မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်—မျှော်လင့်နိုင်စရာများနှင့် စိုးရိမ်ပူပန်စရာများ

ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်—မျှော်လင့်နိုင်စရာများနှင့် စိုးရိမ်ပူပန်စရာများ

ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်—မျှော်လင့်​နိုင်​စ​ရာ​များနှင့် စိုးရိမ်​ပူပန်​စ​ရာ​များ

“ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​သည် ကျွန်ုပ်​တို့​ခေတ်​ကာလ​၏ စီးပွားရေး​ဆိုင်ရာ ထူးခြားသော​ဖြစ်ပျက်​မှု​ကြီး​တစ်ခု​ဖြစ်သည်။ . . . ယင်းသည် ယခု​အခါ ကမ္ဘာ​တစ်ဝန်း သန်း​ချီ​ရှိသော​လူ​တို့ကို မကြုံစဖူး​သော အခွင့်အရေး​များ ဆောင်ကြဉ်း​ပေး​လျက်​ရှိသည်။”—မာတင်​ဝုဖ်၊ ဘဏ္ဍာရေး​ပင်တိုင်​ဆောင်းပါး​ရှင်။

“ကျွန်ုပ်​တို့ ကမ္ဘာ​သူ​ကမ္ဘာ​သားများ​သည် မိသားစုကြီး​တစ်စု​ဖြစ်၏။ ဤ​ခေတ်​သစ်​သည် စိန်ခေါ်ချက်​အသစ်များ​နှင့် ပတ်ဝန်းကျင်​ရုတ်တရက်​ကပ်​ဆိုက်​မှု၊ သဘာဝ​သယံဇာတ​ကုန်ခန်း​မှု၊ သွေး​ချောင်း​စီး​သော ပဋိပက္ခ​များနှင့် ဆင်းရဲ​မွဲတေမှု​အစ​ရှိသည့် ကမ္ဘာချီ​ပြဿနာ​အသစ်များ​ကို ပေါ်ပေါက်​စေ​သည်။”—အက်​ဒွါ့ ရှီ​ဗာနာ​ဇီ၊ ဂျော်ဂျီယာ​သမ္မတ။

၁၉၉၉ ခုနှစ် ဒီဇင်ဘာ​လ​တွင် ယူ.အက်စ်.အေ.၊ စီအဲတဲလ်​မြို့၌ ကမ္ဘာ့​ကုန်သွယ်​ရေး​အဖွဲ့က​ပြုလုပ်​သည့် အစည်းအဝေး​တစ်ခု​ကို ကန့်ကွက်​ဆန္ဒ​ပြ​ခဲ့​ကြသည်။ အခြေအနေ​ကို​ထိန်း​ရန် ရဲ​တို့​က မျက်ရည်​ယို​ဗုံး၊ ရော်​ဘာ​ကျ​ည်ဆံ​များ​ဖြင့်​ပစ်ခတ်​ခြင်း​နှင့် င​ရုတ်​ရည်​စ​ပ​ရေး​တို့​ဖြင့်​ဖျန်းခြင်း​များ ပြုလုပ်​ခဲ့​ရ၏။ အဆုံး​တွင်၊ ရာ​နှင့်​ချီ​သော ကန့်ကွက်​ဆန္ဒ​ပြ​သူများကို ဖမ်းဆီး​ခဲ့​ကြသည်။

ဤ​စီအဲတဲလ်​ရုန်းရင်းခတ်​မှု​ကို အဘယ်အရာက လှုံ့ဆော်ပေး​ခဲ့​သနည်း။ အလုပ်​လက်မဲ့​ဖြစ်​မည့်​အခြေအနေ၊ ပတ်ဝန်းကျင်​နှင့် လူမှုရေး​မမျှတ​မှု​တို့​နှင့်​ပတ်သက်​သည့် စိုးရိမ်​ပူပန်မှု​များ​ကြောင့်​ဖြစ်၏။ သို့ရာတွင်၊ ရိုးရိုး​ကလေး​ဖော်ပြ​ရ​လျှင် ဆန္ဒ​ပြ​သူများ​သည် ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​ကြောင့် လူသား​တို့​နှင့်​ကမ္ဘာ​ဂြိုဟ်​အပေါ် သက်ရောက်​လာ​မည့်​အကျိုးဆက်ကို စိုးရွံ့​နေကြ​၍ ဤသို့​ပြုခြင်း​ဖြစ်သည်။

