ကျောင်းနေဖက်တို့ကို မည်သို့ ဟောပြောနိုင်မည်နည်း
လူငယ်များအမေး . . .
ကျောင်းနေဖက်တို့ကို မည်သို့ ဟောပြောနိုင်မည်နည်း
“အမှုဆောင်ထွက်နေတုန်း ရုတ်တရက် အသိ တစ်ယောက်နဲ့ ဝင်တိုးပါလေရော။ ကျွန်တော်ဟာ ကြက်သေသေသွားတယ်! ချက်ချင်း ကျွန်တော့် တွဲဖက်က ဝင်ဟောပေးလိုက်ရတယ်။”—အဲလ်ဘာတို။
“ကျွန်တော့်အတန်းဖော်တစ်ဦး ဒီလမ်းထဲမှာနေတာကိုသိထားလို့ ကျွန်တော့်အစ်ကိုကို အိမ်တိုင်းဟောခိုင်းတယ်။ အတော်ကြာလာတော့ သူလည်း စိတ်ဖိစီးမှုတစ်မျိုးမျိုးကြောင့် နောက်တစ်အိမ်ကျရင် ကျွန်တော့်ကို ဟောဖို့ပြောတယ်။ ကျွန်တော် တံခါးခေါက်လိုက်တယ် —အို၊ သူငယ်ချင်းအိမ်နဲ့မှ ကြုံတတ်ပလေ! ကျွန်တော်အရမ်းလန့်ဖျပ်သွားတယ်!”—ဂျိမ်းစ်။
ဘာသာတရားဆွေးနွေးခြင်းဟာ “မမိုက်ပါဘူး” ဟု ငယ်ရွယ်သူတို့ ယူဆထားကြသည်။ သို့သော် ခရစ်ယာန်စစ်များမူ သူတို့၏ယုံကြည်ခြင်းကို အခြားသူတို့ထံ ဝေမျှပေးရသည့် မိမိတို့၏ဘုရားသခင်-ပေးအခွင့်အရေးကို တန်ဖိုးထားလေးမြတ်ကြ၏။ သို့နှင့် ထောင်နှင့်ချီသော ငယ်ရွယ်သည့်ယေဟောဝါသက်သေတို့သည် တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်း၌ ပါဝင်ကြသည်။ သို့သော် ထိုသို့ပါဝင်သူအချို့သည် ကျောင်းမှအသိတစ်ဦးနှင့်တွေ့မည်ကို စိုးရွံ့စိတ်ဖြင့် လုပ်ဆောင်တတ်ကြပြီ။ အထက်တန်းကျောင်း အောင်ပြီးနောက် နှစ်အတော်ကြာသည့်တိုင် “ကျောင်းအတူတက်ခဲ့သူတွေနဲ့တွေ့မှာကို ကျွန်မ အခုထိ လန့်နေတုန်းပဲ” ဟူ၍ ဂျဲနီဖာကပြောပြသည်။
သင်သည် ခရစ်ယာန်လူငယ်တစ်ဦးဖြစ်လျှင် တစ်ခါတစ်ရံ ထပ်တူခံစားရနိုင်သည်။ မှန်ပါသည်၊ ကျွန်ုပ်တို့အားလုံး ငြင်းပယ်ခံရမည်ကို စိုးရွံ့တတ်ကြသဖြင့် ကျောင်းနေဖက်တစ်ဦးနှင့် ဘာသာရေးအကြောင်းဆွေးနွေးရေးကိစ္စနှင့်ပတ်သက်လာလျှင် အနည်းငယ် စိုးရိမ်ပူပန်မိသည်မှာ ဖြစ်မြဲဓမ္မတာပင်။ * သို့သော် ကြောက်လွန်းသဖြင့် ကြက်သေသေသွားသည့်အထိဖြစ်သွားဖို့ အကြောင်းမရှိချေ။ သမ္မာကျမ်းစာ၌ပါရှိသော “အရိမသဲမြို့သားယောသပ်” ကို သင်မှတ်မိပါသလော။ ယေရှုထံမှ သူသင်ယူခဲ့ရာတို့ကို သူယုံကြည်၏။ သို့သော် သမ္မာကျမ်းစာက ယောသပ်အား “ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်” အဖြစ် ဖော်ပြထားသည်။ (ယောဟန် ၁၉:၃၈) ထိုကဲ့သို့ သင်တို့၏ခင်မင်ရင်းနှီးမှုကို