသည် သာမန်စက်ဘီးကဲ့သို့ ရှေ့တိုးနောက်ဆုတ် ဘက်စုံလုပ်၍ရသည်၊ သို့သော် ဟန်ချက်နိမ့်ပြီး အရွယ်အစားတူသည့်ဘီးများပါသည့် စက်ဘီးဖြစ်သည်။ ၁၈၇၉ ခုနှစ်တွင် အင်္ဂလိပ်အမျိုးသား ဟင်နရီ လောစင်သည် ချိန်းကြိုးဖြင့်စီးနင်းရသည့် နောက်ဘီးပါသော ယာဉ်တစ်မျိုးကို ပါရီမြို့၌ နောက်ဆုံးတွင် ခင်းကျင်းပြသခဲ့သည်။ ဤပုံစံကို ဘိုင်စီကလတ် (bicyclette) ဟုလူသိများခဲ့ကြသည်။
ခေတ်သစ်စက်ဘီးအများစုတွင် ရှေ့ဘီးသည် နောက်ဘီးနှင့် အရွယ်အစားအတူတူပင်ဖြစ်၏။ အခြေခံပုံစံမှာလည်း မပြောင်းလဲချေ။ ယနေ့ခေတ်တွင် ခရီးသွားစက်ဘီး၊ ပြိုင်စက်ဘီးနှင့် တောင်တက်စက်ဘီးစသည့် အသုံးဝင်လှသောစက်ဘီးအုပ်စုသည် စက်ဘီးစီးသူများအား ရော်ဘာတာယာများနှင့် ပေါ့ပါးသောဘီးနှစ်ဘီးပေါ်တွင် သက်သောင့်သက်သာဖြင့် လိုသလိုလှုပ်ရှားသွားလာနေစေပြီ။
ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းခြင်း
အသံမထွက်သော၊ ညစ်ညမ်းမှုကင်းသော၊ တစ်ခါတစ်ရံ ယာဉ်ကြောပိတ်ဆို့နေသည့် ခရီးတိုများတွင် မော်တော်ယာဉ်များထက် ပို၍မြန်ဆန်သော စက်ဘီးများသည် နိုင်ငံများစွာတွင် ဒူပေနာပေခံသည့် သယ်ယူပို့ဆောင်ရေးယာဉ်များဖြစ်သည်။ အာဖရိက၊ အာရှနှင့် အခြားနိုင်ငံများတွင် စက်ဘီးစီးသူများ သို့မဟုတ် မစီးဘဲတွန်းသွားသူများသည် ဈေးသို့ မိမိတို့၏ ကုန်ပစ္စည်းများကို ယူဆောင်သွားရန် စက်ဘီးများကို အသုံးပြုကြသည်နှင့်အမျှ စက်ဘီးများသည် သယ်ယူပို့ဆောင်ရေး “ခရီးဆောင်အိတ်ကြီး” ဖြစ်လာနေပေပြီ။ ဆွေမျိုးများနှင့် မိတ်ဆွေများကလည်း မကြာခဏဆိုသလို ကန့်လန့်ဖြတ်ဘားတန်းပေါ်ထိုင်သောအခါ သို့မဟုတ် နောက်တွဲအိတ်သေတ္တာပေါ် သက်သောင့်သက်သာမရှိ တက်ထိုင်ကြသောအခါ စက်ဘီးခမျာ စီးသူတစ်ဦးထက်မက သယ်ဆောင်ပေးနေရလေသည်။
