မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်—ကျွန်ုပ်တို့၏ ပြဿနာများကို အမှန် ဖြေရှင်းပေးနိုင်မည်လော

ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်—ကျွန်ုပ်တို့၏ ပြဿနာများကို အမှန် ဖြေရှင်းပေးနိုင်မည်လော

ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်—ကျွန်ုပ်​တို့၏ ပြဿနာ​များ​ကို အမှန် ဖြေရှင်း​ပေး​နိုင်​မည်​လော

ယနေ့ ကျွန်ုပ်​တို့၏ ကမ္ဘာချီ​ရပ်ကွက်​သည် စံ​မမီ​သည့် ရပ်ကွက်​အများစု​ကဲ့သို့​ပင် ဖြစ်နေ​၏; ယင်း​၌ အနာ အ​ဆာ​များစွာ​ရှိ​နေသည်။ ရပ်ကွက်​သူ​ရပ်ကွက်သား​အားလုံး မျှမျှတတ ဆက်ဆံခံရ​ကြ​မည်​မဟုတ်​ချေ; သူတို့၌ တူညီသော အခွင့်အလမ်း​များလည်း မရှိကြ​ချေ။ သန်းပေါင်း​များစွာ​တို့​မှာ လူနေ​ရပ်ကွက်​နှင့် မိမိတို့​သက်ဆိုင်​သည်ကို စဉ်း​ပင်မ​စဉ်းစား​သည်​အထိ သတိမဲ့​လွန်းနေ​ကြ​၏။”—“ကျွန်ုပ်​တို့၏ ကမ္ဘာချီ​ရပ်ကွက်။”

ကျယ်ပြော​သော အာဖရိကန်​မြို့​တစ်မြို့​တွင် နေထိုင်သူ​တစ်ဦး​ဖြစ်သူ ဖာ​တီ​မာ​က သူ့ကိုယ်သူ အခွင့်သာ​သူ​ဟု ယူဆ​နေသည်။ သူ့​တွင် အနည်းဆုံး ရေခဲ​သေတ္တာ​တစ်လုံး​ရှိနေ​သောကြောင့်​ပင်။ သို့သော် သူ့​မိသားစု​၏​အိမ်သည် သတ္တု​တဲအိမ်​ကလေး​မျှ​သာ​ဖြစ်​ပြီး ကျောက်ဖြူ​သင်္ချိုင်းဂူ​သုံးလုံး အနား​တွင်​ကပ်လျက် ဆောက်​ထား​သည်။ သန်း​တစ်ဝက်​ရှိ အခြား​နေထိုင်သူ​များ​နည်းတူ အလွန်​ကြီးမားသော သုသာန်​တစ်ခု​တွင် သူ​နေထိုင်​လေ​သည်။ အဆိုပါ​သုသာန်​သည်​ပင်​လျှင် ပြည့်ကျပ်​လာ​နေပြီ​ဖြစ်၏။ “လူ​အတော်များများဟာ အထူးသဖြင့် ဒီ​အုတ်ဂူ​တွေ​ကြား​ကိုပဲ ပြောင်းရွှေ့​ဝင်လာ​နေကြ​တယ်” ဟု​သူက ညည်းညူ​လေ​သည်။

ဖာ​တီ​မာ​၏​အိမ်​နှင့် ဆယ်​မိုင်​အကွာ​လောက်​တွင် သပ်ရပ်​လှပသည့် စားသောက်​ဆိုင်​များနှင့် ဂေါက်​ကွင်း​ကြီး​တစ်​ကွင်း အပြည့်အစုံ​ပါဝင်​သည့် သီးသန့်​စုပေါင်း​အိမ်ရာ​အသစ် တည်ရှိ​နေသည်။ ဂေါက်သီး​ကျင်း​စဉ် တစ်ပတ်ရိုက်​ခ​သည် ဤ​အာဖရိက​နိုင်ငံ​တွင် လူတစ်ဦး​၏ လစဉ်​လုပ်အားခ​ထက် ပို​များသည်။ ဆင်းရဲ​မွဲတေမှု​က အဆိုပါ​မြို့ကို အမြဲ​ကပ်​ဆိုက်​စေ​သော်လည်း ဂေါက်​ကွင်း​များ—လူ့​မလို​င်​တို့ကို​ကိုယ်စား​ပြု​ရာ—မှာ​မူ အသစ်အဆန်း​ရော စိတ်​ကသိကအောက်​ပါ​ဖြစ်စရာ​ပင်။ ကျွန်ုပ်​တို့၏ ကမ္ဘာချီ​ရပ်ကွက်တွင် စည်းစိမ်​ခံစားခြင်း​နှင့် ဆင်းရဲ​နွမ်းပါး​ခြင်း​တို့သည် မ​သက်​မ​သာ အတူတကွ ယှဉ်တွဲ​တည်ရှိ​နေကြ​သည်။

အရှေ့အလယ်ပိုင်း​ရှိ သွေ့ခြောက်​သော​ယီ​မင်​နိုင်ငံ​ကို ရစ်ပတ်​ကွေ့ကောက်​နေသည့် ဝါဒီ ဟား​ဒ​ရာ​မော့​တ် ကမ်းရိုးတန်း​ဒေသ​သည် ရှေးကျ​သော​မြို့ကြီး​များ ကြားဖြတ်​တည်ရှိ​နေသည့် စခန်းချ​ယာဉ်​တန်း​များ​သွားလာ​ရာ လမ်း​ဟောင်း​တစ်ခု​ဖြစ်သည်။ ဖျတ်​က​နဲ​ကြည့်​လျှင် ဤ​ဝေးလံသီခေါင်​သော​လျှိုမြောင်​ဒေသ​တွင် ဘာမျှ​ပြောင်းလဲခြင်း​ရှိ​ဟန်​မတူ​ပေ။ သို့သော် အပြင်ပန်း​အားဖြင့်​မူ ထင်ယောင်ထင်မှား​ဖြစ်စေ​နိုင်​သည်။ ဆီ​ယွန်​မြို့အနီး​အနား​ရှိ ပြတိုက်​တစ်ခု​သည် အဖိုးထိုက်တန်​သော ပစ္စည်း​အချက်အလက်​အားလုံး​ကို စာရင်းပြု​စု​ထား​သည့် ဝက်ဘ်ဆိုက်တစ်ခု​ပြင်ဆင်​ရန် တက္ကသိုလ်​ဘွဲ့​ရ​တစ်ဦး၏​အကူအညီကို ရယူခဲ့​သည်။ အဆိုပါ​ဘွဲ့​ရသူ​မှာ ဒေသခံ​မိန်းကလေး​တစ်ဦး​ဖြစ်​သော်လည်း သူသည် ယူ.အက်စ်.အေ. အိုဟိုင်အို​ပြည်နယ်​တွင် ပညာ​သင်ယူ​ခဲ့​သူ​ဖြစ်၏။ ယခု​အခါ လူသား​တို့​နှင့် အတွေးအခေါ်​နှစ်ရပ်​စ​လုံး​သည် တစ်ခါ​နှင့်​မျှ​မတူ​အောင် ကမ္ဘာ​တစ်ဝန်း လှည့်လည်​သွားလာ​နိုင်​ကြ​ပေ​ပြီ။

