ဆရာဆရာမ—ကျွန်ုပ်တို့ အဘယ်ကြောင့်လိုအပ်ရ
ဆရာဆရာမ—ကျွန်ုပ်တို့ အဘယ်ကြောင့်လိုအပ်ရ
“ရက်တစ်ထောင် လုံ့လစိုက်လေ့လာသည်ထက် ဆရာသမားကောင်းတစ်ဦးဖြင့် တစ်ရက်သင်သည်က သာ။”—ဂျပန်စကားပုံ။
ကျောင်း၌ သင် တကယ်ပင် အထင်ကြီးစွဲမှတ်ခဲ့သော ဆရာတစ်ဦးကို မှတ်မိပါသလော။ သို့မဟုတ် ကျောင်းသားတစ်ဦးဖြစ်နေဆဲဆိုလျှင် သင်၌ အနှစ်သက်ဆုံးဆရာ၊ ဆရာမတစ်ဦးရှိသလော။ ရှိလျှင် အဘယ်ကြောင့်နှစ်သက်ရသနည်း။
ဆရာကောင်းတစ်ဦးသည် ယုံကြည်စိတ်ချမှုကိုရှိစေပြီး လေ့လာသင်အံရခြင်းကို ပျော်စရာစိန်ခေါ်ချက်ဖြစ်စေ၏။ အင်္ဂလန်မှ အသက် ၇၀ အရွယ်ရှိသူတစ်ဦးက ဘာမင်ဟမ်မြို့ရှိကျောင်းမှ သူ၏အင်္ဂလိပ်စာဆရာကို ချစ်ခင်စွာဖြင့် ဤသို့အမှတ်ရလေသည်– “ကိုယ့်မှာရှိမှန်းတောင်မသိတဲ့အစွမ်းအစကို သိလာအောင် မစ္စတာ ကလူလီက ကျွန်တော့်ကို ကူညီပေးခဲ့တယ်။ ကျွန်တော်ဟာ ရှက်တတ်ပြီး လူတောမတိုးဘူး၊ ဒါပေမဲ့ သူက ကျောင်းပြဇာတ်ပြိုင်ပွဲမှာဝင်ပြိုင်ဖို့ ကျွန်တော့်ကို အားပေးလေ့ကျင့်ပေးခဲ့တယ်။ နောက်ဆုံးနှစ်မှာတော့ ပြဇာတ်ဆုကို ကျွန်တော်ဆွတ်ခူးခဲ့တယ်။ သူ့ရဲ့အားပေးတိုက်တွန်းမှုသာမပါရင် ကျွန်တော် ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး။ တပည့်တွေအတွက် ဆရာ့ရဲ့မြှုပ်နှံလုပ်ဆောင်မှုကို ကျေးဇူးတင်ကြောင်းပြောဖို့ နောက်ပိုင်းနှစ်တွေမှာ သူ့ကို ကျွန်တော်မတွေ့တော့တာ တော်တော့်ကို ဝမ်းနည်းစရာပါပဲ။”
ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှ အသက် ၅၀ ကျော် ဖော်ရွေသောအမျိုးသမီး မားဂစ်က ဤသို့ပြောပြသည်– “ကျွန်မ အရမ်းကြိုက်တဲ့ ဆရာမတစ်ဦးရှိခဲ့ဖူးတယ်။ ခက်တာတွေကို ရှင်းလင်းလွယ်ကူသွားအောင် ရှင်းပြပေးတတ်တဲ့ နည်းလမ်းကောင်း သူ့မှာရှိတယ်။ တစ်ခုခုကို ကျွန်မတို့နားမလည်ဘူးဆိုရင် မေးခွန်းတွေမေးဖို့ သူက အားပေးတယ်။ သူဟာ ဘာသိဘာသာမနေဘဲ ဖော်ဖော်ရွေရွေနေတတ်တယ်။ ဒါက စာသင်ချိန်တွေကို ပိုပြီးပျော်စရာဖြစ်စေတယ်။”
