မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

မျက်လုံး​ကြီး​တစ်လုံး

မြွေ​ကြယ်ငါး​ဟု​လည်း​လူသိ​များ​သည့် ကြွပ်ဆတ်​သော​ကြယ်ငါး​သည် မှောင်​မည်း​သော သမုဒ္ဒရာ​ရေ​နက်​ပိုင်း​များ​တွင် မျက်လုံး​များ​မပါဘဲ အသက်ရှင်နေ​နိုင်​သည်​ဟူ​၏။ ကြယ်ငါး​မျိုးရင်းဝင်​ဖြစ်သော အဆိုပါ​ငါး​သည် သားစား​ကောင်​များ​ကို မည်သို့​တွေ့ မြင်နိုင်​ပြီး ယင်း​တို့​မှ မည်သို့​တိမ်းရှောင်​သွား​နိုင်​ပုံ​နှင့်​ပတ်သက်​၍ သုတေသီ​များ စဉ်းစား​ရ​ကျပ်​နေကြ​သည်။ “ယခု ၎င်း​၏​လျှို့ဝှက်ချက်​ကို သိပ္ပံ​ပညာရှင်​များ တွေ့ ရှိကြ​ပြီ​ဖြစ်၏။ ၎င်း​၏​အခြေခံ​သွင်ပြင်​တစ်ခုလုံး​မှာ ကြီးမားသော​မျက်လုံး​တစ်လုံး​ဖြစ်နေ​လေ​သည်” ဟု နယူးယောက်​တိုင်းမ်​စ်​က အစီရင်ခံ​သည်။ ကြွပ်ဆတ်​သော​ကြယ်ငါး​သည် ကြီးမားသော ပေါင်းစပ်​မျက်လုံး​တစ်လုံး​ဖြစ်သည်​ဟု ထင်​ရ​ပုံ​ပေါ်​စေရန် ပုတီးစေ့​သဏ္ဌာန် မှန်ဘီလူး​များ​ကို အသုံးပြု​သည်။ ထို့​အပြင် ၎င်း​၏​အလွန်​သေးငယ်သော မှန်ဘီလူး​များသည် “ယနေ့ခေတ် ဓာတ်ခွဲခန်း​သုံး အဏုကြည့်​မှန်ဘီလူး​များ​၏ အလင်း​စုဆုံ​နိုင်​အား​ထက် ဆယ်​ဆ အလင်း​စုဆုံ” နိုင်​သည်​ဟု အဆိုပါ​သတင်းက​ဆို​၏။ “အံ့ချီးဖွယ်​အရာဝတ္ထု​များ​ကို လက်ရှိ​နည်း​ပညာရပ်​ထက် သဘာဝ​က အတိုင်း​ထက်​အလွန် ပုံစံ​ပြုလုပ်​ပေး​နိုင်​ပုံ​ကို ဤ​လေ့လာမှု​က ဖော်ပြ​ပေး​သည်” ဟု အဆိုပါ​လေ့လာရေး​၏ ခေါင်းဆောင် စာရေး​ဆရာမ ဒေါက်တာ ဂျို​အန်​နာ အီဇင်ဘာ့ဂ်​က ပြောဆို​လိုက်​သည်။

