တောက်ပသည့်နေ့ရက်များက ညတွင် ကောင်းစွာအိပ်ပျော်စေ
တောက်ပသည့်နေ့ရက်များက ညတွင် ကောင်းစွာအိပ်ပျော်စေ
သင်သည် အိပ်ပျော်ရခက်နေပါသလား။ အထူးသဖြင့် သင်သည် သက်ကြီးရွယ်အိုဖြစ်မည်ဆိုလျှင် အဆိုပါပြဿနာမှာ နေ့ပိုင်းတွင် နေပူမခံခြင်းကြောင့် ဖြစ်နိုင်ပေသည်။ ဂျပန်နိုင်ငံမှ သုတေသီများသည် ဘိုးဘွားရိပ်သာမှ အိပ်မပျော်သည့် ဝေဒနာခံစားနေရရှာသူများနှင့်ပတ်သက်၍ လေ့လာမှုတစ်ခုပြုလုပ်ခဲ့ရာ အိပ်မပျော်ရသည့်အကြောင်းရင်းမှာ ဝန်းကျင်အလင်းရောင်တွင် နေ့စဉ် နေပူမခံကြခြင်းနှင့် ဆက်နွှယ်နေသည်ကို သူတို့တွေ့ရှိခဲ့ကြသည်။ တစ်ချိန်တည်းတွင် အဆိုပါသက်ကြီးရွယ်အိုများတွင် မယ်လတိုနင်ဟော်မုန်းအဆင့်မှာ နိမ့်ကျလျက်ရှိနေကြောင်း သွေးစမ်းသပ်မှုများက ဖော်ပြခဲ့၏။
မယ်လတိုနင်ကို ဦးနှောက်ထဲရှိ ပင်နီရယ်ဂလင်းက ထုတ်ပေးသည်။ သာမန်အခြေအနေ၌ နေ့စဉ်မှန်မှန်ထုတ်ပေးသည့် မယ်လတိုနင်သည် သွေးအတွင်းစုပုံလာရာ “ညပိုင်းတွင် မြင့်မားပြီး နေ့ခင်း၌မူ မသိသာ” ဟု ဆေးဝါးကုသမှုဆိုင်ရာ အတွင်းစိမ့်ဂလင်းဗေဒနှင့် ဇီဝတွင်းဖြစ်ပျက်မှုဂျာနယ်မှ သတင်းတစ်ပုဒ်ကဆိုသည်။ သို့ရာတွင် သက်ကြီးရွယ်အိုများသည် နေ့ခင်းတွင် လုံလောက်စွာ နေပူမခံပါက သွေးထဲရှိမယ်လတိုနင်အဆင့်မှာ ကျဆင်းသွားသည်။ ကိုယ်ခန္ဓာနှင့်စပ်လျဉ်း၍ အလင်းရောင် လုံလုံလောက်လောက်မရှိခြင်းက နေ့နှင့်ညစပ်ကြားကွာခြားချက်ကို မသဲမကွဲဖြစ်လာစေပုံရသည်၊ ယင်းက အိပ်ပျော်ခြင်းအရည်အသွေးကို ထိခိုက်စေသည်ဟု သုတေသီများကယုံကြည်ကြသည်။
ညညအိပ်မပျော်သည့် သက်ကြီးရွယ်အိုများသည် နေ့လယ်ပိုင်းအချိန်လောက်တွင် (နေ့လယ် ၁၀ နာရီနှင့် နှစ်နာရီမှ လေးနာရီအထိ) သဘာဝအတိုင်းမဟုတ်ဘဲ ဖန်တီးထားသည့် တောက်ပသောအလင်းရောင်နှင့် သတ္တပတ်လေးပတ်ကြာ ထိတွေ့သည့်အခါ ၎င်းတို့၏ မယ်လတိုနင်ထုတ်ပေးမှုသည် “ထိန်းချုပ်စမ်းသပ်ခံအုပ်စုတစ်စုမှ အသက်ငယ်ရွယ်သူတို့နှင့် အဆင့်ခြင်းတူသည်အထိ” တိုးမြှင့်လာခဲ့သည်ဟု အဆိုပါသတင်းကဆိုသည်။ * တစ်ချိန်တည်းတွင် ၎င်းတို့၏အိပ်ပျော်ခြင်းအရည်အသွေးမှာလည်း တိုးတက်လာခဲ့၏။
အဆိုပါတွေ့ရှိချက်များက သုတေသီများအား “သက်ကြီးရွယ်အိုများ၊ အထူးသဖြင့် မိမိတို့၏နေ့စဉ်ဘဝအသက်တာ အများစုကို အခန်းအလင်းရောင်အောက်တွင် အချိန်ကုန်ကြသည့် Els (ညအိပ်မပျော်သည့်သက်ကြီးရွယ်အိုများ) တို့သည် မိမိတို့၏ ၂၄ နာရီ အချိန်ကိုက်စနစ် (၎င်းတို့၏ကိုယ်တွင်းသဘာဝနာရီ) ကို အချိန်ညှိဖို့ အလင်းရောင်ပြင်းအား လုံလုံလောက်လောက်မရနိုင်ဟု ယူမှတ်” စေလေသည်။ အကြောင်းမှာ သက်ကြီးရွယ်အိုတချို့သည် အိပ်ပျော်စေရန် အထောက်အကူအဖြစ် မယ်လတိုနင်ဖြည့်စွက်ဆေးများကို သောက်သုံးကြသည်၊ သတင်းတစ်ပုဒ်ကဤသို့မှတ်ချက်ချ၏– “ရေရှည် မယ်လတိုနင်ဆေးပေးခြင်းနှင့်စပ်လျဉ်း၍ ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုးများကို သုံးသပ်ကြည့်ရာ နေ့ခင်းအလင်းရောင်နှင့်ထိတွေ့ ခြင်းက မယ်လတိုနင်စိမ့်ထွက်မှုလျော့နည်းလာသော Els သမားများအတွက် ပိုမိုနှစ်လိုဖွယ်ကောင်း၊ အာနိသင်လည်းရှိ၊ စိတ်ချရပြီး ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်နိုင်သော ကုထုံးဖြစ်စေပေမည်။”
ထို့ကြောင့် သင်သည် တစ်နေကုန် အိမ်ထဲတွင်သာအနေများပြီး ညညအိပ်မပျော်သည့်ဝေဒနာခံစားရလျှင် အချိန်အနည်းငယ်ယူပြီး အိမ်အပြင်ဘက်ထွက်နေဖို့ ကြိုးစားပါလေ—သို့မဟုတ် နေ့ခင်းပိုင်းတွင် သင့်အိမ်အတွင်းထဲသို့ အတတ်နိုင်ဆုံး အလင်းရောင်များများ ဝင်လာစေပြီး ညအချိန်ရောက်သော် သင့်အိပ်ခန်းကို အမှောင်ချထားပါ။ တောက်ပသောနေ့ရက်များက ညတွင် ကောင်းစွာအိပ်ပျော်စေနိုင်ကြောင်း သင်တွေ့ရှိရမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 အဆိုပါလေ့လာမှုတွင် ထိန်းချုပ်စမ်းသပ်ခံအုပ်စုနှစ်စုပါဝင်သည်– အသက်ငယ်ရွယ်သည့် လူဆယ်ယောက်နှင့် အိပ်ပျော်ရခက်သူများကဲ့သို့ပင် ဘိုးဘွားရိပ်သာတွင်ပင် နေထိုင်ကြသည့် ကျန်းမာသောသက်ကြီးရွယ်အို ဆယ်ယောက်။