ဆရာအလုပ် အနစ်နာလည်းခံရ၊ အန္တရာယ်လည်းများ
ဆရာအလုပ် အနစ်နာလည်းခံရ၊ အန္တရာယ်လည်းများ
“ဆရာများ၏အပိုင်းမှ များစွာလုပ်ဆောင်ပေးရန် တောင်းဆိုကြသော်လည်း ကျောင်းများတွင် တကုတ်ကုတ်အားထုတ်လုပ်ဆောင်နေကြသော သူတို့၏ ကြိုးစားမှုအတွက် အများပြည်သူတို့၏ . . . ချီးမွမ်းမှု မခံရသလောက်ပင်။”—ကဲန် အဲလ်တစ်၊ ဆစ်ဒနီတက္ကသိုလ်၊ ဩစတြေးလျ။
ဝန်ခံရမည်ကား “အရေးပါဆုံးလုပ်ငန်း” ဖြစ်သော အဆိုပါလုပ်ငန်းသည် ဖော်ပြခဲ့သည့်အတိုင်း မလောက်ငသောလစာမှသည် အဆင့်မမီသောစာသင်ခန်း အနေအထားများအထိ; စာရွက်စာတမ်းများဖြင့် အဆမတန်လုပ်ဆောင်ရလွန်းခြင်းမှသည် စာသင်ခန်း၌ ကျောင်းသားများလွန်းခြင်းအထိ; ရိုသေလေးစားမှု မရှိခြင်းနှင့် အကြမ်းဖက်ခြင်းမှသည် မိဘတို့၏စိတ်ဝင်စားမှုမရှိခြင်းအထိ အခက်အခဲပြဿနာများစွာကို ရင်ဆိုင်ရသည်။ ဤအခက်အခဲပြဿနာများကို ဆရာအချို့ မည်သို့ကိုင်တွယ်ကြသနည်း။
အရိုအသေကင်းမဲ့ခြင်း
နယူးယောက်မြို့မှ ဆရာလေးဦးအား သူတို့အတွက် အဓိကပြဿနာသည် အဘယ်အရာဖြစ်သနည်းဟု ကျွန်ုပ်တို့စုံစမ်းမေးမြန်းခဲ့၏။ တူညီသောအဖြေမှာ– “ရိုသေလေးစားမှုမရှိခြင်းပါပဲ။”
ကင်ညာမှ ဝီလျံ၏ပြောဆိုချက်အရ အာဖရိကတွင်လည်း ဤကိစ္စ၌ အခြေအနေပြောင်းသွားပြီ။ သူဤသို့ပြောခဲ့သည်– “ကလေးတွေအလယ်မှာ စည်းကမ်းသေဝပ်မှုဟာ ကျဆင်းလာတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက [ယခု အသက် ၄၀ ကျော်အရွယ်] အာဖရိကရဲ့ လူ့အဖွဲ့အစည်းမှာ ဆရာ၊ ဆရာမတွေဆိုရင် အကြည်ညိုခံရတဲ့လူစုထဲမှာပါတယ်။ လူကြီးလူငယ်မရွေးက ဆရာဆိုရင် စံပြအနေနဲ့ အမြဲပဲမြင်တတ်ကြတယ်။ ဒီလိုဂါရဝတရားဟာ နည်းနည်းလာတယ်။ အာဖရိကကျေးလက်ဒေသတွေမှာတောင် အနောက်တိုင်းယဉ်ကျေးမှုဟာ လူငယ်တွေကို တဖြည်းဖြည်းလွှမ်းမိုးလာတယ်။ ရုပ်ရှင်၊ ဗီဒီယိုနဲ့ စာပေတွေက အာဏာပိုင်တွေအပေါ် ရိုသေလေးစားမှုမရှိတာကို အာဇာနည်သဖွယ် သရုပ်ဖော်နေတယ်။”
အီတလီမှ ဆရာတစ်ဦးဖြစ်သူ ဂျူလီယားနိုးက ဤသို့မြည်တမ်းသည်– “လူ့ဘောင်တစ်ရပ်လုံးထဲမှာ စိမ့်ဝင်ပျံ့နှံ့နေတဲ့ ပုန်ကန်တတ်ပြီး ဩဇာမခံလို၊ နာမခံတဲ့စိတ်တွေဟာ ကလေးတွေကိုလည်း ကူးစက်ခဲ့ပြီ။”
မူးယစ်ဆေးနှင့် အကြမ်းဖက်မှု