ကြံ့ခိုင်​သန်မာ​သော ဗက်တီးရီးယား

ကမ္ဘာ​မြေကြီး​သည် မြေအောက်​မိုင်​ပေါင်း​များစွာ​ထိ​တိုင် သက်ရှိ​များနှင့် ပြည့်နှက်​နေသည်​ဟု ကနေဒါ​နိုင်ငံ နေ​ရှင်​နယ်​လ်​ပို့​စ်​သတင်းစာ​က အစီရင်ခံ​လိုက်​သည်။ “ထို​ဗက်တီးရီးယား​ပိုး​များသည် ကမ္ဘာ့​မြေမျက်နှာပြင်​အတွင်း နက်နက်ရှိုင်းရှိုင်း​ရှိ​နေနိုင်​ကြ​ရာ ယင်း​ပိုးမွှား​များ​ထံ မိုး​ရေ​ရောက်ရှိ​ရန်​အတွက် နှစ်ပေါင်း ၅၀,၀၀၀ ကြာညောင်း​မည်” ဟု ဂါ့လ်ဖ်​တက္ကသိုလ်​မှ ပါမောက္ခ တယ်​ရီ ဘီ​ဗာ​ရ​ဒ်ခ်ျ​က​ဆို​၏။ “အစာ​မှီဝဲ​ရန် အလင်းရောင်​မရှိ၊ အလင်း​မှီ​စု​ဖွဲ့​ခြင်း​မရှိ၊ သကြား သို့​မဟုတ် ပ​ရို​တိ​န်း​ဒြပ်​ပေါင်း​များလည်း​မရှိ​ချေ။” အဆိုပါ​ဗက်တီးရီးယား​ပိုး​များ မည်သို့​အသက်ရှင်​ကြ​သနည်း။ ပို့​စ်​သတင်းစာ​၏​အဆို​အရ၊ ရှီ​ဝ​မ်​နဲ​လ်​လ (shewanella) ဟု​ခေါ်​သည့် ဗက်တီးရီးယား​ပိုး​သည် သံ​အောက်​ဆို​ဒ်​တွင်​တွယ်ကပ်​နေပြီး “၎င်း​တို့​အသက်ရှင်​သန်​ဖို့ လိုအပ်သော ဇီဝ​တွင်း​ဖြစ်ပျက်​မှု​စွမ်းအင်​ကို​ရရှိရန် သတ္တု​အီလက်ထရွန်​များ​ကို” စုပ်ယူ​ကြသည်​ကို ကနေး​ဒီး​ယန်း​နှင့် ယူ.အက်စ်. သုတေသီ​များ​က လေ့လာ​တွေ့ ရှိခဲ့​ကြသည်။ ထောင်သောင်း​ချီ​သော အဏုဇီဝ​ရုပ်​အမျိုးမျိုး​သည် နက်ရှိုင်း​သည့်​မြေကြီး​အောက်တွင် အသက်ရှင်နေ​ထိုင်​ကြသည်၊ သို့သော် သိသိသာသာ ခွဲခြား​၍​ရခဲ့​သည့်​ပိုးမွှား​မှာ ၁၀ ရာခိုင်နှုန်း​ပင်မ​ပြည့်​ကြောင်း သိပ္ပံ​ပညာရှင်​တို့​က ခန့်မှန်း​ကြ​၏။