ဆာဟာရ​သဲကန္တာရ​မှ အနောက်ဘက်​သို့ မိုင်​ပေါင်း​ထောင်နှင့်ချီ​ဝေး​သော​ဒေသ​တွင် ထရပ်ကား​ကြီး​သုံး​စင်း​သည် လူ​သူ​ကင်းမဲ့​သည့် လမ်းမကြီး​ပေါ် တောင်ဘက်​သို့​ဦးတည်​၍ တန်းစီ​ရွေ့လျား​နေကြ၏။ မာ​ရှာလာ​ဆို​သူ ယာဉ်မောင်း​တစ်ဦး​က သူသည် ရုပ်မြင်သံကြား​စက်​များ၊ ဗီဒီယို​မှတ်တမ်းတင်​စက်​များနှင့် ဂြိုဟ်တု​စ​လောင်း​များ​ကို သယ်ယူ​ပို့ဆောင်​ပေး​နေကြောင်း ရှင်းပြသည်။ သူ​ကိုယ်နှိုက်​က​လည်း အမေရိကန်​သတင်း​အသံလွှင့်​ချက်​များ​ကို နားထောင်ခြင်း​အားဖြင့် ကမ္ဘာ့​ဖြစ်ရပ်​များနှင့် အဆက်အသွယ်​မပြတ်​ချေ။ သူက “ကျွန်တော်​တို့ မြို့သူ​မြို့သားတွေ​မှာ ဂြိုဟ်တု​စ​လောင်း​ကိုယ်စီ​ရှိကြတယ်” ဟု​ရှင်းပြ​၏။ ကမ္ဘာ့​ဒေသ​အနည်းငယ်​က​သာ ကမ္ဘာချီ​မီဒီယာ​နှင့် အလှမ်းဝေး​နေခြင်း​ဖြစ်သည်။

လူ၊ အတွေးအခေါ်၊ သတင်း၊ ငွေကြေး​နှင့် နည်း​ပညာ​တို့၏ ကမ္ဘာချီ​အဆက်မပြတ် ရွေ့လျား​နေ​မှု​က အကျိုးကျေးဇူးများ ယူဆောင်​လာ​ပေး​နိုင်​သည့် ကမ္ဘာချီ​ရပ်ကွက်သစ်​တစ်ခု​ကို ဖန်တီး​ပေး​ခဲ့​လေ​သည်။ ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​သည် ယီ​မင်​နိုင်ငံ​မှ ဒေသခံ​ယဉ်ကျေးမှုကို ပျံ့နှံ့​သိရှိ​စေ​ကာ မာ​ရှာလာ​ကိုလည်း သုံး​ပတ်​ကြာ​ခရီးစဉ်​အတွက် ဒေါ်လာ ၃,၀၀၀ ရရှိအောင် စွမ်းဆောင်​ပေး​နိုင်​သည်။ သို့သော် ငွေ​သည် လူတိုင်း​ထံ ပျံ့နှံ့​စိမ့်ဝင်​ရောက်သွား​သည်​ကား မဟုတ်​ချေ။ ဖာ​တီ​မာ​နှင့် သူ၏​အိမ်နီးချင်း​တို့​မှာ ချို့တဲ့​စွာ​နေရင်း ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​၏ အကျိုးကျေးဇူးများ​ကို ခံစား​နေရသူ လူနည်းစု​အား ထိုင်​ကြည့်​နေရ​လေ​သည်။

ကျွန်ုပ်​တို့၏​ကမ္ဘာချီ​ရပ်ကွက်​သည် စံ​မမီ​ဖြစ်နေ​လင့်​ကစား ကမ္ဘာချီ​ပေါင်းစည်း​ရေး​ဖြစ်​စဉ်​မှာ နောက်​ပြန်​ဆုတ်၍​မရနိုင်​တော့​ပေ။ လူတို့သည် မိမိတို့၏ ရုပ်မြင်သံကြား​စက်​များ​ကို ပိတ်​လိုက်ပါမည်​လော၊ မိမိတို့၏​မိုဘိုင်း​ဖုန်း​များ​ကို လွှင့်ပစ်လိုက်​ကြ​မည်​လော၊ မိမိတို့၏​ကွန်ပျူတာ​များ​ကို ဖျက်ဆီး​ပစ်လိုက်​ကြ​မည်​လော၊ အခြား​နိုင်ငံ​များ​သို့ ခရီး​သွားခြင်း​ကို ရပ်တန့်​လိုက်​ကြ​မည်​လော။ နိုင်ငံသူ​နိုင်ငံသား​များသည် ကမ္ဘာ့​ကျန်​ဒေသ​များနှင့် နိုင်ငံရေး​အရ​ရော စီးပွားရေး​အရ​ပါ လုံးလုံးလျားလျား ကင်းကွာ​နေဖို့ ကြိုးစား​ကြ​မည်​လော။ လုံးဝ​ဖြစ်​နိုင်​ဖွယ်​မရှိ​ချေ။ မည်သူမျှ ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​၏ အကျိုးကျေးဇူးများ​ကို မစွန့်ပယ်​လို​ကြ​ချေ။ သို့သော် နောက်ဆက်တွဲ ပြဿနာ​များနှင့်​ပတ်သက်​၍​ကား အဘယ်နည်း။ ၎င်းတို့သည် စိုးရိမ်​ပူပန်မှု​ကို တိုးပွား​များပြား​လာ​စေသည့်​အပြင် လူတိုင်း​၏ အသက်တာကို ထိခိုက်​နေ​၏။ ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​၏ သာ၍​ဆိုးရွား​သော ဘေးထွက်​ဆိုးကျိုး​အနည်းငယ်​ကို အကျဉ်း​ချုံး​၍ သုံးသပ်ကြည့်​ကြ​စို့။

