ငလျင်တစ်ခုကို ဆန်းစစ်လေ့လာမှု
ငလျင်တစ်ခုကို ဆန်းစစ်လေ့လာမှု
“ကင်းပိတ်ကမ္ဘာလုံးပေါ်၌ ကျွန်ုပ်တို့ အတော်ပင် အထိုင်ကျနေပြီဖြစ်ရာ ကမ္ဘာကြီး စတင်တုန်ခါလှုပ်ရှားသောအခါ စိတ်ကယောင်ချောက်ချားဖြစ်သွား၏။”—“အကြမ်းဖက်သောကမ္ဘာမြေ။”
“ငလျင်တို့သည် ဖျက်ဆီးနိုင်စွမ်းအကြီးမားဆုံးနှင့် အင်အားအရှိဆုံး သဘာဝစွမ်းအားများတွင် ပါဝင်သည်” ဟု ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းကဖော်ပြသည်။ ပြင်းထန်သောငလျင်တစ်ခုမှ ထွက်ပေါ်လာသောစွမ်းအင်သည် ဦးဆုံးထုတ်လုပ်သောအဏုမြူဗုံးထက် အဆပေါင်း ၁၀,၀၀၀ ကြီးမားသည်ဟုဖော်ပြခြင်းမှာ ချဲ့ကားပြောခြင်းမဟုတ်ချေ! သာ၍ကြောက်စရာကောင်းသည်မှာ ငလျင်များသည် မည်သည့်ဝန်းကျင်၊ ရာသီဥတု၌မဆို နေ့တစ်နေ့၏အချိန်အခါမရွေး လှုပ်နိုင်ခြင်းဖြစ်သည်။ ထို့ပြင် အင်အားပြင်းထန်သောငလျင်များ လှုပ်နိုင်ခြေရှိနေရာကို သိပ္ပံပညာရှင်များက ထင်မြင်ချက်ပေးနိုင်သော်လည်း မည်သည့်အချိန်၌လှုပ်မည်ကိုမူ အတိအကျမပြောနိုင်ချေ။
ကမ္ဘာမြေမျက်နှာပြင်အောက်ရှိကျောက်လွှာထုများ တည်နေရာပြောင်းမှုကြောင့် ငလျင်များလှုပ်ခြင်းဖြစ်သည်။ ဤလှုပ်ရှားမှုမျိုးမှာ အဆက်မပြတ်ဖြစ်ပျက်နေသည်။ တစ်ခါတစ်ရံ ငလျင်လှိုင်းများ လှုပ်ရှားသွားရာ မြေမျက်နှာပြင်မှသိရှိနိုင်လောက်အောင် အင်အားမပြင်းလှသော်လည်း ငလျင်မှတ်စက်ဖြင့် ထောက်လှမ်းသိရှိ၍ မှတ်တမ်းတင်နိုင်၏။ * အခြားအချိန်၌မူ ကျောက်ကျိုးပဲ့ကွဲပြတ်မှုများနှင့် ပြတ်ရွှေ့မှုတို့ဖြစ်နိုင်လောက်သည့် ရွေ့လျားမှုကြောင့် အပေါ်ယံ မျက်နှာပြင်ကို အရှိန်အဟုန်ပြင်းစွာတုန်လှုပ်သွားစေသည်။
