မမွေးသေးသောကလေးကို ကျွန်မဆုံးရှုံးခဲ့
မမွေးသေးသောကလေးကို ကျွန်မဆုံးရှုံးခဲ့
၂၀၀၀ ပြည့်နှစ်၊ ဧပြီ ၁၀ ရက်၊ တနင်္လာနေ့ဟာ နေသာတဲ့နေ့တစ်နေ့ပါ၊ ဒါကြောင့် ကျွန်မအိမ်ပြင်ထွက်ပြီး လုပ်စရာရှိတာလေးတွေလုပ်ခဲ့တယ်။ ကျွန်မရဲ့ကိုယ်ဝန်က ဒုတိယသုံးလပိုင်းကို ဝင်ခါစပဲရှိသေးတယ်၊ ကျွန်မဟာ သိပ်ပြီး သွက်သွက်လက်လက်မရှိပေမဲ့ အိမ်ပြင်ထွက်ရတာကိုပျော်တယ်။ ဒါနဲ့ ကုန်ခြောက်ဆိုင်တစ်ဆိုင်မှာ ငွေပေးချေဖို့စောင့်နေတုန်း ကျွန်မ တစ်မျိုးကြီးခံစားလိုက်ရတယ်။
အိမ်ပြန်ရောက်တော့ ကျွန်မစိုးရိမ်တဲ့အတိုင်းပါပဲ။ ကျွန်မသွေးသွန်နေတယ်—အရင်နှစ်ခါ ကိုယ်ဝန်ရှိတုန်းက မဖြစ်ခဲ့ဖူးတဲ့အရာ—မို့လို့ ထိတ်လန့်သွားတယ်! ကျွန်မရဲ့ဆရာဝန်ကို ခေါ်လိုက်တယ်၊ ဒါပေမဲ့ မနက်ဖြန်ပြဖို့ ချိန်းထားတာကြောင့် စောင့်ပြီး မနက်ဖြန်မှပဲ တစ်ခါတည်းလာဖို့ သူအကြံပြုတယ်။ အဲဒီညမှာ ခင်ပွန်းသည်နဲ့ကျွန်မဟာ ကလေးနှစ်ယောက်ကို မသိပ်ခင် ကျွန်မတို့လိုအပ်သလို နည်းအမျိုးမျိုးနဲ့ခွန်အားပေးဖို့ ယေဟောဝါထံ အတူတကွဆုတောင်းခဲ့ကြတယ်။ နောက်တော့ ကျွန်မအိပ်ပျော်သွားတယ်။
ဒါပေမဲ့ နှစ်နာရီလောက်မှာ မချိမဆံ့နာကျင်မှုနဲ့ ကျွန်မလန့်နိုးခဲ့တယ်။ တဖြည်းဖြည်း နာတာသက်သာသွားပေမဲ့ ပြန်အိပ်ပျော်ခါနီးမှာ နာလာပြန်ရော၊ ဒီတစ်ခါတော့ နာလိုက် ပျောက်လိုက်ပဲ။ သွေးသွန်တာလည်း များလာတယ်၊ မီးဖွားဖို့ ဝမ်းနာလာပြီဆိုတာ ကျွန်မသိလိုက်တယ်။ ဒီလိုဖြစ်အောင် ကျွန်မတစ်ခုခုများလုပ်ခဲ့မိသလားဆိုတာ အမြန်ပြန်စဉ်းစားကြည့်တယ်၊ ဒါပေမဲ့ အမှားအယွင်းတစ်ခုမှ စဉ်းစားလို့မရနိုင်ခဲ့ဘူး။
မနက်ငါးနာရီရောက်တော့ ကျွန်မဆေးရုံသွားရမယ်ဆိုတာ သိလိုက်တယ်။ ခင်ပွန်းသည်နဲ့ကျွန်မ ဆေးရုံကိုရောက်တော့ သိပ်ပြီးကြင်နာတတ်၊ ကူညီတတ်ပြီး စာနာတတ်တဲ့ အရေးပေါ်အခန်းက အမှုထမ်းတွေရဲ့လက်မှာ သက်သာရာရခဲ့တယ်။ ဒါနဲ့ နှစ်နာရီကြာပြီးနောက် ဆရာဝန်က ကျွန်မတို့မကြားချင်တဲ့သတင်းကို လာပြောပြတယ်– ကျွန်မကလေးကို ဆုံးရှုံးလိုက်ရပြီတဲ့။
အစောပိုင်းလက္ခဏာတွေကြောင့် ကျွန်မဟာ ဒီလိုဖြစ်မှာကို ကြိုတွေးထားပြီး သတင်းကို အေးဆေးတည်ငြိမ်စွာ လက်ခံခဲ့တယ်။ ဒါ့အပြင် ကျွန်မရဲ့ခင်ပွန်းသည်က ကျွန်မနဲ့အတူ တစ်ချိန်လုံးရှိနေခဲ့ပြီး အများကြီးအားပေးထောက်မခဲ့တယ်။ အခုတော့ ကလေးမပါဘဲ အိမ်ပြန်ရတော့မယ်၊ ကလေးနှစ်ယောက်ဖြစ်တဲ့ ခြောက်နှစ်သမီး ခေ့သလင်းနဲ့ လေးနှစ်သားဒေးဗစ်တို့ကို ဘယ်လိုပြောရပါ့မလဲဆိုတာ ကျွန်မတို့တွေးနေမိတယ်။