ကျယ်ပြန့်​လာ​နေသည့်​ကွာဟချက်

ကမ္ဘာချီ​ဥစ္စာ​ဓန ခွဲဝေ​မှု​သည် မျှတမှု​မရှိ​ချေ၊ သို့​ဖြစ်​လင့်​ကစား ချမ်းသာသူ​နှင့် ဆင်းရဲသူ​များ​စပ်ကြား ရင်ကြား​မစေ့​နိုင်သော ကွာဟချက်​ကို ကမ္ဘာချီ​စီးပွားရေး​ဆိုင်ရာ​ပေါင်းစပ်​ဆောင်ရွက်မှု​က ကျယ်ပြန့်​လာ​စေ​ခဲ့ပြီ။ ဖွံ့ဖြိုးဆဲ​နိုင်ငံ​အချို့​သည် ကမ္ဘာချီ​စီးပွားရေး​နှင့် ပူးပေါင်း​ဆောင်ရွက်ခြင်း​မှ အကျိုးကျေးဇူး​ရရှိခဲ့​ပုံ​ရသည်မှာ မှန်ပါသည်။ လွန်ခဲ့သော ဆယ်နှစ်​အတွင်း အိန္ဒိယ​နိုင်ငံ​တွင် အစိုးရ​သတ်မှတ်​ထား​သည့် ဆင်းရဲ​မွဲတေမှု​အဆင့်​အောက် ကျရောက်​နေသည့် လူ​အရေအတွက်​သည် ၃၉ ရာခိုင်နှုန်း​ရှိရာ​မှ ၂၆ ရာခိုင်နှုန်း​အထိ ကျဆင်း​သွားခဲ့သည်၊ ထိုသို့​ကျဆင်း​သွားခြင်း​သည် အာရှတိုက်​တစ်ခုလုံး​အနေ​နှင့် အလားတူ​တိုးတက်မှု​ကို တွေ့မြင်​လိုက်ရ​ခြင်း​ဖြစ်၏။ လေ့လာမှု​တစ်ရပ်​က ၁၉၉၈ ခုနှစ်​ရောက်​သော် အရှေ့​အာရှ​မှ လူဦးရေ ၁၅ ရာခိုင်နှုန်း​သာ တစ်နေ့​လျှင် တစ်​ဒေါ်လာ​ဖြင့် အသက်ရှင်​ရပ်တည်ခဲ့​ကြ​ကြောင်း​ဖော်ပြ​ရာ အစောပိုင်း​ဆယ်နှစ်​က ၂၇ ရာခိုင်နှုန်း​နှင့် နှိုင်းယှဉ်​ကြည့်​နိုင်​ပါ​သည်။ သို့ရာတွင်၊ ကမ္ဘာ့​အခြေအနေ​မှာ အကောင်းမြင်​စ​ရာ​မရှိ​ချေ။

စင်စစ်​တွင်​မူ ဆာဟာရ​တောင်ပိုင်း အာဖရိက​ဒေသနှင့် အခြား​မ​ဖွံ့ ဖြိုး​သေး​သော​ဒေသ​များ​တွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း ဝင်ငွေ​မှာ လျော့နည်း​သွားခဲ့​ပေ​ပြီ။ “လူ ၃ ဘီလီယံ​နီးပါး​မျှ—လူသား​အားလုံး​၏​ထက်ဝက်​နီးပါး—သည် မကြုံစဖူး ကြွယ်ဝ​ချမ်းသာ​နေသောကမ္ဘာ​တွင် တစ်နေ့​လျှင် နှစ်​ဒေါ်လာ သို့​မဟုတ် ယင်း​ထက်နည်း​သော​ဝင်ငွေ​ဖြင့် အသက်ရှင်​ရပ်တည်​နေကြ​သည်ကို နိုင်ငံတကာ​လူမှု​အဖွဲ့အစည်း​က သည်းခံနေ​ကြသည်” ဟု ကုလသမဂ္ဂ အထွေထွေ​အတွင်းရေးမှူး​ချုပ် ကို​ဖီ​အာနန်​က​ထောက်ပြ​လိုက်​သည်။ လူ​လူ​ချင်း​ကွာဟမှု ဤမျှ​ကြီးမား​ရခြင်း​၏ အဓိက​အကြောင်းရင်း​တစ်ခု​မှာ ကိုယ်ကျိုး​အတွက် ငွေရှာ​ကြ​ခြင်း​ဖြစ်၏။ “ကမ္ဘာ​တစ်ဝန်းလုံး​ရှိ ပုဂ္ဂလိက​ငွေကြေး​ဈေးကွက်​များသည် ဆင်းရဲသား​များ​ကို လျစ်လျူရှု​ကြသည်။ ဆင်းရဲသား​ရပ်ကွက်​များ​တွင် အကျိုးအမြတ် များများ​မရ​သည့်​အတွက် သာမန်​ဘဏ်​များ တည်ဆောက်​ထားခြင်း​မရှိ​ချေ” ဟု ယူ.အက်စ်. ဘဏ္ဍာ​အတွင်းရေးမှူး​ဟောင်း လယ်​ရီ ဆ​မ်း​မား​က ရှင်းပြသည်။

ချမ်းသာသူ​နှင့်​ဆင်းရဲသူ​စပ်ကြား ဝင်ငွေ အတိုင်းမသိ​ကွာဟ​နေရာ လူ​လူ​ချင်း၊ တစ်နိုင်ငံ​နှင့်​တစ်နိုင်ငံ​ကို​ပင် သတ်သတ်​ခွဲခြား​လိုက်​သည်။ မကြာသေးမီ​က ယူနိုက်တက်​စ​တိတ်​ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်​တစ်ဦး၏ စည်းစိမ်ဥစ္စာ​သည် သန်း ၁၀၀ ရှိသော သူ၏​အမေရိကန်​နိုင်ငံသား​ချင်း​များ​၏ အသားတင်​ပိုင်ဆိုင်ရာ​စုစုပေါင်း​ထက် သာလွန်​လေ​သည်။ ထို့​ပြင် ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​သည် တစ်စုံတစ်ရာ​သော ထုတ်ကုန်​ပစ္စည်း​များ​အတွက် ကမ္ဘာ့​ဈေးကွက်​ကို ထိန်းချုပ်​ထားခဲ့​ကြ​သည့် ချမ်းသာ​ကြွယ်ဝသော နိုင်ငံတကာ​ကုမ္ပဏီ​များ ရှင်သန်​ကြီးထွား​လာ​မှု​ကိုလည်း ဖြစ်စေ​ခဲ့​၏။ ဥပမာ၊ ၁၉၉၈ ခုနှစ်​အတွင်း ဒေါ်လာ ၂၆၂ ဘီလီယံ​တန်ဖိုး​ရှိ ကြေးနန်း​ဆက်သွယ်ရေး​လုပ်ငန်းများ​၏ ၈၆ ရာခိုင်နှုန်း​ကို ကုမ္ပဏီ​ဆယ်ခု​မျှ​လောက်​က ထိန်းချုပ်​ထားခဲ့​လေ​သည်။ အဆိုပါ​နိုင်ငံတကာ​ကုမ္ပဏီ​များ​၏ ဩဇာ​အာဏာ​သည် ယင်း​နိုင်ငံ​မှ​အစိုးရ​များ​၏ ဩဇာ​အာဏာ​ထက်​ပင် သာလွန်​နေ​၏၊ နိုင်ငံတကာ​လူ့​အခွင့်အရေး​အဖွဲ့အစည်း​က “သူတို့၏​လုပ်ငန်း​အစီအစဉ်​ဆွေးနွေးမှု​စာရင်း​တွင် လူ့​အခွင့်အရေး​နှင့် အလုပ်​အခွင့်အရေး​သည် ဦးစားထားရာ​များ​မဟုတ်​တော့​ချေ” ဟု ထောက်ပြ​သည်။

