မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဥယျာဉ်စိုက်ပျိုးခြင်း—သဘာဝမြေသြဇာသုံး၍ ဥယျာဉ်စိုက်ပျိုးနည်း

ဥယျာဉ်စိုက်ပျိုးခြင်း—သဘာဝမြေသြဇာသုံး၍ ဥယျာဉ်စိုက်ပျိုးနည်း

ဥယျာဉ်​စိုက်ပျိုးခြင်း—သဘာဝ​မြေ​သြဇာ​သုံး​၍ ဥယျာဉ်​စိုက်​ပျိုး​နည်း

သင်၏ ဟင်းသီးဟင်းရွက်​ခြံ​ထဲ​မှ မြေကြီး​တစ်​ဆု​ပ်​ကို ယူ​ကြည့်​ပါ။ မြေ​သည် သက်ရှိ​ပိုးမွှား​တစ်ကောင်​တ​လေ​မျှ​ပင် ရှိ​ပုံ​မရ​သည်​အထိ ပေါင်းသတ်ဆေး​များ၊ ပိုးသတ်ဆေး​များ၊ ကြွက်​သတ်​ဆေး​များ၊ မှို​သတ်​ဆေး​များနှင့် ဝ​နေ​သလော။ သို့​မဟုတ် တီ​များ၊ အင်းဆက်ပိုး​များ၊ အဏုဇီဝ​ပိုး​အမျိုးမျိုး​တို့​နှင့် ပြည့်နှက်​နေ​သလော။ သင်၏​မြေ​သည် သက်ရှိ​တို့​နှင့်​လှုပ်​ရွ​နေလျှင် ဖြစ်​နိုင်​သည်​မှာ သင်သည် သဘာဝ​မြေ​သြဇာ​သုံး စိုက်​ပျိုး​နည်းကို သိ​လျက်​နှင့်​ဖြစ်စေ၊ မသိဘဲ​ဖြစ်စေ အသုံးပြု​နေပါ​သည်။

သဘာဝ​မြေ​သြဇာ​သုံး စိုက်ပျိုးခြင်း​တွင် သဘာဝ​ဇီဝရုပ်​ပစ္စည်း​များ​သုံး​၍ ဥယျာဉ်​မြေ​အရည်အသွေး ပို​ကောင်း​လာ​စေသည့်​နည်း​များ ပါ​ဝင်လေ့​ရှိသည်။ ထိုသို့​ပြု​ရသည့်​အကြောင်းရင်း​တစ်ခု​မှာ သီးနှံ​ဖျက်​ပိုးမွှား​များနှင့် ရောဂါ​များ​ကို အပင်များ​တွန်းလှန်​နိုင်​ရန် ဖန်တီး​ပေး​သော ဂေဟစနစ်​ဖြစ်ပေါ်​စေဖို့​ဖြစ်သည်။ ဥယျာဉ်​စိုက်​ပျိုး​ရာ​၌ ဓာတု​ပစ္စည်း​များ​အသုံးပြုလေ့​ရှိသော နိုင်ငံ​များ​တွင် သဘာဝ​မြေ​သြဇာ​သုံး စိုက်ပျိုးခြင်း​ကို တိုး၍​စိတ်ဝင်စား​လာ​ကြသည်။ အဘယ်ကြောင့်​နည်း။ အကြောင်းရင်း​များစွာ​ရှိ၏။