၎င်းတို့၏​စိုးရွံ့​မှု​မှာ လျော့နည်း​သွား​သည်​မရှိ​ချေ။ ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ် ဆန့်ကျင်​ဆန္ဒ​ပြ​မှုများ​သည် ၁၉၉၉ ခုနှစ်​ကတည်းက အရွယ်အစား​ရော အရှိန်အဟုန်​ပါ တစ်စ​တစ်စ ကြီးထွား​တိုးမြှင့်​လာ​ခဲ့​သည်။ ယခု​အခါ ကမ္ဘာ့​ခေါင်းဆောင်​များ​က ကိစ္စရပ်​အချို့​တွင် အစည်းအဝေး​အစီအစဉ်များ​ကို ကန့်ကွက်​ဆန္ဒ​ပြ​သူများ​က ဖရိုဖရဲ​ဖြစ်အောင် လုပ်ဖို့​မလွယ်ကူ​သည့် ဝေးလံသီခေါင်​သော​ဒေသ​များ​တွင် ၎င်းတို့၏ ထိပ်သီး​အစည်းအဝေး​များ​ကို ကျင်းပ​ရန် ကြိုးပမ်း​နေကြ​သည်။

ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​ကို အန္တရာယ်​ပေး​မည့်​အရာတစ်ခု​အဖြစ် လူတိုင်း​မ​ရှုမြင်​ကြသည်​မှာ မှန်ပါသည်။ ယင်းကို တချို့က ကမ္ဘာ့​ပြဿနာ​များ​၏​မိခင်​ဟု စွပ်စွဲ​နေကြ​သော်လည်း အခြားသူများ​က​မူ ကမ္ဘာ့​ပြဿနာ​အများစုကို ကုစား​နိုင်​သည့် ကုထုံး​အဖြစ် တစ်​ခဲနက်​ကြိုဆို​ကြသည်။ မှန်ပါသည်၊ ဆက်​ဖြစ်နေ​သော ဤ​အငြင်းပွားမှု​သည် လူသား​အများစု​နှင့် မသက်ဆိုင်​နေ​ပုံ​ရ​ပေမည်၊ အများစုက ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​၌ အဘယ်အရာ အမှန်​ပါဝင်​နေသည်​ကို​ပင် သဲသဲကွဲကွဲ​မသိ​ရှိကြ​သေး​ချေ။ သို့သော် သင့်​အမြင် မည်သို့​ပင်​ရှိနေပါစေ ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​သည် သင့်​အပေါ် အကျိုး​သက်ရောက်​လျက်​ရှိနေပြီး အနာဂတ်​တွင် ပို​၍​ပင်​အကျိုး​သက်ရောက်​လာ​ဦး​မည်။

ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​ဟူသည် အတိအကျ​အဘယ်နည်း

“ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်” ဟူသည် လူ​နှင့် နိုင်ငံ​များ အပြန်အလှန်​အမှီသဟဲ​ပြု​မှု ကမ္ဘာချီ ကြီးထွား​လာ​ခြင်း​ကို ဖော်ပြ​ရန် လူတချို့​အသုံးပြုသည့် အသုံးအနှုန်း​ဖြစ်သည်။ ဤ​ဖြစ်​စဉ်​သည် လွန်ခဲ့သော​ဆယ်စုနှစ် သို့​မဟုတ် ထို​ထက်မက​အတွင်း သိသိသာသာ အရှိန်​တိုးမြှင့်​လာ​ခဲ့​၏၊ အဓိက​အားဖြင့် နည်း​ပညာရပ်​တွင် အလွန့်အလွန် တိုးတက်လာ​ခဲ့​၍​ဖြစ်၏။ (စာမျက်နှာ ၅ မှ​လေးထောင့်ကွက်​ကို​ရှု။) ဤ​အချိန်​အတောအတွင်း၊ သဘောထား​ကွဲလွဲ​နေသည့် နိုင်ငံရေး​အုပ်စု​များ​၏ စစ်​အေး​တိုက်ပွဲ​မှာ အဆုံးသတ်​လု​ဖြစ်သွား​ပြီ၊ ကုန်သွယ်​ရေး​အနှောင့်အယှက်​များ ကျဆင်း​သွား​သည်၊ ကမ္ဘာ့​ငွေကြေး​ဈေးကွက်​များ ပေါင်းစည်း​လာကြပြီး ခရီး​သွားခြင်း​သည်လည်း ပို​၍​ဈေး​သက်သာ​ကာ ပို​၍​လွယ်ကူ​ချောမွေ့​လာ​ခဲ့​သည်။

