ဘေးသင့်ပြီးနောက် ဆိုးကျိုးကို ကိုင်တွယ်ခြင်း
ဘေးသင့်ပြီးနောက် ဆိုးကျိုးကို ကိုင်တွယ်ခြင်း
“မနက်ကတည်းက ကျွန်တော်တို့ဟာ ခြေသလုံးအိမ်တိုင်ပဲ၊ အသက်လုပြေးနေရတယ်။ သောက်စရာရေမရှိ၊ စားစရာနတ္ထိနဲ့ အိုးအိမ်အားလုံး ပျက်စီးကုန်ပြီ။”—ဟာဂျီဗန်၊ အိန္ဒိယ၌ အင်အား ၇.၅ အဆင့်ရှိငလျင်မှ အသက်မသေဘဲလွတ်မြောက်သူ။
ပြင်းထန်သောငလျင်တစ်ခုကို နဖူးတွေ့ဒူးတွေ့ ကြုံရခြင်းသည် ကြောက်ရွံ့ထိတ်လန့်စရာကောင်းလှပေသည်။ “အိပ်ရာနံဘေးရှိ ရှစ်ပေလောက်မြင့်တဲ့ဗီရိုကြီးထဲက စာအုပ်တွေဟာ အနီးပတ်လည်မှာ ပျံနေတယ်” ဟူ၍ တိုင်ဝမ်တွင် ၁၉၉၉ ခုနှစ်၌ လှုပ်သောမြေငလျင်မှ လွတ်မြောက်ခဲ့သူတစ်ဦးက ပြောပြသည်။ ‘ဝယ်ထားတဲ့ အသစ်စက်စက် ဆိုင်ကယ်စီးဦးထုပ်ဟာ ဗီရိုကြီးပေါ်ကနေ အိပ်ရာထက် ကျွန်မရဲ့ ခေါင်းအနီး တည့်တည့်ကျလာတယ်။ ခေါင်းလာထိလိုက်ရင်တော့ ကျွန်မ သေရော’ ဟုသူထပ်ပြောပြသည်။
အသက်ဘေးမှလွတ်မြောက်ပြီးနောက်
ငလျင်လှုပ်ချိန်၌ အသက်လုပြေးနေရခြင်းသည် ကြောက်ရွံ့ထိတ်လန့်စရာဖြစ်ရုံမကဘဲ လွတ်မြောက်သွားသူတစ်ဦးအဖို့မှာ ဘဝပြန်စရုံဖြစ်သည်။ ဖြစ်ရပ်ပြီးဆုံးသည့်နောက်၌ ကယ်ဆယ်ရေးလုပ်သားများသည် သတ္တိရှိရှိဖြင့် ဒဏ်ရာရသူများကို ရှာဖွေ၊ ကုသပေးဖို့ ကြိုးစားကြသည်။ များသောအားဖြင့် သူတို့ ရင်တမမဖြင့် ထိုသို့ပြုကြခြင်းဖြစ်သည်။ အယ်လ်ဆာဗေးဒေါတွင် မကြာသေးမီက လှုပ်ခဲ့သောငလျင်ပြီးနောက် တစ်ရပ်ကွက်လုံးမြုပ်သွားသည့် မြေပုံကြီးကို ဂရုတစိုက်တူးဖော်ခဲ့ရသူတစ်ဦးက “ကျွန်တော်တို့ဟာ အရမ်းကိုဂရုစိုက်ရပါတယ်။ ရုတ်တရက်မြေကြီးက ထပ်လှုပ်မယ်ဆိုရင် ရှိတဲ့ဒီမြေပုံကြီးတစ်ခုလုံး ထပ်ပြိုကျသွားနိုင်တယ်” ဟုပြောခဲ့သည်။
တစ်ခါတစ်ရံ အချို့သူတို့သည် ဘေးသင့်ခံရသူတို့ကို အကူအညီပေးရာတွင် ထူးခြားသော ကိုယ်ကျိုးစွန့်မှုကို တင်ပြကြ၏။ ဥပမာ၊ အိန္ဒိယနိုင်ငံတွင် ၂၀၀၁ ခုနှစ် အစောပိုင်း၌ အင်အားပြင်းငလျင်တစ်ခုလှုပ်သောအခါ ယခု အမေရိကန်တွင်နေထိုင်သော မီနူးအမည်ရှိ အဘိုးအိုတစ်ဦးသည် သူ၏နေရင်းနိုင်ငံသို့ ပြန်လာခဲ့သည်။ “ကျွန်တော်သွားကိုသွားရမယ်၊ မိသားစုတင်မဟုတ်ဘူး၊ ဆင်းရဲဝေဒနာခံရသူတိုင်းကို ကူညီရမယ်” ဟု သူစဉ်းစားခဲ့သည်။ သူသွားခဲ့သောဒေသများ၌ ဝမ်းနည်းပူဆွေးဖွယ်အခြေအနေတို့ကို တွေ့မြင်ခဲ့သည်။ မည်သို့ပင်ဆိုစေ၊ ဤသို့ သူသတိပြုမိခဲ့သည်– “လူတွေရဲ့ရဲစွမ်းသတ္တိကတော့ အံ့မခန်းလောက်အောင်ပါပဲ။” သတင်းစာဆရာတစ်ဦး ဤသို့ရေးသားခဲ့သည်– “ကျွန်တော့်အနီးအနားရှိ ကျား/မ မဟူ လူတိုင်းသည် တစ်ရက်စာ၊ တစ်ပတ်စာ သို့မဟုတ် တစ်လစာလုပ်အားခ၊ သူတို့စုဆောင်းထားရာမှအချို့ သို့မဟုတ် အကူအညီဖြစ်ရန် သူတို့ပေးနိုင်သမျှကို ပေးကမ်းကြသူချည်းဖြစ်သည်။”
အုတ်ခဲအကျိုးအပဲ့များကို ရှင်းပေးခြင်းနှင့် ဒဏ်ရာရသူတို့ကို ကုသပေးခြင်းတို့မှာ တစ်ကဏ္ဍ၊ တုန်လှုပ်ဖွယ်အခိုက်အတန့်အချိန်တိုကလေးကြောင့် ဗြောင်းဆန်သွားသောဘဝတစ်ခုလုံးကို နဂိုအခြေအနေအတိုင်း ပြန်ဖြစ်စေဖို့ရာမှာ နောက်တစ်ကဏ္ဍဖြစ်သည်။ အယ်လ်ဆာဗေးဒေါ၌ တုန်လှုပ်သောမြေငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသော ဒီလိုရက်စ်အမည်ရှိ အမျိုးသမီးတစ်ဦးကို သုံးသပ်ကြည့်ပါ။ “စစ်ထက်တောင် ဆိုးပါတယ်၊ စစ်ဖြစ်တာကမှ အနည်းဆုံး အမိုးအကာတော့ကျန်ပါသေးတယ်” ဟူ၍ပြောပြသည်။
ကျွန်ုပ်တို့၏အဖွင့်ဆောင်းပါး၌ ဖော်ပြထားသကဲ့သို့ တစ်ခါတစ်ရံ ရုပ်ပစ္စည်းအကူအညီသာမက စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုလည်း များစွာလိုအပ်သည်။ ဥပမာ၊
၁၉၉၉ ခုနှစ် နှစ်ဦးပိုင်းတွင် ကိုလံဘီယာအနောက်ပိုင်းရှိ အာမီးနီးယားမြို့၌ မြေငလျင်တစ်ခု တုန်လှုပ်သွားသည့်အခါ လူပေါင်းတစ်ထောင်ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ကျန်ရစ်သူများစွာမှာ တုန်လှုပ်ချောက်ချား၍ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြသည်။ ဘေးဒဏ်ကြောင့် မိမိကိုယ်ပိုင်တိုက်ခန်း ပြိုကျပျက်စီးသွားခဲ့သော စိတ်ရောဂါကုဆရာဝန် ရိုဘာတို အက်စ်တီဖန်က ဤသို့ပြောခဲ့သည်– “ဘယ်နေရာကိုပဲသွားသွား၊ လူတွေဟာ အကူအညီတောင်းနေကြတယ်။ ဟမ်ဘာဂါသွားစားဖို့ ကျွန်တော်အပြင်ထွက်ရင် နှုတ်ခွန်းဆက်သူအများစုက နှုတ်ဆက်ချိန်တစ်ခဏလေးမှာတောင် သူတို့အိပ်မပျော်နိုင်ကြောင်း၊ ဝမ်းနည်းပူဆွေးနေကြောင်းတွေကို ကျွန်တော့်ကို ပြောပြတော့တာပဲ။”ဒေါက်တာအက်စ်တီဖန် ကောင်းစွာသိထားသည့်အတိုင်း မြေငလျင်တစ်ခုလှုပ်ပြီးနောက် စိတ်တုန်လှုပ်ချောက်ချားမှုသည် အကြီးအကျယ်ထိခိုက်စေနိုင်၏။ ကယ်ဆယ်ရေးစခန်းတည်ဆောက်ရာ၌ စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့သူ အမျိုးသမီးတစ်ဦးက အလုပ်ရှိသူအချို့သည် အလုပ်သွားမလုပ်ကြတော့ပေ၊ အကြောင်းမှာ မကြာမီ မိမိတို့သေရမည်ဟု ယူဆထား၍ဖြစ်ကြောင်း သတိပြုမိခဲ့သည်။
မျှော်လင့်ချက်မဲ့စိတ်ပျက်နေသူတို့ကို မျှော်လင့်ချက်ကမ်းလှမ်းပေး
ထိုသို့အထူးတလည်အရေးကြုံချိန်၌ ယေဟောဝါသက်သေတို့သည် အသက်ရှင်ကျန်ရစ်သူတို့အတွက် ကာယရေးအတွက်သာမက ဝိညာဉ်ရေးနှင့် စိတ်ပိုင်းဆိုင်ရာတို့အတွက်လည်း ဖေးမကူညီပေးရန် ကြိုးပမ်းအားထုတ်ကြသည်။ ဥပမာ၊ အစောပိုင်းက
ဖော်ပြခဲ့သော ကိုလံဘီယာမြေငလျင်ပြီးနောက် ချက်ချင်းပင် ထိုတွင်ရှိသော ယေဟောဝါသက်သေများ၏ဌာနခွဲသည် ဒေသခံ အရေးပေါ်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ထိုနိုင်ငံ၏ဒေသအသီးသီးမှ ထောင်နှင့်ချီသော စေတနာ့ဝန်ထမ်းသက်သေခံများသည် အစားအသောက်နှင့် ငွေကြေးတို့ကို လှူဒါန်းခဲ့ကြသည်။ များမကြာမီ ဘေးဒဏ်သင့်သောဒေသသို့ အစားအသောက်တန်ချိန် ၇၀ ခန့်ကို ပေးပို့ခဲ့ကြသည်။ဝိညာဉ်ရေးထောက်ပံ့မှုမှာ အရေးတကြီးအလိုအပ်ဆုံးဖြစ်လေ့ရှိသည်။ ကိုလံဘီယာငလျင်ပြီးနောက် နံနက်ခင်းတစ်ခုတွင် အာမီးနီးယားမြို့ရှိ ပျက်စီးယိုယွင်းနေသောလမ်းမပေါ်၌ အလွန်အမင်းစိတ်ဓာတ်ကျကာ လမ်းလျှောက်နေသောအမျိုးသမီးတစ်ဦးကို ယေဟောဝါသက်သေတစ်ဦးက သတိပြုမိ၏။ ထိုအမျိုးသမီးထံချဉ်းကပ်၍ “ချစ်မြတ်နိုးရသောသေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက်ရှိသနည်း” * ဟူသောဝေစာတစ်စောင်ကိုကမ်းခဲ့သည်။