ဦးဆုံး၊ သစ်သီး​များနှင့် ဟင်းသီးဟင်းရွက်​များ​တွင် ကပ်​ပါ​လာ​သည့် ပိုးသတ်ဆေး​အကြွင်းအကျန်​တို့သည် ရံဖန်ရံခါ ကျန်းမာ​ရေး​ကို အကြီးအကျယ်​ထိခိုက်​စေ​သည်။ ဥပမာ​အနေ​နှင့် “၁၉၈၅ ခုနှစ် နွေ​ကာလ​တွင် [အမေရိကန်​ပြည်ထောင်စု​၏] အနောက်ပိုင်း​ပြည်နယ်​အတော်များများ​နှင့် ကနေဒါ​မှ လူ ၁,၀၀၀ ခန့်​သည် ဖရဲသီး​တွင် ကပ်​ပါ​လာ​သည့် တာ​မ​စ်​ပိုးသတ်ဆေး​အကြွင်းအကျန်​ကြောင့် အဆိပ်သင့်​ခဲ့​ကြောင်း” ပိုးသတ်ဆေး​သတိပေး​ချက်​ဟူသော​စာအုပ်​က ဖော်ပြ​ထား​သည်။

ထို့​အပြင် သဘာဝ​မြေ​သြဇာ​သုံး စိုက်ပျိုးခြင်း​ကို ပတ်ဝန်းကျင်​ထိန်းသိမ်း​ကာကွယ်​သည့်​နည်း​တစ်နည်း​အဖြစ် လူအများ​ယူမှတ်​ကြသည်။ အချို့​ပိုးမွှား​များသည် ဓာတု​ပိုးသတ်ဆေး​များ အကြိမ်ကြိမ်​ဖျန်း​ရ​၍ ပိုးသတ်ဆေး​ပြီးသွား​သည်၊ ထို့​ကြောင့် သိပ္ပံ​ပညာရှင်​များသည် ပို​ပြင်း​သော​အဆိပ်​များ​ကို တီထွင်​ကြသည်။ အဆိပ်​ပြင်း​သော ဤ​ဓာတု​ပစ္စည်း​များ မြေအောက်​ရေ​ကြော​သို့ စိမ့်ဝင်​သွားသော​အခါ ကျွန်ုပ်​တို့၏​အဖိုးတန် ရေ​ကို ညစ်ညမ်း​စေ​သည်။

သဘာဝ​မြေ​သြဇာ​သုံး စိုက်ပျိုးခြင်း​၏ အကျိုးကျေးဇူး​နောက်တစ်ခု​မှာ အမှိုက်ပုံ​ကြီး​ဖြစ်လာ​စေသည့် စွန့်ပစ်​ပစ္စည်း​ကို လျော့နည်းစေ​သည်။ မည်သို့​ဖြစ်​နိုင်​မည်​နည်း။ စားကြွင်းစားကျန်​များနှင့် ခြံ​ထဲ​မှ​အမှိုက်များ​သည် အတော်အတန်​ကြီးသော အမှိုက်ပုံ​ဖြစ်စေ​သည်။ စွန့်ပစ်​မည့်​အစား ၎င်း​ဇီဝ​ဒြပ်စင်​များ​ကို စုပုံ​ထားပြီး အ​ဆွေး​ခံ​လိုက်ခြင်း​ဖြင့် သစ်​ရွက်​ဆွေး​မြေ​သြဇာ​ဟု​ခေါ်​သော မြေဆီမြေနှစ်​ဒြပ်​ပေါင်း​ကို ရရှိ​လာ​လေ​သည်။ အဆိုပါ​ဒြပ်​နှော​သည် မနှစ်မြို့ဖွယ်​ဖြစ်​နိုင်​သော်လည်း အပင်​၏​အကြိုက် အာဟာရ​အစာ​ဖြစ်​ပေ​သည်!

