ပျားရည်ချိုမြသောဆေး
ပျားရည်ချိုမြသောဆေး
ပျားရည်၏ ရောဂါပိုးသတ်နိုင်စွမ်းနှင့် ရောင်ရမ်းမှု တားဆီးနိုင်စွမ်းတို့ကို ဆေးသုတေသီအချို့က စိတ်ပါဝင်စားကြသည်။ ကနေဒါနိုင်ငံ၏ သည်ဂလုပ်ဘ်အဲန်မေးလ် သတင်းစာက ဤသို့ဆို၏– “ပဋိဇီဝဆေးကိုမဖြုန်တော့သည့် အာဂပိုးမွှားများကို တားဆီးတိုက်ဖျက်သော ခေတ်မီဆန်းပြားသည့် ပဋိဇီဝဆေးရှိရှိသမျှနှင့်မတူဘဲ ပျားရည်သည် ကူးစက်နာများနှင့်ပတ်သက်လာလျှင် ၎င်းပိုးမွှားအချို့ကို တွန်းလှန်တိုက်ဖျက်နိုင်စွမ်းရှိသည်။”
ပျားရည်၌ ကုသနိုင်စွမ်းရှိသော အဘယ်အရာပါရှိသနည်း။ အဖြေတွင် ပန်းပွင့်များမှ ပန်းဝတ်ရည်စုသိမ်းသော လုပ်သားပျားအကျုံးဝင်ပါသည်။ ပျား၏တံတွေးတွင် ပန်းဝတ်ရည်ထဲရှိ ဂလူးကို့စ်ကို ဓာတ်ပြိုကွဲစေသော အဓိကအင်ဇိုင်းတစ်မျိုးဖြစ်သည့် ဂလူးကို့စ်အောက်စီဒေ့ပါဝင်သည်။ ဤဓာတ်ပြိုကွဲမှု၏ ဘေးထွက်ပစ္စည်းတစ်ခုမှာ ဒဏ်ရာများကို သန့်စင်၍ ပိုးသတ်ရာ၌ အသုံးပြုလေ့ရှိသော ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်ဖြစ်သည်။ ပုံမှန်အားဖြင့်၊ ဒဏ်ရာပေါ်ရှိ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်၏ အာနိသင်မှာ ခဏတာမျှဖြစ်သည်; သို့သော် ပျားရည်မှာမူ အာနိသင်ခြားနားသည်။ “ပျားရည်ကို ဒဏ်ရာပေါ်လိမ်းလိုက်သောအခါ ကိုယ်တွင်းရည်များကြောင့် အရည်နည်းနည်းကျဲသွားရာ ပျားရည်၏သဘာဝအချဉ်ဓာတ်ကို လျော့နည်းစေသည်” ဟုသည်ဂလုပ်ဘ်ကဆိုသည်။ ဤသို့အချဉ်ဓာတ်လျော့နည်းသွားသည့်အဖြစ်တွင် အင်ဇိုင်းအလုပ်လုပ်တော့သည်။ ပျားရည်ထဲရှိ သကြားဓာတ်ပြိုကွဲမှုသည် အရှိန်နှေးပြီး ဆက်တိုက်ဖြစ်နေသည်။ ၎င်းဓာတ်ပြိုကွဲမှုဖြစ်စဉ်က ဒဏ်ရာ၌ရှိသော ဘက်တီးရီးယားပိုးကို သေစေလောက်သော်လည်း အနီးတစ်ဝိုက်မှ ရောဂါကင်းသောအသားမျှင်ကို ဘေးမပြုနိုင်လောက်သည့် ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်ပမာဏကို တဖြည်းဖြည်းထုတ်လုပ်ပေးသည်။
သည်ဂလုပ်ဘ်အရ ပျားရည်တွင် အနာကျက်စေနိုင်သော ဂုဏ်သတ္တိအမျိုးမျိုးရှိသည်။ “ပျားရည်ခပ်ပါးပါးလိမ်းထားခြင်းက အရေပြားကိုကာကွယ်၍ အနာဖေးအမာတက်ခြင်းကို တားဆီးပေးသည့် စိုစွတ်မှုကိုဖြစ်စေသည်။ ပျားရည်သည် သွေးကြောမျှင်အသစ်များကို ကြီးထွားဖြစ်ပေါ်စေပြီး အရေပြားအသစ်တက်စေသော ဆဲလ်များကို ဖြစ်ပွားစေသည်။” ထို့အပြင် ပျားရည်၌ပါသော ဓာတ်တိုးကာကွယ်ပစ္စည်းများသည် ရောင်ရမ်းမှုကိုတားဆီးနိုင်စွမ်းရှိပြီး “အရောင်လျော့စေ၊ သွေးလည်ပတ်မှုကောင်းစေပြီး အနာ ‘အရည်တစိုစို’ မဖြစ်အောင် ထိန်းပေးသည်။”
“သို့ရာတွင် ပျားရည်သည် လူတိုင်းအတွက်ဆေးမဟုတ်ပါ” ဟု အဆိုပါအစီရင်ခံစာက သတိပေးသည်။ ပျားရည် ၅ ရာခိုင်နှုန်းအထိတွင် ဗော်ကျူလိုင်နမ် အဆိပ်တောက်ခြင်း မျိုးအောင်ရောဂါပိုးများပါရှိသည်။ (Health Canada’s Botulism Reference Service) ကဲ့သို့သော အေဂျင်စီများနှင့် ကလေးရောဂါလေ့လာသည့်အဖွဲ့အစည်းများက တစ်နှစ်အောက်ကလေးငယ်များကို ပျားရည်မတိုက်ဖို့ အကြံပေးကြသည်၊ “နို့စို့ကလေးများ၏အူထဲတွင် ဘက်တီးရီးယားပိုးမှ ကာကွယ်ပေးသော အဏုဇီဝရုပ် အလုံအလောက်မရှိသေး” သောကြောင့်ဖြစ်သည်။