“လက်တွေ့ကျဥပမာတွေပေးပြီး ကျွန်တော်တို့ သင်ယူခဲ့ရာနဲ့သက်ဆိုင်ပုံကို တွေ့မြင်တတ်ဖို့ကူညီပေးခဲ့တဲ့” သင်္ချာဆရာတစ်ဦးကို ဩစတြေလျနိုင်ငံသား ပီတာကသတိရလျက်ရှိသည်။ “တြီဂိုဘာသာရပ်ကို သင်ရတဲ့အခါ အဆောက်အဦတစ်ခုကို ထိတောင်မထိဘဲ တြိဂိုနိုမေထြီစည်းမျဉ်းတွေသုံးရုံနဲ့ အမြင့်ကို ဘယ်လိုတိုင်းတာယူနိုင်တယ်ဆိုတာ ကျွန်တော်တို့ကို ဆရာတွက်ပြပေးခဲ့တယ်။ ‘ဟာ၊ တယ်ဟုတ်ပါလားလို့!’ ကျွန်တော်ရေရွတ်မိတာကို သတိရတုန်းပါပဲ။”
အင်္ဂလန်နိုင်ငံမြောက်ပိုင်းမှ ပေါလင်းက သူ၏ဆရာထံ၌ “ဂဏန်းသင်္ချာဟာ ကျွန်မအတွက် တော်တော်ကိုခက်ပါတယ်” ဟူ၍ ဖွင့်ဟပြောပြခဲ့၏။ ဆရာက ဤသို့မေးခဲ့သည်– “မင်းပိုပြီးတိုးတက်ချင်သလား။ မင်းကို ငါကူညီပေးနိုင်တယ်။” ပေါလင်းက ဤသို့ဆက်ပြောပြသည်– “နောက်ပိုင်း လအနည်းငယ်တစ်လျှောက် သူက ကျွန်မကို ပိုပြီးအထူးဂရုစိုက်ခဲ့တယ်၊ ကျောင်းချိန်ပြီးတဲ့နောက်မှာတောင် ကျွန်မကို ကူညီပေးနေတယ်။ ကျွန်မကို ဖြစ်မြောက်စေချင်လို့ သူဂရုစိုက်တယ်ဆိုတာ ကျွန်မသိတယ်။ ဒါကိုသိလို့လည်း ကျွန်မ ပိုကြိုးစားလိုက်လို့ တိုးတက်လာခဲ့ပါတယ်။”
ယခု အသက် ၃၀ ကျော် စကော့တလန်မှ အဲန်ဂျီက သူ၏သမိုင်းဆရာ မစ္စတာ ဂရေဟမ်ကို အမှတ်ရလေသည်။ “သမိုင်းကို အရမ်းစိတ်ဝင်စားဖွယ်ဖြစ်လာအောင် သူဖန်တီးပေးတယ်! ဖြစ်ရပ်တွေကို ပုံပြင်တစ်ပုဒ်လို ဇာတ်စုံခင်းပြတတ်ပြီး အကြောင်းအရာတိုင်းကို တကယ်စိတ်ဝင်တစားပြောပြတယ်။ သူက အဲဒါအားလုံးကို အသက်ဝင်လာစေတယ်။” ပထမတန်းဆရာမ သက်ကြီးရွယ်အို မစ္စစ် ဟူးဝစ်ကိုလည်း ချစ်ခင်တွယ်တာစွာဖြင့် သတိတရ သူဤသို့ပြောပြသည်– “သူဟာ ကြင်နာတတ်ပြီး ဂရုစိုက်တတ်တယ်။ တစ်နေ့ အတန်းထဲမှာ ကျွန်မ သူ့ကိုမေးခွန်းတစ်ခုသွားမေးတယ်။ သူက ကျွန်မကို ရင်ခွင်ထဲပွေ့ချီထားလိုက်တယ်။ တကယ်ပဲ သူကျွန်မကိုဂရုစိုက်ပါလားဆိုပြီး ကျွန်မခံစားမိတယ်။”
ဂရိနိုင်ငံတောင်ပိုင်းမှ တိမသီးသည် သူ၏ကျေးဇူးတင်လေးမြတ်မှုကို ဤသို့ပြောပြသည်– “သိပ္ပံဆရာကို ကျွန်တော်အမှတ်ရတုန်းပါပဲ။ သူဟာ ကျွန်တော့်အနီးကမ္ဘာ့ဝန်းကျင်နဲ့ ဘဝအပေါ် ကျွန်တော့်ရဲ့ရှုမြင်ပုံကို တစ်သက်လုံး လုံးဝပြောင်းလဲသွားစေခဲ့တယ်။ အတန်းထဲမှာ အံ့သြကျေနပ်မှုဖြစ်ကျန်နေအောင် သူဖန်တီးပေးခဲ့တယ်။ ကျွန်တော်တို့ဆီမှာ အသိပညာကို စွဲလမ်းဆည်းပူးလိုစိတ်နဲ့ ဉာဏ်အမြော်အမြင်ကြီးမှုအပေါ် မြတ်နိုးစိတ်တို့ကို သူ သွတ်သွင်းပေးခဲ့တယ်။”