လျှို့ဝှက်ထားလိုသောမိတ်ဆွေတစ်ဦးအပေါ် သင်မည်သို့သဘောထားမည်နည်း။ (လုကာ ၁၂:၈၊ ၉) သို့ဖြစ်၍ မိမိ၏ယုံကြည်ခြင်းအတွက် “နှုတ်ဖြင့်ဝန်ခံ” ရန် ခရစ်ယာန်အားလုံးထံမှ ဘုရားသခင်မျှော်လင့်ခြင်းမှာ အံ့အားသင့်စရာမရှိချေ။ (ရောမ ၁၀:၁၀-၁၁) ယင်းက သင့်ကျောင်းရှိ ငယ်ရွယ်သူတို့နှင့် ဆွေးနွေးပြောဆိုခြင်းလည်းပါဝင်မည်။
အရိမသဲမြို့သားယောသပ်သည် အနည်းဆုံး ယေရှု၏ရုပ်အလောင်းကိုမြှုပ်နှံခွင့်ပြုရန် တောင်းခံရဲလာသည့်အထိ သူ၏စိုးရိမ်ကြောက်ရွံ့မှုကို အနိုင်ယူခဲ့သည်။ သင်၏စိုးရိမ်ကြောက်ရွံ့မှုကို မည်သို့အနိုင်ယူနိုင်သနည်း။
ဟောပြောရန် စိတ်အားထက်သန်မှုကို တိုးပွားစေခြင်း
တမန်တော်ပေါလုသည် အခြားသူတို့ထံ မိမိ၏ယုံကြည်ခြင်းကို ဝေမျှပြောဆိုရာ၌ အမှန်ပင် တွန့်ဆုတ်ခြင်းမရှိခဲ့ချေ။ ရောမ ၁:၁၅ တွင် မိမိကိုယ်ကို သမ္မာကျမ်းစာသတင်းတရား ကြွေးကြော်ရန် စိတ်အားထက်သန်သူအဖြစ် ဖော်ပြထား၏။ အဘယ်အရာက ထိုသို့စိတ်အားထက်သန်စေသနည်း။ အခန်းငယ် ၁၆ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း သူဤသို့ပြောသည်– “ငါသည် ခရစ်တော်၏ဧဝံဂေလိတရားကြောင့် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် . . . ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။” အသင်ကော အသို့နည်း။ အမှန်တရားသည် သင့်ကိုယ်နှိုက်အတွက် တကယ်ဖြစ်ကြောင်း ကိုယ်တိုင် ပြသနေပြီလော။ (ရောမ ၁၂:၂) သမ္မာကျမ်းစာသတင်းစကားသည် “ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်” ကြောင်း သင်ကိုယ်ပိုင်ယုံကြည်သလော။
သင့်မိဘတို့နှင့်အတူ ခရစ်ယာန်စည်းဝေးများကို တက်ရောက်ရုံဖြင့် မလုံလောက်ချေ။ ဒယ်ဘရာအမည်ရှိ ငယ်ရွယ်သူတစ်ဦးက “မိဘတွေက အစည်းအဝေးတက်ဖို့ပြောလို့ စည်းဝေးတက်တာ လွယ်လွယ်လေးပါ၊ ဒါပေမဲ့ သမ္မာကျမ်းစာနဲ့ပတ်သက်လို့ မေးခွန်းတွေ သူများကမေးတဲ့အခါ အဖြေကို ကျွန်မ မရှင်းပြတတ်ဘူး” ဟူ၍ပြောပြသည်။ မီရန်ဂ်အမည်ရှိ ငယ်ရွယ်သူတစ်ဦးလည်း အလားတူဝန်ခံလေသည်– “ဒါအမှန်တရားပဲဆိုတာ ကိုယ်ကိုယ်တိုင် ယုံကြည်မှုရှိထားဖို့လိုတယ်။”