ဝမ်းနည်းစရာကား မူးယစ်ဆေးသည် စာသင်ကျောင်းတွင် ပြဿနာတစ်ရပ်ဖြစ်လာလေပြီ၊ ယင်းပြဿနာများပြားလွန်းသဖြင့် အမေရိကန်နိုင်ငံမှ ကျောင်းဆရာလည်းဖြစ်သော စာရေးဆရာလူအန်ဂျွန်ဆင်က ဤသို့ရေးသားခဲ့သည်– “မူးယစ်ဆေးသုံးစွဲခြင်းကို တားဆီးကာကွယ်ခြင်းမှာ သူငယ်တန်းမှစ၍ ကျောင်း၏ သင်ရိုးညွှန်းတမ်းအားလုံးနီးပါးတွင် ထည့်သွင်းလာသည်။ [ကျွန်ုပ်တို့စာလုံးစောင်းထား။] မူးယစ်ဆေးအကြောင်းကို လူကြီးအများစုထက် . . . ကလေးတို့က ပိုသိထားကြသည်။” သူက ဤသို့ဆက်ပြောသည်– “ခိုကိုးရာမဲ့၊ မေတ္တာမခံစားရ၊ အထီးကျန်၊ ငြီးငွေ့နေသော သို့မဟုတ် လုံခြုံမှုမရှိဟု ခံစားနေရသည့် ကျောင်းသားများသည် မူးယစ်ဆေး စမ်းသုံးကြည့်ဖို့ အကြောင်းအများဆုံးဖြစ်သည်။”—နှစ်ပိုင်းပါပြဋ္ဌာန်းစာအုပ်၊ မေတ္တာပိုင်း။
ဩစတြေးလျမှ ကျောင်းဆရာတစ်ဦးဖြစ်သော ကဲန်က ဤသို့မေးခွန်းထုတ်ခဲ့သည်– “အသက်ကိုးနှစ်အရွယ် ကျောင်းသားလေးဟာ သူရဲ့မိဘတွေဆီက မူးယစ်ဆေးစသုံးမိရာကနေ အခုဆေးစွဲသွားတာကို ကျွန်တော်တို့ကျောင်းဆရာတွေ ဘယ်လိုဖြေရှင်းရမလဲ။” အသက် ၃၀ ကျော်အရွယ်ရှိ မိုက်ကယ်လ်သည် ဂျာမနီနိုင်ငံမှ ဉာဏ်ရည်အမျိုးမျိုးရှိကလေးများကို စုပေါင်း၍ ပညာသင်ပေးသောအလယ်တန်းကျောင်းမှ ဆရာတစ်ဦးဖြစ်သည်။ သူဤသို့ရေးသားခဲ့သည်– “မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုများရှိနေသည်ကို ကျွန်ုပ်တို့ ကောင်းစွာသိသည်; လက်ပူးလက်ကျပ်မိရန်မှာ အတော်ခဲယဉ်းသည်။” သူက စည်းကမ်းသေဝပ်မှုမရှိကြောင်းပြောဆို၍ ယင်းက “ဖျက်လိုဖျက်ဆီးပြုတတ်သော မိုက်မဲရူးသွပ်ခြင်းတစ်မျိုးကို ဖော်ပြသည်” ဟုဆို၏။ ထပ်၍ ဤသို့ဆိုသည်– “စားပွဲများနှင့် နံရံများသည် စွန်းထင်းပေရေနေသည်၊ ကျောင်းပရိဘောဂတို့မှာ ဖျက်ဆီးခံရသည်။ ကျွန်ုပ်တို့၏ကျောင်းသားအချို့သည် ဈေးဆိုင်မှအလစ်သုတ်ခြင်း သို့မဟုတ် ထိုသို့အခြားကျူးလွန်မှုတွင်ပါဝင်သဖြင့် ရဲတို့၏ဖမ်းဆီးစစ်ဆေးခြင်းကို ခံရသည်။ မကြာခဏ ကျောင်း၌ ပစ္စည်းအခိုးခံရခြင်းမှာလည်း အဆန်းမဟုတ်တော့ချေ!”
အေမိရာသည် မက္ကဆီကိုရှိ ဂွာနာဝှာတိုပြည်နယ်မှ ဆရာမတစ်ဦးဖြစ်သည်။ သူက ဤသို့ဝန်ခံသည်– “ကလေးတွေကို တိုက်ရိုက်ထိခိုက်စေမယ့် မိသားစုအတွင်း အကြမ်းဖက်မှုနဲ့ မူးယစ်ဆေးစွဲတဲ့ပြဿနာတွေကို ကျွန်မတို့ကြုံတွေ့ရတယ်။ ဆဲရေးတဲ့စကားနဲ့ အခြားညစ်ညမ်းမှုတွေကို သူတို့ရဲ့ပတ်ဝန်းကျင်ကပဲ တတ်လာကြတာ။ နောက်ပြဿနာကြီးတစ်ခုက ဆင်းရဲခြင်းပါပဲ။ ဒီမှာ ကျောင်းတက်တာဟာ အခမဲ့ဆိုပေမဲ့ မှတ်စုစာအုပ်၊
ဘောလ်ပင်နဲ့ အခြားအရာတွေကို မိဘတွေကဝယ်ပေးရတယ်။ ဒါပေမဲ့ စားဖို့ကို ဦးစားပေးရမှာ။”ကျောင်း၌ သေနတ်ဆောင်ခြင်းကော
