မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆရာအလုပ် ကျေနပ်မှုနှင့် ပျော်ရွှင်မှု

ဆရာအလုပ် ကျေနပ်မှုနှင့် ပျော်ရွှင်မှု

ဆရာ​အလုပ် ကျေနပ်မှု​နှင့် ပျော်ရွှင်မှု

“ဘာကြောင့် ကျွန်တော် ဆရာ​ဆက်လုပ်​ရသလဲ။ ဆရာ​အလုပ်ဟာ ခက်ခဲ​ပြီး အားအင်ကုန်ခန်း​စေနိုင်​ပေမဲ့ ကလေး​အားလုံး တက်တက်ကြွကြွ သင်အံ​နေတာကို မြင်ရ​တာ၊ သူတို့ရဲ့​တိုးတက်မှု​ကို​မြင်ရ​တာ​တွေ​ဟာ ကျွန်တော် ဆရာ​ဆက်​လုပ်ဖို့ တွန်းအား​ပါ​ပဲ။”—လီ​မား​ရီ​စ်၊ နယူးယောက်​မြို့မှ ဆရာ​တစ်ဦး။

အခက်အခဲ​များ၊ ဟန့်တား​မှုများ​နှင့် စိတ်ပျက်​စ​ရာ​များ​ရှိသည့်​ကြား​မှ ကမ္ဘာ​တစ်ဝန်း​ရှိ သန်းနှင့်ချီ​သော​ဆရာများ​သည် သူတို့​ရွေးချယ်သော​လုပ်ငန်း​ကို အားမလျှော့​စ​တမ်း လုပ်ကိုင်​သွား​ကြ​၏။ အသိအမှတ်ပြု​ခံရ​သင့်​သလော​က် မခံရ​ကြောင်း​သိ​လျက်​နှင့် ထောင်နှင့်ချီ​သော​ကျောင်းသား​များ​ကို အရည်အချင်း​ပြည့်မီ​သော​ဆရာများ​အဖြစ် တက်လှမ်း​ကြ​စေရန် အဘယ်အရာက လှုံ့ဆော်ပေး​သနည်း။ အဘယ်အရာက သူတို့ကို ဆရာ​ဆက်လုပ်​သွား​စေ​သနည်း။

ရုရှား​မှ ကျောင်း​ဆရာ​တစ်ဦး​ဖြစ်သော အင်​နာ​က ဤသို့​ရှင်းပြသည်– “မိမိ​သင်ပေးခဲ့​ဖူး​တဲ့ ကျောင်းသား​တွေ အရွယ်ရောက်​ကြီးပြင်း​လာတာကို​တွေ့ရ​တာ၊ မိမိ​ထံ​မှ သင်ယူခဲ့ရာ​ဟာ သင်ယူ​ရကျိုးနပ်​တယ်လို့ သူတို့​ပြော​တာ​ကို ကြား​ရတာတွေ​ဟာ တကယ်​ပီတိ​ဖြစ်စေ​တဲ့ တွေ့ကြုံ​ခံစားမှု​ပါ​ပဲ။ သင်နဲ့​အတူ ရှိခဲ့တဲ့​နှစ်တွေ​ဟာ သူတို့​အတွက် ပျော်စရာ​အမှတ်တရ​အချိန်တွေ​ပဲ​ဆိုပြီး သူတို့​ပြော​ကြ​တဲ့​အခါ အရမ်း​ကို​အားတက်စေ​ပါ​တယ်။”