ကမ္ဘာ့​ဥစ္စာ​ဓန​သည် အခွင့်ထူး​ခံ​လူနည်းစု​၏ လက်ခုပ်​ထဲ​တွင် စု​ပြုံ​နေခြင်း​ကို လူ့​အခွင့်အရေး​အဖွဲ့အစည်း​များ​က စိုးရိမ်​နေကြ​သည်ကို သဘောပေါက်​နိုင်​ပါ​သည်။ အဆင်း​ရဲ​ဆုံး​လူများ​၏​ဝင်ငွေ​ထက် ၇၄ ဆ​ရှိသည့် အချမ်းသာဆုံး​လူ ၂၀ ရာခိုင်နှုန်း နေထိုင်ကြ​သည့် ရပ်ကွက်​တစ်ခု​တွင် သင်​နေထိုင်​လို​မည်​လော။ ၂၀ ရာခိုင်နှုန်း​ရှိသော ဆင်းရဲ​နွမ်းပါး​သူများ​သည် မိမိတို့၏​ဘဝ​အခြေအနေ တိုးတက်​လာဖို့ အခွင့်အလမ်း​မမြင်​သော်လည်း ရုပ်မြင်သံကြား​အားဖြင့် ချမ်းသာသူ​များ မည်သို့​နေထိုင်​အသက်ရှင်​ကြသည်​ကို ကောင်းစွာ​သိရှိ​ကြသည်။ ကမ္ဘာချီ​ရပ်ကွက်တွင် ယင်း​သို့​သော ဆိုးရွား​လှ​သည့် မမျှတ​မှု​က မငြိမ်မသက်မှု​နှင့် အလိုမကျ​မှု​မျိုးစေ့​များစွာ​ကို ကြဲ​ပေး​နေသည်​မှာ ရှင်း​ပါ​သည်။

ကမ္ဘာချီ​ယဉ်ကျေးမှု​ဆိုင်ရာ ပေါင်းစပ်​ဆောင်ရွက်မှု

စိုးရိမ်​ရမည့် နောက်​နယ်ပယ်​တစ်ခု​မှာ ယဉ်ကျေးမှု​ပဋိပက္ခ​များနှင့် ရုပ်ပစ္စည်း​များ​အပေါ် တန်ဖိုး​ထားမှု ပျံ့နှံ့​လာ​ခြင်း​တို့​ဖြစ်သည်။ အယူအဆ​ဖလှယ်​မှု​သည် ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​၏ အရေးပါသော​အသွင်အပြင်​တစ်ခု​ဖြစ်​ပြီး ဤ​ဖြစ်ရပ်ဆန်း​ကို အဘယ်အရာကမျှ အင်တာနက်​ထက် သရုပ်​မဖော်​ပေးချေ။ ဝမ်းနည်းစရာ​ကား၊ အကျိုး​ဖြစ်ထွန်း​သော သတင်း​အချက်အလက်၊ ယဉ်ကျေးမှု​နှင့် ကုန်သွယ်​မှု​လုပ်ငန်းများ​ပျံ့နှံ့​စေရန် အင်တာနက်​တစ်ခု​တည်း​ကို​သာ အသုံးမပြု​ကြ​ခြင်း​ဖြစ်၏။ ဝက်ဘ်ဆိုက်​အချို့​သည် အ​ပြာ​စာပေ၊ လူမျိုးရေး​စိတ်ဓာတ်​နှင့် လောင်းကစားခြင်း​ကို အားပေး​အား​မြှောက်​ပြု​သည်။ တချို့​ဆိုလျှင် အိမ်တွင်း​လုပ်​ဗုံး​များ ပြုလုပ်​နည်းကို​ပါ အတိအကျ​လမ်းညွှန်​ပေး​လေ​သည်။ “အင်တာနက်​ပေါ်​တွင် ခလုတ်​ကလေး​နှိပ်​လိုက်​ရုံ​နှင့် အန္တရာယ်​ထဲ​ကျရောက်​သွား​နိုင်​သည်​အထိ အလွန်​လွယ်ကူ​သည်။ ကွန်ပျူတာ​ဖြင့်​ဖန်တီး​ထား​သည့် နာဇီ​လက်​သစ် ဘီယာ​ခန်းမ သို့​မဟုတ် အ​ပြာ​စာကြည့်တိုက်​ထဲ​သို့ လှည့်လည်​ဝင်ရောက်​နိုင်​ပြီး သင့်​အား​ဟန့်တား​မည့်​သူ သို့​မဟုတ် လမ်းညွှန်​မည့်​သူ မရှိ​ချေ” ဟု သောမတ်စ် အယ်​လ်. ဖရက်​ဒ်​မ​န် ဆို​သည့်​အတိုင်း​ပင်​ဖြစ်၏။