ကိုယ်ရေးကိုယ်တာအတွက် သယ်ယူပို့ဆောင်ဖို့ မော်တော်ကားများကို အဓိကအသားပေးသော အနောက်နိုင်ငံများတွင် မြို့ပြ၏ငြီးငွေ့စရာကောင်းသည့်အလုပ်မှ ထွက်ပြေးလိုသည့် စိတ်ဆန္ဒနှင့်အတူ ကြီးထွားလာနေသော ကျန်းမာရေးစိတ်ဝင်စားမှုများက စက်ဘီးစီးခြင်းကို ပြန်လည်ဆန်းသစ်လာစေခဲ့သည်။ အထူးတလည် သီးသန့်လုပ်ထားသည့် စက်ဘီးသွားလမ်းသွယ်များသည် အများပြည်သူသွားလာရာလမ်းများတစ်လျှောက် အမြောက်အမြားပေါ်ထွက်လာခဲ့သည်။ ဥပမာ၊ ဗြိတိန်နိုင်ငံ၌ စက်ဘီးစီးသမားများအတွက် သီးသန့်လုပ်ပေးထားသည့် မိုင်ပေါင်းများစွာရှည်သော လမ်းကြောင်းများနှင့်ပတ်သက်၍ ဒေသခံအာဏာပိုင်များစွာက ဂုဏ်ယူခဲ့ကြသည်။
စက်ပြောင်းဝမှလွှတ်ထုတ်လိုက်သည့် ညစ်ညမ်းသော အခိုးအငွေ့ဆိုးများမရှိခြင်းကြောင့် စက်ဘီးစီးခြင်းက ကျန်းမာစေနိုင်ပါသည်။ စက်ဘီးစီးခြင်းသည် “ဗြိတိန်နိုင်ငံတွင် သေဆုံးမှုနှင့် အသေစောမှုတို့၏ နံပါတ်တစ်အကြောင်းရင်းဖြစ်သည့် နှလုံးသွေးကြောဆိုင်ရာရောဂါကို ကာကွယ်ပေးသည်” ဟု သယ်ယူပို့ဆောင်ရေးအတိုင်ပင်ခံ အေဒရီယန် ဒေ့ဗိဇ်ကဆိုသည်။ စက်ဘီးစီးရာတွင် ပြင်းပြစွာကြိုးစားအားထုတ်ဖို့လိုသည်၊ လူတစ်ဦး၏အစွမ်းကုန်ခွန်အားထဲမှ ၆၀ မှ ၈၅ ရာခိုင်နှုန်းခန့်ကို ထုတ်အသုံးပြုရရာ လမ်းလျှောက်ရာတွင် အသုံးပြုလိုက်သည့်စွမ်းအား ၄၅ မှ ၅၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ စက်ဘီးစီးသူတစ်ဦး၏ ခြေတံများအပေါ် အလေးချိန်အနည်းငယ်သာ သက်ရောက်သောကြောင့် အရိုးများထိခိုက်နိုင်သည့်အန္တရာယ်မှာ လမ်းလျှောက်သည်ထက် အန္တရာယ်ပိုနည်းသည်။
ထို့ပြင် စက်ဘီးစီးခြင်း၏ ကျန်းမာရေးနှင့်ညီသည့် နောက်အကျိုးကျေးဇူးတစ်ခုမှာ စက်ဘီးစီးသူကို လန်းဆန်းစေခြင်းဖြစ်၏။ သုတေသနပြုချက်က စက်ဘီးစီးသည့်အခါ စိတ်ဓာတ်ကိုတိုးမြှင့်ပေးနိုင်သည့် ဦးနှောက်အတွင်းရှိ အင်ဒေါ်ဖဲန် ဟုခေါ်သော ဓာတုပစ္စည်းများထုတ်လွှတ်မှုကို အစပျိုးပေးသည်ဟု ဖော်ပြသည်။ စိတ်ကိုလန်းဆန်းစေသည့်အပြင် စက်ဘီးစီးခြင်းက ရုပ်သွင်ပြင်ကိုလည်း အမှန်ပင်ကြည့်ကောင်းစေသည်။ မည်သို့အားဖြင့်နည်း။ သည်ဂါးဒီးယန်းသတင်းစာက “[စက်ဘီးတစ်စီး၏] ခြေနင်းကို တော်သင့်ရုံနင်းသည့်အသွားရှိန်သည် တစ်မိနစ်လျှင် ခုနစ်ကယ်လိုရီ သို့မဟုတ် နာရီဝက်အတွင်း ကယ်လိုရီ ၂၀၀ သုံးစွဲပစ်လိမ့်မည်” ဟု ဖော်ပြသည်။ အကျိုးဆက်များကော။ ခါးသေးသွယ်သွားနိုင်ကာ ပေါင်တံများ အိတွဲကျမလာစေချေ။
