အပြစ်ရှိသည်ဟူသောခံစားချက်များ—မနှစ်မြို့ဖွယ်အမြဲဖြစ်သလော
သမ္မာကျမ်းစာရှုထောင့်
အပြစ်ရှိသည်ဟူသောခံစားချက်များ—မနှစ်မြို့ဖွယ်အမြဲဖြစ်သလော
ယနေ့ လူများစွာတို့သည် အပြစ်ရှိသည်ဟူသောခံစားချက်များကို မနှစ်မြို့ဖွယ်ရာများအဖြစ် ရှုမြင်ကြ၏။ သူတို့သည် “အပြစ်ရှိခြင်းသည် လူသားတို့တွင် အပြင်းအထန်ပျံ့နှံ့ဖြစ်ပွားနေသည့် ကြောက်စရာအကောင်းဆုံး နာဖျားမှုဖြစ်သည်” ဟုပြောဆိုခဲ့သူ ဂျာမန် အတွေးအခေါ်ပညာရှင် ဖရက်ဒရင့်ခ် ခံစားခဲ့သည့်အတိုင်းပင်ဖြစ်၏။
သို့သော် သုတေသနပညာရှင်အချို့သည် ယခုအခါ အမျိုးမျိုးယူဆလာနေကြပြီဖြစ်သည်။ “အပြစ်ရှိခြင်းဟူသည် အာရုံခံစားနိုင်မှု၊ မိမိအပြုအမူအတွက်တာဝန်ယူနိုင်သူ လူတစ်ဦးအတွက် အရေးပါသောကဏ္ဍတစ်ခုဖြစ်၏။ ယင်းသည် သိစိတ်၏ ဆောင်ရွက်မှုတစ်ခုဖြစ်သည်” ဟု နိုင်ငံတကာအသိအမှတ်ပြု ကုထုံးပညာရှင်နှင့် စာရေးဆရာမတစ်ဦးဖြစ်သူ ပါရဂူဘွဲ့ရ စူဇန် ဖော်ဝါ့ဒ်ကဆို၏။ သို့ဖြစ်၍ အပြစ်ရှိသည်ဟူသော ခံစားချက်မှန်သမျှသည် မနှစ်မြို့ဖွယ်ရာများလော။ အပြစ်ရှိသည်ဟူသောခံစားချက်များက အထောက်အကူပြုနိုင်မည့် အခြေအနေတစ်စုံတစ်ရာများ ရှိပါသလော။
အပြစ်ရှိခြင်းဟူသည်အဘယ်နည်း
ကျွန်ုပ်တို့သည် ချစ်မြတ်နိုးသူတစ်ဦးဦးကို ထိခိုက်နာကျင်စေခဲ့ကြောင်း သိမြင်လာသည့်အခါဖြစ်စေ၊ ကျွန်ုပ်တို့အသက်ရှင်သင့်သည်ဟု ယူဆထားသည့် စံနှုန်းများကို တစ်နည်းနည်းဖြင့် ပျက်ကွက်သည့်အခါဖြစ်စေ အပြစ်ရှိသည်ဟူသော ခံစားချက်ဖြစ်ပေါ်လာလေသည်။ အကိုးအကားစာအုပ်တစ်အုပ်က ပြောဆိုထားသည့်အတိုင်း အပြစ်ရှိခြင်းသည် “ပျက်ကွက်မှု၊ စော်ကားမှု၊ ရာဇဝတ်မှု သို့မဟုတ် အပြစ်အတွက် လူတစ်ဦးတွင် အပြစ်ရှိသောကြောင့် ကြွေးတင်ခြင်း” နှင့်ဆက်နွှယ်နေ၏။
ဟေဗြဲကျမ်းစာစောင်များတွင် အပြစ်ရှိခြင်းသည် ဣသရေလလူမျိုးတစ်ဦး၏ ဘုရားသခင့်ပညတ်တော်နှင့်အညီ နေထိုင်ရန် ပျက်ကွက်ခြင်းနှင့် ဆက်နွှယ်မှုရှိခဲ့ကာ ဝတ်ပြုရာကျမ်းနှင့် တောလည်ရာကျမ်းတွင် အပြစ်ရှိခြင်းနှင့်စပ်လျဉ်းသည့် ရည်ညွှန်းချက်များ တစ်ဝက်ကျော်ပါရှိသည်။ စိတ်ဝင်စားစရာမှာ အပြစ်ရှိခြင်းဟူသည့် စကားလုံးကို ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် ဖော်ပြထားခြင်း မရှိသလောက်ဖြစ်သည်။ သို့သော် ဘုရားသခင်ကိုဆန့်ကျင်သည့် ကြီးလေးသောပြစ်မှုများနှင့် အလားတူဆက်နွှယ်နေသည့်အဖြစ်အပျက် အနည်းအကျဉ်းတော့ရှိပါသည်။—မာကု ၃:၂၉; ၁ ကောရိန္သု ၁၁:၂၇။
ကျွန်ုပ်တို့သည် အမှန်တကယ် အပြစ်မပြုမိပါဘဲလျက် အပြစ်ရှိသည်ဟု မမျှော်လင့်ဘဲ ခံစားရနိုင်သည်။ ဥပမာ၊ လူတစ်ဦးသည် ပြီးပြည့်စုံလင်မှုဝါဒီတစ်ဦးဖြစ်ကာ အကျိုးသင့်အကြောင်းသင့်မရှိသော စံနှုန်းများ ချမှတ်လေ့ရှိမည်ဆိုလျှင် မျှော်လင့်မထားသည့် စိတ်ပျက်စရာအကြောင်းတိုင်းက အပြစ်ရှိသည်ဟူသော မခံစားသင့်သည့် ခံစားချက်မျိုးဝင်လာစေပေမည်။ (ဒေ. ၇:၁၆) သို့မဟုတ် ကျွန်ုပ်တို့သည် အမှားတစ်ခုအပေါ် ဆင်ခြင်တုံတရားနှင့်အညီ နောင်တကို ရှက်စရာဟူသောခံစားချက်များ အပြင်းအထန်ခံစားရစေသည်အထိ ကြီးထွားစေကာ ကိုယ့်ကိုယ်ကို မလိုအပ်ဘဲ အပြစ်ပေးမိနိုင်သည်။ သို့ဖြစ်၍ အပြစ်ရှိသည်ဟူသော ခံစားချက်များက အဘယ်အကျိုးကျေးဇူး ဖြစ်ထွန်းစေနိုင်သနည်း။
အပြစ်ရှိသည်ဟူသောခံစားချက်များက ကောင်းကျိုးဖြစ်စေနိုင်
အပြစ်ရှိသည်ဟူသောခံစားချက်သည် အနည်းဆုံး နည်းလမ်းသုံးသွယ်ဖြင့် ကောင်းကျိုးဖြစ်စေနိုင်ပါသည်။ ပထမနည်းမှာ၊ ယင်းသည် လက်သင့်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းများကို ကျွန်ုပ်တို့ဂရုပြုကြောင်း အချက်ပြပေးသည်။ အလုပ်လုပ်သည့် အသိစိတ် ကျွန်ုပ်တို့၌ရှိကြောင်း ဖော်ပြပေး၏။ (ရောမ ၂:၁၅) အမှန်ဆိုရလျှင် အမေရိကန် စိတ်ရောဂါဆိုင်ရာ အသင်းအဖွဲ့မှထုတ်ဝေသည့် စာအုပ်တစ်အုပ်က အပြစ်ရှိသည်ဟူသောခံစားချက် မရှိခြင်းကို လူမှုအဖွဲ့အစည်းဆိုင်ရာ ခြိမ်းခြောက်နေသည့် အပြုအမူအဖြစ် ရှုမြင်သည်။ သိစိတ်ညစ်ညူးနေသော သို့မဟုတ် သိစိတ်ထုံထိုင်းနေသူတို့သည် အမှားနှင့်အမှန်ကို ခက်ခက်ခဲခဲ ဝေဖန်ပိုင်းခြားနေရရာ ယင်းက အန္တရာယ်ရှိစေနိုင်သည်။—တိတု ၁:၁၅၊ ၁၆။