ဤသို့​ကမ္ဘာချီ​ပေါင်းစည်း​မှု တိုးတက်လာ​ခြင်း​က စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု​နှင့် ပတ်ဝန်းကျင်​ဆိုင်ရာ အကျိုးဆက်​တ​သီ​တ​တန်း​ကြီး​ကို ဖြစ်ပွား​စေ​ခဲ့​သည်။ အကြောင်း​မလှ​စွာ၊ အကျိုးဆက်​တချို့​မှာ ဆိုးကျိုး​ဖြစ်စေ​နိုင်​ပါ​သည်။ ယူနိုက်တက်​နေး​ရှင်း​က​ထုတ်ဝေ​သော လူ့​ဖွံ့ ဖြိုး​တိုးတက်မှု​အစီရင်ခံစာ ၁၉၉၉ က​ဤသို့​ရှင်းပြ​ခဲ့​သည်– “ကမ္ဘာ​တစ်ဝန်း လူသားများ​၏​အသက်တာသည် ယခင်​က​ထက် ပို​၍​စေ့စပ်​သေချာ​စွာ၊ ပို​၍​တက်ကြွ​စွာ၊ ပို​၍​တိုက်ရိုက်​ကျ​စွာ ဆက်စပ်​ပေါင်းစည်း​နေသည်။ ယင်းက အခွင့်အရေး​များစွာ​ကို လမ်းဖွင့်ပေး​သည်၊ အကောင်း​ကော အဆိုး​ပါ ဖြစ်စေ​နိုင်စွမ်း​လည်း​ရှိသည်။” လူ့​အောင်မြင်မှု​များစွာ​ကဲ့သို့​ပင် ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​တွင် ကောင်းကွက်​နှင့်​ဆိုး​ကွက် ဒွန်တွဲ​နေ​၏။

ကမ္ဘာကြီး သာ၍​စည်ပင်​ကြွယ်ဝ​လာဖို့ မျှော်လင့်​စ​ရာ​များ

ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​သည် “ကမ္ဘာကြီး​ကို သိပ္ပံ​ပညာရပ်​ပိုင်း၊ ယဉ်ကျေးမှု​ပိုင်း​တို့​တွင် ကြွယ်ဝ​စေသည့်​အပြင် စီးပွားရေး​အရ​လည်း လူများစွာ​တို့အား အကျိုးပေး​နေပြီ” ဟု စီးပွားရေး နို​ဗယ်လ်​ဆု​ရှင် အမာ​တီး​ယား ဆင်​က ပြောဆို​လိုက်​သည်။ အလားတူ လူ့​ဖွံ့ ဖြိုး​တိုးတက်မှု​အစီရင်ခံစာ ၁၉၉၉ က​လည်း ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​သည် “၂၁ ရာစု​အတွင်း ဆင်းရဲ​မွဲတေမှု​ကို အမြစ်​ပြတ်​သုတ်သင်​ရှင်းလင်း​ရန် ဖြစ်​နိုင်​ခြေ​အလားအလာ​များ​ကို အကြီးအကျယ်​ကမ်း​လှမ်းပေး” ကြောင်း ထောက်ပြ​သည်။ ဤ​အကောင်းမြင်​ဝါဒ​အတွက် အကြောင်းပြချက်​မှာ ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​၏ အကျိုးဆက်​အနေ​နှင့် စည်ပင်​ကြွယ်ဝမှု​တွင် အကြီးအကျယ် တိုးတက်လာ​ခြင်း​ဖြစ်သည်။ ယနေ့ ကမ္ဘာ​ပေါ်​တွင် သာမန်​မိသားစု​တစ်စု​၏​ဝင်ငွေ​မှာ လွန်ခဲ့သော​အနှစ် ၅၀ က​ထက် သုံး​ဆ​ရှိသည်။ *