သားသမီးများကို ကျွန်မတို့ဘာပြောပြသနည်း
တစ်ခုခုဖြစ်နေတယ်ဆိုတာသိပြီး ကလေးတွေအိပ်ရာဝင်သွားကြပြီ၊ ဒါပေမဲ့ သူတို့ရဲ့ညီလေး ဒါမှမဟုတ် ညီမလေးဖြစ်မယ့်သူ ဆုံးသွားပြီဆိုတာ ကျွန်မတို့ ဘယ်လိုပြောပြရမလဲ။ ပွင့်ပွင့်လင်းလင်း၊ အမှန်တိုင်းပြောပြဖို့ ကျွန်မတို့ဆုံးဖြတ်လိုက်တယ်။ ကျွန်မတို့နဲ့အတူ ကလေးလေး အိမ်ပြန်လာမှာမဟုတ်ဘူးဆိုတာကို ကျွန်မရဲ့အမေက ကလေးတွေကို ကူပြောပြပေးခဲ့တယ်။ ကျွန်မတို့ရောက်တော့ သူတို့ကျွန်မတို့ကို ပြေးလာဖက်ပြီး နမ်းကြတယ်။ သူတို့ရဲ့ပထမဆုံးမေးခွန်းက “ကလေးလေးနေကောင်းရဲ့လား” ဆိုတာပဲ။ ကျွန်မ မဖြေနိုင်ခဲ့ဘူး၊ ဒါပေမဲ့ ကျွန်မရဲ့ခင်ပွန်းက ကျွန်မတို့ကို သိုင်းဖက်လိုက်ပြီး “ကလေးလေးသေသွားပြီ” ဆိုပြီးပြောတယ်။ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက်ဖက်ပြီးငိုကြတယ်၊ အဲဒါက စိတ်သက်သာမှုရလာဖို့ အကူအညီဖြစ်စေခဲ့တယ်။
ဒါပေမဲ့ ကလေးတွေရဲ့ နောက်ပိုင်းတုံ့ပြန်မှုတွေအတွက် ကျွန်မတို့ လုံးဝမပြင်ဆင်ထားခဲ့ကြဘူး။ ဥပမာအနေနဲ့ ကျွန်မကိုယ်ဝန်ပျက်ကျပြီး နှစ်ပတ်လောက်အကြာမှာ အသက်ကြီးသူသက်သေခံတစ်ယောက်နဲ့ ကျွန်မတို့မိသားစုရဲ့ ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက် ဆုံးသွားကြောင်း ယေဟောဝါသက်သေတွေရဲ့ ဒေသခံအသင်းတော်မှာကြေညာခဲ့တယ်။ လေးနှစ်သားဒေးဗစ်ဟာ ရှိုက်ကြီးတငင်
ငိုချလို့ ခင်ပွန်းသည်က အပြင်ကိုချီသွားရတယ်။ အငိုတိတ်ပြီးနောက် ဒေးဗစ်က သူ့မိတ်ဆွေဘာကြောင့်သေရသလဲလို့မေးတယ်။ အဲဒီနောက် ကလေးလေး ဘာကြောင့်သေသွားတာလဲဆိုပြီး မေးတယ်။ ပြီးတော့ “အဖေကော သေမှာလား” ဆိုပြီး သူ့အဖေကိုမေးတယ်။ ယေဟောဝါဘုရားသခင်ဟာ စာတန်ကိုဖျက်ဆီးပြီး ကိစ္စရပ်တွေကို ဘာဖြစ်လို့ မဖြေရှင်းသေးတာလဲဆိုတာကိုလည်း သူသိချင်တယ်။ တကယ်ပါပဲ၊ သူ့ရဲ့နုနယ်တဲ့စိတ်ထဲမှာ ဘယ်လောက်တောင် ဝင်ရောက်သွားတယ်ဆိုတာတွေ့ရလို့ ကျွန်မတို့ အံ့အားသင့်ခဲ့ကြတယ်။ခေ့သလင်းလည်း မေးခွန်းတွေအများကြီးမေးတယ်။ ကလေးအရုပ်တွေနဲ့ သူကစားတဲ့အခါ အရုပ်တစ်ခုကဖျားနေသယောင် တခြားအရုပ်တွေကို သူနာပြုတွေ ဒါမှမဟုတ် မိသားစုဝင်တွေပုံစံနဲ့ သူဆော့ကစားလေ့ရှိတယ်။ ကတ်ထူပုံးတစ်လုံးကို ဆေးရုံပုံစံ သူပြင်ဆင်ပြီး တစ်ခါတလေ သူ့အရုပ်တစ်ရုပ် သေဆုံးသွားသယောင်ပြုတယ်။ ကလေးတွေရဲ့မေးခွန်းနဲ့ ကစားပုံတွေက အသက်အကြောင်း၊ စုံစမ်းမှုတွေကိုရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာက ဘယ်လိုကူညီပေးနိုင်ကြောင်း သူတို့ကိုသင်ပေးဖို့ ကျွန်မတို့ကို အခွင့်အရေးအများကြီးရစေခဲ့တယ်။ ပြီးတော့ ကမ္ဘာမြေကြီးကို ဆင်းရဲ၊ နာကျင်မှုအမျိုးမျိုးကင်းပြီး သေခြင်းတောင်မရှိတော့တဲ့ လှပတဲ့ပရဒိသုဖြစ်စေမယ် ဆိုတဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို သူတို့ကို ပြန်သတိရစေခဲ့တယ်။—ဗျာ. ၂၁:၃၊ ၄။