သို့သော် ကမ္ဘာ့မြေလွှာထုကြီး၌ အဘယ်ကြောင့် အဆက်မပြတ်ရွေ့လျားမှုရှိနေသနည်း။ “ကမ္ဘာမြေနှင့်ဆိုင်သော သိပ္ပံပညာရပ်၌ လုံးဝပြောင်းလဲပစ်ခဲ့သည့် အယူအဆတစ်ရပ်ဖြစ်သော ကမ္ဘာ့ကျောက်လွှာထုဗေဒတွင် ရှင်းလင်းချက်တစ်ရပ်ကို တွေ့ရှိရသည်” ဟု အမျိုးသားငလျင်တိုင်းတာရေးဗဟို (အဲန်အီးအိုင်စီ) ကဆိုသည်။ “သေးငယ်သည့် ကျောက်လွှာအတော်များများပါဝင်သော ကမ္ဘာ့အပေါ်ယံကျောက်လွှာထုကြီး ခုနစ်ခုရှိကြောင်း ယခု ကျွန်ုပ်တို့သိလာရသည်။ အားလုံးသည် တစ်နှစ်လျှင် ၁၀ မှ ၁၃၀ မီလီမီတာအထိ [တစ်လက်မ၏ရှစ်ပုံသုံးပုံမှသည် ငါးလက်မအထိဖြစ်] နှုန်းအမျိုးမျိုးဖြင့် တစ်ခုနှင့်တစ်ခုဆက်စပ်ကာ အဆက်မပြတ်ရွေ့လျားနေသည်” ဟု အဲန်အီးအိုင်စီက ထပ်ဆင့်ဖော်ပြသည်။ ငလျင်အများစုမှာ ကျောက်လွှာထုများကို အနားသတ်နယ်ခြားပေးထားသည့် ရှည်လျားကျဉ်းမြောင်းသော ငလျင်ကြောတစ်လျှောက်တွင် လှုပ်တတ်သည်ဟု အဲန်အီးအိုင်စီကဆိုသည်။ ဤနေရာတွင် ငလျင်ကြီးများ၏ ၉၀ ရာခိုင်နှုန်းလှုပ်ရန်အကြောင်းများသည်။
ပမာဏနှင့် ပြင်းအား
ငလျင်တစ်ခု၏ပြင်းထန်မှုကို ယင်း၏ ပမာဏနှင့်ပြင်းအားတို့ဖြင့် တိုင်းတာသတ်မှတ်ပေမည်။ ၁၉၃၀ ပြည့်လွန်နှစ်များတွင် ချားလ်ဇ် ရစ်ခ်ျစတာဆိုသူက ငလျင်ပမာဏကိုတိုင်းတာရန် စကေးတစ်မျိုးကို တီထွင်ခဲ့သည်။ ငလျင်တိုင်းတာရေးစခန်းများ တိုးများလာသည်နှင့်အမျှ
ရစ်ခ်ျစတာ၏အယူအဆပေါ်မူတည်၍ စကေးအသစ်များ ပေါ်ထွက်လာသည်။ ဥပမာ လည်ကိန်းပမာဏစကေးဟု ခေါ်သည့် ကိရိယာသည် ငလျင်စတင်ရာဗဟိုမှ ထုတ်လွှတ်သောစွမ်းအင်ကို တိုင်းတာသည်။မှန်ပါသည်၊ ဤစကေးအနည်းအများသည် ငလျင်ကြောင့် ထိခိုက်သည့်ပျက်စီးမှုအတိုင်းအတာ အနည်းအများနှင့် ဆက်စပ်မှုမရှိတတ်ချေ။ ၁၉၉၄ ခုနှစ်၊ ဇွန်လတွင် ဘိုလီးဗီးယားတောင်ပိုင်း၌ ပြင်းအားရစ်ခ်ျတာစကေး ၈.၂ ရှိသော ငလျင်ကြောင့် လူငါးဦးသာ သေဆုံးကြောင်း မှတ်တမ်းတင်ထားသည်ကို သုံးသပ်ကြည့်ပါ။ တရုတ်ပြည်၊ တန်ရှန်နယ်တွင် လှုပ်ခဲ့သောငလျင်မှာ သာ၍နည်းသောပမာဏ ၈.၀ ဖြစ်သော်လည်း သိန်းနှင့်ချီ၍ သေဆုံးခဲ့သည်တကား!