အိပ်ချင်​သည့်​ရောဂါ ပြန်ထ​လာ​ခြင်း

“အိပ်ချင်​သည့်​ရောဂါ​သည် အာဖရိက​နိုင်ငံ​များ​တွင် ပြန်ထ​လာ​ခဲ့​သည်​မှာ အန္တရာယ်​အဆင့်​သို့ ရောက်ရှိ​နေပြီ​ဖြစ်​ကြောင်း သုတေသီ​များ​က သတိပေး​ခဲ့​ကြ​၏” ဟု ဗြိတိသျှ ဆေး​ဘက်​ဆိုင်ရာ​ဂျာနယ်​က အစီရင်ခံ​လိုက်​သည်။ အာဖရိက​နိုင်ငံ​ရှိ အိပ်ချင်​သည့်​ရောဂါ (Trypanosomiasis) တိုက်ဖျက်ရေး​အသင်းအဖွဲ့​မှ ပီး​ယား ကာ​တန်​က​ဤသို့​ဆို​သည်– “လူပေါင်း သန်း​ခြောက်​ဆယ်​သည် ဘေးသင့်နေ​သည်​ဟု​ယူမှတ်​ရ၏၊ သို့သော် သုံး​သန်း​မှ လေး​သန်း​အထိ​ကို​သာ စောင့်ကြပ်​ကြည့်ရှု​နေရ​ပြီး တစ်နှစ်​လျှင် ၄၅,၀၀၀ ခန့်​ရှိ လူနာ​အသစ်များ​ကို ကုသ​ပေး​နေရ​သည်။ လက်ရှိ​ကူးစက်​ခံ​နေရ​သည့် လူပေါင်း​မှာ အနည်းဆုံး ၃၀၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ​ရှိ​မည်​ဟု​ခန့်မှန်း​ရသည်။” ၁၉၆၀ ပြည့်လွန်​နှစ်များ​က ပျောက်ကွယ်​လု​နီး​နီး​ဖြစ်​ခဲ့​သည့် အဆိုပါ​ရောဂါ​ကို သုံးသပ်ကြည့်​ရာ ယင်းသည် စီ​စီ​ယင်ကောင်​မှ​တစ်ဆင့် လူ​တို့​ထံ​ကူးစက်​သွားခြင်း​ဖြစ်သည်။ အန္တရာယ်​အများဆုံး ကျရောက်​နေသည်​ဟု​ဆို​ရမည့် ဒေသ​များနှင့် နိုင်ငံတကာ​အကူအညီ လိုအပ်​သည့်​ဒေသ​များ​မှာ အင်ဂိုလာ​နိုင်ငံ၊ ကွန်ဂို​ဒီမိုကရက်တစ် ပြည်​သူ့​သမ္မတနိုင်ငံ​နှင့် ဆူ​ဒန်​နိုင်ငံ​တောင်ပိုင်း​ဒေသ​တို့ ဖြစ်​ကြ​ပေ​သည်။

ဘာသာရေး​ကို ချက်​နိုင်ငံသား​များ ငြင်းပယ်

ချက်​ပြည်​သူ့​သမ္မတနိုင်ငံ​၏ စာရင်းအင်း​ရုံး​မှ​ထုတ်ပြန်​ကြေညာ​သည့် ကိန်း​ဂဏန်း​များ​က ချက်​လူမှု​အဖွဲ့အစည်း​အတွင်း လူများစွာ​တို့ ဘာသာ​တရားကို​ငြင်းပယ်​ခဲ့​ကြသည်​မှာ လွန်ခဲ့သော​ဆယ်နှစ်​ကျော်​လောက်​က​ဟု ထောက်ပြ​သည်။ ဥပမာ၊ ၂၀၀၁ ခုနှစ်​၌ ချက်​နိုင်ငံသား ၂.၇ သန်း​က​သာ သူတို့ကိုယ်သူတို့ ရိုမန်ကက်သလစ်​များ​ဖြစ်​ကြောင်း ဖော်ပြ​ခဲ့​ကြ​ရာ ၄ သန်း​ရှိခဲ့​သည့် ၁၉၉၁ ခုနှစ်​နှင့် နှိုင်းယှဉ်​ကြည့်​နိုင်​ပေ​သည်။ ထပ်တူ​ကာလ​အတွင်း ဧဝံဂေလိ​ချာ့ခ်ျ​နှင့် ဟူး​ဆိုက်​ချာ့ခ်ျ​တို့သည်​လည်း ၃၂ ရာခိုင်နှုန်း​နှင့် ၄၆ ရာခိုင်နှုန်း အသီးသီး​ဆုံးရှုံးမှု​များ​ကြုံ​ခဲ့​ရ၏။ အဘယ်ကြောင့် ကျဆင်း​သွား​ရသနည်း။ ကွန်မြူနစ်​ဝါဒ​ကျဆုံး​ပြီး​နောက်​များ​မကြာမီ ချက်​နိုင်ငံသား​များသည် မိမိတို့​ကိုယ်ကို ချာ့ခ်ျ​အဖွဲ့ဝင်​များ​ဟု လွတ်လွတ်လပ်လပ် ဖော်ပြ​ခဲ့​ကြသည်။ သို့သော် ယနေ့​တွင်​မူ နိုင်​ငံ့​လူဦးရေ​၏ ၆၀ ရာခိုင်နှုန်း​နီးပါး​က ဘာသာ​တရား​မရှိ​ဟု ပြောဆို​နေကြ၏။ တစ်ချိန်က နာမည်ကြီး ဘာသာရေး​ပြုပြင်​ပြောင်းလဲရေး​သ​မား ရန်​ဟူးစ်​၏​ဇာတိ​ဖြစ်သည့် ယခု ချက်​ပြည်​သူ့​သမ္မတနိုင်ငံ​ဟု​ခေါ်​သော​နိုင်ငံ​သည် ဥရောပ​ရှိ ဘာသာ​တရား​အနည်းဆုံး​နိုင်ငံ​တစ်နိုင်ငံ ဖြစ်လာ​နေ​ပေ​ပြီ။

