အဘယ်ကြောင့် ဆရာတစ်ဦးဖြစ်ရသနည်း
အဘယ်ကြောင့် ဆရာတစ်ဦးဖြစ်ရသနည်း
“ဆရာအများစုသည် ဆရာအလုပ်ဖြင့်အသက်မွေးဖို့ ရွေးချယ်ကြခြင်းမှာ အကူအညီပေးသောလုပ်ငန်း ဖြစ်သောကြောင့်တည်း။ [သင်ကြားပေးခြင်းသည်] ကလေးတို့၏ဘဝအသက်တာကို တစ်မူထူးသွား စေရန် တာဝန်ယူလိုက်ခြင်းဖြစ်သည်။”—ဆရာဆရာမများ၊ ကျောင်းများနှင့် လူ့အဖွဲ့အစည်း။
သင်ကြားခြင်းသည် ဆရာအချို့အတွက် လွယ်ကူသယောင်ရှိသော်လည်း တန်းကျော်မာရသွန်ပြေးပွဲအလား—စာသင်ခန်း၌ လူများလွန်းခြင်း၊ စာရွက်စာတမ်းများဖြင့် အဆမတန် လုပ်ဆောင်ရလွန်းခြင်း၊ အဆင့်ဆင့်ခန့်အပ်အုပ်ချုပ်မှုကို ကြိတ်မှိတ်ခံသွားရခြင်း၊ နားထူသောကျောင်းသားများနှင့် မလောက်ငသောလစာတို့ကို ကျော်လွှား သွားနေရသည်။ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှ ဆရာပေသရိုက ဤအတိုင်းပြောပြသည်– “ဆရာတစ်ဦးဖြစ်ရတာ လွယ်တော့မလွယ်ဘူး။ တော်တော့်ကို အနစ်နာခံရပါတယ်။ ဒါပေမဲ့ ဘယ်အခက်အခဲနဲ့ပဲတွေ့တွေ့၊ ကျွန်တော်ဟာ စာသင်ပြခြင်းကို စီးပွားရေးလောကမှာရှိတဲ့ အလုပ်အကိုင်ထက် ပိုပြီးအကျိုးရှိစေတဲ့လုပ်ငန်းလို့ သတ်မှတ်ထားဆဲပါပဲ။”
စိန်ခေါ်ချက်များသည် နိုင်ငံအတော်များများ၏ မြို့ကြီးပြကြီးများ၌ သာ၍ကြီးကျယ်နိုင်သည်။ မူးယစ်ဆေးဝါး၊ ရာဇဝတ်မှု၊ အကျင့်ယိုယွင်းမှုနှင့် ရံဖန်ရံခါ မိဘများ၏စိတ်ဝင်စားမှုမရှိခြင်းတို့က ကျောင်းပတ်ဝန်းကျင်၊ ကျောင်းစည်းကမ်းတို့ကို လွန်စွာထိခိုက်စေသည်။ ကလန်ကဆန်သဘောထားများမှာ အဆန်းမဟုတ်တော့ချေ။ ထိုသို့ဆိုလျှင် အရည်အချင်းရှိသူများစွာသည် အဘယ်ကြောင့် ဆရာအလုပ်ကိုရွေးချယ်ကြသနည်း။
လီမာရီးစ်နှင့် ဒိုင်ယာနာတို့သည် နယူးယောက်မြို့မှ ဆရာ၊ ဆရာမများဖြစ်သည်။ သူတို့သည် သူငယ်တန်းမှသည် အသက်ဆယ်နှစ်ရှိ ကလေးများအထိ စာသင်ပြကြသည်။ နှစ်ဦးစလုံးမှာ (အင်္ဂလိပ်-စပိန်) ဘာသာစကားနှစ်မျိုး ပြောဆိုသူများဖြစ်ပြီး အဓိကစပိန်ဘာသာစကားပြောကလေးများကို သင်ကြားလေသည်။ ကျွန်ုပ်တို့၏မေးခွန်းကား . . .