ဆုံးရှုံးမှုကို ကျွန်မ အောင်မြင်နိုင်နင်းခဲ့ပုံ
ဆေးရုံကပြန်ရောက်ခါစမှာ ကျွန်မရဲ့စိတ်တွေ တွေဝေပြီး ရှုပ်ထွေးနေခဲ့တယ်။ လုပ်စရာတွေရှိပေမဲ့ ဘယ်ကစလုပ်ရမှန်း မသိခဲ့ဘူး။ အလားတူတွေ့ကြုံခဲ့ဖူးတဲ့ မိတ်ဆွေတချို့ကို ကျွန်မဖိတ်ခေါ်ခဲ့ပြီး သူတို့ဟာ တကယ်နှစ်သိမ့်ပေးသူတွေပါပဲ။ ချစ်ခင်ရတဲ့မိတ်ဆွေတစ်ယောက်ဆိုရင် ကျွန်မတို့ကို ပန်းတွေပို့ပေးပြီး နေ့လယ်ပိုင်းမှာ ကလေးတွေကိုခေါ်သွားဖို့ စကားကမ်းလှမ်းခဲ့တယ်။ သူ့ရဲ့အရေးတယူရှိမှုနဲ့ လက်တွေ့ကျတဲ့အကူအညီအတွက် ကျွန်မအထူးကျေးဇူးတင်မိပါတယ်!
မိသားစုဓာတ်ပုံတွေကို အယ်လဘမ်တွေထဲ ကျွန်မစီထည့်တယ်။ မဝတ်ရသေးတဲ့ ကလေးအဝတ်တွေကို ကျွန်မကိုင်ကြည့်တယ်—အဲဒါတွေက ကလေးနဲ့ပတ်သက်ပြီး တစ်ခုတည်းသော ထိတွေ့ကိုင်တွယ်လို့ရတဲ့ သတိရစရာတွေပါပဲ။ အပတ်ပေါင်းများစွာ စိတ်ဓာတ် ထိုးကျသွားလိုက် ပြန်တက်လာလိုက်ဖြစ်နေတယ်။ မိသားစုနဲ့ သူငယ်ချင်းတွေဆီက ဒီလောက်အားပေး ထောက်မမှုရတာတောင်—တချို့နေ့များဆိုရင် ကျွန်မငိုလို့မပြီးနိုင်ဘူး။ တစ်ခါတလေ ကျွန်မရူးသွားပြီလို့တောင် ထင်မိတယ်။ ကိုယ်ဝန်ဆောင်မိတ်ဆွေတွေ အနားမှာရှိရင် အခက်ဆုံးပဲ။ အရင်တုန်းက ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ မိန်းမသားတစ်ယောက်ရဲ့ဘဝမှာ “အသေးအဖွဲ” ပါပဲ၊ လွယ်လွယ်နဲ့ ပြန်နာလန်ထူနိုင်တဲ့အရာလို့ ကျွန်မထင်ခဲ့မိတာ။ မှားလိုက်လေခြင်း! *
ချစ်ခြင်းမေတ္တာ—အကောင်းဆုံးကုထုံး
အချိန်ကုန်လာတာနဲ့အမျှ ထိရောက်တဲ့ကုထုံးတစ်ခုကတော့ ကျွန်မရဲ့ခင်ပွန်းသည်နဲ့ ခရစ်ယာန်ရောင်းရင်းတွေပြတဲ့ မေတ္တာပါပဲ။ သက်သေခံတစ်ယောက်
ဆိုရင် ညနေစာချက်ပြီး အိမ်ကိုယူလာပေးတယ်။ အသင်းတော်အကြီးအကဲတစ်ယောက်နဲ့ သူ့ဇနီးသည်က ပန်းတွေနဲ့ ကတ်လှလှလေးတစ်ခုယူလာပြီး ညနေပိုင်းမှာ လာနေပေးခဲ့ကြတယ်။ သူတို့ဘယ်လောက်အလုပ်ရှုပ်တယ်ဆိုတာ ကျွန်မတို့သိထားတဲ့အတွက် သူတို့ရဲ့ထောက်ထားစာနာမှုက ကျွန်မတို့နှလုံးကို ထိမိခဲ့တယ်။ မိတ်ဆွေအတော်များများက ကတ်တွေ၊ ပန်းတွေပို့ပေးကြတယ်။ “မင်းကို ဒို့တစ်တွေသတိရပါတယ်” ဆိုတဲ့စကားလေးတွေက