ထို့​အပြင် ရုပ်မြင်သံကြား​နှင့် ရုပ်ရှင်​များ​က​လည်း လူတို့၏​တွေးခေါ်ပုံ​ကို အကြီးအကျယ်​သြဇာလွှမ်း​မိုး​သည်။ ကမ္ဘာ့​ရုပ်ရှင်​ကား​များ​မှ သတင်း​များသည် စိတ်ကူးယဉ်​ကမ္ဘာ​၏ အဓိက​စက်ရုံ​တစ်ရုံ​ဖြစ်သည့် ဟော​လိ​ဝုဒ်​မှ ပေါ်ထွက်​လာလေ့​ရှိ၏။ ဤမျှ​ကြီးမား​လှ​သည့် ဖျော်ဖြေမှု​လုပ်ငန်း​၏​စံ​များသည် ရုပ်​ဝါဒ၊ အကြမ်းဖက်မှု သို့​မဟုတ် အကျင့်​ယိုယွင်းမှု​ကို အားပေး​အား​မြှောက်​ပြု​လေ့​ရှိ၏။ ထို​စံ​များသည် ကမ္ဘာ့​နိုင်ငံ​များစွာ​တို့၏ ဒေသခံ​ယဉ်ကျေးမှု​နှင့် လုံးဝ​ဆန့်ကျင်​သည်။ သို့သော်​ငြား​လည်း အစိုးရ​များ၊ ပညာရှင်​များနှင့် မိဘများသည် ခေတ်​ရေစီးကြောင်း​ကို နောက်ပြန်ဆွဲ​ရန်​ကား မဖြစ်​နိုင်​တော့​ချေ။

မြောက်​အမေရိက​သို့ သွားရောက်​လည်ပတ်​ခဲ့​သူ ကျူးဘား​နိုင်ငံ၊ ဟာ​ဗာနာ​မြို့သား​တစ်ဦး​က “ယူ.အက်စ်. ယဉ်ကျေးမှုကို ကျွန်တော်​တို့​မြတ်နိုးတယ်။ သင်တို့ရဲ့ ဟော​လိ​ဝုဒ်​အကျော်အမော်​အားလုံး​ကို ကျွန်တော်​တို့​သိကြပါတယ်” ဟု​ရှင်းပြ​ခဲ့​သည်။ ထို့​ပြင် အနောက်​တိုင်း​ယဉ်ကျေးမှု​သည် အရန်​သင့်​အစားအစာ​များနှင့် အချိုရည်​များ​ကိုလည်း မြေ​တောင်​မြှောက်​ပေး​ကြသည်။ မလေးရှား​လူမျိုး စီးပွားရေး​လုပ်ငန်းရှင်​တစ်ဦး​က ဤသို့​ကောက်ချက်​ချ​ခဲ့​သည်– “ဘယ်​အနောက်​နိုင်ငံ​ကို​မဆို၊ အထူးသဖြင့် အမေရိကန်​နိုင်ငံ​ကို ဒီ​ကလူ​တွေ ချစ်​မြတ်နိုး​ကြတယ် . . . သူတို့ဟာ အနောက်​တိုင်း​အစားအစာကို စားချင်​ကြ​ပြီး အနောက်​တိုင်း​သား ဖြစ်ချင်​နေကြ​တယ်။” ဟာ​ဗာနာ​ကောလိပ်​၏​ကျောင်းအုပ်​က ဝမ်းနည်း​စွာ ဤသို့​ဝန်ခံခဲ့​သည်– “ကျူးဘား​နိုင်ငံ​ဟာ သီးခြား​ရပ်တည်​နေတဲ့ ကျွန်း​နိုင်ငံ​မဟုတ်တော့ဘူး။ ကျွန်း​နိုင်ငံ​ဆိုတာ မရှိတော့ဘူး။ ကမ္ဘာ​လောကကြီးဟာ တစ်ခု​တည်း​ပဲ။”

လူတို့၏ မျှော်လင့်ချက်များ​နှင့် လိုအင်ဆန္ဒ​များ​ကို ကျူးကျော်​ဝင်ရောက်​လာ​သည့် အနောက်​တိုင်း​ယဉ်ကျေးမှု​က ပြောင်းလဲ​ပစ်လိုက်​သည်။ “သူတစ်ပါး​နှင့်​ယှဉ်​နိုင်​ရန် ကြိုးပမ်း​ခြင်း​ဟူသည် အိမ်နီးချင်း​နှင့်​အပြိုင်​သုံးစွဲ​နိုင်​ရန် ကြိုးစား​ခြင်း​မှ ရုပ်ရှင်​နှင့် ရုပ်မြင်သံကြား​ပြကွက်​များ​၌ သရုပ်ဖော်​ထား​သည့် ချမ်းသာ​ပြီး​ကျော်ကြား​သူတို့၏ ဘဝ​ပုံစံ​များ​ကို လိုက်စားခြင်း​သို့ ကူး​ပြောင်း​သွားခဲ့သည်” ဟု လူ့​ဖွံ့ ဖြိုး​တိုးတက်မှု​အစီရင်ခံစာ ၁၉၉၈ က​ဖော်ပြ​ခဲ့​သည်။ ထိုသို့​သော ဘဝ​ပုံစံ​ကို လူအများစု​ရရှိ​မည်​မဟုတ်​သည်​မှာ ထင်ရှား​နေပါ​သည်။

ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​သည် ဖြေရှင်း​နည်း​တစ်ခု​လော

လူများစွာ​တို့၏ စီမံကိန်း​များ​ကဲ့သို့​ပင် ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​သည် အထောက်အကူ​ပြု​သကဲ့သို့ အကျိုး​လည်း​ယု​တ်​စေ​ကြောင်း သက်သေပြ​ခဲ့ပြီ။ အချို့​သော​သူများ​ထံ စီးပွားရေး​အကျိုးအမြတ်​များ ယူဆောင်​ပေး​လာ​သည့်​အပြင် ကမ္ဘာချီ​ဆက်သွယ်ရေး​ခေတ်​ကိုလည်း ဆောင်ကြဉ်း​ပေး​ခဲ့​လေ​သည်။ သို့သော်​ငြား​လည်း ယင်းသည် ဆင်းရဲသူ​နှင့် လိုအပ်​နေ​သူများကို အကျိုးပြု​မည့်​အစား ချမ်းသာ​ကြွယ်ဝသူ​နှင့် ဩဇာ​အာဏာ​ရှိသူ​များ​ကို​သာ အကျိုးပြု​လေ​သည်။ ပြစ်မှုကျူးလွန်​သူများ​နှင့် ရောဂါ​ဖြစ်စေ​သည့် ဗိုင်းရပ်စ်​ပိုး​များသည် ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​၏ အကျိုးကျေးဇူးများ​ကို အစိုးရ​များ​ထက် ပို​၍​အမြတ်​ထုတ်​လျက်​ရှိ၏။—စာမျက်နှာ ၈ နှင့် ၉ ရှိ လေးထောင့်ကွက်များ​ကို​ရှု။