အမေရိကန်ပြည်ထောင်စု၌ မကြာမီကဖြစ်ခဲ့သော ကျောင်းတွင် ပစ်ခတ်ခြင်းဖြစ်ရပ်များက ထိုနိုင်ငံရှိ သေနတ်ဖြင့်အကြမ်းဖက်မှုမှာ ပြဿနာအသေးအဖွဲမဟုတ်ကြောင်း အထင်အရှားဖော်ပြသည်။ မှတ်တမ်းတစ်ရပ်က ဤသို့ဆိုသည်– “အစိုးရကျောင်း ၈၇,၁၂၅ ကျောင်းတွင် နေ့စဉ် သေနတ်ပေါင်း ၁၃၅,၀၀၀ ယူဆောင်လာကြသည်ဟု ခန့်မှန်းဖော်ပြသည်။ ကျောင်း၌ သေနတ်ဆောင်မှုလျော့သွားစေရန် အာဏာပိုင်တို့က သတ္တုရှာဖွေရေး လျှပ်စစ်ကိရိယာများ၊ စောင့်ကြပ်သောကင်မရာများ၊ သေနတ်အနံ့ခံရန် အထူးလေ့ကျင့်ခံခွေးများ၊ အံဆွဲဖွင့်ရှာခြင်း၊ ကျောင်းသားကတ်ထားရှိခြင်းနှင့် ကျောင်းသို့လက်ဆွဲအိတ်ဖြင့် စာအုပ်ယူဆောင်လာခြင်းတားမြစ်ချက် ထုတ်ပြန်ခြင်းတို့ ပြုလုပ်ကြသည်။” (အမေရိကန်တွင်ဆရာအလုပ်) ယင်းသို့အထိ လုံခြုံရေးဆောင်ရွက်မှုများက လူတစ်ဦးအား ကျွန်ုပ်တို့သည် ကျောင်းများအကြောင်း ပြောနေခြင်းလော၊ အကျဉ်းထောင်အကြောင်း ပြောနေခြင်းလောဟု မေးခွန်းထုတ်စေသည်။ သေနတ်ယူဆောင်လာသဖြင့် ကျောင်းသား ၆,၀၀၀ ကျော်ကို ကျောင်းမှထုတ်ပစ်ရကြောင်း မှတ်တမ်းက ထပ်ဆင့်ဖော်ပြသည်။
နယူးယောက်မြို့မှ ဆရာမအိုင်းရစ်က နိုးလော့! ကို ဤသို့ပြောပြသည်– “ကျောင်းသားတွေဟာ လက်နက်တွေကို ဝှက်ပြီး ကျောင်းထဲယူလာကြတယ်။ ရှာဖွေရေးကိရိယာတွေက လက်နက်တွေယူမလာအောင် မတားဆီးနိုင်ပါဘူး။ ကျောင်းတွင်း ရမ်းကားမှုက နောက်ထပ်အဓိကပြဿနာကြီးပါပဲ။”
ဤမင်းမဲ့စရိုက်ကိုတိုက်ဖျက်ရန် တာဝန်သိဆရာများသည် ပညာရေးနှင့် မွန်မြတ်သောစံနှုန်းများ သွတ်သွင်းပေးရန် အားသွန်ခွန်စိုက်ကြိုးပမ်းကြရ၏။ ဆရာများစွာသည် စိတ်ရော ကိုယ်ပါချုံးချုံးကျသွားရခြင်းမှာ အံ့ဩစရာမဟုတ်ချေ။ ဂျာမနီနိုင်ငံ သူရင်ဂီယာဒေသရှိ ဆရာများအသင်း၏ဦးစီးနာယက ရိုလ်ဘွတ်ရှ်က ဤသို့ပြောခဲ့သည်– “ဂျာမနီနိုင်ငံက ဆရာတစ်သန်းမှာ သုံးပုံတစ်ပုံဟာ ဖိစီးမှုကြောင့် နာမကျန်းဖြစ်ရတယ်။ သူတို့ဟာ အလုပ်ကြောင့် ကိုယ်အားစိတ်အားချုံးချုံးကျသွားကြတာပါ။”
ကလေးများ ကလေးရနေ
နောက်ထပ်အဓိကပြဿနာမှာ မြီးကောင်ပေါက်အရွယ် ဖိုမစပ်ယှက်မှုဖြစ်သည်။ အမေရိကန်တွင်ဆရာအလုပ်စာအုပ်၏ကလောင်ရှင် ဂျော့်ခ်ျ အက်စ်.မောရစ်စန်က ထိုနိုင်ငံနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “ဆယ်ကျော်သက်တစ်သန်းခန့် (အသက် ၁၅ မှ ၁၉ နှစ်ရှိမိန်းကလေး ၁၁ ရာခိုင်နှုန်း) သည် နှစ်စဉ် ကိုယ်ဝန်ရလာကြသည်။” ဖွံ့ဖြိုးသောနိုင်ငံအားလုံးထက် အမေရိကန်နိုင်ငံသည် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းတွင် နှုန်းအမြင့်ဆုံးဖြစ်သည်။