ဆရာတစ်ဦးဖြစ်ရန် အဘယ်အရာကလှုံ့ဆော်သနည်း
လီမာရီးစ်က ဤသို့ပြောပြခဲ့သည်– “ကျွန်တော့်ကို ဘာကလှုံ့ဆော်သလဲဆိုရင် ကလေးတွေကို ချစ်လို့ပါပဲ။ ကလေးအချို့အတွက် သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို အကူအညီပေးနိုင်တဲ့သူဟာ ကျွန်တော်ပဲရှိတယ်ဆိုတာ ကျွန်တော်သိတယ်။”
ဒိုင်ယာနာက ဤသို့ပြောပြသည်– “ရှစ်နှစ်အရွယ် ကျွန်မရဲ့တူဟာ ကျောင်းမှာ အထူးသဖြင့် ဖတ်ရွတ်ခြင်းမှာ အခက်တွေ့နေလို့ သီးသန့်သင်ပေးခဲ့ရတယ်။ သူနဲ့ အခြားသူတွေ စာတတ်မြောက်လာတာကို မြင်တွေ့ရတဲ့အတွက် အကျေနပ်ကြီးကျေနပ်မိတယ်! ဒါနဲ့ ကျောင်းဆရာမပဲလုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီး ဘဏ်အလုပ်ကနေ ထွက်လိုက်တယ်။”
ထပ်တူမေးခွန်းမျိုးကို နိုးလော့! က နိုင်ငံအတော်များများမှ ဆရာဆရာမများအား မေးမြန်းခဲ့ရာ အောက်ပါတို့မှာ ရရှိခဲ့သည့်အဖြေများ၏နမူနာဖြစ်သည်။
အသက် ၄၀ ကျော်အရွယ်ရှိ အီတလီလူမျိုး ဂျူလီယားနိုးက ဤသို့ရှင်းပြသည်– “ဒီအလုပ်ကို ကျွန်တော်ရွေးချယ်ရတာက ကျောင်းသားဘဝ (ယာဘက်ပုံ) တုန်းက ဒါကိုစွဲလမ်းမိခဲ့လို့ပဲ။ ဒီအလုပ်ဟာ ဖန်တီးနိုင်စွမ်းရှိပြီ အခြားသူတွေကို လှုံ့ဆော်ပေးနိုင်ခွင့်အပြည့်ရှိတယ်လို့ ကျွန်တော်ယူမှတ်တယ်။ ကျွန်တော်မှာရှိထားတဲ့ စိတ်ထက်သန်မှုက စလုပ်ချိန်မှာ တွေ့ကြုံရတဲ့အခက်အခဲတွေကို ကျော်လွှားဖို့ ထောက်ကူပေးခဲ့တယ်။”
ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်မှ နစ်ခ်က ဤသို့ဆိုသည်– “ကျွန်တော့်ရဲ့ ဓာတုဗေဒသုတေသနနယ်ပယ်မှာ အလုပ်ရဖို့ အလားအလာအရမ်းနည်းတယ်၊ ဒါပေမဲ့ ပညာရေးလောကမှာတော့ အခွင့်အလမ်းများတယ်။ အဲဒီအချိန်ကစလို့ စာသင်ပေးတာကို ကျွန်တော် ပျော်လာတယ်၊ ကျောင်းသားတွေကလည်း ကျွန်တော့်ရဲ့ အသင်အပြကို သဘောကျပုံရတယ်။”
ဆရာများဖြစ်ဖို့ ရွေးချယ်ကြရာတွင် မိဘတို့၏ပုံသက်သေကလည်း အဓိကအကြောင်းရင်းဖြစ်လေ့ရှိသည်။ ကင်ညာမှ ဝီလျံက ကျွန်ုပ်တို့၏မေးခွန်းကို ဤသို့ဖြေဆိုသည်– “ကျွန်တော့်ရဲ့ ကျောင်းဆရာဖြစ်လိုတဲ့ဆန္ဒအပေါ် လွန်ခဲ့တဲ့ ၁၉၅၂ ခုနှစ်မှာ ဆရာတစ်ဦးဖြစ်တဲ့ ကျွန်တော့်အဖေရဲ့သြဇာ တော်တော်သက်ရောက်ခဲ့တာပါ။ လူငယ်တွေရဲ့စိတ်ကို ကျွန်တော်ပုံသွင်းပေးနေတယ်ဆိုတဲ့ အသိတစ်ခုဟာ ဒီအလုပ်မှာမြဲစေတဲ့ အကြောင်းတစ်ခုပါပဲ။”