ဆန်းစစ်​လေ့လာသူ​အချို့​က ကမ္ဘာလုံး​ဆိုင်ရာ စီးပွားရေး​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​၏ နောက်​အကျိုးဆက်​တစ်ခု​ကို တွေ့ မြင်ကြ​လေ​သည်– ယင်းသည် နိုင်ငံ​များစွာ​အား စစ်တိုက်​လို​စိတ်​ကို သာ၍​လျော့ပါး​စေ​သည်​ဟု သူတို့​ထင်မှတ်​ကြ​၏။ သောမတ်စ် အယ်​လ်. ဖရက်​မ​န်​က သူ၏ The Lexus and the Olive Tree ဟူ​သည့်​စာအုပ်​တွင် ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​သည် “စစ်​မဖြစ်​ပွား​ရေး​အတွက် လှုံ့ဆော်​အားပေးမှု​များ​ကို တိုးမြှင့်​ပေး​သည်၊ ထို့​အပြင် ခေတ်​သစ်​သမိုင်း​တွင်​ဖြစ်စေ၊ လွန်ခဲ့သော အဘယ်​ခေတ်​မဆို​တွင်​ဖြစ်စေ အခြားသော​နည်းလမ်းများ​ထက် စစ်​စရိတ်​များ​ကို ပို​၍​တိုးများ​လာ​စေ​သည်” ဟု အခိုင်အမာ​ပြောဆို​သည်။

လူသား​အချင်းချင်း အပြန်အလှန်​အကျိုးပြု​မှု​တိုးလာ​ခြင်း​က ကမ္ဘာချီ စည်းလုံး​ညီညွတ်မှု တိုးတက်စေ​ရေး အလားအလာ​လည်း​ရှိလာ​သည်။ တချို့သော လူ့​အခွင့်အရေး​ဆိုင်ရာ​အဖွဲ့အစည်း​များသည် မိမိတို့၏​ရည်စူး​ချက်​များ​ကို ပို​၍​ထိရောက်​စွာ​တင်ပြ​ရန် အင်တာနက်​ပေါ် တင်​ပေး​နိုင်​ခဲ့​ကြပြီ။ ဥပမာ၊ ၁၉၉၇ ခုနှစ် နိုင်ငံတကာ မြေ​မြှုပ်​မိုင်း တရား​မဝင်​ကြောင်း​ကြေညာ​ရေး​စာချုပ်​သည် ကမ္ဘာ​တစ်ဝန်း​ရှိ မြေ​မြှုပ်​မိုင်း​နှင့်​ပတ်သက်​၍ စိုးရိမ်မကင်း​ဖြစ်နေ​ကြ​သည့် အုပ်စု​အသီးသီး​ကို စည်းရုံး​ရန် အီလက်ထရောနစ်​စာပို့​စနစ်​ကို အသုံးပြုခြင်း​အားဖြင့် တစ်စိတ်​တစ်ပိုင်း​အနေ​နှင့် အထမြောက်​ခဲ့​၏။ အောက်ခြေ​လူတန်းစား​များ​ပါဝင်​နေသည့် ဤ​စေ့စပ်နည်း​ကို “ကမ္ဘာချီ လူ​လူ​ချင်း​စာနာ​ထောက်ထား​မှု​ဆိုင်ရာ အကျပ်အတည်း​ကာလ​ကို ရင်ဆိုင်​ဖြေရှင်း​ရန် အစိုးရ​နှင့် ပြည်သူ​များ အတူတကွ​ရင်းရင်းနှီးနှီး လုပ်ဆောင်​သော နိုင်ငံတကာ​သံတမန်​ရေး​ကိစ္စ​ဆောင်ရွက်မှု​ဆိုင်ရာ နည်းလမ်း​သစ်​တစ်ရပ်” အဖြစ် ကြိုဆို​ခဲ့​ကြသည်။

အဆိုပါ​အကောင်း​ဘက်​မှ အကျိုး​ရလဒ်များ​ရှိနေ​လင့်​ကစား ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​၏ ဆိုးကျိုး​များသည် ယင်း​၏​ကောင်းကျိုး​များ​ထက် ပို​ပြီး​အလေးသာ​နေ​မည်​ကို လူများစွာက စိုးရွံ့​နေကြ​ဆဲ​ပင်။