ဘေးကင်းသောပျော်ရွှင်မှု
မော်တော်ကား အဓိကအသုံးပြုသော နိုင်ငံများတွင် ကြီးထွားလာနေသည့် စိုးရိမ်ပူပန်မှုမှာ စက်ဘီးစီးသူများအတွက် ဘေးကင်းဝေးရေးဖြစ်သည်။ ဥပမာ၊ စက်ဘီးစီးသူတစ်ဦးသည် စိတ်ချရသော အမာစားဦးထုပ် ဆောင်းထားသင့်သလော။ ကြိုတင်ကာကွယ်မှုများလုပ်ထားခြင်းက အမှန်ပင်ပညာရှိရာရောက်၏။ အခြားတစ်ဖက်တွင်မူ အမာစားဦးထုပ်ဆောင်းထားရုံမျှနှင့် စက်ဘီးစီးသူသည် ထိခိုက်ဒဏ်ရာရမည်မဟုတ်ဟူ၍ကား
အာမမခံပါ။ ပင်တိုင်ဆောင်းပါးရှင် ဆဲယ်လီယာ ဟောလ်က အားလုံး အမာစားဦးထုပ်ဆောင်းထားသည့် အသက်အရွယ်အသီးသီးမှ ၁,၇၀၀ သော စက်ဘီးစီးသူများကို အထူးဂရုပြုလေ့လာခဲ့သည်။ တုန်လှုပ်ချောက်ချားဖွယ် တွေ့ရှိချက်တစ်ခုမှာ အမာစားဦးထုပ်ဆောင်းထားခြင်းက ဘေးကင်းသည်ဟု စက်ဘီးစီးသူကို အထင်မှားစေခြင်းဖြစ်၏။ ပို၍ဆိုးသည်မှာ အမာစားဦးထုပ်ဆောင်းထားသူ ၆ ရာခိုင်နှုန်းသည် ဦးထုပ်ကို ကျကျနန မဆောင်းထားကြခြင်းဖြစ်သည်။ မတော်တဆမှုတစ်ခုအရ မတော်သည့်ဦးထုပ်ဆောင်းထားခြင်းက ထိခိုက်မှုအန္တရာယ်ကို ၅၀ ရာခိုင်နှုန်း တိုးများလာစေသည်။ သင်သည် စိတ်ချရသော အမာစားဦးထုပ်ဆောင်းတော့မည်ဆိုလျှင် မိမိနှင့်တော်သည့်ဦးထုပ် ဖြစ်စေပါ။ သင့်ကလေး၏ဦးထုပ်ကို မှန်မှန်စစ်ဆေးပေးပါ။ ကြီးလွန်းသည့်ဦးထုပ်သည် အသက်အန္တရာယ်ကြုံတွေ့ရနိုင်သည်။မော်တော်ယာဉ်မောင်းများသည် စက်ဘီးစီးသူများအား ဒေါသထွက်စေသူများအဖြစ် ရှုမြင်လေ့ရှိပြီး သူတို့ကို ရှိသည်ဟုပင်မထင်တတ်ကြပေ။ ထို့ကြောင့် မြင်ကွင်းအတွင်းရှိစေပါ။ အန္တရာယ်ကာကွယ်အဝတ်အစားများ—နေ့တွင် အရောင်တောက်သည့်အဝတ်အစား၊ ညတွင် ရောင်ပြန်စေသည့်အဝတ်အစား—ကိုဝတ်ဆင်ပါ။ သင်၏စက်ဘီးကို အမှောင်ထဲ၌ပင် မျက်စိနှင့်မြင်နိုင်ဖို့ လိုအပ်ပေသည်။ ခြေနင်းများရှိ ရောင်ပြန်စေသည့်အရာများနှင့်အတူ ပီပြင်သော ရှေ့မီး၊ နောက်မီးတို့သည် တရားဥပဒေတောင်းဆိုချက်များဖြစ်လေ့ရှိပြီး တင်ကြိုကာကွယ်ထားခြင်းက အမှန်ပင်ပညာရှိရာရောက်သည်။ အန္တရာယ်ကာကွယ်ပစ္စည်းများကို သင်ရွေးချယ်သည့်အခါ သင့်နိုင်ငံရှိ တရားဝင်စံနှုန်းများနှင့်ညီညွတ်ကြောင်း သေချာစေပါ။