နောက်ဆုံး​တွင် သဘာဝ​မြေ​သြဇာ​သုံး စိုက်ပျိုးခြင်း​ကို အချို့​က လေ့ကျင့်ခန်း​ယူ​ရန်၊ နေ​ပူ​စာ​လှုံ​ရန်၊ မြေ​တူးဆွ​ရန်​နှင့် သေးငယ်သော​အစေ့​မှ သန်မာ​ထွား​ကြို​င်း​သော အပင်​ဖြစ်လာ​သည်ကို စောင့်ကြည့်​သော နည်း​တစ်ခု​အဖြစ် ရှုမြင်​ကြသည်။ သဘာဝ​မြေ​သြဇာ​သုံး စိုက်ပျိုးခြင်း​သည် သင့်အတွက် ဆွဲဆောင်မှု​ဖြစ်ပါ​သလော။ သို့​ဖြစ်​လျှင် စ​လိုက်​ကြပါစို့! ဦးဆုံး သင့်​ဥယျာဉ်​ထဲ​ရှိ​မြေ​ကို ကြည့်​ကြ​မည်။

သင့်​ဥယျာဉ်​ကို မည်သို့​စိုက်​ပျိုး​ပြုစု​သနည်း

ဥယျာဉ်​များစွာ​တွင် ရွှံ့စေး​မြေ သို့​မဟုတ် သဲ​မြေ မြေ​တစ်မျိုး​မျိုး​ပါဝင်​သည်။ သဲ​မြေ​တွင် ရေ​နှင့် အာဟာရဓာတ်များ​ကို အမြစ်​အဖွဲ့အစည်း​သို့ လျင်မြန်​စွာ​စီးဆင်း​စေသည့် သဲ​ပွင့်​ကြီး​များ​ပါရှိ​သည်။ တစ်ဖက်​တွင်​မူ ရွှံ့စေး​မြေ​သည် အလွန်​စေး​ကပ်​သော​မြေလွှာ​ပါး​များ​ရှိရာ မာကျော​သော​မျက်နှာပြင်​ကို ရေ​စိမ့်ဝင်​နိုင်၊ စိမ့်ထွက်​နိုင်​ခြင်း​မရှိ သို့​မဟုတ် ရေ​တင်​နေ​သဖြင့် အပင်​၏​အမြစ်များ​ကို ရေ​ဝပ်​သွား​စေ​သည်။

အမြစ်များ​ခြောက်​မသွား​စေရန် အစိုဓာတ်​ကို ထိန်းပေး​ထား​နိုင်​ပြီး တစ်ချိန်တည်း​တွင် ရေ​မ​ဝပ်​ရန် စီး​ထွက်​နိုင်​သည့် ရွှံ့စေး​နှင့်​သဲ​မျှ​သော မြေဆီလွှာ​အမျိုးအစား​တွင် အပင်​၏​အမြစ်များ ရှင်သန်​ကြီးထွား​ကြသည်။ ဥယျာဉ်မှူး​များ​က ယင်း​မြေ​နှော​ကို နုန်းမြေ​ဟု​ခေါ်​ကြသည်။ ဤ​မြေ​မျိုး​သည် လေဝင်လေထွက်​ကောင်း​ရာ အဏုဇီဝ​ရုပ်​များ​က ၎င်းတို့၏​တာဝန်ကို​လုပ်ဆောင်​နိုင်​သဖြင့် မြေကြီးကို မြေဆီမြေနှစ်​တိုး​စေ​သည်။

အချိုးအစား​ညီမျှ​ရန် ရွှံ့စေး​မြေ​နှင့် သဲ​မြေ​နှစ်ခုစလုံး​တွင် ဇီဝ​ဒြပ်​အတော်များများ—သစ်​ရွက်​ဆွေး​မြေ​သြဇာ—ထည့်​ပေး​သင့်​သည်။ တူးရွင်း​ပြား​ဖြင့် သစ်​ရွက်​ဆွေး​မြေ​သြဇာ​ကို မြေကြီး​ထဲ​ထည့်​လိုက်​သောအခါ ယင်းက မြေ​ကို​ပြုပြင်ပေး​သည်။ ယင်းသည် ရေ​မြှုပ်​တစ်ခု​အလား အစိုဓာတ်​ကို​ထိန်းပေး​သောကြောင့် ရေလောင်း​ဖို့​သိပ်​မလို​ပေ။ ၎င်း​မြေ​သြဇာ​တွင် ပုပ်ပျက်​နေသော​ဒြပ်​များ​ကို ဆွေးမြေ့​စေ​၍ အပင်​ရှင်သန်ကြီးထွား​စေဖို့ လိုအပ်သော​အာဟာရဓာတ်များ​အဖြစ်သို့ ပြောင်းလဲ​ပေး​မည့် အကျိုးပြုသော​ဗက်တီးရီးယား သန်းပေါင်း​များစွာ​ပါဝင်​သည်။ သစ်​ရွက်​ဆွေး​မြေ​သြဇာ​သည် အ​ချ​ဉ်​ဓာတ်​ရော အငန်ဓာတ်​ပါ မများ​ရန်​လည်း ထိန်း​ညှိ​ပေး​သည်။