ကမ္ဘာကြီး သာ၍​အစိတ်​အစိတ်​အမြွှာ​မြွှာ​ဖြစ်​မည့် စိုးရွံ့ဖွယ်​ရာ​များ

ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​နှင့်​စပ်လျဉ်း၍ အကြီးမားဆုံး​စိုးရိမ်ဖွယ်​ရာ​မှာ ချမ်းသာသူ​များနှင့် ဆင်းရဲသူ​များ​စပ်ကြား ကွာဟမှု​ကို ကျယ်​လာ​စေ​ခဲ့​ခြင်း​ဖြစ်သည်။ ကမ္ဘာ​တစ်ဝန်း ချမ်းသာ​ကြွယ်ဝမှု တိုးများ​လာ​ခဲ့​သည်​မှာ ယုံမှားဖွယ်​မရှိ​သော်လည်း လူနည်းစု​နှင့် နိုင်ငံ​အနည်းစု​တွင်​သာ​ဖြစ်၏။ ယခု​အခါ ကမ္ဘာ​ပေါ်​တွင် အ​ကြွယ်ဝ​ဆုံး​လူ​အ​ယောက် ၂၀၀ ၏​အသားတင်​ပိုင်ဆိုင်ရာ​မှာ ကမ္ဘာ​ဂြိုဟ်​ပေါ်​နေထိုင်​သည့် လူ ၄၀ ရာခိုင်နှုန်း—လူပေါင်း ၂.၄ ဘီလီယံ​ခန့်—၏​ဝင်ငွေ​စုစုပေါင်း​ထက် ကျော်လွန်​နေ​လေ​သည်။ ချမ်းသာ​ကြွယ်ဝသော​နိုင်ငံ​များ​တွင် လုပ်အားခ​မှာ ဆက်၍​မြင့်တက်​နေ​သော်လည်း ဆင်းရဲ​နွမ်းပါး​သော နိုင်ငံ ၈၀ မှ​ပျမ်းမျှ​ဝင်ငွေ​မှာ လွန်ခဲ့သော​ဆယ်နှစ်​ကျော်​က​ထက် ယုတ်လျော့​လာ​ခဲ့​သည်ကို အမှန်​တွေ့မြင်​ခဲ့​ကြ​ရသည်။

စိုးရိမ်​ပူပန်​စ​ရာ နောက်​အခြေခံ​အကြောင်းရင်း​သည် ပတ်ဝန်းကျင်​အရေး​နှင့်​ပတ်သက်​သည်။ ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​သည် ကမ္ဘာ​ဂြိုဟ်​ကို​ကာကွယ်​ပေး​ရေး​ထက် အကျိုးအမြတ်​များများ​ရဖို့​ကို​သာ ပို​၍​စိတ်ဝင်စား​ကြ​သည့် ဈေးကွက်​တွန်းအား​များ​ကြောင့် မီးလောင်​ရာ​လေ​ပင့်​ဖြစ်​ခဲ့​ရပြီ။ အင်ဒိုနီးရှား​နိုင်ငံ သဘာဝ​ထိန်းသိမ်းရေး ကမ္ဘာချီ​ရန်ပုံငွေ​အဖွဲ့​ခေါင်းဆောင် ဩ​ဂပ်​စ် ပါ​နို​မာ​က အကျပ်ရိုက်​သည့်​အခြေအနေ​ကို ဤသို့​ရှင်းပြ​၏– “ကျွန်ုပ်​တို့သည် ဖွံ့ ဖြိုး​တိုးတက်မှု​နှင့်အတူ မနားတမ်း​ပြိုင်ပွဲဝင်​နေကြ​သည်။ . . . ဆယ်စုနှစ်​အတွင်း​တွင် ကျွန်ုပ်​တို့အားလုံး ပတ်ဝန်းကျင်​ထိန်းသိမ်း​ကာကွယ်​ရေး​ကို သတိပြုမိ​လာ​ကြ​မည်​ဖြစ်​ပြီး အကာအကွယ်​ပေး​စ​ရာ​ဘာမျှ​မကျန်​တော့​မည်​ကို ပူပန်​မိ​သည်။”