အလုပ်​ကျင့်ဝတ် ပျောက်​ခြင်း​မလှ ပျောက်​လျက်​နေ

“အလုပ်​ကျင့်ဝတ် လုံး​ပါး​ပါး​လာ​ခြင်း​သည် အနာဂတ်​တွင် စုပေါင်း​ဆောင်ရွက်မှု​အပေါ် ဆိုးကျိုး​ကြီးကြီး​မား​မား သက်ရောက်​လာ​လိမ့်​မည်​ဖြစ်​ကြောင်း [ယူနိုက်တက်​စ​တိတ်​တွင်] လူတွေ့မေးမြန်း​ခံ​ခဲ့​ရသည့် ထိပ်​တန်း​အမှုဆောင်​များ​မှ ငါး​ဆယ့်ငါး​ရာခိုင်နှုန်း​က​ဆို​၏” ဟု The Futurist မဂ္ဂဇင်းက အစီရင်ခံ​လိုက်​သည်။ ထို​ကဲ့သို့​သော လုံး​ပါး​ပါး​လာ​ခြင်း​ကို ဖြစ်ပေါ်​စေနိုင်​သည့် အကြောင်းရင်း​များ​တွင် “အလုပ်သမား​အင်အား​ကို လျှော့ချ​သည့်​အခါ​တွင် မိမိတို့၏​အလုပ်ရှင်​များ​အပေါ် သစ္စာရှိ​ကြ​သည့် မိဘများ အလုပ်​ဖြုတ်​ခံ​ကြ​ရခြင်း​ကို ဂရုတစိုက်​စောင့်ကြည့်​နေကြ” သည့် ကလေး​များ​ကြောင့်​လည်း​ပါဝင်​သည်​ဟု အဆိုပါ​မဂ္ဂဇင်းက​ပြောဆို​လိုက်​သည်။ ယင်းက ၁၉၆၀ ပြည့်လွန်​နှစ်များ​နှင့် ယင်း​နှစ်​နောက်ပိုင်း​တွင် မွေးဖွား​သော​လူမျိုးဆက်​အား အလုပ်ကို “မိမိတို့၏​ရည်မှန်းချက်​များ​ဖြစ်သည့် ငွေ၊ ပျော်ရွှင်မှု​နှင့် အားလပ်ချိန်​တို့အတွက် ရရှိရန်​နည်း​တစ်နည်း” အဖြစ် ရှုမြင်​စေ​ခဲ့​၏။ ယင်း​အကြောင်းရင်း​ကြောင့် “တစ်ချိန်က​ရှိခဲ့​သော အလုပ်​စိတ်ချ​ရေး​နှင့် လစာ​မြင့်မား​ရေး​ဟူ​သည့် လှုံ့ဆော်မှု​မျိုး​မရှိတော့” ဟူ၍ ဆောင်းပါး​က​ဖော်ပြ​လိုက်​သည်။ ပျောက်​ခြင်း​မလှ​ပျောက်​နေသည့် အလုပ်​ကျင့်ဝတ်​၏ ယနေ့​လက်ရှိ​လက္ခဏာ​နှစ်ရပ်​မှာ လုပ်ငန်းခွင်​နောက်ကျ​မှု တိုးများ​လာ​ခြင်း​နှင့် အလုပ်သမား​များ​စပ်ကြား ဆေး​ခွင့်​ကို အလွဲသုံးစား​လုပ်ခြင်း​တို့​ဖြစ်သည်။