ဘာမှမဟုတ်ပေမဲ့လို့ တော်တော်လေးအရာရောက်တာပဲ! အသင်းတော်က ညီအစ်မတစ်ယောက် ဒီလိုရေးခဲ့တယ်– “အသက်ကို အဖိုးတန်ဆုံးအရာအဖြစ် ယေဟောဝါရှုမြင်သလို ကျွန်မတို့ရှုမြင်ကြတယ်။ ကိုယ်တော်ဟာ စာငှက်တစ်ကောင် မြေပေါ်ကျသွားတာကို သိတယ်ဆိုရင် လူ့သန္ဓေသားပျက်ကျသွားတာကို သိမှာအမှန်ပဲ။” ကျွန်မရဲ့ဝမ်းကွဲက ဒီလိုရေးခဲ့တယ်– “အံ့ဖွယ်ကောင်းတဲ့ မွေးဖွားခြင်းနဲ့ အသက်ကို ကျွန်မတို့သိပ်အံ့သြမိတယ်၊ သန္ဓေသားပျက်ကျသွားတဲ့အခါမှာလည်း အံ့အားသင့်စရာပဲ။”အပတ်အနည်းငယ်ကြာပြီးနောက် ကျွန်မဟာ ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ငိုချင်စိတ်ပေါ်လာလို့ အစည်းအဝေးမစခင် အပြင်ထွက်ခဲ့ရတယ်။ ကျွန်မ မျက်ရည်နဲ့ထွက်သွားတာကို သတိပြုမိတဲ့ မိတ်ဆွေနှစ်ယောက်က ကားထဲမှာ ကျွန်မနဲ့အတူလာထိုင်၊ ကျွန်မရဲ့လက်ကိုကိုင်ပြီး ရယ်အောင်လုပ်ပေးခဲ့ကြတယ်။ မကြာခင် ကျွန်မတို့သုံးယောက်စလုံး ခန်းမထဲပြန်ဝင်ခဲ့ကြတယ်။ “ညီအစ်ကိုစွဲကပ်သည်ထက် သာ၍စွဲကပ်” တဲ့မိတ်ဆွေသူငယ်ချင်းတွေရှိတာ တကယ်ပျော်စရာပဲ!—သု. ၁၈:၂၄။
သတင်းပျံ့သွားတဲ့အခါ ထပ်တူအဖြစ်မျိုးကြုံတွေ့ခဲ့ရတဲ့ သက်သေခံရောင်းရင်းတွေ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ သိလိုက်ရလို့ ကျွန်မအံ့အားသင့်မိတယ်။ အရင်က ကျွန်မနဲ့သိပ်မရင်းနှီးတဲ့သူ တချို့ကတောင် အထူးနှစ်သိမ့်အားပေးနိုင်ခဲ့ကြတာ။ ကျွန်မလိုအပ်နေချိန်မှာ သူတို့ရဲ့မေတ္တာပါတဲ့ အားပေးထောက်မမှုက “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် [ဆင်းရဲခက်ခဲသော] ကာလအဖို့ မွေးဖွားလျက်ရှိ၏” ဆိုတဲ့ကျမ်းစကားကို ပြန်သတိရစေခဲ့တယ်။—သု. ၁၇:၁၇။
ဘုရားသခင့်စကားတော်မှ နှစ်သိမ့်မှု
ကျွန်မကိုယ်ဝန်ပျက်ကျပြီး နောက်တစ်ပတ်မှာ ခရစ်တော်ရဲ့သေခြင်း အောက်မေ့ရာပွဲနေ့ရောက်လာတယ်။ တစ်ညနေခင်းမှာ ယေရှုရဲ့နောက်ဆုံးနေ့ရက်များအကြောင်း ကျမ်းစာမှတ်တမ်းကို ကျွန်မတို့ဖတ်နေရင်းနဲ့ ‘ယေဟောဝါဟာ ဆုံးရှုံးခြင်းရဲ့ နာကျင်မှုဝေဒနာကို နားလည်တော်မူတယ်။ မိမိရဲ့သားတော်အရင်းကို ကိုယ်တော်ဆုံးရှုံးဖူးခဲ့တာပဲ’ ဆိုပြီး ရုတ်တရက် စိတ်ထဲပေါ်လာတယ်။ ယေဟောဝါဟာ ကျွန်မတို့ရဲ့ ကောင်းကင်ခမည်းတော်ဖြစ်တဲ့အတွက် ကိုယ်တော်ဟာ ဘယ်လောက်နားလည်မှုရှိပြီး မိမိရဲ့ကျေးကျွန်—ကျားမ မဟူအပေါ် ဘယ်လောက်အထိ စာနာမှုရှိကြောင်း တစ်ခါတလေ ကျွန်မမေ့လျော့သွားခဲ့တယ်။ ပြန်သတိရလိုက်တဲ့အချိန်လေးမှာ စိတ်သက်သာမှု အကြီးအကျယ်ရရှိခဲ့တယ်။ တစ်ခါနဲ့မှမတူအောင် ယေဟောဝါနဲ့ ကျွန်မပိုရင်းနှီးလာသလို ခံစားရပါတယ်။