ထို့​ပြင် လူတို့သည် မိမိတို့၏​အလုပ်အကိုင်​နှင့်​ပတ်သက်​၍​လည်း စိုးရိမ်​ပူပန်​နေကြ၏။ ကုမ္ပဏီ​များ ကမ္ဘာ​နှင့်​ချီ​၍ စီးပွားရေး​ပူးပေါင်း​ဆောင်ရွက်ခြင်း၊ အကြီးအကျယ်​ပြိုင်ဆိုင်​လာ​ခြင်း​တို့​က ကုမ္ပဏီ​လုပ်ငန်းများ​ကို ထိရောက်​ပြီး တွက်ခြေကိုက်​သည့်​နည်းလမ်း​သုံး​ရန် ဖိအားပေး​လာ​ကြသည်​နှင့်​အမျှ အလုပ်အကိုင်​ကော ဝင်ငွေ​ပါ ပို​၍​မရေမရာ​ဖြစ်လာ​ခဲ့​ရသည်။ အကျိုးအမြတ် တိုးပွား​လာ​မှု​ကို ရှေး​ရှု​သည့် ကုမ္ပဏီ​တစ်ခု​အဖို့ လက်ငင်း​ဈေးကွက်​လိုအပ်ရာ​များနှင့်​အညီ အလုပ်သမား​များ​ကို ငှား​ရမ်း​ခြင်း​နှင့် အလုပ်​ဖြုတ်​ခြင်း​တို့သည် လုပ်သင့်လုပ်ထိုက်​ပုံ​ရ​သော်လည်း ယင်း​သို့​ပြုခြင်း​သည် လူတို့၏​ဘဝ​အသက်တာကို နင်း​ခြေ​ပစ်လိုက်​ရာ​ကျ​သည်။

ကမ္ဘာလုံး​ဆိုင်ရာ​ငွေကြေး​ဈေးကွက်​များ ပေါင်းစပ်​ဆောင်ရွက်မှု​သည် မတည်မငြိမ်​ဖြစ်စေ​သည့် နောက်​အကြောင်းရင်း​တစ်ခု​ဖြစ်သည်။ နိုင်ငံတကာ​ရင်းနှီး​မြှုပ်နှံ​သူများ​သည် ဖွံ့ ဖြိုး​ဆဲ​နိုင်ငံ​များ​တွင် ငွေ​ကို အ​လုံး​လိုက်​အရင်း​လိုက် မြှုပ်နှံ​ကြသည်၊ သို့သော် နောက်ပိုင်း​တွင် စီးပွားရေး​အခြေအနေ ဆိုးရွား​လာ​မည့်​လက္ခဏာ​တွေ့ရ​သောအခါ ၎င်းတို့၏​ငွေ​အလုံးအရင်း​ကို ချက်ချင်း​ပြန်​ထုတ်​သွား​ကြ​လေ​သည်။ ထိုသို့ ငွေ​ကို အလုံးအရင်း​လိုက် ထုတ်ယူ​လိုက်ခြင်း​သည် တစ်နိုင်ငံ​ပြီး​တစ်နိုင်ငံ စီးပွားရေး​အကျပ်အတည်း​တွင် နစ်မွန်း​သွား​စေနိုင်​သည်။ ၁၉၉၈ ခုနှစ်​အတွင်း အရှေ့​အာရှ​တွင်​ဖြစ်ပွား​ခဲ့​သည့် ငွေကြေး​ဆိုင်ရာ​အကျပ်အတည်း​ကြောင့် လူပေါင်း ၁၃ သန်း အလုပ်​ဆုံးရှုံး​ခဲ့​ရ၏။ အင်ဒိုနီးရှား​နိုင်ငံ​တွင် အလုပ်​ဆက်​ရသော အလုပ်သမား​များ​ပင် မိမိတို့၏​လစာ တစ်ဝက်​တိ​တိ​အလျှော့​ခံ​လိုက်ရ​သည်ကို ကြုံတွေ့​ခဲ့​ကြ​ရသည်။

သို့​ဖြစ်၍ ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​သည် မျှော်လင့်​အားထားစရာ​လည်း​ရှိ၊ စိုးရွံ့ဖွယ်​ရာ​များလည်း​ရှိ​နေသည်​ကို နားလည်​နိုင်​ပါ​သည်။ ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​ကို စိုးရွံ့​စ​ရာ​အကြောင်း သင်၌​ရှိသလော။ သို့​မဟုတ် ယင်းသည် သင့်​အသက်တာကို ပို​၍​ကြီးပွား​တိုးတက်စေ​ရန် ပြုလုပ်​ပေး​မည့်​အရာ​အဖြစ် မျှော်လင့်​နိုင်​ပါသလော။ ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​သည် ကျွန်ုပ်​တို့အား အနာဂတ်​နှင့်​စပ်လျဉ်း၍ အကောင်းမြင်​နိုင်​စ​ရာ​ရှိစေပါ​သလော။ ကျွန်ုပ်​တို့၏ နောက်​ဆောင်းပါး​က အဆိုပါ​မေးခွန်းများကို ဖြေရှင်း​ပေး​ပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 သို့ရာတွင် အထူးသဖြင့် ကမ္ဘာ​နှင့်​အ​ဝန်း​ရှိ ပျမ်းမျှ​ခြင်း​များ​ကို အထင်မှား​နိုင်​ပေ​သည်။ လွန်ခဲ့သော​အနှစ် ၅၀က အချို့​မိသားစု​များ​၏​ဝင်ငွေ​မှာ အဆပေါင်း​များစွာ တိုးပွား​လာ​ခဲ့​ကြသော်လည်း ဒေသ​များစွာ​ရှိ မိသားစုဝင်​ငွေ​မှာ ခြူး​တစ်ပြား​သား​မျှ တိုးလာ​ခဲ့​ခြင်း​မရှိ​ချေ။