On-Line သင်္ချိုင်း​ဝန်ဆောင်​မှူ​လုပ်ငန်း

On-line ဝန်ဆောင်မှု​လုပ်ငန်း​တစ်ခု​သည် ယခု​အခါ စိုင်း​ဘာ​စ​ပေ့​တွင် တကယ့်​သင်္ချိုင်း​များ​သို့ သွားရောက်​ကြည့်ရှု​နိုင်​သည့်​အလား အစွမ်း​ရှိကြောင်း ဂျပန်​တိုင်းမ်​စ်​က​အစီရင်ခံ​လိုက်​သည်။ မိတ်ဆွေများ​နှင့် ဆွေမျိုး​များသည် မိမိတို့၏​ကွယ်လွန်​သွား​သူတို့ကို အင်တာနက်​ပေါ်​တွင် ဂါရဝပြု​နိုင်​ကြသည်။ ကွယ်လွန်​သူ၏ ဓာတ်​ပုံ​တစ်​ပုံ၊ အတ္ထုပ္ပတ္တိ​အကျဉ်း​နှင့်အတူ အုတ်ဂူ​ကျောက်ပြား​ပုံ​တစ်​ပုံ​သည် ကွန်ပျူတာ​ဖန်သားပြင်​ပေါ်​တွင် ပေါ်လာ​သည်။ လည်ပတ်​ကြည့်ရှု​သူများ အမှာစကား​ပါး​နိုင်​ရန် နေရာလပ်​တစ်ခု​လည်း စီမံ​ပေး​ထား​သည်။ . . . ကြည့်ရှု​သူတို့၏​ဆန္ဒ​ကို ဖြည့်ဆည်း​ပေး​ရန်​အတွက် သစ်သီး၊ ပန်း​များ၊ အ​မွှေး​တိုင်​များနှင့် အရက်ယမကာ​များ​အစ​ရှိသည့် လှူဖွယ်​ရာ​များ​ကိုလည်း ကွန်ပျူတာ​မော​က်စ်​နှိပ်​လိုက်​ရုံ​နှင့် တကယ့်​သင်္ချိုင်း​၌ ကပ်​လှူ​သကဲ့သို့ ကပ်​လှူ​နိုင်​ပေ​သည်။ On-line အောက်မေ့ဖွယ်​ဝန်ဆောင်မှု​လုပ်ငန်း​၏ ဥက္ကဋ္ဌ​ဖြစ်သူ တာ​ဒါ​ရှီ ဝါ​တာ​နာ​ဘီ​၏​အဆို​အရ “နိုင်ငံ​ရပ်​ခြား​တွင်​နေထိုင်ကြ​သူတို့​ကဲ့သို့​သော သင်္ချိုင်း​များ​သို့ မကြာခဏ မသွား​ရောက်​နိုင်​သည့် လူ​တို့အတွက် ယင်းသည် အလွန်​လက်တွေ့ကျ​သည့် စိတ်ကူး​တစ်ခု​ဖြစ်​ကြောင်း တချို့က​ပြောဆို​ကြသည်။”