ကျမ်းစာအခြေပြုစာပေစာတမ်းတွေကနေလည်း ကျွန်မ အားပေးမှုရရှိခဲ့တယ်၊ အထူးသဖြင့် ချစ်ရသူတစ်ဦးကို ဆုံးရှုံးခြင်းအကြောင်းဖော်ပြထားတဲ့ ကင်းမျှော်စင်နဲ့ နိုးလော့!မဂ္ဂဇင်းအဟောင်းတွေကနေဖြစ်တယ်။ ဥပမာ၊ ၁၉၈၇၊ ဩဂုတ် ၈ ရက်ထုတ်နိုးလော့! [လိပ်] ထဲက “ကလေးတစ်ဦးဆုံးရှုံးရခြင်းကို ရင်ဆိုင်ခြင်း” အကြောင်းဆောင်းပါးတွေအပြင် သင်ချစ်မြတ်နိုးရသူတစ်ဦး သေလွန်သောအခါ ဆိုတဲ့ဘရိုရှာတွေက သိပ်ပြီးတော့ အထောက်အကူပြုတယ်။ *
ပူဆွေးဝမ်းနည်းမှုအဆုံးသတ်
အချိန်ကြာလာတော့ ကျွန်မ စိတ်ရှင်းရှင်းနဲ့ ရယ်ရွှင်နိုင်တဲ့အခါနဲ့ ဆုံးသွားတဲ့ကလေးအကြောင်းမပြောဘဲ စကားစမြည်ပြောဆိုနိုင်တဲ့အခါ ကျွန်မသက်သာရာရပြီဆိုတာ သိခဲ့တယ်။ ဒါတောင်မှ၊ ကိုယ်ဝန်ပျက်ကျတာ မကြားမိတဲ့ မိတ်ဆွေတွေကို ဒါမှမဟုတ် မိသားစုတစ်ခုက ဘုရားသခင့်နိုင်ငံတော်ခန်းမကို ကလေးပေါက်စလေးနဲ့လာတာ ကျွန်မတွေ့မိတဲ့အခါမျိုးတွေမှာ စိတ်ပိုင်းဆိုင်ရာ မြေမြှုပ်မိုင်းတွေကို ကျွန်မဝင်တိုးမိသေးတယ်။
ဒီလိုနဲ့ တစ်မနက်မှာ အိပ်ရာကနိုးတော့ တိမ်ကင်းစင်သွားသလိုပဲ ခံစားမိတယ်။ မျက်စိမဖွင့်ခင်မှာကို စိတ်သက်သာမှုရရှိခဲ့တယ်—လနဲ့ချီပြီး ကျွန်မ မခံစားရတဲ့ ငြိမ်သက်မှုနဲ့ တည်ငြိမ်မှုဖြစ်တယ်။ ဒါပေမဲ့ ကလေးဆုံးသွားတာ တစ်နှစ်ကြာပြီးနောက် ကျွန်မကိုယ်ဝန်ရှိလာတဲ့အခါ နောက်ထပ်ကိုယ်ဝန်ပျက်ကျနိုင်တယ်ဆိုတဲ့အတွေး ပေါ်လာသေးတယ်။ ဝမ်းသာစရာက ၂၀၀၁၊ အောက်တိုဘာလမှာ ကျန်းမာတဲ့သားယောက်ျားလေးကို ကျွန်မမွေးဖွားခဲ့တယ်။
ဆုံးရှုံးခဲ့ရတဲ့ကလေးအတွက် ကျွန်မ ဝမ်းနည်းကြေကွဲနေတုန်းပဲ။ ဒါပေမဲ့ ဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုလုံးက အသက်၊ ကျွန်မရဲ့မိသားစု၊ ခရစ်ယာန်ရောင်းရင်းတွေနဲ့ ကျွန်မတို့ကိုနှစ်သိမ့်မှုပေးတဲ့—ဘုရားသခင်ကို ပိုပြီးလေးမြတ်တန်ဖိုးထားစိတ်ပေါ်စေခဲ့တယ်။ ဒီတွေ့ကြုံမှုက ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ရင်သွေးတွေကို ခေါ်သွားတာမဟုတ်ဘဲ ‘ခပ်သိမ်းသော [ကျွန်ုပ်] တို့၌ အချိန်နှင့်ကြိုတင်မမြင်ရသောဖြစ်ပျက်မှု ကျရောက်တတ်’ တယ်ဆိုတဲ့ ထိမိလှတဲ့အမှန်တရားကိုလည်း ပေါ်လွင်စေခဲ့တယ်။—ဒေ. ၉:၁၁။