ဒုတိယနည်းမှာ၊ အပြစ်ရှိသည်ဟူသော အသိစိတ်က မလိုလားအပ်သော လုပ်ရပ်များကို ရှောင်ကြဉ်ရန် ကျွန်ုပ်တို့အား ကူညီပေးနိုင်သည်။ ကိုယ်ခန္ဓာပိုင်းနာကျင်မှုသည် စိုးရိမ်စရာရှိသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့အား သတိပေးနေဘိသကဲ့သို့ပင် အပြစ်ရှိခြင်းနှင့်ဆက်စပ်နေသည့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ နာကျင်မှုကလည်း ကျွန်ုပ်တို့အလေးဂရုပြုရမည့် အကျင့်ပိုင်းဆိုင်ရာ သို့မဟုတ် ဝိညာဉ်ရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ကြောင်း သတိပေး၏။ အားနည်းချက်ကို ကျွန်ုပ်တို့သတိထားမိသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့သည် အနာဂတ်တွင် မိမိတို့ကိုယ်ကို၊ မိမိတို့၏ ချစ်မြတ်နိုးရသူများ သို့မဟုတ် အခြားသူများအား စိတ်နာစေမှုကိုပြုခြင်းအား ရှောင်ရန် တလိုတလား ပိုရှိလာကြသည်။—မဿဲ ၇:၁၂။
နောက်တစ်နည်းမှာ၊ အပြစ်ကိုဖော်ပြဝန်ခံခြင်းက အပြစ်ပြုသူနှင့် အပြစ်ပြုခံရသူတို့နှစ်ဦးစလုံးကို အကူအညီပေးနိုင်ပါသည်။ ဥပမာအနေနှင့် ဘုရင်ဒါဝိဒ်၏အပြစ်သည် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာဝေဒနာနှင့် ဒွန်တွဲနေသည်။ “ငါသည် အပြစ်ကိုမဖော်မပြဘဲနေစဉ်အခါ တစ်နေ့လုံးညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ရောက်ကြ၏” ဟု သူရေးသားခဲ့သည်။ သို့သော် နောက်ဆုံး ဘုရားသခင်ထံ မိမိအပြစ်ကို ဖော်ပြဝန်ခံသောအခါ ဒါဝိဒ် ဤသို့ဝမ်းမြောက်စွာ သီဆိုခဲ့သည်– “ကယ်လွှတ်ကြောင်းကိုဆိုသောသီချင်းနှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏။” (ဆာလံ ၃၂:၃၊ ၇) အပြစ်ကိုဖော်ပြဝန်ခံခြင်းသည် အပြစ်ပြုခံရသူကိုပင် စိတ်သက်သာရာရစေနိုင်သည်၊ အကြောင်းမှာ အပြစ်ဝန်ခံလိုက်ခြင်းက နာကျင်မှုများစွာပြုမိခြင်းအတွက် နောင်တရသူတစ်ဖက်သားသည် မိမိကိုချစ်ကြောင်း အပြစ်ပြုခံရသူအား စိတ်ချစေနိုင်သောကြောင့်ဖြစ်သည်။—၂ ဓမ္မရာဇဝင် ၁၁:၂-၁၅။
အပြစ်ရှိသည်ဟူသောခံစားချက်များဆိုင်ရာ မျှတသောအမြင်
အပြစ်နှင့်စပ်လျဉ်း၍ မျှတသောအမြင်ရှိရန် အပြစ်ပြုသူများနှင့် အပြစ်အပေါ် ယေရှုအမြင်နှင့် ဖာရိရှဲတို့အမြင် တခြားစီဖြစ်ကြောင်းကို သတိပြုပါ။ လုကာ ၇:၃၆-၅၀ တွင် ယေရှုညစာစားနေသည့် ဖာရိရှဲတစ်ဦး၏အိမ်ထဲသို့ ဝင်ရောက်လာသည့် အကျင့်ယိုယွင်းသောအမျိုးသမီးတစ်ဦးအကြောင်းကို ကျွန်ုပ်တို့ဖတ်ရှုရသည်။ သူသည် ယေရှုထံချဉ်းကပ်လာကာ သူ၏မျက်ရည်ဖြင့် ကိုယ်တော့်ခြေကို ဆေးကြောပေးပြီး အလွန်အဖိုးထိုက်သည့်ဆီမွှေးဖြင့် လိမ်းကျံပေးလေသည်။
ဘာသာတရားကိုင်းရှိုင်းသော ဖာရိရှဲသည် အဆိုပါအမျိုးသမီးကို အရေးမပါသကဲ့သို့ အထင်အမြင်သေးသည့်မျက်လုံးနှင့် ကြည့်နေသည်။ သူ့ကိုယ်သူ “ဤသူ [ယေရှု] သည် ပရောဖက်မှန်လျှင် ခြေ . . . ကိုကိုင်သောဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကိုသိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏” ဟုဆိုလေသည်။ (လုကာ ၇:၃၉) သူ၏အတွေးအခေါ်ကို ယေရှု အလျင်အမြန် ဆုံးမပြုပြင်ပေးလိုက်သည်။ ယေရှုက “သင်သည် ငါ့ခေါင်းကိုဆီနှင့်မလူး။ သူမူကား၊ ငါ့ခြေကို ဆီမွှေးနှင့်လိမ်းလေပြီ။ ထိုကြောင့် ငါဆိုသည်ကား၊ သူသည်များစွာသောအပြစ်တို့နှင့်လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏” ဟုမိန့်တော်မူလေ၏။ အဆိုပါ အကြင်နာစကားများသည် အမျိုးသမီးအား အားပေးမှုဖြစ်စေခဲ့ပြီး စိတ်လက်ပေါ့ပါးသွားမည်မှာ သေချာပါသည်။—လုကာ ၇:၄၆၊ ၄၇။
ယေရှုသည် အကျင့်ယိုယွင်းခြင်းကို ခွင့်လွှတ်နေခြင်း လုံးဝမဟုတ်ခဲ့ပါ။ သို့အစား ကိုယ်တော်က ဘုရားသခင်အားအမှုဆောင်ရာတွင် ချစ်ခြင်းမေတ္တာသည် သာလွန်ကောင်းမွန်သည့် လှုံ့ဆော်မှုတစ်ခုဖြစ်ကြောင်း အဆိုပါမာနကြီးသည့် ဖာရိရှဲအား သွန်သင်ပေးနေခြင်းဖြစ်၏။ (မဿဲ ၂၂:၃၆-၄၀) ယင်းကား အမှန်ပင်ဖြစ်သည်၊ အဆိုပါအမျိုးသမီးသည် သူ၏အတိတ်က အကျင့်ယိုယွင်းမှုနှင့်ပတ်သက်၍ အပြစ်ရှိသည်ဟုခံစားနေရသည်။ သူငိုကြွေးခဲ့ခြင်းက သူနောင်တရနေကြောင်း ထင်ရှား၏၊ သူ၏ယခင်ကလုပ်ရပ်အတွက် ဆင်ခြေပေးဖို့ ကြိုးပမ်းအားထုတ်ခြင်းမရှိဘဲ ယေရှုကို အများရှေ့ဂုဏ်တင်ဖို့ အပြုသဘောပါပါလုပ်ဆောင်ခဲ့သည်။ ယင်းကို မြင်တွေ့ရသောအခါ ယေရှုက “သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလော့” ဟု သူ့အားမိန့်ဆိုလေသည်။—လုကာ ၇:၅၀။
