ကြောက်မက်ဖွယ်မြင်ကွင်း ရေးရေးမျှဖြစ်သော မျှော်လင့်ချက်ရောင်ခြည်တန်းများ
ကြောက်မက်ဖွယ်မြင်ကွင်း ရေးရေးမျှဖြစ်သော မျှော်လင့်ချက်ရောင်ခြည်တန်းများ
“ကျွန်တော့်ပတ်ပတ်လည်က အဆောက်အအုံတွေဟာ ခါရမ်းနေပြီး မီးဟုန်းဟုန်းတောက်လောင်နေတယ်။ အပြေးအလွှားဖြစ်နေချိန်မှာ အဘက်ဘက်ကလူတွေဟာ အော်ဟစ်၊ ဆုတောင်း ကူပါကယ်ပါ အသံတွေနဲ့ ပွက်ပွက်ညံနေကြတယ်။ ကမ္ဘာ့ဆုံးခန်းရောက်ပြီလို့ ကျွန်တော်ထင်ခဲ့တယ်။”—ဂျီ.အာရ်.၊ ငလျင်ဘေးမှလွတ်မြောက်သူ။
တည်ငြိမ်မှုမရှိဘဲအမြဲပြောင်းလဲလျက်ရှိသော ကျွန်ုပ်တို့ကမ္ဘာ၏ လှုပ်ရှားနေသော အပေါ်ယံကျောက်လွှာကြောင့် နှစ်စဉ် သန်းနှင့်ချီ၍ ငလျင်လှုပ်မှုများဖြစ်ပေါ်ရသည်။ အမှန်မှာ အများစုကို ကျွန်ုပ်တို့မသိလိုက်ကြပါ။ * သို့သော် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ငလျင် ၁၄၀ နီးပါးသည် “အင်အားပြင်းငလျင်၊” “ငလျင်ကြီး၊” သို့မဟုတ် “ဧရာမငလျင်ကြီး” ဟု အမည်တပ်ရလောက်သည့် ငလျင်ကြီးများဖြစ်သည်။ သမိုင်းတစ်လျှောက် ယင်းတို့သည် သန်းနှင့်ချီသူတို့၏အသက်ကိုခြွေယူ၍ အိုးအိမ်ဆုံးရှုံးပျက်စီးမှုမှာ မရေတွက်နိုင်ပေ။
ငလျင်များသည် ဘေးဒဏ်မှလွတ်သူတို့ကိုလည်း အလွန့်အလွန် စိတ်ပိုင်းဒဏ်ရာရသွားစေသည်။ ဥပမာ၊ အယ်လ်ဆာဗေးဒေါတွင် ၂၀၀၁ ခုနှစ် နှစ်ဦးပိုင်း၌ ငလျင်နှစ်ကြိမ်လှုပ်ပြီးနောက် ထိုနိုင်ငံ၏ကျန်းမာရေးဝန်ကြီးဌာနမှ စိတ်-ကျန်းမာရေးအကြံပေးကော်မတီ၏ညှိနှိုင်းရေးမှူးက ဤသို့ပြောဆိုသည်– “လူတို့သည် ဝမ်းနည်းကြေကွဲခြင်း၊ စိတ်ပျက်အားလျော့ခြင်းနှင့် ဒေါသထွက်ခြင်းတို့ဖြင့် လက္ခဏာပြသည့် စိတ်ပိုင်းပြဿနာတစ်ရပ်ကို ခံစားသွားရသည်။” စိတ်ဓာတ်ကျဆင်းမှုနှင့် စိုးရိမ်ကြောင့်ကြမှုတို့ကို ခံစားရသောလူနာအရေအတွက်သည် ၇၃ ရာခိုင်နှုန်းတိုးများလာနေကြောင်း အယ်လ်ဆာဗေးဒေါရှိ ကျန်းမာရေးဝန်ထမ်းများက မှတ်တမ်းပေးပို့ခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။ အမှန်အားဖြင့် ဆန်းစစ်လေ့လာချက်များက ကယ်ဆယ်ရေးစခန်းရှိ ဆင်းရဲချို့တဲ့သူတို့အလယ်၌ စိတ်-ကျန်းမာရေးကုသမှုသည် ရေလိုအပ်မှုပြီးလျှင် ဒုတိယနေရာတွင်ရှိကြောင်းဖော်ပြသည်။
သို့သော် ငလျင်လှုပ်ခြင်းကိစ္စရပ်တွင် အသက်အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခြင်းနှင့် စိတ်ပျက်အားလျော့ခြင်းထက်မက သာ၍အကျုံးဝင်ပါသည်။ ဖြစ်ရပ်အတော်များများ၌ ဤဘေးဒဏ်က လူများစွာတို့ကို အထူးစိတ်စေတနာကောင်းများနှင့် အနစ်နာခံမှုများကိုပြသဖို့ လှုံ့ဆော်ပေးခဲ့ပြီ။ အမှန်သော် အချို့သူတို့သည် ပျက်စီးသွားသော အဆောက်အအုံများကိုပြန်လည်မွမ်းမံ၍ ဘဝပျက်သူတို့ကို ပြန်နာလန်ထူလာစေဖို့ မမောနိုင်မပန်းနိုင်လုပ်ဆောင်ခဲ့ကြသည်။ ဤကဲ့သို့ ရေးရေးမျှဖြစ်သော မျှော်လင့်ချက်ရောင်ခြည်များသည် ကျွန်ုပ်တို့သိလာကြလိမ့်မည့်အတိုင်း ကြောက်ခမန်းလိလိအနိဋ္ဌာရုံများ၏ အကျည်းတန်မှုကြားမှ ထိုးဖောက်၍ တောက်ပခဲ့လေပြီ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ယင်းတို့တွင် အင်အားအနည်းငယ်ရှိငလျင်များပါဝင်ပြီး နေ့စဉ်ထောင်နှင့်ချီလှုပ်သည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
စာမျက်နှာ ၂ နှင့် ၃– ဂရိနိုင်ငံ အေသင်မြို့တွင် စိတ်ကယောက်ကယက်ဖြစ်နေသော အမျိုးသမီးငယ်က သူ၏မိခင်မှာ ပြိုကျသွားသောအဆောက်အအုံအတွင်း ပိတ်မိနေသည်ဟု ယူဆသည်။ တစ်ချိန်တည်းတွင် ငါးနှစ်အရွယ်သမီးငယ်ကို ကယ်ဆယ်၍ရခဲ့သဖြင့် ဖခင်တစ်ဦးမှာ ပျော်ရွှင်ပီတိဖြစ်ခဲ့
[Credit Line]
AP Photos/Dimitri Messinis