မြေကြီးကို​ထွန်ယက်​တူး​ဆွပေး​သောအခါ သုံး​ရွက်​ဆိုင်​ပဲ​ရိုင်း​ပင်​နှင့် လူ​ဆန်​ပဲ​ပင်​တို့​ကဲ့သို့ အမြစ်​နက်​နက်​ဆင်း​သော သီးနှံ​မျိုး​တို့သည် မြေ​ခဲ​များ​ကို ခွဲ​ပစ်​ပြီး သဘာဝ​မြေ​သြဇာ​ဒြပ်​ကို တိုးပွား​စေ​သည်။ မြေ​ငွေ့​ထိန်းပေး​ခြင်း—ဥပမာ၊ မြက်​တို​မြက်​စ​များ သို့​မဟုတ် လွှ​စာ​မှုန့်​ဖြင့် မြေပြင်​ကို အုပ်​ထား​ပေးခြင်း—က​လည်း မြေဆီလွှာ​ပေါင်းစပ်​ဖွဲ့စည်းမှု​ပြောင်းလဲ​ရာ​၌ အသုံးဝင်​သည်။

သင့်​ခြံ​ထဲ​ရှိ​မြေဆီလွှာ တိုးတက်​ကောင်းမွန်​စေ​ရာ​၌ အံ့ဖွယ်​တီကောင်​သည် အဓိက​ဇာတ်ကောင်​ဖြစ်သည်။ ယင်းသည် မြေအောက် ၁၂ ပေ​အထိ လိုဏ်ခေါင်း​တူး​နိုင်​သည်​ဖြစ်​ရာ မြေကြီးကို လေ​ဝင်​စေ​သည်၊ မြေပြင်​ပေါ်​သို့ သတ္တု​ဓာတ်​အမျိုးမျိုး​ပို့ပေး​၍ ရေ​စီး​ရေ​လာ​ကောင်းမွန်​စေ​သည်။ အဆင့်ဆင့်​ဖြစ်​စဉ်​၌ ယင်းသည် သဘာဝ​မြေ​သြဇာ​သုံး ဟင်းသီးဟင်းရွက်​စိုက်​ပျိုး​နည်း​အဆင့်ဆင့်​စာအုပ်​အရ “ပတ်ပတ်လည်​မြေ​ထက် နို​က်​ထ​ရို​ဂျင်၊ ဖော့​စ်ဖ​ရ​တ်​နှင့် ပို​တက်​စီ​ယံ ငါး​ဆ​ကြွယ်ဝသော” တီ​ကျစ်​စာ​များ​ကို စွန့်ပစ်​ခဲ့​သည်။