ကိုယ်ဝန်ပျက်ကျခြင်းရဲ့ ကိုယ်စိတ်နာကျင်မှုအပါအဝင် ဝမ်းနည်းပူဆွေးခြင်း၊ အော်ဟစ်ခြင်းနဲ့ နာကျင်မှုရှိသမျှကို ဘုရားသခင်ဖယ်ရှားပစ်မယ့်အချိန်ကို ကျွန်မစောင့်မျှော်နေမိတယ်! (ဟေရှာယ ၆၅:၁၇-၂၃) အဲဒီအခါကျရင် နာခံမှုရှိတဲ့လူသားအပေါင်း ဒီလိုပြောနိုင်ပါလိမ့်မယ်– “အိုသေမင်း သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။ အိုသေမင်း သင်၏လက်နက်သည် အဘယ်မှာရှိသနည်း။”—၁ ကောရိန္သု ၁၅:၅၅၊ သမ္မာ; ဟေရှာယ ၂၅:၈။—ဆောင်းပါးရှင်ရေးသားပေးပို့သည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 13 ကိုယ်ဝန်ပျက်ကျခြင်းကို တစ်ယောက်တစ်မျိုးစီ တုံ့ပြန်ကြောင်း သုတေသနပြုချက်က ဖော်ပြသည်။ အချို့က စိတ်ရှုပ်ထွေးသည်၊ အချို့က စိတ်ဓာတ်ကျသည်၊ အခြားသူတို့မူ အကြီးအကျယ်ဝမ်းနည်းကြေကွဲကြသည်။ ပူဆွေးဝမ်းနည်းခြင်းသည် ကိုယ်ဝန်ပျက်ကျခြင်းကဲ့သို့သော ကြီးမားသည့်ဆုံးရှုံးမှုကြောင့် သဘာဝတုံ့ပြန်ပုံဖြစ်ပြီး ကုသမှုဖြစ်စဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု သုတေသီများကဆိုသည်။
^ အပိုဒ်၊ 20 ယေဟောဝါသက်သေများထုတ်ဝေခဲ့။
[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]
ကိုယ်ဝန်ပျက်ကျသည့် ကြိမ်နှုန်းနှင့်အကြောင်းရင်းများ
“ကိုယ်ဝန်ဆောင်မှုအားလုံး၏ ၁၅ မှ ၂၀ ရာခိုင်နှုန်းသည် ကိုယ်ဝန်ပျက်ကျခဲ့ကြောင်း လေ့လာမှုများကဖော်ပြသည်” ဟု ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းကဆိုသည်။ “သို့သော် မိမိတို့ကိုယ်ဝန်ရှိနေသည်ကို အမျိုးသမီးအများစု သိပင်မသိကြသောအချိန်၊ သန္ဓေတည် (သန္ဓေအောင်) ပြီး ပထမနှစ်ပတ်အတွင်းတွင် ကိုယ်ဝန်ပျက်ဖို့အလားအလာ အများဆုံးအချိန်ဖြစ်သည်။” “ကိုယ်ဝန်ပျက်ကျမှု ၈၀ ရာခိုင်နှုန်း” ကျော်မှာ “သန္ဓေတည်ပြီး ပထမ ၁၂ ပတ်အတွင်း ဖြစ်ပျက်” ကြောင်း၊ ၎င်းမှ ထက်ဝက်ခန့်မှာ သန္ဓေသား၏ခရိုမိုဆုမ်းများ ချွတ်ယွင်းသောကြောင့်ဟုယူဆကြောင်း ကိုးကားဖော်ပြချက်နောက်တစ်ခုက ဆို၏။ အဆိုပါချွတ်ယွင်းချက်များမှာ မိခင် သို့မဟုတ် ဖခင်၏ခရိုမိုဆုမ်းများ၌ အလားတူချွတ်ယွင်းချက်များရှိသောကြောင့် မဟုတ်ချေ။
ကိုယ်ဝန်ပျက်ရသည့် အခြားအကြောင်းရင်းများမှာ မိခင်၏ကျန်းမာရေးမှ အစပြုနိုင်သည်။ ဆေးဘက်ဆိုင်ရာအာဏာပိုင်အဖွဲ့က ဟော်မုန်းဆိုင်ရာနှင့် ရောဂါပြီးစနစ်ချို့ယွင်းမှု၊ ကူးစက်ရောဂါများနှင့် မိခင်၏သားအိမ်ခေါင်း သို့မဟုတ် သားအိမ်တွင် မူမမှန်မှုများကို ထောက်ပြကြသည်။ ဆီးချိုရောဂါ (ကောင်းစွာမထိန်းချုပ်ပါက) နှင့် သွေးတိုးရောဂါကဲ့သို့သော နာတာရှည်ရောဂါများကြောင့်လည်း ကိုယ်ဝန်ပျက်ကျနိုင်သည်။