ပြင်းအားကိုမှတ်တမ်းတင်ခြင်းမူ ပမာဏနှင့်မတူဘဲ လူ၊ အဆောက်အအုံများနှင့် ဝန်းကျင်အပေါ် ငလျင်တစ်ခု၏ထိခိုက်မှုများကို ဖော်ပြပေးသည်။ ယင်းက လူသားတို့ကို မည်သို့ထိခိုက်ပုံနှင့်ပတ်သက်၍ ငလျင်တစ်ခု၏ပြင်းထန်မှုကို ပို၍တိုင်းတာဖော်ပြသည်။ အမှန်အားဖြင့် ၎င်းတို့ကိုယ်နှိုက်တုန်ခါခြင်းက လူတို့ကို အန္တရာယ်ပေးလေ့ရှိသည်မဟုတ်။ ယင်းအစား ထိခိုက်မှုနှင့် အသေအပျောက် အများဆုံးဖြစ်ရခြင်းမှာ နံရံများပြိုလဲခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်းများ သို့မဟုတ် လျှပ်စစ်ဓာတ်အားလိုင်းများ ပေါက်ပြဲခြင်း၊ အရာဝတ္ထုများပြိုလဲခြင်းတို့ကြောင့်သာဖြစ်သည်။
ငလျင်ပါရဂူတို့၏ပန်းတိုင်တစ်ခုမှာ ငလျင်လှုပ်မည့်အန္တရာယ်ကို စောစောကြိုတင်သတိပေးနိုင်ရေးဖြစ်သည်။ အဆင့်မြင့်မြေငလျင်သုတေသနနှင့် အစောင့်စနစ်ဟုခေါ်သည့် ဒီဂျစ်တယ်သုံးပရိုဂရမ်တစ်ခုကို တီထွင်ခဲ့သည်။ စီအဲန်အဲန်မှလာသည့် သတင်းတစ်ပုဒ်အရ အထက်ပါပရိုဂရမ်ကို အချက်အလက်အမြန်သိရှိနိုင်ခွင့်နှင့် စွမ်းအားမြင့် လုပ်ငန်သုံးပရိုဂရမ်ဆော့ဖ်ဝဲတို့ဖြင့်တွဲထားပေးရာ ငလျင်ကြောင့် အကြီးအကျယ်ဆုံးလှုပ်ခါမည့် ဒေသများကို လှုပ်သည်နှင့်တစ်ပြိုင်တည်းနီးပါးမျှ တာဝန်သိသူများအား အတိအကျထောက်ပြပေးနိုင်သည်။ ယင်းကတစ်ဖန် အာဏာပိုင်တို့အတွက် ဘေးဒဏ်ခံရသောဒေသများသို့ အကူအညီပေးပို့ရန် သာ၍လွယ်ကူစေပေလိမ့်မည်။
ရှင်းနေသည်ကား ငလျင်တစ်ခုအတွက် အသင့်ပြင်ထားခြင်းက အထိနာမှု၊ ပျက်စီးဆုံးရှုံးမှုတို့ကို လျော့နည်းစေနိုင်ပြီး အရေးကြီးဆုံးကား အသက်များကိုကယ်ဆယ်နိုင်သည်။ သို့တိုင် ငလျင်များမှာ လှုပ်ရန်ရှိဆဲဖြစ်၏။ သို့နှင့် ပေါ်ထွက်လာသောမေးခွန်းကား ဘေးဒဏ်သင့်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် လူတို့ မည်သို့ အကူအညီရရှိကြမည်နည်း ဟူ၍ဖြစ်သည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 ဆီဆမိုဂရပ်ခေါ် ငလျင်မှတ်စက်ဟူသည် ငလျင်လှုပ်နေချိန်အတွင်း မြေကြီး၏လှုပ်ရှားမှုကို တိုင်းတာ၍မှတ်တမ်းတင်သော စက်ကိရိယာဖြစ်၏။ ပထမဦးဆုံးစက်မှာ ၁၈၉၀ ပြည့်နှစ်တွင် စတင်ပေါ်ပေါက်ခဲ့သည်။ ယနေ့ ကမ္ဘာတစ်ဝန်း ငလျင်မှတ်စက်ရှိသောစခန်း ၄,၀၀၀ ကျော်၌ မှတ်တမ်းတင်လျက်ရှိ၏။
[စာမျက်နှာ ၅ ပါ ဇယား]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
မြေငလျင်အကြိမ် မည်မျှနည်း
သတ်မှတ်ချက် ငလျင်ပမာဏ နှစ်စဉ်ပျမ်းမျှ
ဧရာမငလျင်ကြီး ၈ နှင့် အထက် ၁
ငလျင်ကြီး ၇-၇.၉ ၁၈
အင်အားပြင်းငလျင် ၆-၆.၉ ၁၂၀
အင်အားအတော်အတန်ရှိငလျင် ၅-၅.၉ ၈၀၀
အင်အားရှိငလျင် ၄-၄.၉ ၆,၂၀၀*
အင်အားအနည်းငယ်ရှိငလျင် ၃-၃.၉ ၄၉,၀၀၀*
အလွန်အင်အားနည်းငလျင် <၃.၀ ပမာဏ ၂-၃–
တစ်နေ့လျှင် ၁,၀၀၀ ခန့်ဖြစ်
ပမာဏ ၁-၂–
တစ်နေ့လျှင် ၈,၀၀၀ ခန့်ဖြစ်
* ခန့်မှန်းချက်ဖြစ်သည်။
[Credit Line]
Source: National Earthquake Information Center By permission of USGS/National Earthquake Information Center, USA
[Picture Credit Line on page 5]
Seismogram on pages 4 and 5: Figure courtesy of the Berkeley Seismological Laboratory