အခြားသူတို့အား ကျမ်းစာအသိပညာကို ဝေမျှပေးရန် သင့်ကို အဘယ်အရာက စေ့ဆော်ပေးနိုင်သနည်း။ အသင်ကိုယ်တိုင် ယင်းကို လေ့လာခြင်းဖြစ်သည်။ ရှင်းအမည်ရှိ လူငယ်တစ်ဦးက ဤသို့ပြောသည်– “သင်ကိုယ်တိုင် သမ္မာကျမ်းစာကို ကိုယ်ပိုင်စလေ့လာပြီဆိုရင် အမှန်တရားကို ကိုယ်ပိုင်ဖြစ်ရန် သင်စတင်နေပြီဖြစ်တယ်။ ကိုယ့်ကိုယ်နှိုက်အတွက် သင်လေ့လာနေတာပါပဲ။” မှန်ပါသည်၊ လူတိုင်း အလိုအလျောက် ပညာကို ပင်ကိုအရလေ့လာလိုက်စားတတ်ကြသည်မဟုတ်။ “ကျွန်မ စာဖတ်ဝါသနာမပါဘူး” ဟူ၍ ရှီဗွန်က ဝန်ခံခဲ့သည်။ “ဒီတော့ စစချင်းမှာ ကင်းမျှော်စင်နဲ့ နိုးလော့! ဒါမှမဟုတ် သမ္မာကျမ်းစာကို နေ့တိုင်းဖတ်ရှုဖို့ ကျွန်မအတွက် အတော်ကိုခက်တယ်။ ဒါပေမဲ့ လုပ်သွားရင်းနဲ့ပဲ ကျင့်သားရသွားတယ်။”
ထိုသို့ လုံ့လထုတ်လေ့လာခြင်းမှ အဘယ်အကျိုးရလဒ်များ ရရှိသနည်း။ တမန်တော်ပေါလု ဤသို့ပြောခဲ့သည်– “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။” (ရောမ ၁၀:၁၇) သင်၏ယုံကြည်ခြင်းနှင့် စိတ်ချမှုတိုးလာသည်နှင့်အမျှ သင်၏စိတ်သဘောထားမှာ အမှန်ပင် ပြောင်းလဲသွားသည်။ အဲလစ်ဆန်ဂီလာအမည်ရှိ ဘရာဇီးလ်လူမျိုး ငယ်ရွယ်သူတစ်ဦးက ဤသို့ကောက်ချက်ချသည်– “ခရစ်ယာန်တစ်ဦးဖြစ်ရတာ ရှက်စရာမဟုတ်ဘဲ ဂုဏ်ယူစရာတောင်ကောင်းသေးတယ်။” အမှန်မှာ သင်၏ယုံကြည်ခြင်းတိုးများလာသည်နှင့်အမျှ သင်၏အတန်းဖော်များအပါအဝင် အခြားသူတို့ကို မပြောပြဘဲမနေနိုင်အောင်ဖြစ်လာကြောင်း သိမြင်လာရသည်။ ပေါလုက ဤသို့ဆိုသည်– “ငါသည်ယုံကြည်သောကြောင့်မြွက်ဆို၏။” (၂ ကောရိန္သု ၄:၁၃) ထို့အပြင် အသက်ရစေသောအသိပညာကို သင်နေ့စဉ်တွေ့နေမြင်နေရသော လူငယ်တို့အား မပေးဘဲထားမည်ဆိုလျှင် အခြားသူတို့၏ “အသွေးနှင့် ငါကင်းလွတ်သည်” ဟု သင်မည်သို့ပြောနိုင်မည်နည်း။—တမန်တော် ၂၀:၂၆၊ ၂၇။
သို့သော် ခရစ်ယာန်လူငယ်အချို့သည် သမ္မာကျမ်းစာအကြောင်း အခြားသူတို့ကို ပြောပြနိုင်စွမ်းမရှိဟု ခံစားကြရသည်။ “ဘာပြောရမယ်ဆိုတာ သင်မသိဘူးဆိုရင် ဟောပြောဖို့ကြိုးစားခြင်းဟာ သိပ်ပျော်စရာကောင်းမှာမဟုတ်ဘူး” ဟူ၍ ဂျော့်ရွှာအမည်ရှိ လူငယ်တစ်ဦးကပြောသည်။ ထို့အပြင် သမ္မာကျမ်းစာကို နက်နက်နဲနဲ ပိုမိုနားလည်ထားလျှင် ယင်းကို ကျွမ်းကျင်စွာကိုင်တွယ်ဖြေရှင်းတတ်သွားမည်။ (၂ တိမောသေ ၂:၁၅) ယေဟောဝါသက်သေများ၏အသင်းတော်တွင် သွန်သင်ခြင်းစွမ်းရည်များ တိုးတက်စေရာ၌ လူငယ်တို့သည် အသင်းတော်အကြီးအကဲများထံ ချဉ်းကပ်၍ ကိုယ်တိုင်ကိုယ်ကျအကူအညီ တောင်းခံနိုင်ကြသည်။ မက်သိအက်စ်အမည်ရှိ ဂျာမန်လူငယ်တစ်ဦး ဤသို့ပြောဆိုသည်– “သမ္မာကျမ်းစာ စာပေတွေကိုဝေငှရုံသာမဟုတ်ဘဲ လူတွေကို ကျွန်တော် တကယ်ပဲ စဟောတဲ့အခါ ဟောပြောရတာကို ကျွန်တော်ပျော်မွေ့လာတယ်။”