ထိုအမျိုးသမီးသည် ဝေစာကိုအိမ်ပြန်ယူသွားပြီး အသေအချာဖတ်ရှုခဲ့၏။ နောက်တစ်ခေါက် ယေဟောဝါသက်သေတစ်ဦး သူ့အိမ်သို့ ရောက်လာသောအခါ မိမိအဖြစ်သနစ်ကို ဖြစ်ကြောင်းကုန်စင်ပြောပြခဲ့သည်။ အလှည့်အပြောင်းဖြစ်စေသော ငလျင်က ဝင်ငွေကောင်းကောင်းရရှိစေသည့် ထိုမြို့၌ သူပိုင်ဆိုင်သည့်အိမ်ရာများစွာကိုဖျက်ဆီးပစ်ခဲ့သည်။ ယခု သူသည် ဆင်းရဲသွားလေပြီ။ ထိုမျှသာမဟုတ်။ မြေငလျင်လှုပ်ချိန်၌ သူနေသောအိမ်မှာပြိုကျခဲ့၍ သူနှင့်အတူနေသော အသက် ၂၅ နှစ်အရွယ် သားဖြစ်သူမှာ အသက်ဆုံးသွားခဲ့ရသည်။ ထိုအမျိုးသမီးက သူ့အိမ်သို့ရောက်လာသောသက်သေခံကို ယခင်က သူသည် ဘာသာရေး၌လုံးဝစိတ်မဝင်စားခဲ့သော်လည်း ယခုမူ မိမိတွင် မေးစရာမေးခွန်းများစွာရှိကြောင်း ပြောပြခဲ့သည်။ ထိုဝေစာက သူ့အား မျှော်လင့်ချက်အစစ်အမှန် ပေးခဲ့လေပြီ။ များမကြာမီ အိမ်တွင်းကျမ်းစာသင်အံမှုကို စတင်ခဲ့သည်။
ငလျင်အပါအဝင် သဘာဝဘေးဒဏ်အားလုံး၏ ဘေးအန္တရာယ်မှ လူသားတို့လွတ်တော့မည့်အချိန် ရောက်လာမည်ဖြစ်ကြောင်း ယေဟောဝါသက်သေများက ယုံကြည်စိတ်ချကြသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရကြောင်း နောက်ဆောင်းပါးက ရှင်းပြလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 12 ယေဟောဝါသက်သေများမှ ထုတ်ဝေသည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
အသင့်ပြင်ထားပါ!
▪ ရေအပူပေးစက်ကို ခိုင်မြဲစွာအထိုင်ချထားကြောင်းနှင့် လေးလံသောပစ္စည်းတို့ကို ကြမ်းပြင် သို့မဟုတ် စင်နိမ့်နိမ့်၌ချထားကြောင်း သေချာစေပါ။
▪ လျှပ်စစ်မီး၊ ဂက်စ်လိုင်းနှင့် ရေတို့ကိုလည်း မည်သို့ပိတ်ပစ်ရမည်ကို မိသားစုဝင်တို့အား သင်ပေးထားပါ။
▪ သင့်အိမ်၌ မီးသတ်ဘူးနှင့် ရှေးဦးသူနာပြုအသုံးအဆောင်ပစ္စည်းတို့ကို ဆောင်ထားပါ။
▪ ဓာတ်ခဲအသစ်စက်စက်ဖြင့် လက်ဆွဲရေဒီယိုကို ဆောင်ထားပါ။
▪ မိသားစု အစမ်းလေ့ကျင့်ရာ၌ (၁) စိတ်ငြိမ်ငြိမ်ထားဖို့၊ (၂) မီးဖိုများနှင့် အပူပေးကိရိယာများကို ပိတ်ဖို့၊ (၃) တံခါးဝ၌ဖြစ်စေ၊ စားပွဲ သို့မဟုတ် စာရေးခုံအောက်၌နေဖို့နှင့် (၄) ပြတင်းပေါက်များ၊ မှန်များနှင့် မီးခိုးခေါင်းတိုင်တို့မှ ဝေးဝေးတွင်ရှိဖို့လိုအပ်ပုံတို့ကို အလေးပေးပါ။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အစ္စရေးလ် မြေငလျင်များ