ရှေ့​ဆောင်းပါး​များ​၌ ဖော်ပြ​ထားသော ဆရာ​ဂျူလီယား​နိုး​က ဤသို့​ပြော​ခဲ့​သည်– “စိတ်​ကျေနပ်စရာ​အဖြစ်​ဆုံး​အကြောင်း​တစ်ခု​က​တော့ ကျောင်း​သင်ခန်းစာ​တစ်ခု​ကို ကျောင်းသား​တွေ စိတ်ဝင်စား​အောင် လှုံ့ဆော်ပေး​လိုက်​နိုင်တယ်​ဆို​တဲ့ အသိ​ပါ​ပဲ။ ဥပမာ၊ သမိုင်း​ရဲ့​အထင်ကရ​ဖြစ်ရပ်​တစ်ခု​ကို ကျွန်တော်​ရှင်းပြ​ပြီး​နောက် ကျောင်းသား​အချို့​က ‘မ​ရပ်​လိုက်ပါ​နဲ့၊ ဆက်​ပြောပြ​ပါ​ဦး! ဆိုပြီး ပြော​တယ်။ အလိုလို​ထုတ်ဖော်​ပြောလိုက်​တဲ့ စကား​လေး​တွေ​ဟာ ထိုင်း​ထိုင်း​မှိုင်းမှိုင်း​ဖြစ်​နေတဲ့ ကျောင်း​နံနက်ခင်း​ကို လန်းဆန်း​လင်းလက်​သွား​စေနိုင်​တယ်၊ အကြောင်း​က သူတို့​အတွက် အသစ်အဆန်း​ဖြစ်​တဲ့​အရာ​နဲ့ သူတို့ရဲ့​စိတ်အာရုံ​ကို သင်​နှိုးဆွ​ပေး​လိုက်လို့​ပါ​ပဲ။ ကျောင်း​သင်ခန်းစာ​တစ်ခု​ကို နားလည်​သဘောပေါက်​သွား​လို့ မျက်လုံး​လေး​တွေ​တောက်ပ​လာတဲ့ သူတို့ရဲ့​မျက်နှာကို မြင်တွေ့​ရတာက သင့်အတွက် တကယ်​ကြည်နူး​စ​ရာ​ပါ​ပဲ။”

အီတလီ​နိုင်ငံ​မှ ဆရာမ​အီလီနာ​က ဤသို့​ပြောဆို​ခဲ့​သည်– “ဖြစ်​တော​င့်​ဖြစ်​ခဲ ကမ္ဘာ​တုန်​လောက်​တဲ့​ရလဒ်​တွေ​ထက် ကျောင်းသား​တွေ​ဆီက အသေးအဖွဲ​အောင်မြင်မှု​လေး​တွေ၊ နေ့စဉ်​နေ့တိုင်း ကြုံတွေ့​ရလေ့​ရှိတဲ့ မပြော​ပ​လောက်​တဲ့​အရာ​လေး​တွေ​ကနေ ကျေနပ်မှု​ရစေတယ်လို့ ကျွန်မ​ယုံကြည်တယ်။”

အသက် ၃၀ ကျော်​ခါ​စ ဩစတြေးလျ​နိုင်ငံသူ ကော်​နီ​က ဤသို့​ဆို​သည်– “သင်နဲ့​ပညာရေး​သံယောဇဉ်​နှောင်ကြိုး​ရှိခဲ့တဲ့ ကျောင်းသား​တစ်ဦး​က ဆရာ့​ရဲ့​ကြိုးပမ်း​သင်ကြား​ပေး​မှု​တွေ​အတွက် ကျေးဇူး​တင်​လေးမြတ်​ကြောင်း အချိန်​ယူ​ရေး​တဲ့​စာ​တစ်စောင်​ရတဲ့အခါ တကယ့်ကို ပင်ပန်း​ရကျိုးနပ်​ပါ​တယ်။”

အာဂျင်တီးနား​နိုင်ငံ မ​န်​ဒို​ဇာ​မြို့မှ အော်​စ​ကာ​က ထိုစကား​မျိုး​ပင်​ပြော​ခဲ့​သည်– “ကျွန်တော့်​ရဲ့​ကျောင်းသား​တွေ​ကို လမ်းမှာ ဒါမှ​မဟုတ် တခြား​တစ်​နေရာ​ရာ​မှာ​ဆုံ​မိ​လို့ ကျွန်တော်​သင်ပေးခဲ့​ရာ​အတွက် ကျေးဇူး​တင်​လေးမြတ်​ကြောင်း ပြသ​တဲ့​အခါ အရာရာမှာ ကြိုးစား​ရကျိုးနပ်​တယ်လို့ ခံစား​မိ​ပါ​တယ်။” စပိန်​နိုင်ငံ၊ မက်​ဒ​ရ​စ်​မြို့မှ အိန်ဂျဲလ်က ဤသို့​ဆို​သည်– “ကျွန်မ​ရဲ့​ကြိုးပမ်း​အားထုတ်မှု တစ်စိတ်​တစ်ပိုင်း​ကြောင့် လူငယ်​လူရွယ်​လေး​တွေ​ဟာ ရိုးသား​ဖြောင့်မတ်​တဲ့​အမျိုးသား၊ အမျိုးသမီးတွေ ဖြစ်လာ​တာ​ကို​မြင်တွေ့​ရတာ အထူး​ကောင်းမွန်​ပေမဲ့ ခက်ခဲ​တဲ့​ဒီ​အလုပ်မှာ ကျွန်မ​ရဲ့​ဘဝ​တစ်ပိုင်း​ကို မြှုပ်နှံထား​ခဲ့​မိ​တဲ့​အတွက် တကယ့်ကို အ​ကျေနပ်​ကြီး​ကျေနပ်​ပါ​တယ်။”