ဘေးအန္တရာယ်ကင်းရှင်းရန် စက်ဘီးကို ကောင်းစွာပြုပြင်ထိန်းသိမ်းဖို့ အရေးကြီး၏။ ယင်းကို ပုံမှန်စစ်ဆေးပါ၊ သန့်စင်ဆေးကြောပါ၊ ပြုပြင်ပါ။ အဆိုပါကြိုတင်ကာကွယ်မှုမှန်သမျှကို လုပ်ဆောင်ပြီးသည့်နောက် သင့်ဒေသရှိ “စက်ဘီးသွားလမ်း” ပေါ်တွင်စီးနင်းသွားခြင်းက ပညာရှိကြောင်း သင်တွေ့ရှိရပေမည်။ သို့သော် ဘေးကင်းဝေးစေရန်မူကား တော်သင့်သည့်စက်ဘီးဖြစ်ဖို့ လိုပေမည်။—“သင့်အတွက် တော်သင့်သည့်စက်ဘီး” လေးထောင့်ကွက်ကိုရှု။
အားကစားအဖြစ် စက်ဘီးစီးခြင်း
အချို့သောသူတို့အတွက် စက်ဘီးစီးခြင်းသည် အားကစားတစ်ခုဖြစ်၏။ မကြာသေးမီက ကမ္ဘာ့အကျော်ကြားဆုံး စက်ဘီးစီးပြိုင်ပွဲတွင် တား
မြစ်ဆေးသုံးစွဲမှုနှင့် လှည့်စားမှုတို့ကြောင့် ဟိုးလေးတကျော်ဖြစ်ခဲ့သည်။ “အကောင်းဆုံးဆေး အနိုင်ရပါစေ!” ဟူ၍ခေါင်းစီးတပ်ထားသော ဆောင်းပါးတစ်ပုဒ်ပါရှိသည့် တိုင်းမ်မဂ္ဂဇင်းက အဆိုပါပြိုင်ပွဲသည် “ကမောက်ကမ” ဖြစ်သွားခဲ့သည်ဟုဆို၏။ တားမြစ်ဆေးသုံးစွဲခြင်း၊ အားတိုးစေသည့်ဓာတုပစ္စည်းများနှင့်ပတ်သက်၍ အချေအတင်ငြင်းခုံမှုများတွင် အားကစား၏ဂုဏ်သတင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့ရပေသည်။ဉာဏ်အမြော်အမြင်ရှိသော စက်ဘီးစီးသမားများသည် ပြိုင်ပွဲတွင် အချိန်မည်မျှအသုံးပြုမည်၊ မည်မျှကြိုးစားအားထုတ်ရမည်ကို သေသေချာချာ ချင့်ချိန်သုံးသပ်ကြ၏။ ကျန်းမာရေးအကျိုးကျေးဇူးက စက်ဘီးစီးခြင်းကို စွဲမက်စေသည့်တိုင် ချင့်ချိန်တတ်သည့် လူတို့သည် တာရှည်ကျန်းမာသည့်အသက်တာကို ရရှိရန်အတွက် လေ့ကျင့်ခန်းလုပ်ခြင်းသည် အချက်တစ်ခုမျှသာဖြစ်သည်ကို သိမြင်ကြသည်။ နောင်တစ်ချိန် သင်စက်ဘီးစီးသောအခါ စက်ဘီးစီးခြင်းဖြင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာပျော်ရွှင်မှုကို ခံစားပါလေ!