အစ္စရေးလ်နိုင်ငံသည် “ကမ္ဘာတွင် ငလျင်လှုပ်ချိန် အချိန်အကြာဆုံးနှင့် ဆက်တိုက်လှုပ်သည့်ကြိမ်ရေအများဆုံးဖြစ်သည့် နိုင်ငံဖြစ်၏” ဟု ပရောဖက်ဆာ အေမို့စ် နူရာက ရေးသားသည်။ အကြောင်းမှာ မြေထဲပင်လယ်နှင့် အရေဘီယံကျောက်လွှာထုများအကြား ပြတ်ရွေ့ကြောင်းဖြစ်သော ဂရိတ်ရိဖ် ဗဲလီ၏ထိုအပိုင်းသည် အစ္စရေးလ်နိုင်ငံကို မြောက်မှတောင်သို့ တည့်တည့်ကန့်လန့်ဖြတ်ထား၍ဖြစ်သည်။
စိတ်ဝင်စားစရာကား ရှေးဟောင်းသုတေသနပညာရှင်အချို့က ရှေးကအင်ဂျင်နီယာများသည် ငလျင်ဒဏ်ကြောင့် အပျက်အစီး နည်းသွားစေရန် အထူးနည်းနိဿယကို အသုံးပြုခဲ့ကြောင်း ယုံကြည်ထားသည်။ ယင်းသည် သမ္မာကျမ်းစာရှိ ရှောလမုန်၏ဆောက်လုပ်ရေးအစီအစဉ် ဖော်ပြချက်နှင့် တစ်ထပ်တည်းကျ၏– “တံတိုင်းကြီးသည် ဆစ်သောကျောက်သုံးတန်း၊ အာရဇ်သစ်ကြီးတစ်တန်းဖြင့်ပြီး၏။ ဗိမာန်တော်အတွင်းတံတိုင်း၊ နန်းတော်ကနားပြင်တံတိုင်းတို့သည် ထို့အတူပြီးကြ၏။” (၃ ဓမ္မရာဇဝင် ၆:၃၆; ၇:၁၂) ရှောလမုန်အချိန် သို့မဟုတ် ထိုထက်အစောပိုင်းကျသောအချိန်မှ ဖြစ်သည်ဟု ယူဆရသော မေဂိဒ္ဒေါ၏ဂိတ်တံခါးဝအပါအဝင် ကျောက်ဖြင့်ဆောက်သောအဆောက်အအုံ၌ သစ်သားရက်မတန်းများကို ညှပ်ထည့်သွင်းသည့် ဤနည်းနိဿယ၏သက်သေသာဓကကို နေရာအသီးသီးတွင် တွေ့ ရှိရသည်။ ပညာရှင် ဒေးဗစ် အမ်.ရိုးလ်က ဤရက်မတန်းများသည် “ငလျင်ကြောင့်ထိခိုက်ပျက်စီးသွားခြင်းမှ အဆောက်အအုံကို ကာကွယ်ဖို့ ညှပ်ထည့်ထားခြင်း” ဖြစ်နိုင်သည်ဟု ယုံကြည်ကြသည်။
[ရုပ်ပုံ]
ငလျင်ကြောင့် အစ္စရေးလ်ရှိ ဘက်ရှိအန်၌ အပျက်အစီး
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
တုန်လှုပ်ဖွယ် နှစ်မိနစ်—အသက်မသေ လွတ်မြောက်သူတစ်ဦး၏ မှတ်တမ်း