အများအားဖြင့် ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​သည် ကျွန်ုပ်​တို့၏ မ​စုံလင်သော​ကမ္ဘာ​လောက​၌ ရှိ​နှင့်​ပြီး​သား​ဖြစ်သော ပြဿနာ​များ​ကို တိုး၍​အကျယ်ချဲ့​ခဲ့​ပေ​ပြီ။ ကမ္ဘာ့​ပြဿနာ​များ​ကို ဖြေရှင်း​ပေး​မည့်​အစား ၎င်းကို​ယ်နှိုက် ပြဿနာ​၏​အစိတ်အပိုင်း​ဖြစ်လာ​ခဲ့​သည်။ လူတန်းစား​ခွဲခြား​မှု​မှာ ပို​၍​ကြီးထွား​လာပြီး စိတ်ပျက်​မှု​လည်း ပို​၍​တိုးမြှင့်​လာ​ခဲ့​၏။ ကမ္ဘာ​တစ်ဝန်း​ရှိ အစိုးရ​များသည် မိမိတို့၏​နိုင်ငံသား​များ​ကို ပေါက်လွှတ်ပဲစား​ပြုမူ​နေထိုင်ခြင်း​မှ အကာအကွယ်​ပေး​နေရင်း ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​၏ အကျိုးကျေးဇူးများ​ကိုလည်း အခွင့်ကောင်း​ယူ​အသုံးချ​ရန် ရုန်းကန်​နေကြ​သည်။ ၎င်း​တို့ အောင်မြင်​ကြ​ပါ​မည်​လော။ ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​ကို လူ့​ရှုထောင့်​ဖြင့် အဖြေရှာ​နိုင်​ပါ​မည်​လော။ အောက်ပါ​ဆောင်းပါး​က ဤ​မေးခွန်းများကို ဆန်းစစ်​တင်ပြ​ပေး​ပါ​လိမ့်​မည်။

[စာမျက်နှာ ၈၊ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

ရာဇဝတ်မှု​နှင့် အကြမ်းဖက်မှု​ဆိုင်ရာ ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်

ဝမ်းနည်းစရာ​ကား၊ ကူး​သန်း​ရောင်းဝယ်​မှု​လုပ်ငန်း​ဆိုင်ရာ ကိရိယာ​များသည် ရာဇဝတ်မှု​နှင့်​ပတ်သက်​သည့် ကိရိယာ​များ​အဖြစ်သို့ အလွယ်တကူ ပြောင်းလဲ​သွား​နိုင်​ပေ​သည်။ “နိုင်ငံ​ပေါင်း​စုံ ကော်ပိုရေးရှင်း​များသည် ကမ္ဘာ့​စီးပွားရေး​ကို ကမ္ဘာချီ​ဖြစ်စေ​ခဲ့​ရာ ‘ရာဇဝတ်မှု​ဆိုင်ရာ​နိုင်ငံ​ပေါင်း​စုံ’—စနစ်တကျ​ဖွဲ့စည်းထား​သည့် ရာဇဝတ်မှု​ဆိုင်ရာ​အသင်း​စု—က ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​ကို ချက်ချင်း​အသုံးပြုလျက်​ရှိနေပြီ” ဟု လူ့​ဖွံ့ ဖြိုး​တိုးတက်မှု​အစီရင်ခံစာ ၁၉၉၉ က​ရှင်းပြသည်။ စနစ်တကျ​စုစည်း​ထား​သည့် ရာဇဝတ်မှု​သည် ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​မှ မည်သို့​အကျိုး​ရရှိခဲ့​ပြီ​နည်း။

တရား​မဝင် မူးယစ်​ဆေးဝါး​ရောင်းဝယ်​သည့် အဖွဲ့အစည်း​များသည် မိမိတို့၏ ဒေါ်လာ​ပေါင်း ဘီလီယံ​နှင့်​ချီ​သည့် အမြတ်​ငွေ​များ​ကို ငွေ​ဖြူ​ဖြစ်စေ​သည့် အခွင့်အရေး​အသစ်များ​စွာ​ကို တွေ့ ရှိခဲ့​ကြ​၏။ ထို့​အပြင် အကောက်​ခွန်​ဌာန​များစွာ​တို့၏ ထိန်းချုပ်မှု​များ ပယ်ရှား​ခံရ​ခြင်း​နှင့် လူများ​ပြောင်းရွှေ့​နေထိုင်မှု တိုးများ​လာ​ခြင်း​တို့​က​လည်း တရား​မဝင်​မူးယစ်​ဆေးဝါး​ရောင်းဝယ်​သည့် အဖွဲ့အစည်း​များ​အား တရား​မဝင်​မူးယစ်​ဆေးဝါး​များ​ကို တစ်နိုင်ငံ​မှ​တစ်နိုင်ငံ သို့​မဟုတ် တိုက်ကြီး​တစ်​တိုက်​မှ နောက်​တစ်​တိုက်​သို့ သယ်ယူ​ပို့ဆောင်​ရန် ပို​၍​လွယ်ကူ​စေ​သည်။ ၁၉၉၀ ပြည့်လွန်​နှစ်များ​အတွင်း​က ကို​ကင်း​ထုတ်လုပ်မှု​သည် နှစ်ဆ​ဖြစ်လာ​ပြီး ဘိန်း​ထုတ်လုပ်မှု​က သုံး​ဆ​များ​လာ​ခဲ့​သည်​မှာ စိတ်ဝင်စားစရာ​ပင်။ ထို့​အပြင် နိုင်ငံတကာ မာ​ဖီး​ယား​ဂိုဏ်း​များ​က​လည်း အမြတ်အစွန်း​များသော ပြည့်တန်ဆာ​လုပ်ငန်း​ကို ကြီးထွား​ရင့်သန်​လာအောင် လုပ်ကိုင်​လျက်​ရှိသည်။ အဆိုပါ​ဂိုဏ်း​များသည် ၎င်းတို့၏​ရည်ရွယ်ချက်​အတွက် နှစ်စဉ် ၅၀၀,၀၀၀ ခန့်​ရှိသော အမျိုးသမီးများနှင့် မိန်းကလေး​များ​ကို အနောက်​ဥရောပ​သို့ တင်ပို့​နေကြ​သည်—အများစုမှာ သူတို့၏​အလို​မတူဘဲ တင်ပို့​ခံရ​သည်။