အာတိတ်​ဒေသ သတိပေး​ချက်

“ဤ​ကမ္ဘာ​ဂြိုဟ်​၏ အခြေ​ပျက်​နေသော အာတိတ်​ဒေသ​သည် စက်​မှု​ဖွံ့ ဖြိုး​တိုးတက်မှု​ကို မလျှော့​ချပါ​က ဤ​ရာစုနှစ်​အလယ်ပိုင်း​လောက်​တွင် ၈၀ ရာခိုင်နှုန်း​အထိ အကြီးအကျယ် ပျက်စီး​သွား​လိမ့်​မည်” ဟု ကနေဒါ​နိုင်ငံ​ထုတ် သည် ဂ​လုပ်​ဘ် အဲ​န် မေးလ် သတင်းစာ​က ဖော်ပြ​လိုက်​သည်။ အာတိတ်​ဒေသ​တစ်ခုလုံး​ရှိ လူ့​ဖွံ့ ဖြိုး​တိုးတက်မှု​၏ ဆင့်ကဲ​အကျိုးဆက်ကို ယူအဲန် ပတ်ဝန်းကျင်​ဆိုင်ရာ ပရိုဂရမ်​မှ အစီရင်ခံစာ​တစ်ခု​က မှတ်ချက်ချ​လိုက်​သည်။ အဆိုပါ​အစီရင်ခံစာ​အရ၊ အကယ်၍ စက်​မှု​ဖွံ့ဖြိုး​တိုးတက်မှု​သည် ၁၉၄၀ ပြည့်နှစ်​မှ ၁၉၉၀ ပြည့်နှစ်​အထိ ဖြစ်ပေါ်​လာ​ခဲ့​သည့် ထပ်တူ​နှုန်း​ထား​အတိုင်း ဆက်၍​တိုးတက်​နေ​မည်​ဆိုလျှင် အကျိုး​ရလဒ်များ​မှာ အကြီးအကျယ်​ပျက်စီးခြင်း​ဖြစ်​ပေ​လိမ့်​မည်။ အာတိတ်​ဒေသ​ရှိ တိရစ္ဆာန်​များစွာ​တို့သည် နေရပ်​ပြောင်းရွှေ့​နေကြ​သောကြောင့် ပျက်စီးခြင်း​မှာ အခြား​ဒေသ​များ​သို့​လည်း ပျံ့နှံ့​သွားဖို့ အလားအလာ​ရှိသည်​ဟု​ဆို​ကြသည်။ “လက်ရှိ​တွင်၊ ၁၀ ရာခိုင်နှုန်း​နှင့် ၁၅ ရာခိုင်နှုန်း​စပ်ကြား​ရှိ ကမ္ဘာ့​အာတိတ်​ဒေသ​သည် စက်​မှု​ဖွံ့ဖြိုး​တိုးတက်မှု​ကြောင့် [အကျိုးယုတ်​စွာ] ထိခိုက်​ခံ​နေရ​သည်” ဟု အဆိုပါ​သတင်းစာ​က​ဆို​၏။