ဖား​ပြု​ပ်​များ၊ ငှက်​များနှင့် ပိုးကောင်​များ—သင့်​ဥယျာဉ်​မိတ်ဆွေများ

‘ဒါပေမဲ့ သီးနှံ​ဖျက်​ပိုး​တွေ​ကျ​တော့​ကော၊ ပိုးသတ်ဆေး​တွေ​မ​သုံး​ဘဲ ဘယ်လို​ရှင်းပစ်​နိုင်​မလဲ’ ဟု​သင်​မေး​ပေမည်။ ပိုးသတ်ဆေး​များ​က သတ်ပစ်​သည်​မှာ မလိုချင်​သော​သီးနှံ​ဖျက်​ပိုး​များ​သာမက​ကြောင်း မမေ့​ပါ​နှင့်။ ၎င်းတို့သည် အကူအညီ​ပေး​သည့် တီ​များနှင့် မှို​များ​ကဲ့သို့​သော သက်ရှိ​များ​ကိုလည်း သုတ်သင်ပစ်​သည်။ ဖား​ပြု​ပ်​များသည်​လည်း ဥယျာဉ်​ကို​အကျိုးပြု​သူများ​ဖြစ်​ကြောင်း သတိရပါ။ ဖား​ပြု​ပ်​တစ်ကောင်​သည် သုံးလ​တာ​အတွင်း သီးနှံ​ဖျက်​ပိုးမွှား ၁၀,၀၀၀ ကျော်​ကို စား​ပစ်​နိုင်​သည်။ ဖား​ပြု​ပ်​များသည် အစာ​မရွေး​ကြ​ပါ။ ၎င်းတို့၏​ဓာတ်စာ​တွင် အပင်များ​ကို အန္တရာယ်​ပြုသော ပုရစ်​များ၊ ဘူး၊ ဖ​ရုံ​ဘတ်​ပိုး​များ၊ ခူကောင်​များ၊ အာမီဝမ်းများ၊ ဂျစ်​ပ​စီ​ပိုးဖလံ​မျိုး​နှင့် အခွံ​မပါ​ပက်​ကျိ​စ​သည်​တို့ ပါဝင်​သည်။

ဥယျာဉ်​၌​ရှိသော အဖျက်​ပိုး​များ​ကို​ထိန်းချုပ်​ရာ​တွင် ငှက်​များ​က​လည်း အကျိုးပြု​သည်။ အဆိပ်အတောက်​မပါ​သော ဥယျာဉ်​စိုက်​ပျိုး​နည်း​ဟူသော​စာအုပ်​အရ အိမ်​နေ​နှံပြီစုတ်​တစ်ကောင်​သည် “နွေ​ရာသီ​မွန်းလွဲပိုင်း​တစ်ခု​တွင် ယင်း​၏​သားငယ်ကို ပင့်ကူ​နှင့် ခူကောင် ၅၀၀” ကျွေးမွေး​သည်ကို တွေ့ရှိ​ခဲ့​ကြသည်။ သင်သည် နှံပြီစုတ် သို့​မဟုတ် အင်းဆက်ပိုး​စား​သည့် အခြား​ငှက်​အချို့​ကို ဖိတ်ခေါ်​လို​ပါ​က မြင်​လွယ်​သော​နေရာ၌ ငှက်​စာ သို့​မဟုတ် အသိုက်​လုပ်​ရာ​၌​အသုံးပြုသည့် ပစ္စည်း​အချို့​ကို ချိတ်ဆွဲ​ထား​ပါ။ များ​မကြာမီ သင်၏ “ဖိတ်ခေါ်မှု” ကို​လက်ခံ​ကြောင်း တွေ့ရှိ​ရ​ပါ​လိမ့်​မည်! ဘတ်​ပိုး​များ​ကော။ ဥယျာဉ်​ကို​အကျိုးပြု​သည့် အင်းဆက်ပိုး​များစွာ​တို့သည် အဖျက်​ပိုး​များ​ကို​စားသုံး​ကြသည်။ လေ​ဒီ​ဘတ်​ပိုးတောင်မာ​များ​ကို​ဝယ်ယူ​ပြီး သင်၏​ဥယျာဉ်​ထဲ​၌ လွှတ်ထား​မည်​ဆိုလျှင် သူတို့​အနှစ်သက်ဆုံး​အစာ​ဖြစ်သော ပျ​ကောင်​များ​ကို ချက်ချင်း​ရှာဖွေ​စားသောက်​ကြ​ပါ​လိမ့်​မည်။ အလားတူ ရှိခိုး​ကောင် ဥ​အိမ်များ​ကိုလည်း ဝယ်ယူ​ပြီး ခြံ​ထဲ​၌​ထား​နိုင်​ပါ​သည်။ ဥ​များ​ပေါက်​လာသော​အခါ ၎င်း​ရှိခိုး​ကောင်​များသည် မိမိတို့​လမ်းပေါ်​ဖြတ်လျှောက်​ရဲ​သော အင်းဆက်ပိုး​အားလုံးနီးပါး​ကို အားပါးတရ​စား​ပါ​လိမ့်​မည်။