ကင်ညာနိုင်ငံမှပင်ဖြစ်သော ရို့စ်မေရီက ကျွန်ုပ်တို့ကို ဤသို့ပြောပြခဲ့သည်– “ကျွန်မဟာ အခွင့်မသာတဲ့သူတွေကို ကူညီလိုစိတ် အမြဲရှိခဲ့တယ်။ ဒါနဲ့ပဲ သူနာပြုလုပ်မလား၊ ကျောင်းဆရာမလုပ်ရမလားဆိုပြီး ရွေးချယ်ဖို့ ဖြစ်လာတယ်။ ဆရာအလုပ် အရင်ကမ်းလှမ်းခံရတယ်။ ကျွန်မလည်း မိခင်တစ်ဦးပါပဲဆိုတဲ့အချက်က ဒီအလုပ်အပေါ် ကျွန်မရဲ့မြတ်နိုးစိတ်ကို တိုးပွားစေခဲ့တာပါ။”
ဂျာမနီနိုင်ငံ ဂျုရီယန်မြို့မှ ဘားသော်လ်သည် ဆရာဖြစ်လာရသည့် စေ့ဆော်ချက် နောက်တစ်မျိုးရှိခဲ့၏– “ကျွန်တော်ရဲ့ဇနီးက ကျွန်တော့်ကို ဆရာကောင်းတစ်ယောက် ဖြစ်လာမယ်လို့ပြောတယ်။” သူ၏ဇနီးပြောသည့်အတိုင်း ဖြစ်လာခဲ့သည်။ သူဤသို့ဆက်ပြောသည်– “အခု ကျွန်တော့်အလုပ်က ပျော်ရွှင်မှုအများကြီးပေးတယ်။ ပညာရေးရဲ့တန်ဖိုးကိုမသိ၊ လူငယ်တွေကိုလည်း စိတ်မဝင်စားဘဲနဲ့တော့ အောင်မြင်ပြီး လှုံ့ဆော်ပေးတတ်တဲ့၊ စိတ်ကျေနပ်မှုခံစားရတဲ့ ဆရာကောင်းတစ်ဦး ဖြစ်မလာနိုင်ပါဘူး။”
နာကာတ်စုမြို့မှ ဂျပန်လူမျိုးဆရာတစ်ဦးဖြစ်သော မာဆာဟီရိုက ဤသို့ဆိုခဲ့သည်– “ကျွန်တော့်ကို ဆရာဖြစ်လာစေတဲ့အရာကတော့ ကျွန်တော်အလယ်တန်းအရောက်မှာ ဆရာကောင်းတစ်ဦးနဲ့တွေ့ခဲ့လို့ပါပဲ။ သူဟာ ကျွန်တော်တို့ကို စိတ်ပါလက်ပါသင်ပေးတယ်။ နောက်ပြီး ဒီအလုပ်မြဲနေရတဲ့ အဓိကအကြောင်းကတော့ ကလေးတွေကို ကျွန်တော်ချစ်လို့ပါပဲ။”
ဂျပန်နိုင်ငံမှပင်ဖြစ်သော ယခု အသက် ၅၄ နှစ်ရှိ ယိုရှီယာသည် စက်ရုံတွင် လစာကောင်းသောအလုပ်ရထားသော်လည်း မိမိသည် ကျွန်တစ်ဦးသဖွယ် နေ့တိုင်းအလုပ်ဆင်းရသည်ဟု ခံစားမိခဲ့သည်။ “တစ်နေ့ တစ်ယောက်တည်းစဉ်းစားမိတယ် ‘ဒီဘဝပုံစံမျိုးနဲ့ ဘယ်လောက်ကြာကြာ ဆက်စခန်းသွားရမှာလဲ။’ အရာဝတ္ထုတွေထက် လူတွေနဲ့ ပိုပြီးထိတွေ့ဆက်ဆံရမယ့် အလုပ်တစ်ခုရှာဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ဆရာအလုပ်ဟာ ထူးခြားပါတယ်။ လူငယ်တွေနဲ့အတူ လုပ်ဆောင်ရတယ်။ လူသားဆန်တဲ့အလုပ်ပါပဲ။”
ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့မှ ဗလျင်တီးနားသည် ဆရာမတစ်ဦးဖြစ်ရခြင်းကို တန်ဖိုးထားလေးမြတ်သည်။ သူဤသို့ဆိုသည်– “ဆရာအလုပ်နဲ့ အသက်မွေးဖို့ ကျွန်မရွေးချယ်တာပါ။ မူလတန်းပြဆရာအဖြစ် ကျွန်မလုပ်လာခဲ့တာ ၃၇ နှစ်ရှိပြီ။ ကလေးတွေနဲ့နေရတာ ကျွန်မပျော်တယ်၊ အထူးသဖြင့် ကလေးသူငယ်လေးတွေနဲ့ပေါ့။ ကျွန်မအလုပ်ကိုမြတ်နိုးလို့ အငြိမ်းစားမယူသေးတာပါ။”
သူကိုယ်တိုင် ကျောင်းဆရာတစ်ဦးဖြစ်သော ဝီလျံအေရာစ်က ဤသို့ရေးသားသည်– “ဆရာအလုပ်ဖြင့် အသက်မွေးကြရသည့်အကြောင်းမှာ