ဤအခြေအနေကို အိုင်းရစ်က ဤသို့ထောက်ခံပြောဆိုခဲ့သည်– “မြီးကောင်ပေါက်အရွယ်အားလုံးလိုလို ပြောတတ်လေ့ရှိတဲ့အရာက ဖိုမကိစ္စနဲ့ ပါတီပွဲအကြောင်းပါပဲ။ ဒါကိုပဲ တမ်းတမ်းစွဲဖြစ်နေပြီ။ အခုတော့ ကျောင်းကွန်ပျူတာမှာ အင်တာနက်ရှိနေပြီ! ဒါက အုပ်စုဖွဲ့စကားပြောခန်းနဲ့ အပြာပုံတွေနဲ့ နီးစပ်ဖို့အခွင့်အရေးပဲ။” စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှ အိန်ဂျဲလ်က ဤသို့မှတ်တမ်းပို့သည်– “တွေ့ကရာလူနဲ့ဖိုမဆက်ဆံခြင်းဟာ ကျောင်းသားတွေရဲ့ဘဝတစ်ခုလိုဖြစ်နေပါပြီ။ ကျွန်မတို့ဆီမှာ အတော့်ကိုငယ်ရွယ်တဲ့ကျောင်းသူတွေ ကိုယ်ဝန်ရလာတာတွေရှိတယ်။”
“ဟိတ်ဟန်ရှိသောကလေးထိန်းများ”
ဆရာအချို့ထံက နောက်ထပ်ညည်းညူချက်မှာ မိဘများစွာသည် အိမ်တွင် မိမိတို့၏သားသမီးများကို ပညာပေးရန် တာဝန်မယူကြခြင်းပင်ဖြစ်သည်။ မိဘတို့သည် သူတို့၏သားသမီးများအတွက် လက်ဦးဆရာပင်ဖြစ်သင့်သည်ဟု ကျောင်းဆရာများက ယူမှတ်ထားသည်။ အမူအကျင့်ကောင်းများနှင့် ကျင့်ဝတ်ကောင်းတို့သည် အိမ်တွင်းမှစသင့်သည်။ အမေရိကန်ဆရာများသမဂ္ဂအသင်းမှ ဦးစီးနာယက စန္ဒြာဖီးလ်ဒ်မင်းက “ဆရာများဟာ အဆင့်မြင့်ကလေးထိန်းများအဖြစ် ယူမှတ်ခြင်းမခံရသင့်ဘဲ တခြားပညာသည်တွေနဲ့တန်းတူ ယူမှတ်ခံရသင့်ပါတယ်” ဟုပြောသည်။
မိဘများသည် ကျောင်း၌ချမှတ်ထားသော စည်းကမ်းကိုထောက်ခံရန် ပျက်ကွက်ကြလေ့ရှိသည်။ ရှေ့ဆောင်းပါးမှ လီမာရီးစ်က နိုးလော့! ကို ဤသို့ပြောခဲ့သည်– “သင်က ပြစ်မှုကျူးလွန်တဲ့ကလေးကို ကျောင်းအုပ်ဆရာကြီးထံပို့မယ်ဆိုရင် နောက်ဆက်တွဲသိထားရမှာက မိဘတွေရဲ့ တိုက်ခိုက်ပြစ်တင်မှု ခံရမယ်ဆိုတာပါပဲ!” အစောပိုင်းတွင်ဖော်ပြထားသော ဘွတ်ရှ်က ပြဿနာပေးသောကျောင်းသားတို့ကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်၍ ဤသို့ပြောပြခဲ့သည်– “မိသားစုအတွင်း သွန်သင်ဆုံးမမှုဆိုတာ မရှိတော့ဘူး။ ကလေးအများစုဟာ အကျိုးသင့်အကြောင်းသင့်ရှိ ပဲ့ပြင်ဆုံးမမှုခံရတဲ့ မိကောင်းဖခင်သားသမီးရယ်လို့ ခင်ဗျားတို့ ယူဆလို့တောင် မရနိုင်တော့ဘူး။” အာဂျင်တီးနားနိုင်ငံ မန်ဒိုဇာမြို့မှ အက်စတာလာက ဤသို့ဆိုသည်– “ကျွန်မတို့ကျောင်းဆရာမတွေက ကျောင်းသားတွေကိုတောင် ပြန်ကြောက်နေရတယ်။ သူတို့ကို အဆင့်
ချလိုက်ရင် ကျွန်မတို့ကို ကျောက်ခဲနဲ့ပေါက် ဒါမှမဟုတ် တိုက်ခိုက်တော့တာပဲ။ ကျွန်မမှာ ကားရှိမယ်ဆိုရင် ကားကိုဖျက်ဆီးပစ်တယ်။”နိုင်ငံများစွာတွင် ဆရာဦးရေနည်းနေရခြင်းမှာ အံ့ဩစရာလော။ နယူးယောက်မြို့ရှိ ကာနီဂီကော်ပိုရေးရှင်း၏ဦးစီးနာယက ဗာတန် ဂရီဂေါရီယန်က ဤသို့သတိပေးခဲ့သည်– “ကျွန်တော်တို့ရဲ့ [အမေရိကန်ပြည်ထောင်စု] ကျောင်းတွေဟာ လာမယ့်ဆယ်စုနှစ်အတွင်း ဆရာသစ် ၂.၅ သန်းအထိ လိုအပ်လိမ့်မယ်။” အဓိကကျသောမြို့ကြီးများသည် “အိန္ဒိယ၊ ဝက်စ်အင်ဒီးစ်၊ တောင်အာဖရိက၊ ဥရောပနဲ့ အခြားနေရာဒေသတွေကနေ ဆရာကောင်းတွေကို မရမက လိုက်ရှာနေကြတယ်။” ယင်းက အမှန်ပင် ထိုဒေသများ၌ ဆရာဦးရေနည်းနေကြောင်း သိရှိစေသည်။