[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သင့်အတွက် တော်သင့်သည့်စက်ဘီး
တောင်တက်စက်ဘီးများသည် သမားရိုးကျပုံစံများထက် ပေါ့ပါးခိုင်ခံ့သည့်ကိုယ်ထည်၊ ဖြောင့်တန်းသည့်လက်ကိုင်များ၊ မြင့်မားသည့်ခြေနင်းများနှင့် ကြမ်းတမ်းသောမြေမျက်နှာပြင်များကို မြဲမြဲကုပ်တွယ်ထားနိုင်သည့် ဗြက်ကျယ်သည့်တာယာများကြောင့် အမှန်ပင် ဘက်စုံအသုံးပြုနိုင်သည့် စက်ဘီးပုံစံများဖြစ်ကြ၏။ ဂီယာအမျိုးမျိုးတပ်ဆင်ထားခြင်းကြောင့်လည်း တောင်တက်သည့်အခါ စက်ဘီးစီးသူကို အထူးသက်သာရာရစေသည်။
ကြမ်းတမ်းပြီး မညီမညာဖြစ်နေသော မြေမျက်နှာပြင်ပေါ်တွင် သင်စီးနင်းမည်ဆိုလျှင် တောင်တက်စက်ဘီးနှင့် သမားရိုးကျစက်ဘီး နှစ်မျိုးစပ်ထားသည့်ပုံစံကို အသုံးပြုဖို့လို၏။ ထိုသို့သောစက်ဘီးတွင် ပိုမိုသေးသွယ်သောတာယာများနှင့် ခြေနင်းနိမ့်နိမ့်လေးများပါရှိသည်။ သမားရိုးကျစက်ဘီးများကို ခပ်မတ်မတ်အနေအထားဖြင့် စီးနင်းနိုင်ပြီး ဂီယာမှာလည်း အနည်းငယ်သာရှိ၏။
မည်သည့်ပုံစံကိုပင် သင်ရွေးချယ်ပါစေ သင်နှင့်သင့်တော်သည့် အရွယ်အစားဖြစ်ကြောင်း သေချာစေပါ။ ဦးစွာ အစမ်းစီးကြည့်ပါ။ လက်ကိုင်များ၊ ထိုင်ခုံနှင့် ခြေနင်းများအား အံဝင်ခွင်ကျဖြစ်အောင် ပြုပြင်ချိန်ညှိပါ။ ကန့်လန့်ဘားတန်းကို သင်ခွရပ်ထားသည့်အခါ သင့်ခြေထောက်သည် မြေပေါ်တွင် ချထားနိုင်သည့် အနေအထားမှာရှိသင့်သည် (အထက်ပါပုံကိုရှု)။
မြေပေါ်နှင့် အနီးဆုံးနေရာမှာရှိသည့် ခြေနင်းပေါ် သင့်ခြေဖနောင့်ကို တင်ထားပြီး ခြေထောက်ကို ဖြောင့်တန်းထား၍ရအောင် ထိုင်ခုံအမြင့်ကို ပြုပြင်ချိန်ညှိမည်ဆိုလျှင် သင်စီးနင်းသည့် အနေအထားသည် အန္တရာယ်အကင်းဆုံးနှင့် သက်သောင့်သက်သာအရှိဆုံးဖြစ်ပေမည် (ဘေးပုံကိုရှု)။ အများအားဖြင့် လက်ကိုင်များကို ထိုင်ခုံအမြင့်နှင့် တစ်ပြေးညီဖြစ်အောင် တပ်ဆင်ထားသင့်သည်။—ရင်းမြစ်–မည်သည့်အရာနည်း မဂ္ဂဇင်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ပဲနိ-ဖာသင်
[Credit Line]
Police Gazette, 1889
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဗီလောစီပိဒ်
[Credit Line]
Men: A Pictorial Archive from Nineteenth-Century Sources/Dover Publications, Inc.
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဒေသအချို့တွင် အမာစားဦးထုပ် ဆောင်းထားရန် ဥပဒေကတောင်းဆို
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
စက်ဘီးများသည် နိုင်ငံများစွာတို့တွင် ဒူပေနာပေခံ သယ်ယူပို့ဆောင်ရေးယာဉ်များဖြစ်ကြ