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှ ရမိုနာသည် နောက်ထပ်ပုံနမူနာတစ်ရပ်ဖြစ်၏။ သူဤသို့ရေးသားခဲ့သည်– “ကျွန်မရဲ့အထက်တန်းဆရာမဟာ အင်္ဂလိပ်ဘာသာရပ်ကို ဝါသနာထုံတယ်။ သူရဲ့စိတ်ထက်သန်မှုက လွန်စွာကူးစက်စေတယ်! ခက်တဲ့အပိုင်းတွေကိုတောင် အလွယ်လေးလို့မြင်လာအောင် သူသင်ပေးတတ်တယ်။”
ကနေဒါနိုင်ငံမှ ဂျိန်းက “အရွှန်းဖောက်တတ်တဲ့ စိတ်ကူးအပြည့်ရှိပြီး အသိပညာကြွယ်” သော ကာယသင်တန်းဆရာနှင့်ပတ်သက်၍ ထက်ထက်သန်သန်ဖြင့်ပြောပြသည်။ “ကျွန်မတို့ကို ဟိုအဝေးမှာရှိတဲ့ ကျေးလက်ဟင်းလင်းပြင်ဆီခေါ်သွားပြီး တောလမ်းဖြတ်နှင်းလျှောစီးတာ၊ ရေခဲပြင်မှာ အပေါက်ဖောက်ပြီး ငါးမျှားတာတွေကို သူက စသင်ပေးခဲ့တာ။ ကျွန်မတို့ကိုယ်တိုင်လုပ်ထားတဲ့ မီးပုံမှာ မုန့်တောင်ဖုတ်စားခဲ့ကြတယ်။ စာအုပ်နဲ့ မျက်နှာခွာလေ့မရှိတဲ့ကျွန်မလို အိမ်တွင်းပုန်းမလေးအတွက် ဒီအရာအားလုံးဟာ အလွန်ကောင်းတဲ့အတွေ့အကြုံတွေပါပဲ!”
ရှက်တတ်သောအမျိုးသမီးဖြစ်သည့် ဟယ်လင်သည် ရှန်ဟိုင်းတွင်မွေး၍ ဟောင်ကောင်တွင် ကျောင်းတက်ခဲ့သည်။ သူက ဤသို့အမှတ်တရပြောပြသည်– “ကျွန်မ ပဉ္စမတန်းမှာတုန်းက မစ္စတာချန်းဆိုတဲ့ ကာယသင်တန်းနဲ့ ပန်းချီသင်တန်းပို့ချပေးတဲ့ ဆရာတစ်ဦးရှိတယ်။ ကျွန်မဟာ ပိန်ပိန်သွယ်သွယ်ဖြစ်လို့ ဘော်လီဘောနဲ့ ဘတ်စကက်ဘောမှာ အရမ်းအားနည်းခဲ့တယ်။ ကျွန်မကို သူအရှက်မခွဲခဲ့ဘူး။ ကြက်တောင်ရိုက်ကစားနည်းနဲ့ ပိုပြီးသင့်လျော်မယ့် တခြားကစားနည်းတွေမှာ ကျွန်မကို ပါဝင်စေခဲ့တယ်။ သူဟာ စာနာ၊ ကြင်နာတတ်တယ်။
“ပန်းချီဆွဲတဲ့နေရာမှာလည်း ဒီလိုပါပဲ၊ ကျွန်မဟာ အရာဝတ္ထုတွေနဲ့ လူပုံဆွဲတဲ့နေရာမှာ လုံးဝမကောင်းဘူး။ ဒါနဲ့ သူက ကျွန်မကို အဆင်ကွက်တွေနဲ့ ဒီဇိုင်းတွေရေးဆွဲစေတယ်၊ ကျွန်မက အဲဒီဘက်မှာ ပိုပြီးလက်စွမ်းလက်စရှိလို့ပဲ။ တခြားကျောင်းသားတွေထက် ကျွန်မက ပိုအသက်ငယ်နေလို့ အဲဒီအတန်းမှာပဲ နောက်တစ်နှစ်ထပ်နေဖို့ သူ ကျွန်မကို ဖျောင်းဖျခဲ့တယ်။ ကျွန်မရဲ့ကျောင်းသူဘဝမှာ ဒါဟာ အလှည့်အပြောင်းတစ်ရပ်ပါပဲ။ ကျွန်မဟာ ယုံကြည်စိတ်ချမှုရှိပြီး တိုးတက်လာခဲ့တယ်။ သူ့ကို ကျွန်မ အမြဲကျေးဇူးတင်နေမှာပါ။”