ဆောင်းပါး​စ​စ​ချင်း​၌​ဖော်ပြ​ထားသော လီ​မား​ရီ​စ်​က ဤသို့​ပြော​သည်– “ဆရာ​တွေ​ဟာ ပုဂ္ဂိုလ်​ထူး​တွေ​လို့ ကျွန်တော် တကယ်ပဲ​ယူမှတ်​ထား​တယ်။ ဒီလို အံ့ဖွယ်​ကြီးမား​တဲ့ တာဝန်​ကြီး​တစ်ခု​ကို ယူ​ထား​ကြ​တဲ့ ကျွန်တော်​တို့​တစ်​တွေ​ဟာ နဲ​နဲ​တော့​ထူး​နေတယ်။ ဒါပေမဲ့ ကလေး​ဆယ်ယောက် ဒါမှ​မဟုတ် တစ်ယောက်​ထဲ​ကိုပဲ ထူးထူးခြားခြား​ဖြစ်သွား​အောင် သင်​စွမ်းဆောင်​ပေး​နိုင်​ရင် သင်​အောင်မြင်​ပြီ​ပေါ့၊ ဒီထက်​ကောင်း​တဲ့ ခံစားမှု​မျိုး​မရှိဘူး။ ကိုယ့်​အလုပ်ကို ပျော်ပျော်​ကြီး​လုပ်ကြတယ်။”

သင့်​ဆရာ​တို့ကို ကျေးဇူး​တင်​စကား​ဆို​ဖူး​သလော

မိဘ သို့​မဟုတ် ကျောင်းသား​တစ်ဦး​အနေ​ဖြင့် သင်သည် ဆရာ​တစ်ဦး​အား သူ​ပေးဆက်​သော​အချိန်၊ အားထုတ်မှု​နှင့် စိတ်ဝင်စားမှု​တို့အတွက် ကျေးဇူး​တင်​စကား​ဆို​ဖူး​သလော။ သို့​မဟုတ် ကျေးဇူး​တင်​သည့်​မှတ်ချက်တို​လေး​တစ်ခု သို့​မဟုတ် စာ​တစ်စောင် ပေး​ပို့​ဖူး​သလော။ ကင်​ညာ​နိုင်ငံ နိုင်ရိုဘီ​မှ အာသာ​က လုပ်သင့်လုပ်ထိုက်​သော ဤ​အချက်​ကို​ဖော်ပြ​သည်– “ဆရာ​တွေ​ဟာ​လည်း ချီးမွမ်း​စကား​များ​ကြောင့် ဆက်​ပြီး​ရှင်သန်​နေကြ​တာ​ပါ။ အစိုးရ၊ မိဘတွေ​နဲ့ ကျောင်းသား​တွေ​က​သူတို့နဲ့ သူတို့ရဲ့ အများ​အကျိုးသယ်ပိုး​မှု​တွေ​ကို အလွန်​တန်ဖိုး​ထား​လေးမြတ်​သင့်ပါတယ်။”

စာရေး​ဆရာ-ကျောင်း​ဆရာ​လည်း​ဖြစ်သော လူ​အန်​ဂျွန်​ဆင်​က ဤသို့​ရေးသားခဲ့​သည်– “ဆရာ​တစ်ဦး​အကြောင်း မကောင်း​ဝေဖန်စာ​တစ်စောင် ကျွန်တော်​ရရှိ​ရင် အ​စောင်​တစ်​ရာ​သော ချီးမွမ်း​စာ​တွေ​ကို ကျွန်တော်​ရရှိ​ထား​တယ်၊ ဒီ​အရာ​က မကောင်းတဲ့​ဆရာ​ထက် ကောင်း​တဲ့​ဆရာ​က ပို​များ​တယ်​ဆို​တဲ့ ကျွန်တော့်​ရဲ့ ယုံကြည်ချက်ကို ခိုင်မာ​စေပါ​တယ်။” စိတ်ဝင်စားစရာ​မှာ များစွာ​သော​သူတို့သည် စုံစမ်း​သူ​တစ်ဦး​ကို တကယ်​ပင်​ငှား​ရမ်း​ကာ “တစ်ချိန်က​ဆရာ​ဖြစ်သူ​တို့၏​နေအိမ်​ကို ရှာဖွေ​ခိုင်း​ကြသည်။ လူတို့သည် သူတို့၏​ဆရာများ​ကို ရှာ၍​ကျေးဇူး​တင်​လို​ကြသည်။”