ကျွမ်းကျင်သူများ၏အဆိုအရ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း၊ လေးလံသောပစ္စည်းများမခြင်း သို့မဟုတ် လိင်ဆက်ဆံခြင်းတို့ကြောင့် ကိုယ်ဝန်ပျက်ကျဖို့အကြောင်းမရှိပေ။ ချော်လဲခြင်း၊ အရှိန်မပြင်းသောရိုက်ချက် သို့မဟုတ် ရုတ်တရက်ထိတ်လန့်မှုတို့ကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ဖွယ်မရှိချေ။ ကိုးကားဖော်ပြချက်တစ်ခုက ဤသို့ဆို၏– “သင်ကိုယ်တိုင်၏ အသက်အန္တရာယ် စိုးရိမ်ဖွယ်မဖြစ်သ၍ ဒဏ်ရာရခြင်းသည် သန္ဓေသားကို အန္တရာယ်ပြုစရာအကြောင်းမရှိပါ။” သားအိမ်ဖွဲ့စည်းပုံက ဉာဏ်ပညာနှင့် မေတ္တာရှိသောဖန်ဆင်းရှင်ဖြစ်ကြောင်း အမှန်ထင်ရှားစေသည်တကား!—ဆာလံ ၁၃၉:၁၃၊ ၁၄။
[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
မိသားစုနှင့် မိတ်ဆွေများ ထောက်မကူညီနိုင်ပုံ
တစ်ခါတစ်ရံ မိသားစုဝင်တစ်ဦး သို့မဟုတ် မိတ်ဆွေတစ်ဦး ကိုယ်ဝန်ပျက်ကျသောအခါ အဘယ်အရာပြောဆို၊ လုပ်ကိုင်ပေးရမှန်းမသိ ဖြစ်တတ်သည်။ ထိုသို့သောဆုံးရှုံးမှုကို လူတို့အမျိုးမျိုးတုံ့ ပြန်ကြသည်၊ ထို့ကြောင့် နှစ်သိမ့်မှုနှင့် အကူအညီပေးရန် ပုံသေမရှိပါ။ သို့သော် အောက်ပါအကြံပေးချက်များကို သုံးသပ်ကြည့်ပါလေ။ *
လက်တွေ့ကျကျ သင်ကူညီပေးနိုင်သောအရာများ–
◆ အသက်ပိုကြီးသောကလေးများကို ကြည့်ရှုစောင့်ရှောက်ထားပေးမည်ဟု စကားကမ်းလှမ်းပါ။
◆ အစားအစာချက်ပြုတ်ပြီး မိသားစုထံ ယူသွားပေးပါ။
◆ ကလေး၏ဖခင်ကိုလည်း အားပေးပါ။ ဖခင်တစ်ဦးပြောခဲ့သည့်အတိုင်းပင် “ဒီလိုအခြေအနေမျိုးမှာ အဖေဖြစ်သူတွေအတွက်ပို့ပေးတဲ့ ကတ်တွေ သိပ်မရှိဘူး။”
အထောက်အကူပြုသော ပြောဆိုစရာများ–
◆ “ရှင်ကိုယ်ဝန်ပျက်ကျသွားတာကြားရလို့ စိတ်မကောင်းပါဘူး။”
ဤစကားရိုးရိုးလေးက များစွာအရာရောက်သည်၊ နှစ်သိမ့်စကားများထပ်ပြောဖို့ လမ်းဖွင့်နိုင်သည်။
◆ “ကိစ္စမရှိဘူး ငိုချပစ်လိုက်။”
ကိုယ်ဝန်ပျက်ကျပြီး ပထမအပတ် သို့မဟုတ် လများကြာပြီးနောက်ပင် ငိုချင်စိတ်ပေါ်လေ့ရှိသည်။ သူ၏ခံစားချက်များကို ဖော်ပြသည့်အတွက် သူ့ကို သင်အထင်မသေးကြောင်း စိတ်ချစေပါ။
◆ “ရှင်ဘယ်လိုနေတယ်ဆိုတာ သိရအောင် နောက်အပတ်ကျရင် ကျွန်မ ဖုန်းပြန်ဆက်လို့ရမလား။”
အစပိုင်းတွင်၊ ခံစားရသူများသည် စာနာစိတ်ဖြင့်အားပေးမှု အမြောက်အမြားကို ရရှိပေမည်၊ သို့သော် အချိန်ကုန်လွန်လာပြီး သူတို့စိတ်ထိခိုက်နေဆဲအချိန်တွင် မိမိတို့ကို မေ့လျော့သွားကြပြီဟု သူတို့ခံစားရနိုင်သည်။ သင်အားပေးနေဆဲဖြစ်ကြောင်း သူတို့ကိုသိစေလျှင် ကောင်း၏။ အပတ်နှင့်ချီ၍ သို့မဟုတ် လနှင့်ချီ၍ ခံစားချက်များပေါ်လာနိုင်သည်။ ထိုခံစားချက်များသည် ကိုယ်ဝန်ပြန်ရရှိပြီးနောက်၌ပင် ပေါ်ထွက်လာနိုင်သည်။