အပင်များ​နှင့် ပင်​ဖျက်​ပိုး​ထိန်းချုပ်မှု

သင့်​ခြံ​ထဲ​ရှိ ပိုးမွှား​ကောင်ရေ​ကို​ထိန်းချုပ်​ရန် အချို့​အပင်များ​ကို အသုံးပြုနိုင်​သည်။ အကာအကွယ်​လို​သော​အပင်များ​အနီး​တွင် အဖျက်​ပိုး​များ​ရှောင်ကြဉ်​သည့် အပင်များ​ကို​စိုက်​ထား​ပါ။ ဥပမာ​အနေ​နှင့် ပင်မြစ်​များ​ကို ဖျက်ဆီး​ပြီး အပင်​ကို​ချိ​နဲ့​သွား​စေသော နီ​မာ​တို​ဒါ​ကပ်​ပါး​ပိုး​များသည် အထပ်​တစ်​ရာ​ပန်းပင်​များ​မှ ဝေးဝေး​နေ​ရန် သတိထား​ကြသည်။ ရို့စ်​မေရီ​ပင်၊ က​လျာဏီ​ပင် သို့​မဟုတ် စမုန်​ဖြူ​ပင်​များ​ကို ဂေါ်ဖီ​ထုပ်​အနီး စိုက်​ထားသော​အခါ ဂေါ်ဖီ​ထုပ်​လိပ်ပြာ​ဖြူ​များ​ကို ယင်း​အပင်​တို့​က နှင်ထုတ်​ပေး​သည်။ သို့သော် သတိပေး​ချက်​တစ်ခု​မှာ အချို့​အပင်များ​သည် သီးနှံ​ဖျက်​ပိုး​များ​ကို ဆွဲဆောင်​တတ်​သည်။

သီးနှံ​ပင်​များ​ကို အလှည့်ကျ​စိုက်ပျိုးခြင်း​သည် ပိုးမွှား​ရောဂါ​ထိန်းချုပ်​ရာ​၌ လက်တွေ့ကျ​သော​နည်း​တစ်ခု​ဖြစ်သည်။ အပင်​တစ်မျိုးတည်း​ကို တစ်​နေရာ​တည်း​၌ တစ်နှစ်​ပြီး​တစ်နှစ် စိုက်​ပျိုး​မည့်​အစား သင်သည် ခြံ​ထဲ​တွင် အပင်များ​ကို အလှည့်ကျ​စိုက်​လို​ပေမည်။ ထို​နည်း​အားဖြင့် ရောဂါ​နှင့် ပိုးမွှား​ပြန့်ပွားမှု​သံသရာ​ကို သင်​ရပ်စဲ​ပစ်​ရာ​ရောက်မည်။