အခြားတစ်ဖက်တွင်မူ ဖာရိရှဲသည် အဆိုပါအမျိုးသမီးအား အပြစ်သားအဖြစ် ဆက်၍ အထင်အမြင်သေးခဲ့၏။ အမျိုးသမီးအား ‘ဘုရားသခင်ထံစာရင်းရှင်းရမည့်သူ” အဖြစ်သိရှိစေရန်ပြုဖို့ သူမျှော်လင့်ထားကာ သူ့ကို အရှက်ရစေလိုခဲ့သည်။ သို့သော် အခြားသူများက သူတို့လုပ်သင့်သည့်အရာကို ကျွန်ုပ်တို့တွေးထင်ထားသည့်အတိုင်း အမြဲမလုပ်စေကာမူ သူတို့အား အပြစ်ရှိသည်ဟုခံစားစေရန် အဆက်မပြတ် ကြိုးစားနေခြင်းသည် မေတ္တာမဲ့ရာကျပြီး ရေရှည်တွင် ဆိုးကျိုးဖြစ်စေနိုင်သည်။ (၂ ကောရိန္သု ၉:၇) ပုံသက်သေကောင်းပြခြင်း၊ အခြားသူများအား စိတ်ရင်းမှန်ဖြင့်ချီးမွမ်းခြင်း၊ အပြစ်ဖော်ပြဆုံးမခြင်းနှင့် သွန်သင်ချက်ပေးဖို့ လိုအပ်ကောင်းလိုအပ်လာသည့် အချိန်များ၌ပင်လျှင် သူတို့ကို ယုံကြည်စိတ်ချကြောင်း ဖော်ပြခြင်းအားဖြင့် ယေရှုကိုတုပခြင်းမှ အကောင်းဆုံး အကျိုးရလဒ်များ ထွက်ပေါ်လာသည်။—မဿဲ ၁၁:၂၈-၃၀; ရောမ ၁၂:၁၀; ဧဖက် ၄:၂၉။
သို့ဖြစ်၍ ကျွန်ုပ်တို့ တစ်ခုခုအမှားလုပ်ခဲ့မိသည့်အခါ အပြစ်ရှိသည်ဟူသောခံစားချက်သည် ကောင်းကျိုးဖြစ်စေနိုင်ကာ လိုပင်လိုအပ်သည်။ နယပုံပြင် ၁၄:၉ က ဤသို့ဆိုသည်– “မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီလေးစားပြုကြ၏။” အပြစ်ရှိသည်ဟူသောသိစိတ်သည် ကျွန်ုပ်တို့အား အပြစ်ကိုဖော်ပြဝန်ချရန် လှုံ့ဆော်ပေးနိုင်သည်ဖြစ်၍ လှုံ့ဆော်ပေးသင့်ကာ အခြားအပြုသဘောပါသည့် လုပ်ရပ်ကို လုပ်ဆောင်စေနိုင်သည်။ သို့ရာတွင်၊ ယေဟောဝါထံ ကျွန်ုပ်တို့အမှုဆောင်ခြင်း၏ အခြေခံအကြောင်းရင်းသည် အပြစ်ကြောင့်မဟုတ်ဘဲ မေတ္တာကြောင့် အမှုဆောင်ခြင်း အမြဲဖြစ်သင့်၏။ (ယောဘ ၁:၉-၁၁; ၂:၄၊ ၅) လူကောင်းတို့အား ယင်းကိုစိတ်စွဲမှတ်စေလျက် သူတို့ကို အားပေးပြီး အားသစ်လောင်းပေးသည့်အခါ သူတို့အတတ်နိုင်ဆုံး လုပ်ဆောင်ကြမည်ဖြစ်ကြောင်းကို ကျွန်ုပ်တို့အား သမ္မာကျမ်းစာက စိတ်ချစေသည်။ ပို၍အရေးကြီးသည်ကား ယင်းကို လုပ်ဆောင်ရာ၌ သူတို့ ပျော်ရွှင်ကြပါလိမ့်မည်။