ရာဇဝတ်မှု​အသင်း​စု​များသည် နိုင်ငံ​ပေါင်း​စုံ ပူးပေါင်း​ဆောင်ရွက်မှု​အဖွဲ့​များ​ကဲ့သို့​ပင် မကြာသေးမီ​နှစ်များ​က မိမိတို့၏​သြဇာ​အာဏာကို ခိုင်မာ​တောင့်တင်း​စေ​ခဲ့​ကြပြီ။ များစွာ​တို့သည် ကမ္ဘာ​နှင့်​ချီဆောင်​ရွက်​ကြ​ပြီး ၎င်း​တို့​စပ်ကြား​ရှိ အမြတ်​ဝင်ငွေ​စုစုပေါင်း​မှာ တစ်နှစ်​လျှင် ဒေါ်လာ​သန်းပေါင်း ၁.၅ ထ​ရီ​လီယံ​ရှိသည်—ပြင်သစ်​နိုင်ငံ​၏ နိုင်​ငံ့​ထုတ်ကုန်​စုစုပေါင်း​ထက်​ပင် ပို​များနေ​၏။ *

မရိုးသား​သည့် ကွန်ပျူတာ​အထူး​ကျွမ်းကျင်​သူများ​အတွက် အင်တာနက်​သည်လည်း အကောင်းဆုံး လက်ကိုင်တုတ်​ဖြစ်နေ​လေ​ပြီ။ ၁၉၉၅ ခုနှစ်​က ဟက်​ကာ (တရား​မဝင်​ခိုးဝင်​အသုံးပြုသူ) တစ်ဦး​သည် ဒေါ်လာ တစ်သန်း​တန်ဖိုး​ရှိ သတင်း​အချက်အလက်​အပြင် ပုဂ္ဂလိက အကြွေး​ဝယ်​ကတ်ပြား​နံပါတ်​ပေါင်း ၂၀,၀၀၀ ကို​ပါ ခိုးယူ​ခဲ့​သည်။ “နည်း​ပညာ​အသစ်​ကို​အသုံးပြု၍ ခိုးယူ​ခြင်း​သည် အန္တရာယ်​ပို​ကင်း​ပြီး အမြတ်အစွန်း ပို​ရရှိ​သည်” ဟု စပိန်​ဘဏ်​လုပ်ငန်းရှင်​တစ်ဦး​ဖြစ်သူ ဂျို​စီ အန်တိုနီယို ဆို​လာ​က ရှင်းပြ​ခဲ့​သည်။

အကြမ်းဖက်​သမားများ​က​လည်း ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​၏ ကိရိယာ​များ​ကို အသုံးချ​ကြသည်။ ကမ္ဘာချီ​သတင်းပေး​ပို့​နိုင်​မှု​က ကမ္ဘာ့​အစွန်အဖျား​ဒေသ​တွင် အနောက်​တိုင်း​သား ကမ္ဘာ​လှည့်​ခရီးသည်​အချို့​ကို ပြန်ပေးဆွဲခြင်း​အား နိုင်ငံရေး​မကျေနပ်ချက် တစ်စုံတစ်ရာ​အတွက် ရုတ်ခြည်း လူသိရှင်ကြား ကျော်ကြား​သွား​ရန် အကူအညီ​ဖြစ်စေ​နိုင်​သည်​ဟူ​၏။

မလိုလား​အပ်သော “ခရီး​သွားများ”

လူ​တို့​အပြင် ရောဂါ​များ​ပါ ကမ္ဘာ​အနှံ့ ခရီးဆန့်​နိုင်​ကြ​ပြီး ရောဂါ​အချို့​မှာ သေစေနိုင်​၏။ “လူ၊ ကုန်​ပစ္စည်း​များနှင့် အတွေးအခေါ်​များသည် ကမ္ဘာ​နှင့်​အ​ဝန်း အကြီးအကျယ် ရွေ့လျား​သွားလာ​နေခြင်း​က ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​ရောဂါ နောက်ကွယ်​တွင်​ရှိသည့် တွန်းအား​ဖြစ်နေ​လေ​သည်။ ကမ္ဘာ​လောကသည် လျင်မြန်​စွာ​ပင် ပို​၍​အတားအဆီးမဲ့ ပေါက်ကွဲ​လာ​နေပြီ​ဖြစ်သည်၊ အ​ဝေဖန်ခံ​ရ​ဆုံး​မှာ ကူးစက်​တတ်သော ရောဂါ​အသစ်​အဟောင်း​တို့သည် ကမ္ဘာ​တစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့​သွားခြင်း​ဖြစ်၏” ဟု ကူးစက်​ရောဂါ​များ​ဆိုင်ရာ ပညာရှင်​တစ်ဦး​ဖြစ်သူ ပါမောက္ခ ဂျော်​န​သန် အမ်. မ​န်း​က​ရှင်းပြသည်။

ယခု​အခါ နှစ်စဉ် လူပေါင်း​သုံး​သန်း​ခန့်​ကို သတ်ပစ်​နေသည့် ကမ္ဘာချီ​ကာကွယ်​နိုင်စွမ်း​မဲ့​အသစ်​ဖြစ်သော အေအိုင်ဒီအက်စ် ကူးစက်​ပျံ့နှံ့​ရောဂါ​ထက် အဘယ်အရာကမျှ ပို​၍​ထူးခြား​စွာ သရုပ်​မ​ပေါ်လွင်​စေပါ။ အာဖရိက​နိုင်ငံ​အချို့​တွင် ရှိရှိသမျှ ငယ်ရွယ်​သည့် အမျိုးသား​အမျိုးသမီးများ​မှ သုံးပုံနှစ်ပုံ​အား အဆိုပါ​ရောဂါ​က အဆုံး​၌ သတ်ပစ်လိုက်​မည်​ကို ကျန်းမာ​ရေး​လုပ်သားများ​က စိုးရွံ့​ထိတ်လန့်​နေကြ​သည်။ “ကူးစက်​ရောဂါ​များ၊ စစ်​နှင့် ငတ်မွတ်​ခေါင်းပါး​မှု​တို့သည် နှစ်ထောင်​ပေါင်း​များစွာ​ရှိနေ​လင့်​ခဲ့​ကစား ယခင်​သမိုင်း​တွင် တစ်ခါမျှ​မကြုံ​ခဲ့​ဖူး​သော ဤမျှ​အတိုင်းအတာ​ရှိသည့်​သေနှုန်း​ကို အရွယ်ရောက်​သူများ​စပ်ကြား တွေ့မြင်​နေရ​သည်” ဟု အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဆိုင်ရာ ပူးတွဲ​ကုလသမဂ္ဂ အစီအစဉ်​က အစီရင်ခံ​လိုက်​သည်။