သဘာဝ​မြေ​သြဇာ​သုံး စိုက်ပျိုးခြင်း​သည် ခက်ခဲ​နိုင်​သည်၊ အချိန်​နှင့် စိတ်ရှည်မှု​လိုအပ်​နိုင်​သည်။ သဘာဝ​မြေ​သြဇာ​ဖြင့် သင်၏​မြေဆီလွှာ ကောင်းမွန်​စေရန်​လုပ်ဆောင်ဖို့ လပေါင်း​များစွာ ကြာ​နိုင်​သည်။ နှောင့်နှေး​ကြန့်ကြာ​မှု​ကို သင်​ကြုံတွေ့​ရနိုင်​ပြီး ထိုသို့​ဖြစ်သော​အခါ ဓာတု​ဖျန်း​ဆေး​ကို လက်လှမ်း​ရန် ဆွဲဆောင်​ခံရ​ပေမည်။ သို့ရာတွင် ထိုသို့​မပြု​မီ ဓာတု​အဆိပ်အတောက်​များ​ရှောင်ခြင်း​၏ ရေရှည်​အကျိုးကျေးဇူးများ​ကို ရပ်တန့်​စဉ်းစားပါ။ သို့သော် သင်​စိတ်ရှည်​မည်​ဆိုလျှင် အခြား​ဥယျာဉ်ခြံ​များ​ထက် သီးနှံ​ဖျက်​ပိုးမွှား​နှင့် ရောဂါ​သာ၍​နည်းသော၊ အရသာ​ရှိသည့် သဘာဝ​မြေ​သြဇာ​သုံး ဟင်းသီးဟင်းရွက်​များ​ထွက်​သော ဥယျာဉ်ခြံ​တစ်ခု​ကို များ​မကြာမီ သင်​ပိုင်ဆိုင်​နိုင်​သည်။ သင်၏​ဥယျာဉ်ခြံ​သည် ပြောစရာ​မရှိ​အောင်​ကောင်းမွန်​လာ​မည်​မဟုတ်သော်လည်း နှစ်လိုဖွယ်​အကျိုးဆက်များ​ကြောင့် သင် ပီတိဖြာ​နိုင်​သည်။ ထို့​ကြောင့် သင်သည် ဥယျာဉ်​စိုက်ပျိုးခြင်း​၌ ပျော်မွေ့​မည်​ဆိုလျှင် သင့်ကိုယ်​ပိုင် သဘာဝ​မြေ​သြဇာ​သုံး​ဥယျာဉ်ခြံ​တစ်ခြံ တည်​ကြည့်​ပါ​လေ။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ရွှံ့စေး​မြေ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

သဲ​မြေ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

နုန်းမြေ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

သင့်​ဥယျာဉ်​မိတ်ဆွေများ

ဖား​ပြု​ပ်​တစ်ကောင်​သည် သုံးလ​တာ​အတွင်း သီးနှံ​ဖျက်​ပိုးမွှား ၁၀,၀၀၀ ကျော်​ကို စား​ပစ်​နိုင်

အိမ်​နေ​နှံပြီစုတ်​တစ်ကောင်​သည် “နွေ​ရာသီ​မွန်းလွဲပိုင်း​တစ်ခု​တွင် ယင်း​၏​သားငယ်ကို ပင့်ကူ​နှင့် ခူကောင် ၅၀၀” ကျွေးမွေး​သည်ကို တွေ့ရှိ​ခဲ့​ကြ

တီကောင်​သည် မြေကြီးကို လေ​ဝင်​စေပြီး မြေပြင်​ပေါ်​သို့ သတ္တု​ဓာတ်​အမျိုးမျိုး ယူလာ​ပေး

လေ​ဒီ​ဘတ်​ပိုးတောင်မာ​၏ အနှစ်သက်ဆုံး​အစာ​မှာ အဖျက်​ပိုး​တစ်မျိုး​ဖြစ်သော ပျ​ကောင်​ဖြစ်

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

သစ်​ရွက်​ဆွေး​မြေ​သြဇာ​ကို တူးရွင်း​ပြား​ဖြင့် မြေကြီး​ထဲ​ထည့်​သောအခါ ယင်းက မြေဆီလွှာ​ကို ပြုပြင်ပေး