ကလေး​ဘဝတွင် အဝ​လွန်​မှု မြင့်မား​လာ​ခြင်း

မကြာသေးမီ​က ဗြိတိသျှ ဆေး​ဘက်​ဆိုင်ရာ ဂျာနယ်​တွင် ထုတ်ပြန်​ကြေညာ​ထား​သည့် စစ်တမ်း​ကောက်ယူ​ချက်​ကို ဝေဖန်​ရာ​၌ “ဝ​လွန်း​သည့် လမ်းလျှောက်​တတ်​ခါ​စ​ကလေး​များ အရေအတွက်​သည် လွန်ခဲ့သော​ဆယ်စုနှစ်​တွင် နှစ်ဆ​နီးပါး​ရှိခဲ့​သည်။ အသက်​လေးနှစ်​အောက် ကလေး​ငါး​ယောက်​တွင် တစ်ယောက်​ထက်မက​သည် ဝ​လွန်းနေ​ပြီး ဆယ်ယောက်​တွင် တစ်ယောက်​လောက်​မှာ အလွန်​ဝ​သောက​လေး​ဟု သတ်မှတ်​ခံ​နေရ​သည်” ဟု လန်ဒန်​သည်​တိုင်းမ်​စ်​က ပြောဆို​လိုက်​သည်။ မိခင်များ​စွာ​တို့သည် မိမိတို့၏ လမ်းလျှောက်​တတ်​ခါ​စ​ကလေး​များ​ကို “အဆီ​ပါဝင်မှု အလွန်​မြင့်မား​သည့် အဆင်သင့်​စားသုံး​နိုင်သော​အစားအစာ​များ” ကျွေး​ကြ​ကြောင်း​နှင့် သူတို့​လေး​များ​အား ရုပ်မြင်သံကြား​ကြည့်​စေခြင်း​ဖြင့် အပျင်း​ပြေစေ​ကြ​ကြောင်း လီဗာ​ပူး​တက္ကသိုလ်​မှ ဒေါက်တာ ပီတာ ဘာ​န်ဒ​ရက်​က​ဆို​သည်။ သူတို့​လေး​များ ကျောင်းနေ​အရွယ်ရောက်​လာ​ကြသောအခါ အဆိုပါ​ကလေး​များစွာ​တို့သည် ကျောင်း​သို့ လမ်းလျှောက်သွား​မည့်​အစား ကား​ဖြင့်​သွား​ကြ​မည်​ဖြစ်​ကာ ကျောင်း​မှ​ပြန်လာ​လျှင်​လည်း အိမ်ပြင်​၌ ဆော့​ကစား​ကြ​မည့်​အစား ရုပ်မြင်သံကြား​ထိုင်​ကြည့်​ကြ​ပေ​လိမ့်​မည်။ “ကလေး​ဘဝ​ကာလ​တစ်လျှောက် အလေးချိန် လျင်မြန်​စွာ တိုးလာ​ခြင်း​ကို ပထမ​ဆုံး​အကြိမ်​အနေ​နှင့် ကျွန်ုပ်​တို့​တွေ့ မြင်​နေရ​သည်” ဟု​ဘာ​န်ဒ​ရက်​က​ပြောဆို​လိုက်​သည်။

ထပ်မံ​အတည်ပြု​ခြင်း​ခံရ​သော အသိပညာ​ရှိ​ရှိ သဘောတူညီ​မှု

၁၉၉၁ ခုနှစ် ဇန်နဝါရီ​လ​ရက်စွဲ​တပ်ထား​သည့် အမိန့်​ဒီဂရီ​ကို ဦးဆုံး​ချမှတ်​ပြီး နောက်​ဆယ်နှစ်​အကြာတွင် အီတာလျံ​ကျန်းမာ​ရေး​ဝန်ကြီးဌာန​က လူနာ​သည် မိမိ၏​အသိပညာ​ရှိ​ရှိ​သဘောတူညီ​မှု​ကို မပေး​မချင်း သွေးသွင်း​မှုများ ပြုလုပ်​ပေး​၍​မရနိုင်​ကြောင်း အ​ဖန်​တ​လဲ​လဲ​ပြောဆို​ခဲ့​၏။ ဂေ​ဇ​က်​တာ ယူ​ဖစ်ရှာ​လီ ဒဲ​လာ ရီ​ပတ်​ဘ​လစ်​ကာ အီတာလျံနာ (အီတာလျံ ရီ​ပတ်​ဘ​လစ်​၏ အစိုးရ​ဂေ​ဇ​က်​ပြန်တမ်း) တွင် ထုတ်ပြန်​ကြေညာ​ထား​သည့် ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်စွဲ​ပါ အမိန့်​ဒီဂရီ​က ဤသို့​ဖော်ပြ​လိုက်​သည်– “သွေး သို့​မဟုတ် သွေး​အစိတ်အပိုင်း​များ​သွင်း​ခြင်း နှင့်/သို့​မဟုတ် သွေးမှ​ထုတ်လုပ်သည့် ပစ္စည်း​များ​သွင်း​ခြင်း​သည် အန္တရာယ်​မကင်း​ဟု အကြောင်းကြား​ခြင်း​နှင့်​စပ်လျဉ်း၍ ထိုသို့​သော လုပ်ထုံး​လုပ်​နည်း​များ​ကို လက်ခံသော​သူတို့သည် တင်ကြို​သဘော​တူညီချက် သို့​မဟုတ် သဘောမတူ​ညီ​ချက်​ကို စာ​ဖြင့်​ရေးသား​ဖော်ပြ​ရမည်။”