သူတို့သည် ကလေးများနှင့် လူငယ်တို့ကိုချစ်သောကြောင့် သို့မဟုတ် သူတို့နှင့်အတူရှိနေခြင်း၊ သူတို့တိုးတက်၍ ကြီးပြင်းလာပြီး ပိုအရည်အချင်းပြည့်မီကာ သာ၍တတ်စွမ်းသည်သာမက ကမ္ဘာတွင် ပို၍သြဇာရှိလာပုံအပေါ် စောင့်ကြည့်ရခြင်းကို နှစ်သက်သောကြောင့်ဖြစ်သည်။ . . . အခြားသူတို့အား လက်ဆောင်အဖြစ် ကိုယ့်ကိုယ်ကိုပေးဆက်ရန် . . . လူတို့သွန်သင်ခံရ၏။ ကမ္ဘာကြီးကို ပိုကောင်းလာစေရန်ဟူသော မျှော်လင့်ချက်ဖြင့် ကျွန်တော် စာသင်ပြခြင်းဖြစ်သည်။”မှန်ပါသည်၊ အခက်အခဲ၊ ပြဿနာများရှိသည့်ကြားမှ ထောင်နှင့်ချီသော အမျိုးသား၊ အမျိုးသမီးတို့သည် ဆရာလုပ်ငန်းဖြင့် အသက်မွေးဖို့ ဆွဲဆောင်ခံရသည်။ သူတို့ရင်ဆိုင်ရသည့် အဓိကအခက်အခဲအချို့ကား အဘယ်နည်း။ နောက်ဆောင်းပါး၌ အဆိုပါမေးခွန်းကို ဆွေးနွေးသွားမည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
မိဘ–ဆရာ ဆက်ဆံရေးအတွက် အကြံပြုချက်များ
✔ မိဘများနှင့် သိကျွမ်းနေဖို့ကြိုးစားပါ။ ယင်းသည် အချိန်ဖြုန်းရာမကျဘဲ နှစ်ဦးနှစ်ဖက်အကျိုးရှိစေသော အချိန်အရင်းပြုမှုဖြစ်သည်။ ယင်းက သင်၏ အကောင်းဆုံးပူးပေါင်းလုပ်ဆောင်ပေးနိုင်သူတို့နှင့် အစေးကပ်စေဖို့ သင့်အတွက် အခွင့်အလမ်းဖြစ်သည်။
✔ မိဘများနှင့် တစ်ဂိုဏ်းတည်းထား ပြောဆိုပါ၊ နှိမ်ပြောခြင်း သို့မဟုတ် တင်စီးပြောခြင်းတို့ကို မပြုပါနှင့်။ ဆရာများသာနားလည်သည့်အသုံးအနှုန်းမျိုးကို ရှောင်ပါ။
✔ ကလေးအကြောင်း ပြောသည့်အခါ အပြုသဘောထား ပေါ်လွင်စေပါ။ ချီးမွမ်းပေးခြင်းသည် ပြစ်တင်ရှုတ်ချခြင်းထက် အကျိုးများသည်။ ကလေးအောင်မြင်စေဖို့ မိဘတို့ဘက်မှ အဘယ်အရာကူညီပေးနိုင်ကြောင်း ရှင်းပြပါ။
✔ မိဘများကို စကားပြောစေပါ၊ အမှန်တကယ် နားထောင်ပေးပါ။
✔ ကလေး၏အိမ်တွင်းရေးအခြေအနေကို နားလည်အောင် လုပ်ပါ။ ဖြစ်နိုင်လျှင် သွားရောက်လည်ပတ်ပါ။
✔ ထပ်၍ဆွေးနွေးမည့်ရက်ကို သတ်မှတ်ပါ။ ထိုအတိုင်းလုပ်ရန် အရေးကြီးသည်။ ယင်းက သင် တကယ်စိတ်ဝင်စားကြောင်းဖော်ပြသည်။—အမေရိကန်တွင်ဆရာအလုပ် စာအုပ်ကိုအခြေခံသည်။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
‘ကျွန်တော့်အဖေလည်း ဆရာတစ်ဦးပါပဲ။’—ဝီလျံ၊ ကင်ညာနိုင်ငံ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
“ကလေးတွေနဲ့နေရတာ ကျွန်မပျော်တယ်။”—ဗလျင်တီးနား၊ ရုရှားနိုင်ငံ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
“စာပြခြင်းဟာ ထူးခြားပါတယ်။ လူငယ်တွေနဲ့တွဲပြီး သင်လုပ်ဆောင်ရတယ်။”—ယိုရှီယာ၊ ဂျပန်နိုင်ငံ