ဆရာများ​သည် လူတစ်ဦး​၏​ပညာရေး​အတွက် မရှိမဖြစ်​သော​အုတ်မြစ်ကို ချပေး​ကြသည်။ ဂုဏ်​သတင်း​အကျော်ကြားဆုံး​သော​တက္ကသိုလ်​များ​မှ အကောင်းဆုံး​သော​ပါမောက္ခ​များ​ပင် ပညာရေး၊ အသိပညာနှင့် သိနားလည်မှု​ဆိုင်ရာ သူတို့၏​ဆန္ဒ​များ​ကို လှုံ့ဆော်ပေး​ရန်​နှင့် မွေးမြူ​သွားစေရန် မိမိတို့၏​အချိန်ကို​ပေး​၍ ကြိုးပမ်း​အားထုတ်​ခဲ့​ကြသော ဆရာများ​ထံ​၌ ကြွေးတင်​နေသည်။ နိုင်ရိုဘီ​မှ အာသာ​က ဤသို့​ဆို​သည်– “အစိုးရ​ပိုင်​နဲ့ ပုဂ္ဂလိက​ပိုင် စီးပွားရေး​ကဏ္ဍ​မှာ​ရှိတဲ့ ထိပ်သီး​ပေါ်လစီ​ရေးဆွဲ​သူအား​လုံး​ဟာ သူတို့ရဲ့​ဘဝ​တစ်ချိန်ချိန်​က ဆရာ​တစ်ဦး​ရဲ့ သင်ကြားမှု​ကို​ခံယူ​ခဲ့​သူတွေ​ဖြစ်တယ်။”

ကျွန်ုပ်​တို့၏​သိလိုစိတ်​ကို နှိုးဆော်​ပေး​၍ စိတ်​နှလုံးကို​လှုံ့ဆော်ပေး​ပြီး ကျွန်ုပ်​တို့​တောင့်တ​နေသည့် အသိပညာနှင့် သိနားလည်မှု​တို့ မည်သို့​ဖြည့်ဆည်း​ကာ အာသာပြေ​စေနိုင်​ပုံ​ကို ပြသ​ပေး​သော​အမျိုးသား၊ အမျိုးသမီး​တို့အား တကယ်​ကျေးဇူး​တင်​သင့်​သည်​တကား!

နယပုံပြင် ၂:၁-၆ ပါ ဤ​စကား​များ​ကို မှုတ်သွင်း​ခဲ့​သော မဟာ​ပညာပေး​ရှင် ယေဟောဝါ​ဘုရားသခင်​အား ကျွန်ုပ်​တို့ သာ၍​ပင် ကျေးဇူး​တင်​သင့်​သည်– “ငါ့​သား သင်သည်​ပညာ​စကား​ကို​နားထောင်​၍၊ စေတနာ​စိတ်​နှင့် ဉာဏ်​ကို​ရှာဖွေ​သည်​တိုင်အောင် ငါ့​စကား​ကို​နား​ခံ​၍ ငါ့​ပညတ်​တို့ကို ကိုယ်​အထဲ​၌ သွင်း​မိ​လျှင်​လည်းကောင်း၊ သိပ္ပံ​အတတ်ကို​ခေါ်​၍ ဉာဏ်​နောက်သို့​အသံကို​လွှင့်​လျှင်​လည်းကောင်း၊ ငွေ​ကို​ရှာ​တတ်​သကဲ့သို့ ပညာ​ကို​ရှာ၍ ဝှက်ထား​သော​ဘဏ္ဍာ​ကို​စူးစမ်း​တတ်​သကဲ့သို့ ဉာဏ်​ကို​စူးစမ်း​လျှင်​လည်းကောင်း၊ ထာဝရ​ဘုရား​ကို​ကြောက်​သော​သဘော​၌​ကျင်လည်​၍ ဘုရားသခင်​ကို​သိ​သော​ဉာဏ်​နှင့် ပြည့်စုံ​လိမ့်​မည်။ အကြောင်း​မူ​ကား ထာဝရ​ဘုရား​သည် ပညာ​ကို​ပေး​တော်​မူ​တတ်၏။ နားလည်​နိုင်သော​ဉာဏ်​သည် နှုတ်[မြွက်]တော်​အားဖြင့်​သာ​ဖြစ်တတ်​၏။”

