ငလျင်များ—သမ္မာကျမ်းစာပရောဖက်ပြုချက်နှင့် အသင်
ငလျင်များ—သမ္မာကျမ်းစာပရောဖက်ပြုချက်နှင့် အသင်
ယေရှုမသေဆုံးမီ “ဤကမ္ဘာအဆုံး” စတင်ခြင်းကို သက်သေဖြစ်စေမည့် ဖြစ်ရပ်များနှင့် အခြေအနေများအကြောင်း တင်ကူးမိန့်တော်မူခဲ့၏။ ထိုကာလကို ကပ်ရောဂါများ၊ အစာခေါင်းပါးမှုနှင့် အကြီးအကျယ်စစ်ဖြစ်ခြင်း စသည်တို့ဖြင့် မှတ်သားဖော်ပြလိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူ၏။ “အရပ်ရပ်တို့၌ကြီးစွာသောမြေလှုပ်ခြင်း” ဖြစ်မည့်အကြောင်းလည်း သူဖော်ပြခဲ့သည်။ (မဿဲ ၂၄:၃၊ ၇; လုကာ ၂၁:၁၀၊ ၁၁) ကျွန်ုပ်တို့၏နေ့ရက်ကာလကို ယေရှုရည်ညွှန်းခဲ့ခြင်းလော။
မဟုတ်ပါဟု များစွာတို့ကဆိုသည်။ သူတို့က အကြိမ်ကြိမ်ငလျင်လှုပ်ခြင်းမှာ အမှန်စင်စစ် မကြာသေးမီ ဆယ်စုနှစ်များကမှမဟုတ်ဟု အခိုင်အမာပြောဆိုသည်။ အမှန်မှာ အမေရိကန်ပြည်ထောင်စုရှိ အမျိုးသားရေးငလျင်သတင်းဗဟိုစခန်းက ၇.၀ အဆင့်နှင့် ၎င်းအထက်ရှိငလျင်များသည် ၂၀ ရာစုနှစ်ကာလတစ်လျှောက် “အဆက်မပြတ်ဆိုရမလောက်” လှုပ်ခဲ့သည်ဟု မှတ်တမ်းပေးပို့၏။ *
သို့သော် ယေရှု၏ပရောဖက်ပြုချက်ပြည့်စုံဖို့ရန် အရေအတွက် တိုးများလာခြင်း သို့မဟုတ် ငလျင်၏ပြင်းအားကြီးမားလာခြင်းတို့အပေါ် မမူတည်ကြောင်း သတိပြုပါ။ ယေရှုက ငလျင်ကြီးများသည် အရပ်ရပ်တို့၌ ဆက်လှုပ်သွားမည်ဟူ၍ မိန့်တော်မူခြင်းဖြစ်သည်။ ထို့အပြင် ဤဖြစ်ရပ်များသည် “ဆင်းရဲခြင်း၏အစအဦး” ကို မှတ်သားဖော်ပြမည်အကြောင်း ကိုယ်တော်မိန့်မြွက်ခဲ့၏။ (မဿဲ ၂၄:၈) ကိုယ်စိတ်ဆင်းရဲခြင်း၏အတိုင်းအတာကို မြေငလျင်အကြိမ်အရေအတွက် သို့မဟုတ် ယင်းတို့၏ရစ်ခ်ျတာစကေးအပြင်းအပျော့ဖြင့် မသတ်မှတ်ဘဲ လူတို့အပေါ် ထိခိုက်မှုအတိုင်းအတာဖြင့်သတ်မှတ်သည်။
မြေငလျင်များသည် အမှန်ပင် ကျွန်ုပ်တို့နေ့ရက်ကာလ၌ များစွာဆင်းရဲပူပန်မှုကို ဖြစ်စေသည်။ အမှန်သော် ၂၀ ရာစုနှစ်အတွင်း ဤဘေးအန္တရာယ်ကြောင့် သန်းနှင့်ချီသူတို့မှာ သေဆုံးကြရ သို့မဟုတ် အိုးအိမ်မဲ့ဖြစ်ခဲ့ကြရသည်။ အသေအပျောက်အများစုကို မဖြစ်ရန် ကြိုတင်ကာကွယ်နိုင်သည်ဟု ကျွမ်းကျင်သူတို့ကဆိုသည်။ ဘီဘီစီသတင်းက “ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆောက်လုပ်မှုစံနှုန်းများသည် ဈေးသက်သာခြင်းနှင့်ယှဉ်လိုက်လျှင် အများအားဖြင့် ဒုတိယအဆင့်လိုအပ်ချက်ဖြစ်သွားလေ့ရှိရာ အလျင်အမြန်မြို့ကွက်ဖော်ရေးလိုအပ်မှုကို ဖြည့်ဆည်းပေးရန် အိုးအိမ်တို့ကို လျင်မြန်စွာဆောက်လုပ်ကြသည်” ဟု မှတ်တမ်းပေးပို့သည်။ များမကြာမီက ဝမ်းနည်းဖွယ်ဖြစ်ရပ်နှစ်ခုနှင့်စပ်လျဉ်း၍ ဝေဖန်ချက်ပေးရာ၌ မြို့ပြဘေးသင့်ခြင်းနှင့်ပတ်သက်၍ ကျွမ်းကျင်သူ ဘင် ဝစ္စနာက ဤသို့ဆိုသည်– “ဤသူတို့အသက်ဆုံးရခြင်းမှာ မြေငလျင်ကြောင့်မဟုတ်ပါ။ လူတို့၏မှားယွင်းမှု၊ ဂရုမမူမှု၊ အကျင့်ပျက်မှုနှင့် လောဘကြီးမှုအစုစုတို့ကြောင့် သေရခြင်းဖြစ်သည်။”
မှန်ပါသည်၊ ရံဖန်ရံခါ မြေငလျင်လှုပ်ရာတွင် သေဆုံးရသောအကြောင်းအများဆုံးမှာ လူတို့၏တစ်ကိုယ်ကောင်းဆန်မှုနှင့် ဂရုမပြုမှုတို့ကြောင့်ဖြစ်သည်။ စိတ်ဝင်စားစရာကား ထိုသို့သောစရိုက်များသည် ဤအစီအစဉ်စနစ်၏ “နောက်ဆုံးသောနေ့ရက်များ” နှင့်ပတ်သက်၍ နောက်ထပ်ပရောဖက်ပြုချက်တစ်ရပ်၌ ရှေ့ဆုံးမှပါလာပါသည်။ သမ္မာကျမ်းစာက ထိုကာလအတွင်း လူတို့သည် “ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ” နှင့် “ကြမ်းကြုတ်သောသူ” ဖြစ်ကြလိမ့်မည်အကြောင်း ဖော်ပြထားသည်။ (၂ တိမောသေ ၃:၁-၅၊ သမ္မာ) ဤကမ္ဘာအဆုံးနှင့်စပ်လျဉ်းသော ယေရှု၏စကားများနှင့်အတူ ထိုပရောဖက်ပြုချက်က လူသားတို့အား ကိုယ်စိတ်ဆင်းရဲမှုဘေးကြုံစေသော ကြီးစွာသောမြေငလျင်လှုပ်ခြင်းအပါအဝင် လက်ရှိနာကျင်မှုနှင့် ဆင်းရဲဝေဒနာခံစားရခြင်းမှန်သမျှမှ ချမ်းသာရာရစေဖို့ ဘုရားသခင်ဆောင်ကြဉ်းပေးမည့်အချိန်မှာ အလွန်နီးပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းစိတ်ချစေ၏။—ဆာလံ ၃၇:၁၁။
ဤကျမ်းစာအခြေခံမျှော်လင့်ချက်ကို သာ၍ သင်သိရှိလိုပါသလော။ သင့်ရပ်ကွက်ဒေသရှိ ယေဟောဝါသက်သေများနှင့်ဆက်သွယ်ပါ၊ သို့မဟုတ် စာမျက်နှာ ၅ တွင်ပါရှိသော သင့်လျော်ရာလိပ်စာသို့ စာရေးပါ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 အချို့သူတို့က မြေငလျင်အကြိမ်အရေအတွက် အတော်များများတိုးများလာသည့် မှတ်တမ်းများသည် ငလျင်လှုပ်မှုများကို သာ၍ထောက်လှမ်းသိရှိနိုင်သည့် နည်းပညာဘက်၌ တိုးတက်လာသောကြောင့်သာဖြစ်သည်ဟု ဆိုကြသည်။