◆ “ဘာပြောရမှန်းတောင် တကယ်မသိတော့ဘူး။”
ဘာမှမပြောခြင်းထက် ထိုသို့မသိကြောင်းပြောခြင်းက သာ၍ကောင်းလေ့ရှိသည်။ သင်၏ ရိုးသားမှုနှင့် ထိုတွင် သင်ရှိနေသည့်အဖြစ်က သင်စိုးရိမ်မကင်းဖြစ်ကြောင်း ပေါ်လွင်စေသည်။
မပြောသင့်သောအရာ–
◆ “ရှင် ကလေးနောက်တစ်ယောက် ရနိုင်သေးတာပဲ။”
ထိုသို့မှန်သော်လည်း ကိုယ်ချင်းစာနာစိတ်မရှိဟု ထင်မှတ်သွားနိုင်သည်။ မိဘတို့သည် ကလေးဆိုလျှင် ပြီးရော သဘောမျိုးမရှိ၊ ထိုကလေးကိုသာ သူတို့လိုချင်ကြသည်။ ဆုံးပါးခဲ့သောကလေးအတွက် သူတို့ဝမ်းနည်းပူဆွေးဖြစ်ကျန်ခဲ့သဖြင့် ကလေးနောက်တစ်ယောက်ယူဖို့ သူတို့မစဉ်းစားနိုင်သေးပါ။
◆ “တစ်ခုခုချွတ်ယွင်းမှု ရှိလို့ဖြစ်ရမယ်။”
ထိုသို့ဖြစ်နိုင်သော်လည်း နှစ်သိမ့်မှုသိပ်မဖြစ်ပါ။ မိခင်ဖြစ်သူ၏စိတ်တွင်မူ သူသည် ကျန်းမာသောကလေးကို လွယ်ထားသည်ဟု ယူမှတ်ထားသည်။
◆ “ကလေးကို ရှင်တကယ်သိကျွမ်းသေးတာမှမဟုတ်ပဲ။ နောက်ပိုင်းမှ ဒီလိုမျိုးဖြစ်ရင် ပိုပြီးခံစားရမှာ။”
အမျိုးသမီးအများစုသည် စောစောပိုင်းကတည်းက သူတို့မမွေးသေးသောကလေးတို့နှင့် သံယောဇဉ်တွယ်ပြီးဖြစ်သည်။ ထို့ကြောင့် ထိုကလေးသေဆုံးသောအခါ ဝမ်းနည်းပူဆွေးခြင်းသည် ဓမ္မတာပင်။ ကလေးကို မည်သူမျှ မိခင်လောက် မ “သိခဲ့” ဟူသောအဖြစ်က ပို၍ဝမ်းနည်းပူဆွေးစေသည်။
◆ “ရှင့်မှာ တခြားကလေးတွေရှိပါသေးတယ်။”
ဝမ်းနည်းပူဆွေးနေသောမိဘတို့အဖို့ ယင်းသို့ပြောလိုက်ခြင်းသည် ခြေလက်တစ်ဖက် ဆုံးရှုံးသွားသူတစ်ဦးအား “ရှင့်မှာ တစ်ဖက်ကျန်ပါသေးတယ်” ဟုပြောလိုက်သည်နှင့် မခြားပေ။
မှန်ပါသည်၊ အလွန်ဂရုစိုက်တတ်ပြီး စိတ်ရင်းမှန်သောသူတို့ပင်လျှင် တစ်ခါတစ်ရံ အပြောမှားတတ်ကြောင်း အသိအမှတ်ပြုရပေမည်။ (ယာကုပ် ၃:၂) ထို့ကြောင့် ပိုင်းခြားသိမြင်တတ်သော ကိုယ်ဝန်ပျက်အမျိုးသမီးများသည် စိတ်ရင်းစေတနာမှန်ဖြင့်ဖြစ်သော်လည်း အပြောအဆို လိမ္မာပါးနပ်မှုမရှိသူတို့အပေါ် ခရစ်ယာန်မေတ္တာပြပြီး စိတ်ခုလိုကြမည်မဟုတ်ပါ။—ကောလောသဲ ၃:၁၃။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 36 နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့၊ ကိုယ်ဝန်ပျက်ခြင်းကို အထောက်အကူပေးသည့်အဖွဲ့မှထုတ်ဝေသော ကိုယ်ဝန်ပျက်ကျခြင်းကို ရင်ဆိုင်ကျော်လွှားရန်လမ်းညွှန် မှကောက်နုတ်ပြုပြင်ထားသည်။