အဘယ်ကြောင့် ဆရာဦးရေနည်းရသနည်း
ကျောင်းဆရာအတွေ့အကြုံ ၃၂ နှစ်ရှိပြီဖြစ်သော ဂျပန်လူမျိုး ယိုရှီနိုရီက “ဆရာအလုပ်ဟာ ဆွဲအားကောင်းတဲ့ မြင့်မြတ်တဲ့အလုပ်ဖြစ်ပြီး ဂျပန်တွေရဲ့လူ့ဘောင်အဖွဲ့အစည်းမှာ တော်တော်ကိုလေးစားခံရတယ်” ဟုပြောပြခဲ့၏။ ဝမ်းနည်းစရာကား ယဉ်ကျေးမှုတိုင်းတွင် ထိုသို့မဟုတ်ချေ။ အစောပိုင်းကဖော်ပြသော ဂရီဂေါရီယန်က ဆရာများသည် “ပညာရှင်နှင့်သင့်လျော်သည့် လေးစားမှု၊ အသိအမှတ်ပြုမှုနဲ့ ဆုကြေးတို့ မရကြပါဘူး . . . [အမေရိကန်ပြည်ထောင်စု] ပြည်နယ်အများစုမှာ ဆရာအလုပ်ဟာ ရိုးရိုးဘွဲ့ရ ဒါမှမဟုတ် မဟာဘွဲ့ရမှ လုပ်ရတဲ့ အခြားဘယ်အလုပ်ထက်မဆို လုပ်ခနည်းတယ်” ဟူ၍လည်းပြောဆိုသည်။
အဖွင့်၌ဖော်ပြထားသော ကဲန် အဲလ်တစ်က ဤသို့ရေးသားခဲ့သည်– “အလုပ်များစွာသည် အရည်အချင်းအနည်းငယ်သာလိုအပ်ပြီး အမှန်ပင် ဆရာလုပ်ငန်းထက် သာ၍လခကောင်းကြောင်း ဆရာများမြင်ကြသောအခါ မည်သို့ဖြစ်မည်နည်း။ သို့မဟုတ် လွန်ခဲ့သောတစ်နှစ်တာကမျှ မိမိတို့သင်ပေးလိုက်သော ကျောင်းသားများသည် . . . မိမိတို့၏ လက်ရှိလစာထက်ပင် ဝင်ငွေကောင်းနေလျှင် သို့မဟုတ် နောင်ငါးနှစ်အကြာ၌ ယခုထက်ပင် အခြေအနေကောင်းဖွယ်ရှိနေလျှင် မည်သို့နည်း။ ဤအမြင်မျိုးဝင်လာပါက ဆရာတစ်ဦး၏ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကို အန္တရာယ်ပြုမည့်အခြေအနေရှိလာပြီ။”
ဝီလျံ အေရာစ်က ဤသို့ရေးသားခဲ့သည်– “ကျောင်းဆရာများ၌ လစာအလွန်နည်းသည် . . . ပျမ်းမျှအားဖြင့် ကျွန်တော်တို့သည် ရှေ့နေလစာ
၏ လေးပုံတစ်ပုံ၊ စာရင်းကိုင်လစာ၏တစ်ဝက်၊ ကုန်ကားမောင်းသူတို့နှင့် ဆိပ်ကမ်းအလုပ်သမားတို့၏လစာထက်ပင် နည်းသေးသည်။ . . . ကျောင်းဆရာအလုပ်လောက် များများလုပ်ရပြီး လစာနည်းနည်းသာရသည့် အလုပ်မျိုးမရှိပါ။” (သင်ကြားပေးခြင်း—ဆရာတစ်ဦး၏ခရီးစဉ်) ထပ်တူအကြောင်းအရာကို ယခင် အမေရိကန်ပြည်ထောင်စုမှ ရှေ့နေချုပ် ဂျဲနက် ရီနိုက ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဤသို့ပြောခဲ့သည်– “ကျွန်တော်တို့ဟာ လူသားတွေကို လကမ္ဘာစေလွှတ်နိုင်ခဲ့တယ်။ . . . အားကစားသမားတွေကို လစာအများကြီးပေးကြတယ်။ ကျွန်တော်တို့ရဲ့ ဆရာတွေကိုကော ဘာကြောင့်မပေးနိုင်တာလဲ။”“အများအားဖြင့် ဆရာတွေဟာ လခနည်းလွန်းတယ်” ဟု လီမားရီစ်က ပြောပြသည်။ “ကျွန်တော်ဟာ မြို့ကြီးပြကြီးမှာနေထိုင်ရတဲ့ ဘဝဖြစ်တဲ့ ဖိစီးမှုနဲ့ ကသီလင်တဖြစ်မှုတွေကို ခါးစည်းခံပြီး နှစ်အတော်များများ ပညာဆည်းပူးခဲ့ရပေမဲ့ ဒီနယူးယောက်မြို့မှာ နှစ်စဉ် လစာနည်းနည်းလေးပဲရနေပါတယ်။” ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့မှ ဆရာမဗလျင်တီးနားက ဤသို့ဆိုသည်– “ဆရာအလုပ်ဟာ ဝင်ငွေကိုကြည့်လိုက်ရင် အထင်ကြီးစရာကောင်းတဲ့အလုပ်မဟုတ်ဘူး။ အမြဲလိုလို လစာအနိမ့်ဆုံးတန်းမှာပဲရှိတယ်။” အာဂျင်တီးနား၊ ချူးဗစ်ဒေသမှ မာလင်းက ထပ်တူခံစားမိသည်– “လခနည်းလွန်းတာကြောင့် ကျွန်မတို့ဟာ နှစ်နေရာ၊ သုံးနေရာမှာ အပြေးအလွှား အလုပ်လုပ်နေရတော့တာပေါ့။ ဒါကြောင့် သိပ်ထိထိရောက်ရောက်မသင်နိုင်တော့ဘူး။” ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမှ ကျောင်းဆရာတစ်ဦးဖြစ်သော အာသာက နိုးလော့! ကိုဤသို့ပြောပြခဲ့သည်– “စီးပွားရေးကျလာတာနဲ့အမျှ ဆရာတစ်ဦးဖြစ်တဲ့ ကျွန်တော့်ဘဝဟာလည်း အကျပ်ရိုက်လာတော့တာပဲ။ ဝင်ငွေနည်းလွန်းတာကြောင့် ဆရာအလုပ်နဲ့ အသက်မွေးဖို့ကို ကြောက်နေကြတယ်လို့ ကျွန်တော့်ရဲ့ လုပ်ဖော်ဆောင်ဖက်အများစုက ဝန်ခံကြတယ်။”
နယူးယောက်မြို့မှ ဆရာမဒိုင်ယာနာက ဆရာများသည် နာရီပေါင်းများစွာလုပ်ရသော အဆမတန်များသည့် စာရွက်စာတမ်းအလုပ်နှင့်ပတ်သက်၍ ညည်းညူခဲ့သည်။ နောက်ဆရာတစ်ဦးက ဤသို့ရေးသားခဲ့သည်– “တစ်နေ့လုံးနီးပါး ဒါပဲပြော၊ ဒါပဲရွတ်၊ ဒါပဲလုပ်နဲ့ အချိန်ကုန်သွားတာပဲ။” တူညီသောမကျေနပ်ချက်တစ်ရပ်မှာ ဤသို့ဖြစ်သည်– “ပြီးကိုမပြီးနိုင်တဲ့ စာရွက်စာတမ်းအလုပ်နဲ့ပဲ တစ်နေ့ကုန်သွားတယ်။”
ကျောင်းသားများလွန်း၍ ဆရာများမလုံလောက်ပါ
ဂျာမနီနိုင်ငံ ဂျူရန်ရှိ ဘားသော်လ်က နောက်ထပ်ဖြစ်မြဲညည်းညူချက်ကို ဤသို့ပြောဆိုခဲ့သည်– “စာသင်ခန်းတွေဟာ လူသိပ်များလွန်းတယ်! တချို့အတန်းဆိုရင် ကျောင်းသား ၃၄ ယောက်ရှိတယ်။ အဲ့ဒါက ပြဿနာအခက်အခဲရှိတဲ့ ကျောင်းသားတွေကို ကျွန်တော်တို့ ဂရုမစိုက်နိုင်အောင်ဖြစ်စေတယ်။ သူတို့ကို ဂရုမပြုမိဘဲဖြစ်သွားတတ်တယ်။ တစ်ဦးစီရဲ့လိုအပ်ရာတွေကို ဒီအတိုင်းပဲထားလိုက်ရတယ်။”
အစောပိုင်းတွင်ဖော်ပြထားသော လီမားရီစ်က ဤသို့ရှင်းပြခဲ့သည်– “ပြီးခဲ့တဲ့နှစ်က ကျွန်တော်ရဲ့အကြီးမားဆုံးပြဿနာက စိတ်ဝင်စားမှုမရှိတဲ့ မိဘတွေကိစ္စကို အသာထား၊ ကျွန်တော့်အတန်းမှာ ကလေး ၃၅ ယောက်ရှိလို့ပါပဲ။ ခြောက်နှစ်အရွယ် ကလေး ၃၅ ယောက်နဲ့လုံးပန်းရတာကို စဉ်းစားသာကြည့်ပေတော့!”