ရောဂါ​ပိုးမွှား​များနှင့် ဗိုင်းရပ်စ်​ပိုးမွှား​များ​သာ မလိုလား​အပ်သော ကမ္ဘာချီ “ခရီး​သွားများ” မဟုတ်​ကြ​ပါ။ တိရစ္ဆာန်​များ၊ အပင်များ​နှင့် အင်းဆက်​ပိုးမွှား​များသည် မိမိတို့၏​နေရင်း​ဒေသ​မှ လွတ်မြောက်သွား​ကြ​ကာ အခြားသော​တိုက်ကြီး​များ​သို့ နယ်​ကျွံ​နေကြ၏။ လောလောဆယ်တွင် လေယာဉ်​ဖြင့် ခိုးဝင်​လာပုံ​ရသည့် ဩစတြေးလျ​နိုင်ငံ​မှ အဆိပ်​ပြင်း​သော မြွေ​မျိုးစိတ်များ​သည် ပစိဖိတ်ကျွန်း​များ​တွင် နယ်​ချဲ့​ကျူးကျော်​ဝင်ရောက်​နေ,နေကြ​သည်။ ယင်းက ဂူ​အန်​နိုင်ငံ​မှ သစ်တော​ငှက်​ရှိရှိသမျှ​နီးပါး​ကို အမျိုး​ပြုတ်​စေ​ခဲ့​၏။ တောင်​အမေရိက​မှ ဗေဒါ​ပင်​များသည် အပူပိုင်း​ဒေသ​ဖြစ်သော နိုင်ငံ​ပေါင်း ၅၀ အထိ​ပျံ့နှံ့​သွားခဲ့​ကာ တူးမြောင်း​များ​ကို ပိတ်ဆို့​စေပြီး ငါး​ကန်​များ​ကိုလည်း ပျက်စီး​စေ​သည်။ “ကျူးကျော်​ဝင်ရောက်​လာ​သည့် ‘တိုင်းတစ်ပါးသား​များ’ အပြင် ပျံ့နှံ့​လျက်​ရှိသော ရောဂါ​များနှင့် ကြီးမား​လှ​သည့် ဝန်းကျင်​ဆိုင်ရာ​ပျက်စီးမှု​ကြောင့် ကမ္ဘာ့​စီးပွားရေး​ကို နှစ်စဉ် ဒေါ်လာ ဘီလီယံ​ရာ​နှင့်​ချီ​၍ ကုန်ကျ​နေ​စေ​သည်” ဟု နိုင်ငံတကာ​သံတော်ဆင့်​သတင်းစာ က​အစီရင်ခံ​သည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 26 “နိုင်​ငံ့​ထုတ်ကုန်​စုစုပေါင်း” သည် နိုင်ငံ​တစ်နိုင်ငံ​မှ တစ်နှစ်​လျှင် ထုတ်လုပ်သည့် ကုန်​ပစ္စည်း​များနှင့် ဝန်ဆောင်မှု​များ​၏ စုစုပေါင်း ဈေးကွက်​တန်ဖိုး​ကို ရည်ညွှန်း​သည်။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ငွေ​ခိုးထုတ်​ခြင်း

သင်္ဘော​ဖြင့်​တင်ဆောင်​လာ​သည့် ဝက်ဝံ​ရုပ်​များ​ထဲ​တွင်

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ကို​ကင်း​ခိုးထုတ်​ခြင်း

နယ်စပ်​အကူး​၌ ဒေါ်လာ ၄,၀၀၀,၀၀၀ တန်ဖိုး​ရှိ ကို​ကင်း​ကို အပန်းဖြေ​ခရီး​သွား​ယာဉ်​တစ်စီး​တွင် တွေ့ရှိ​ခဲ့

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဇီဝ​အကြမ်းဖက်မှု

ဝါ​ရှင်​တန်၊ ဒီ.စီ. အိမ်တော်​ကုန်းမြင့်​ပေါ်​တွင် စစ်သား​များ ထောင့်​သန်း​ရောဂါပိုး​ကို ရှာဖွေ​နေကြ

ဗုံး​ပေါက်ကွဲခြင်း

အစ္စရေး​နိုင်ငံ​တွင် ကား​ဗုံး​ပေါက်ကွဲခြင်း

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အေအိုင်ဒီအက်စ်​ကမ္ဘာချီ​ပျံ့နှံ့မှု

တောင်​အာဖရိက​နိုင်ငံ​တွင် အလွန်​ဖိစီး​နှိပ်စက်​နေသည့် အေအိုင်ဒီအက်စ်​ကူးစက်​ရောဂါ​ကြောင့် ပြည်သူပိုင်​ဆေးရုံ​အချို့​က ရောဂါ​ရှိသူတို့​ကို လက်မခံကြ​ချေ

မျိုးစိတ်များ ချဉ်း​နင်း​ဝင်ရောက်​မှု

အညို​ရော​င်​သစ်ပင်​နေ​မြွေ​များသည် ဂူ​အန် ကျွန်း​ရှိ သစ်တော​ငှက်​များ​ကို မျိုး​ပြုတ် လု​မတတ် ဝါးမျို​စားသောက်​နေကြ

ဗေဒါ​ပင်

ဤ​အပင်​သည် နိုင်ငံ​ပေါင်း ၅၀ ရှိ တူးမြောင်း​များနှင့် မြစ်ကမ်းပါး​များ​ကို ပိတ်ဆို့​စေ​သည်

[Credit Lines]

Money and cocaine smuggling: James R. Tourtellotte and Todd Reeves/U.S. Customs Service; bioterrorism: AP Photo/Kenneth Lambert; burning bus: AP Photo/HO/Israeli Defense Forces; child: AP Photo/Themba Hadebe; snake: Photo by T. H. Fritts, USGS; water hyacinth: Staff CDFA, California Dept. of Food & Agriculture, Integrated Pest Control Branch

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု ဖြစ်​စဉ်​က ချမ်းသာသူ​နှင့် ဆင်းရဲသူ​စပ်ကြား ကွာဟချက်​ကို ကျယ်ပြန့်​စေ​ခဲ့

[Credit Line]

UN PHOTO 148048/J. P. Laffont-SYGMA

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အကြမ်းဖက်မှုကို အားပေး အား​မြှောက်​ပြု​ရန် အင်တာနက်​ကို အသုံးပြုလျက်​ရှိ