အဆုံး၌ ရဲစွမ်းသတ္တိရှိရှိဖြင့်ပြောဆိုဖို့ ကူညီပေးပါရန် ဘုရားသခင်ထံ သင်တောင်းလျှောက်နိုင်သည်။ (တမန်တော် ၄:၂၉) ယင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုသည် ဘုရားသခင့်အကူအညီကို ကိုယ်တိုင်ရ ရှိခဲ့သည်။ ၁ သက်သာလောနိတ် ၂:၂ တွင် သူဤသို့ပြောသည်– “ဘုရားသခင်ကိုအမှီပြု၍ ကြီးစွာသောတိုက်လှန်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ဧဝံဂေလိတရားကို သင်တို့အားရဲရင့်စွာဟောပြောကြ၏။” ကိုးကားရည်ညွှန်းချက်တစ်ရပ်၌ ဤဖော်ပြချက်ကို “ဘုရားသခင်သည် ကျွန်ုပ်တို့ထဲမှ ကြောက်ရွံ့စိတ်ကိုထုတ်ပစ်လိုက်သည်” ဟု ပြန်ဆိုထားသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ထဲမှ ကြောက်ရွံ့စိတ်ကို ဖယ်ထုတ်ပစ်ဖို့ ဘုရားသခင်ထံ တောင်းလျှောက်ပါလေ။
မိမိ မည်သူဖြစ်ကြောင်းသိစေပါ
ထိုဆုတောင်းချက်နှင့်အညီ သင်သည် အလွန်ရဲရင့်သောခြေလှမ်းတစ်ရပ်လှမ်းနိုင်၏။ ရှိခ်အမည်ရှိ ငယ်ရွယ်သောဗြိတိသျှသူတစ်ဦးက ဤသို့အကြံပြုသည်– “မိမိသည် ခရစ်ယာန်တစ်ဦးဖြစ်ကြောင်း ကျောင်းနေဖက်များကို ပြောပြပါ။” ‘မထင်ရှားသောတပည့်’ တစ်ဦး သင်မဖြစ်လိုပါ။ ယခင်က မိမိသည် ဟောပြောခြင်းလုပ်ငန်း၌ အသိတစ်ဦးဦးနှင့် တွေ့ဆုံမည်ကို ကြောက်ရွံ့ခဲ့ကြောင်း ရီဗက္ကာအမည်ရှိ ငယ်ရွယ်သူတစ်ဦးက ဝန်ခံခဲ့သည်။ သို့သော် သူက “သင်ဟာ ခရစ်ယာန်တစ်ဦးဖြစ်ကြောင်းနဲ့ တစ်အိမ်မှတစ်အိမ်သွားကြောင်း သူတို့ကို ပြောပြထားမယ်ဆိုရင် သူတို့က ‘ဒါဆိုရင်၊ တို့အိမ်ကို မင်းလာမှာလား’ လို့ တစ်ခါတလေမေးတတ်” ခြင်းကို သူကြုံခဲ့ကြောင်း ပြောပြသည်။
ထိုသို့ဖြစ်လျှင် မတော်တဆဆုံတွေ့မိဖို့ အဘယ်ကြောင့် စောင့်နေဦးမည်နည်း။ ကျောင်း၌ သင်၏ယုံကြည်ခြင်းကိုဝေမျှရန် အခွင့်အလမ်းရှာယူပါလေ။ တမန်တော်ပေါလု၏ ဤမေးခွန်းများကို သတိရပါ– “သတင်းမကြားလျှင် အဘယ်သို့ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။” (ရောမ ၁၀:၁၄) သင်၏အတန်းဖော်များ ကြားနာရန် အကောင်းဆုံး ကူညီပေးနိုင်သူမှာ သင် ဖြစ်သည်။ အိုင်ရီဒါအမည်ရှိ ငယ်ရွယ်သူတစ်ဦး ဤသို့တွေ့မြင်ခဲ့သည်– “ကျောင်းဆိုတာ ကျွန်မတို့ပဲ ရောက်နိုင်တဲ့ ဟောပြောခြင်းရပ်ကွက်တစ်ခုပါ။” သို့ဖြစ်၍ အလွတ်သဘောဟောပြောခြင်းအားဖြင့် လူငယ်များစွာသည် မိမိတို့၏အခြေအနေကို အခွင့်အရေးအဖြစ် အမိအရယူကြသည်။