ကိုယ်​ထိ​လက်ရောက်​ကျူးလွန်​ခံ​နေရ​သော ကိုယ်ဝန်ဆောင်​မိခင်များ

“ကိုယ်ဝန်​ရှိ​စဉ်​အတွင်း ဆေး​ဘက်​ဆိုင်ရာ​အခြေအနေ​များ​ထက် အတူ​နေ​ယောက်ျား​ဖော်​များ​၏ ကိုယ်​ထိ​လက်ရောက်​ကျူးလွန်​မှုများ​က မိခင်​နှင့်​ကလေး​အပေါ် ပို​၍​အန္တရာယ်​ရှိစေ​ကြောင်း ယခု​သိရှိ​လာ​သည်” ဟု လန်ဒန်​မြို့​ထုတ် သည်​အင်​ဒီ​ပဲ​န်ဒင့်​သတင်းစာ​က ပြောဆို​လိုက်​သည်။ “ဗြိတိန်​နိုင်ငံ​ရှိ အိမ်တွင်း​အကြမ်းဖက်မှု​နှင့်​ပတ်သက်​၍ တော်ဝင်​ကောလိပ်​မှ သားဖွား​ဆရာဝန်​များ​ပြုလုပ်​သော စစ်ဆေး​လေ့လာမှု​တစ်ခု​က . . . အမျိုးသမီးများ​အပေါ် ကိုယ်​ထိ​လက်ရောက်​ကျူးလွန်​မှုများ​၏ သုံးပုံတစ်ပုံ​သည် ကိုယ်ဝန်ဆောင်​သည့်​အချိန်တွင် ဦးဆုံး​အကြိမ်​ဖြစ်​ခဲ့​ကြောင်း ဖော်ပြ​ခဲ့​ကြ​၏။ ကလေး​တစ်ဦး​ရောက်လာ​မည့် အလားအလာ​ကြောင့် မနာလို​ဖြစ်လာ​ကာ အမျိုးသား​အချို့​အား အကြမ်းဖက်​စေ​သည်​ဟူသော အထောက်အထား​မှာ ကြီးထွား​လျက်​ရှိသည်။” “ယူကေ ရဲ့ စာရင်း​ဇယား​တွေ​ကို တွေ့​လိုက်တဲ့အခါ ကျွန်တော်​တို့​မှင်တက်​မိ​သွားတယ်” ဟု သားဖွား​ဆရာဝန်​များ​၏ တော်ဝင်​ကောလိပ်​မှ ပါမောက္ခ ဂျိမ်းစ် ဒ​ရ​စ်ဖ်​က​ဆို​ခဲ့​သည်။ ယူနိုက်တက်​စ​တိတ်​မှ​ပြုလုပ်​သည့် အလားတူ​လေ့လာမှု​တစ်ရပ်​တွင် နိုင်ငံ​တွင်း​မှ ကိုယ်ဝန်ဆောင်​အမျိုးသမီးများ​စပ်ကြား သေဆုံးမှု ၅ ခု​အနက် ၁ ခု​သည် အသတ်ခံရ​ခြင်း​ဖြစ်​ကြောင်း၊ ယင်းသည် “[ထို​နိုင်ငံ​ရှိ] ကိုယ်ဝန်ဆောင်​အမျိုးသမီးများ​တွင် ဖြစ်နေ​ကျ​အကြောင်းရင်း​အများစု” ဖြစ်သည်​ကို တွေ့ရှိ​လိုက်ရ​၏။