အိုင်းရစ်က ဤသို့ပြောပြသည်– “ဒီနယူးယောက်မြို့မှာ ကျောင်းဆရာတွေနည်းနေတယ်၊ အထူးသဖြင့် သင်္ချာနဲ့ သိပ္ပံဘာသာရပ်အတွက်ပေါ့။ ပိုပြီးကောင်းတဲ့အလုပ်ကို တခြားမှာ သူတို့ရနိုင်တယ်။ ဒါနဲ့ပဲ နိုင်ငံခြားကျောင်းဆရာတော်တော်များများကို ဒီမြို့က လိုက်ငှားရမ်းရတော့တယ်။”
ရှင်းနေသည်ကား ဆရာအလုပ်သည် စိတ်ရော ကိုယ်ပါစိုက်ထုတ်လုပ်ဆောင်ရသောအလုပ်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဆရာအလုပ်ကို ဇောက်ချလုပ်သွားဖို့ အဘယ်အရာက စေ့ဆော်ပေးသနည်း။ သူတို့သည် ဆက်၍မဆုတ်မနစ်သောဇွဲဖြင့် အဘယ်ကြောင့် လုပ်ကိုင်သွားကြသနည်း။ ကျွန်ုပ်တို့၏ နောက်ဆုံးဆောင်းပါးက ဤမေးခွန်းများကို ဖြေဆိုသွားလိမ့်မည်။
[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]
အမေရိကန်ရှိ ကျောင်းများသို့ နေ့စဉ် သေနတ် ၁၃၅,၀၀၀ ယူဆောင်လာကြသည်ဟု ခန့်မှန်းရသည်
အဘယ်အရာက အောင်မြင်သောဆရာတစ်ဦး ဖြစ်စေသနည်း
မည်သို့သောသူကို ဆရာကောင်းတစ်ဦးအဖြစ် သင်သတ်မှတ်သနည်း။ ကလေးတစ်ဦး၏ဉာဏ်ရည် တိုးတက်စေ၍ အကြောင်းအရာတို့ကိုမှတ်မိနိုင်စေကာ စာမေးပွဲများအောင်မြင်ရန် စွမ်းဆောင်ပေးနိုင်သူလော။ လူတစ်ဦး မေးခွန်းထုတ်၊ စဉ်းစား၊ ဆင်ခြင်တွေးတောလာတတ်ရန် သင်ကြားပေးနိုင်သူလော။ နိုင်ငံသားကောင်းတစ်ဦးဖြစ်လာစေရန် ကလေးတစ်ဦးအား ကူညီပေးနိုင်သူလော။
“ကျွန်ုပ်တို့ ဆရာများအနေဖြင့် တစ်သက်ပတ်လုံးနှင့် ရှုပ်ထွေးသောခရီးလမ်းတွင် ကျောင်းသားများ၏ ခရီးသွားဖော်အဖြစ် မိမိတို့ကိုယ်ကို ခံယူလိုက်သောအခါ၊ လူသားတစ်ဦးအဖြစ် သူတို့ရထိုက်သော ဂုဏ်သိက္ခာနှင့် ဂရုစိုက်မှုတို့ဖြင့် သူတို့ကို စဆက်ဆံကြသောအခါ ကျွန်ုပ်တို့ကို တန်ဖိုးရှိသောဆရာများဖြစ်လာစေသည့်လမ်းကြောင်းပေါ် စလျှောက်နေပြီဟု ဆိုနိုင်ပါသည်။ ယင်းသည် လွယ်မယောင်ယောင်နှင့်ခက်၊ တိမ်မယောင်ယောင်နှင့် နက်သောအရာ ဖြစ်သည်။”—သင်ကြားပေးခြင်း—ဆရာတစ်ဦး၏ခရီးစဉ်။
ဆရာကောင်းတစ်ဦးသည် ကျောင်းသားတစ်ဦးစီ၌ မီးခဲပြာဖုံးစွမ်းရည်တစ်မျိုးမျိုးရှိသည်ကို အသိအမှတ်ပြုပြီး ယင်းကို မည်သို့ဖော်ထုတ်ကာ ဖွံ့ဖြိုးလာစေရမည်ကို သိထားသည်။ ဝီလျံအေရာစ်က ဤသို့ ဆန်းစစ်သိရှိခဲ့သည်– “စွမ်းပကားများ၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှုများနှင့် စွမ်းရည်တို့အပေါ် တည်ဆောက်သွားသည့် သာ၍ကောင်းသောနည်းလမ်းကို ကျွန်တော်တို့ ရှာတွေ့တတ်ရမည် . . . အမေရိကန်တိုင်းရင်းသူမိခင်တစ်ဦးက ‘ဦးနှောက်နှေးသူ’ ဟုအခေါ်ခံရသော သူ၏ငါးနှစ်သားနှင့်ပတ်သက်၍ ဤသို့တောင်းပန်ခဲ့ကြောင်း ကျွန်တော် သတိရမိသည်– ‘ဝင်း-ဝူဖ်ဟာ ငှက်ပေါင်းလေးဆယ်ကျော်ရဲ့အမည်နဲ့ ရွှေ့ပြောင်းနေထိုင်တဲ့ပုံစံတွေကို သိထားတယ်။ ဟန်ချက်ညီပျံသန်းနိုင်တဲ့လင်းယုန်ငှက်တစ်ကောင်ဟာ အမြီးမှာ ငှက်တောင်မွေး ဆယ့်သုံးချောင်းရှိတာကို သူသိထားတယ်။ သူ့မှာလိုအပ်တာက သူ့ရဲ့အစွမ်းအစကို အပြည့်အဝနားလည်ပေးတဲ့ ဆရာတစ်ဦးပါပဲ။’”
ကလေးတစ်ဦးစီထံမှ အကောင်းဆုံးရရှိစေရန် ဆရာသည် သူ၏စိတ်ဝင်စားရာ သို့မဟုတ် သူ့အား လှုံ့ဆော်ပေးရာနှင့် ကလေးငယ်ကို ဘာကထိုပုံစံထွက်လာစေရာတို့ကို သိရှိရမည်ဖြစ်သည်။ ထိုမျှမက စိတ်ရောလူပါမြှုပ်နှံလိုသောဆရာသည် ကလေးချစ်တတ်ရမည်။