မည်သို့သောဆရာမျိုးသည် စိတ်နှလုံးကို ရိုက်ခတ်နိုင်ဆုံးဖြစ်ပုံရှိသနည်း။ ဝီလျံအေရာစ်က သူ၏စာအုပ် သင်ကြားပေးခြင်း—ဆရာတစ်ဦး၏ခရီးစဉ်တွင် ဤသို့ဖြေဆိုထားသည်– “ထိရောက်သော သင်ကြားမှု၌ အများအားဖြင့် ကျောင်းသားတို့၏ဘဝအတွက် မြှုပ်နှံထားသော စဉ်းစားပေးတတ်၍ ဂရုတစိုက်ရှိသည့် ဆရာလိုအပ်သည်။ . . . ထိရောက်သောသင်ကြားမှုသည် အထူးနည်းနိဿယများ သို့မဟုတ် လုပ်ထုံးလုပ်နည်းများ၊ စီမံကိန်းများ သို့မဟုတ် လုပ်ဆောင်ချက်များအပေါ် မမူတည်ပါ။ . . . သင်ကြားပေးခြင်းသည် အဓိကအားဖြင့် မေတ္တာအရင်းခံဖြစ်သည်။” သို့ဆိုလျှင် အောင်မြင်သောဆရာကား မည်သူနည်း။ သူက ဤသို့ဆိုသည်– “သင့်စိတ်နှလုံးကို ထိမိသွားစေသော၊ သင့်အား နားလည်သော သို့မဟုတ် သင့်ကို ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဂရုစိုက်တတ်သောဆရာဖြစ်သည်။ တေးဂီတ၊ သင်္ချာ၊ လက်တင်ဘာသာစကား၊ စွန်လွှတ်ခြင်းစသည့် တစ်စုံတစ်ရာအပေါ် စွဲလမ်းနှစ်သက်စိတ်ရှိကာ သင့်အား ကူးစက်စေ၍ လှုံ့ဆော်မှုပေးသည့်ဆရာတည်း။”
ဆရာများစွာသည် ကျောင်းသားနှင့် မိဘတို့ထံမှပင် ကျေးဇူးတင်လေးမြတ်မှုကို လက်ခံရရှိခဲ့ကြပြီး သို့နှင့် အဟန့်အတားများရှိငြား သင်ကြားခြင်းကို ဆက်လုပ်ဆောင်သွားဖို့ တွန်းအားဖြစ်စေခဲ့သည်မှာ ယုံမှားဖွယ်မရှိချေ။ ဤပြောဆိုချက်အမြောက်အမြားအနက် ကြားရစမြဲဖြစ်သောအကြောင်းမှာ ကျောင်းသားတို့အပေါ်ပြသသည့် ဆရာဖြစ်သူ၏ အမှန်တကယ်စိတ်ဝင်စားမှုနှင့် ကြင်နာမှုတို့အကြောင်းဖြစ်သည်။
မှန်ပါသည်၊ ဆရာတိုင်းတွင် ထိုသို့သော အပြုသဘောအရည်အသွေးမျိုး ရှိကြသည်မဟုတ်။ ထို့ပြင် ဆရာများလည်း မိမိတို့၏ကျောင်းသားများအတွက် သူတို့ပြုပေးနိုင်ရာကို လျော့နည်းကန့်သတ်သွားစေသည့် ဖိစီးမှုများစွာကို ခံနေရလေ့ရှိ၏။ ၎င်းက ဤမျှခက်ခဲသောအလုပ်ကို လူတို့ အဘယ်ကြောင့်ရွေးချယ်ကြသနည်းဟူသောမေးခွန်း ပေါ်ထွက်စေသည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
“သင်ကြားပေးခြင်းသည် အဓိကအားဖြင့် မေတ္တာအရင်းခံဖြစ်သည်”