စဉ်းစား​မှု​ကို​လှုံ့ဆော်ပေး​သော​ထို​ကျမ်းချက်​တွင် ခြွင်းချက်​သဘောဆောင်​သော“လျှင်” ဟူ​သည့်​စကားလုံး​ကို သုံးကြိမ်​တိုင်တိုင် တွေ့ရှိ​ရ​ကြောင်း သတိပြုပါ။ စဉ်းစား​ကြည့်​ပါ၊ အဆိုပါ​စိန်ခေါ်ချက်​ကို ကျွန်ုပ်​တို့ လက်သင့်ခံ​လို​စိတ်​ရှိ​မည်​ဆိုလျှင် “ဘုရားသခင်​ကို​သိ​သော​ဉာဏ်​ပြည့်စုံ” နိုင်​သည်! အမှန်ပင် ယင်းသည် ပညာ​အလုံးစုံ​တွင် အကြီးမြတ်ဆုံး​သော​ပညာရေး​ပင်​တည်း။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

ပျော်ရွှင်သော​မိဘ​တစ်ဦး

အောက်ပါ​ဖော်ပြ​ထားသော​စာ​မှာ နယူးယောက်​မြို့မှ ဆရာ​တစ်ဦး လက်ခံရ​ရှိသော​စာ​ဖြစ်သည်–

“ကျွန်မ​ရဲ့​ကလေး​တွေ​အတွက် လုပ်ဆောင်ပေး​ခဲ့​တာ​ကို ရင်ထဲ​ကနေ လှိုက်လှိုက်လှဲလှဲ​ကျေးဇူး​တင်​ကြောင်း ကျွန်မ​ပြော​လို​ပါ​တယ်။ သေချာ​တာ​က ဆရာ​သာ​မသင်​ပေး​ခဲ့ရင် သူတို့​ဘယ်တော့မှ ရရှိ​မှာ​မဟုတ်တဲ့ ကြီးမား​တဲ့​အောင်မြင်မှု​တွေ​ကို ဆရာ့​ရဲ့​ဂရုစိုက်​မှု၊ သနား​ကြင်နာ​မှု၊ အတတ်ပညာ​တွေ​နဲ့​ကူညီ​ပေး​လို့ သူတို့​ရလာ​တာ​ပါ။ ကျွန်မ​ကလေး​တွေ​အတွက် ကျွန်မ​ဂုဏ်ယူ​နိုင်​ဖို့ ဆရာ​လုပ်ဆောင်ပေး​ခဲ့​တာ၊ ဒီ​အတွေ့အကြုံကို ကျွန်မ​တစ်သက် မေ့​တော့​မှာ​မဟုတ်ဘူး။ အရိုးခံ​ဖြင့်၊ အက်စ်.ဘီ။

သင်​စာရေး​အားပေးနိုင်​သော ဆရာ​တစ်ဦး ရှိပါ​သလော။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

‘ကျောင်း​သင်ခန်းစာ​တစ်ခု​ကို နားလည်​သဘောပေါက်​သွား​လို့ မျက်လုံး​လေး​တွေ​တောက်ပ​လာတဲ့ သူတို့ရဲ့​မျက်နှာကို မြင်တွေ့​ရတာက တကယ်​ပျော်စရာ​ပါ​ပဲ။’—ဂျူလီယား​နိုး၊ အီတလီ​နိုင်ငံ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

‘ကျောင်းသား​တစ်ဦး​က မိမိရဲ့​ကြိုးပမ်းမှု​တွေ​အတွက် ကျေးဇူး​တင်​လေးမြတ်​ကြောင်း အချိန်​ယူပြီး​ရေး​တဲ့ စာ​တစ်စောင်​ရတဲ့အခါ တကယ့်ကို ပင်ပန်း​ရကျိုးနပ်​ပါ​တယ်။’—ကော်​နီ၊ ဩစတြေးလျ​နိုင်ငံ