[Credit Line]
United Nations/Photo by Saw Lwin
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]
သင်ယူခြင်းကို အမြဲပင်ပျော်ရွှင်စရာ ဖြစ်စေရမည်လော
ဆရာဝီလျံအေရာစ်က သင်ကြားခြင်းနှင့်ပတ်သက်၍ အမြင်မှားမှု ဆယ်ခုကိုစာရင်းပြုစုထား၏။ ယင်းတို့ထဲမှတစ်ခုမှာ ဤသို့ဖြစ်သည်– “ဆရာကောင်းတစ်ဦးမည်သည် သင်ယူခြင်းကို ပျော်စရာဖြစ်အောင် ဖန်တီးတတ်သည်။” ဆက်၍ သူဤသို့ဆိုသည်– “အပျော်အပျက်သည် အာရုံလွင့်ပါးစေကာ ဟာသဖြစ်သည်။ လူရွှင်တော်များသည် လူပျက်များဖြစ်သည်။ ပြက်လုံးများသည် ပျော်စရာဖြစ်နိုင်သည်။ သင်ယူခြင်းမူ အာရုံဝင်စားမှု၊ စိတ်စွဲလမ်းမှု၊ အံ့အားသင့်မှု၊ စိတ်ရှုပ်ထွေးမှုတို့ကို ဖြစ်စေနိုင်ပြီး အလွန်ပင် နှစ်လိုဖွယ်ကောင်းလေ့ရှိ၏။ ယင်းကို ပျော်ရွှင်စရာဖြစ်စေလျှင် ကောင်းပေသည်။ သို့သော် ယင်းသည် ပျော်စရာဖြစ်ရန်မလိုချေ။” ဆက်၍ သူဤသို့ဆိုသည်– “သင်ကြားပေးခြင်း၌ အဘက်ဘက်တွင် ပညာကြွယ်ခြင်း၊ အစွမ်းအစရှိခြင်း၊ ကျွမ်းကျင်ခြင်း၊ ထိုးထွင်းသိမြင်ခြင်းနှင့် နားလည်မှုရှိခြင်းအပြင် အရေးကြီးဆုံးကား စဉ်းစားပေးတတ်၍ ဂရုစိုက်တတ်သောပုဂ္ဂိုလ်တစ်ဦးဖြစ်ရန်တည်း။”—သင်ကြားပေးခြင်း—ဆရာတစ်ဦး၏ခရီးစဉ်။
ဂျပန်နိုင်ငံ နာဂိုယာမြို့မှ ဆူမီအိုက သူ၏ကျောင်းသားများအကြား ဤပြဿနာကို တွေ့ မြင်လေသည်– “အထက်တန်းကျောင်းသားအများစုဟာ ရယ်စရာလုပ်ပြဖို့၊ အားမစိုက်ရတဲ့ အရာတွေကို လုပ်ဖို့ကလွဲရင် ဘာမှစိတ်မဝင်စားဘူး။”
ဘရွတ်ကလင်၊ နယူးယောက်မှ ကျောင်းသားအကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သော ရိုစာက ဤသို့ဆိုသည်– “ကျောင်းသားအများစုရဲ့သဘောထားက သင်ယူခြင်းဆိုတာ ငြီးငွေ့စရာပဲ။ ဆရာက ပျင်းစရာကြီး။ အရာရာဟာ ပျော်ရွှင်စရာပဲဖြစ်သင့်တယ်လို့ သူတို့ယူမှတ်ထားတယ်လေ။ ကြိုးစားလေ့လာနိုင်မှ အကျိုးများမယ်ဆိုတာကို သူတို့မသိဘူး။”
လူငယ်များသည် အပျော်အပါးမက်သဖြင့် အနာခံကာ အားစိုက်လုပ်ဆောင်ဖို့ သူတို့အတွက်ခက်ခဲသည်။ အထက်တွင် ပြောထားသောစူမိုင်အိုက ဤသို့ပြောသည်– “အဓိကကျတာက သူတို့ဟာ ရေရှည်အတွက် မစဉ်းစားနိုင်လို့ပဲ။ ယခုလက်ရှိအချိန်မှာ သူတို့ ကြိုးစားတာဟာ နောင်တစ်ချိန်ကျရင် အဲဒီကြိုးပမ်းမှုကနေ အကျိုးရှိလိမ့်မယ်ဆိုတာကို စဉ်းစားမိတဲ့ အထက်တန်းကျောင်းသား နည်းနည်းပဲရှိတယ်။”
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဒိုင်ယာနာ၊ အမေရိကန်ပြည်ထောင်စု
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
‘မူးယစ်ဆေးသုံးစွဲမှုက ပျံ့နှံ့နေပေမဲ့ သိရှိဖော်ထုတ်ဖို့ခက်တယ်။’—မိုက်ကယ်လ်၊ ဂျာမနီနိုင်ငံ
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
“မိသားစုအတွင်း အကြမ်းဖက်မှုနဲ့ မူးယစ်ဆေးစွဲတဲ့ပြဿနာတွေကို ကျွန်မတို့ကြုံတွေ့ရတယ်။”—အေမိယာ၊ မက္ကဆီကို
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
“ဆရာများကို ဟိတ်ဟန်ရှိတဲ့ ကလေးထိန်းများလိုမဟုတ်ဘဲ တခြားပညာရှင်တွေလိုပဲ
ဆက်ဆံသင့်တယ်။”—စန္ဒြာဖီးလ်ဒ်မင်း၊ အမေရိကန်ဆရာများသမဂ္ဂအသင်းမှ ဦးစီးနာယက