သို့သော် တစ်ခါတစ်ရံ အတန်းထဲ၌သမ္မာကျမ်းစာအမှန်တရားကို သင်ဝေမျှပေးနိုင်ရန် အခွင့်အလမ်းပေါ်စေသည့် တာဝန်များရတတ်သည်။ ဗြိတိသျှမိန်းမပျိုလေးဖြစ်သူ ဂျေမီက ဤသို့ပြောပြသည်– “သိပ္ပံအချိန်မှာ ကျွန်မတို့ဟာ ဆင့်ကဲအကြောင်း ဆွေးနွေးရတယ်၊ အဲ့ဒီအခါ ကျွန်မရဲ့ယုံကြည်ချက်တွေကို တင်ပြခဲ့တယ်။ ကောင်လေးတစ်ယောက်က ကျွန်မကို လှောင်ပြောင်သရော်ပြီး ယေဟောဝါသက်သေဆိုတာ ဉာဏ်ရည်နိမ့်လို့ ကျောင်းအစီအစဉ်မှာရှိဖို့ မထိုက်ဘူးလို့ပြောလာတယ်။ အဲဒီလိုဖြစ်ပေမဲ့ ချက်ချင်းပဲ အတန်းထဲမှာရှိတဲ့ တခြားသူတွေက ကျွန်မဘက်မှာ ရပ်တည်ပေးကြတယ်။” ရှင်းနေသည်မှာ စံပြခရစ်ယာန်တစ်ဦးအဖြစ် သူ၏ဂုဏ်သတင်းကောင်းကြောင့် ကောင်းကျိုးရရှိခဲ့သည်။ ထပ်ဆင့်၍ ဂျေမီက ဤသို့ပြောသည်– “ရလဒ်အနေနဲ့ အတန်းဖော်တစ်ဦးကို သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိသလောစာအုပ်တစ်အုပ် ကျွန်မ ဝေငှခွင့်ရခဲ့ပါတယ်။” *
ရိုမေးနီးယားမှမီကူအမည်ရှိ ၁၄ နှစ်အရွယ် သူငယ်မတစ်ဦးသည် ထပ်တူတွေ့ကြုံမှုမျိုးကြုံတွေ့ရသည်– “အရက်၊ ဆေးရွက်ကြီး၊ မူးယစ်ဆေးဝါးတို့နဲ့ပတ်သက်လို့ အတန်းထဲမှာ ဆွေးနွေးပွဲတစ်ခု လုပ်မယ်ဆိုပြီး ကျွန်မရဲ့ဆရာမက ကြေညာထားတယ်။ ဒါနဲ့ ‘သင်ဆေးလိပ်ဖြတ်နိုင်ပုံ’ အကြောင်းပါရှိတဲ့ ၂၀၀၀၊ မတ်လ ၂၂ ရက်ထုတ်နိုးလော့! ကို ကျွန်မယူသွားခဲ့တယ်။ အတန်းဖော်တစ်ဦးက အဲဒီမဂ္ဂဇင်းကို တွေ့တာနဲ့ယူထားလိုက်ပြီး ပြန်မပေးတော့ဘူး။ ဖတ်ပြီးတာနဲ့ ဆေးလိပ်ဖြတ်ဖို့ သူဆုံးဖြတ်လိုက်ကြောင်းကို ပြောပြခဲ့ပါတယ်။”
ထိုသို့လိုလိုလားလားတုံ့ပြန်မှုမျိုးကို အမြဲတစေ သင်ရချင်မှရမည်။ သို့သော် နယပုံပြင်ကျမ်း ၁၁:၆ က ကျွန်ုပ်တို့ကို ဤသို့တိုက်တွန်းသည်– “နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား အဘယ်အရာသည် အကျိုးရှိမည်ကို . . . မသိနိုင်။” တုံ့ပြန်မှုမကောင်းလျှင်ပင် ကျောင်း၌ သင်၏ယုံကြည်ခြင်းကို ဝေမျှခြင်းက တစ်အိမ်မှတစ်အိမ် ခရစ်ယာန်ဓမ္မအမှု၌ တွေ့ဆုံရလိမ့်မည့်ကျောင်းနေဖက်တစ်ဦးနှင့် သာ၍ကောင်းသောဆွေးနွေးချက်အတွက် အုတ်မြစ်ချထားရာရောက်ပေမည်။ ဂျက်စီကာအမည်ရှိ ငယ်ရွယ်သောဗြိတိသျှသူတစ်ဦးက ဤသို့ဆိုသည်– “ကျောင်းထဲက သင်သိရှိထားသူတွေကို သက်သေခံရခြင်းက တကယ်တော့ပိုလွယ်ပါတယ်၊ အကြောင်းက သူတို့နဲ့ သင်ဟာ သိနှင့်ပြီးသားဖြစ်နေလို့ပဲ။” သင်၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်၏ကျောင်းနေဖက်အချို့ မည်မျှသိလိုစိတ်ရှိကြောင်းကို သင်အံ့အားသင့်သွားနိုင်သည်။
မှန်ပါသည်၊ လူတိုင်းက သင့်ကို ဖော်ဖော်ရွေရွေလက်ခံလိမ့်မည်မဟုတ်ချေ။ သို့သော် ယေရှုသည် ဤလက်တွေ့ကျအကြံပြုချက်ကို ပေးတော်မူခဲ့သည်– “အကြင်သူသည် သင်တို့ကိုလက်မခံ၊ သင်တို့၏စကားကို နားမထောင်ဘဲနေ၏၊ ထိုသူနေသောအိမ်မှ . . . ထွက်သွားစဉ်၊ သင်တို့ခြေဖဝါးမှမြေမှုန့်ကို ခါလိုက်ကြလော့။” (မဿဲ ၁၀:၁၄) တစ်နည်းဆိုရသော် သင့်ကို အရှက်ခွဲစော်ကားခြင်းဟု ယူမှတ်စရာမလိုချေ။ ငြိမ်သက်စွာထွက်လာရုံသာရှိပြီး သာ၍တလိုတလားနားထောင်သူကို ရှာဖွေရုံသာဖြစ်သည်။ အနှေးနှင့်အမြန်ဆိုသလို အမှန်တရားကိုငတ်မွတ်၍ နားထောင်လိုသည့် စိတ်နှလုံးရိုးဖြောင့်သူတို့ကို သင်တွေ့ရှိလိမ့်မည်။ သူတို့ထဲမှ တစ်ဦးဦးမှာ သင်၏ကျောင်းနေဖက်ဖြစ်ပါက ဆုကျေးဇူးမဟုတ်ပေလော။ ထိုသို့ဆိုလျှင် အတန်းဖော်များအား မိမိ၏ယုံကြည်ခြင်းကို ဝေမျှရာ၌ ကြောက်ရွံ့စိတ်ကို ကျော်လွှားနိုင်၍ ပျော်နေပေလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 6 ၂၀၀၂၊ ဖေဖော်ဝါရီ ၂၂ ရက်ထုတ် [လိပ်] ကျွန်ုပ်တို့၏စာစောင်မှ “လူငယ်များအမေး . . . ကျောင်းမှတစ်ဦးဦးကို တွေ့ဆုံမိလျှင် အဘယ်သို့နည်း” ဟူသောဆောင်းပါးကိုရှု။
^ အပိုဒ်၊ 18 ယေဟောဝါသက်သေများမှထုတ်ဝေသည်။
[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]
“သင်ကိုယ်တိုင် သမ္မာကျမ်းစာကို ကိုယ်ပိုင်စလေ့လာပြီဆိုရင် အမှန်တရားကို ကိုယ်ပိုင်ဖြစ်ရန် သင်စတင်နေပြီဖြစ်တယ်။”—ရှင်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
မိမိကိုယ်ကို ခရစ်ယာန်တစ်ဦးဖြစ်ကြောင်း ဖော်ပြရန် မကြောက်ရွံ့ပါနှင့်
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အတန်းထဲ၌ ရသည့်တာဝန်များသည် သမ္မာကျမ်းစာအမှန်တရားကို ဝေမျှပေးနိုင်ရန် အခွင့်အလမ်းပေါ်တတ်