အိန္ဒိယနိုင်ငံရှိ အာမက်ဒါဘက်မြို့တွင် ကျွန်တော်တို့ မိသားစုသည် ညီအစ်မဝမ်းကွဲတစ်ဦး၏ မင်္ဂလာဆောင်အတွက် ပြင်ဆင်နေချိန်ဖြစ်သည်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့၌ နှိုးစက်ကြောင့်မဟုတ်ဘဲ ပြင်းပြင်းထန်ထန်လှုပ်ရှားမှုကြောင့် ကျွန်တော်လန့်နိုးခဲ့သည်။ ကက်ဘိနက်သတ္တုဗီရိုကြီး ရှေ့နောက်ယိမ်းထိုးနေသည့် အသံကို ကျွန်တော်ကြားရသဖြင့် တစ်စုံတစ်ခုဖြစ်နေပြီဟု သိလိုက်၏။ ကျွန်တော့်ဦးလေးက “အိမ်ထဲကနေ ထွက်ကြ!” ဟု အော်ဟစ်နေသည်။ အိမ်ပြင်ရောက်သောအခါ အိမ်ကြီးသည် ယိမ်းထိုးနေခြင်းကို တွေ့လိုက်ရသည်။ ဆက်လှုပ်နေမည့်ပုံပင်။ အမှန်မှာ ထိုတုန်ခါမှုသည် နှစ်မိနစ်သာကြာသည်။
အားလုံးကို တစ်ထိုင်တည်းနှင့် ဖြေရှင်းဖို့ မလွယ်ကူကြောင်းတွေ့ရသည်။ မိသားစုဝင်အားလုံး ထိခိုက်မှုရှိ၊ မရှိ ကျွန်တော်တို့ စုံစမ်းကြသည်။ ဖုန်းလိုင်းနှင့် ဓာတ်အားလိုင်းများ ပြတ်တောက်သွားသဖြင့် အနီးအနားရှိမြို့များမှ ကျွန်တော်တို့ဆွေမျိုးများ၏အခြေအနေကို ချက်ချင်းသိဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ တစ်နာရီလောက် စိတ်တထင့်ထင့်ဖြစ်ပြီးနောက် ဘေးမသီရန်မခရှိကြောင်း ကျွန်တော်တို့ သိမြင်လာကြသည်။ လူတိုင်း အခြေအနေကောင်းကြသည်တော့မဟုတ်။ ဥပမာ၊ အာမက်ဒါဘက်တွင် အဆောက်အအုံပေါင်းတစ်ရာကျော် ပြိုကျသွားပြီး လူပေါင်း ၅၀၀ ကျော် အသက်ဆုံးခဲ့သည်။
လူတိုင်းသည် အပတ်ပေါင်းများစွာ တုန်လှုပ်ချောက်ချားနေကြသည်။ လူတို့သည် ခန့်မှန်းသည့်အတိုင်း ထပ်၍ငလျင်လှုပ်လေမည်လောဟူသည့် စိုးရိမ်စိတ်ဖြင့် ညစဉ်အိပ်ရာဝင်ကြရသည်။ ပြန်လည်ထူထောင်ခြင်းမှာ နှောင့်နှေးပြီး လူများစွာတို့သည် အိုးမဲ့အိမ်မဲ့ဖြစ်ဆဲပင်။ ဤအဖြစ်သနစ်အားလုံးမှာ နှစ်မိနစ်သာကြာသော ငလျင်တစ်ခုကြောင့် ဖြစ်ခဲ့သော်လည်း ကျွန်တော်တို့၏စိတ်ပုံရိပ်ဝယ် ထာဝစဉ်စွဲကျန်သွားပေလိမ့်မည်။—စာမဲရ် စာရီယာပြောပြသည်။
[စာမျက်နှာ ၆၊ ၇ ပါ ရုပ်ပုံများ]
၂၀၀၁ ခုနှစ် ဇန်နဝါရီလတွင် အိန္ဒိယ၌ လှုပ်ခဲ့သောငလျင်ကြောင့် သေဆုံး၍ မီးသင်္ဂြိုဟ်ခဲ့ရသော သူ့မိခင်၏ဓာတ်ပုံကို အသက်မသေလွတ်မြောက်ခဲ့သူတစ်ဦးက ကိုင်ဆောင်ထားစဉ်
[Credit Line]
© Randolph Langenbach/UNESCO (www.conservationtech.com)