[စာမျက်နှာ ၃ ပါ အကျဉ်း​ဖော်ပြချက်]

ကမ္ဘာ​ပေါ်​တွင် အ​ကြွယ်ဝ​ဆုံး​လူ အ​ယောက် ၂၀၀ ၏ အသားတင်​ပိုင်ဆိုင်ရာ​သည် ကမ္ဘာ့​လူ ၄၀ ရာ​ခိုင် နှုန်း​၏ ပိုင်ဆိုင်ရာ​စုစုပေါင်း​ထက် ကျော်လွန်​နေသည်

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​ကို ပံ့ပိုး​ပေး​သည့် နည်း​ပညာ

နည်း​ပညာ​သည် လွန်ခဲ့သော​ဆယ်စုနှစ်​အတွင်း ဆက်သွယ်ရေး​စနစ်​ကို ခေတ်ပြောင်း​တော်လှန်​ပစ်လိုက်​သည်။ ကမ္ဘာ့​မည်သည့်​နေရာ၌​မဆို လူ​နှင့် သတင်း​အချက်အလက်​ကို ပို​၍​မြန်မြန်ဆန်ဆန်၊ သက်သက်သာသာ​နှင့် လွယ်လွယ်ကူကူ ဆက်သွယ်​အသုံးပြုနိုင်​ပြီ။

ရုပ်မြင်သံကြား ယခု​အခါ ကမ္ဘာ​ပေါ်​တွင် လူအများစု​သည် ရုပ်မြင်သံကြား ကိုယ်ပိုင်​မရှိသည့်​တိုင် ကြည့်​နိုင်​ကြပြီ။ ၁၉၉၅ ခုနှစ်​အချိန်​က ကမ္ဘာ​တစ်ဝန်း လူ​အ​ယောက် ၁,၀၀၀ တိုင်း​တွင် ရုပ်မြင်သံကြား​စက် ၂၃၅ လုံး​ရှိရာ ၁၉၈၀ ပြည့်နှစ်​က​ထက် နှစ်ဆ​နီးပါး​ရှိသည်။ ဝေးလံသီခေါင်​သည့် အရပ်ဒေသ​များ​တွင် နေထိုင်ကြ​သည့် လူတို့သည် ကမ္ဘာ​တစ်ဝန်း​မှ ထုတ်လွှင့်​ချက်​များ​ကို ဂြိုဟ်တု​စ​လောင်း​သေးသေးလေး​ဖြင့် ဖမ်းယူ​နိုင်​ကြပြီ။ နိုင်ငံရေး​ဆိုင်ရာ စီးပွားရေး​ပါမောက္ခ​ဖြစ်သူ ဖရန်စစ် ဖူကူယာမာ​က “ယနေ့ ကမ္ဘာ့​မီဒီယာ​နှင့် တ​သီး​တခြား​ဖြစ်နေ​သည့် နိုင်ငံ​ဟူ၍ မရှိတော့​ချေ” ဟု ထောက်ပြ​ပြောဆို​လိုက်​သည်။

အင်တာနက် အင်တာနက် ချိတ်ဆက်​အသုံးပြု​သူများ​မှာ အပတ်စဉ် ၃၀၀,၀၀၀ ခန့်​တိုး​လျက်​ရှိသည်။ ၁၉၉၉ ခုနှစ်​အတွင်း ခန့်မှန်း​ထား​ချက်​အရ ၂၀၀၁ ခုနှစ်​ရောက်​သော် လူပေါင်း​သန်း ၇၀၀ သည် အင်တာနက်​နှင့်​ဆက်သွယ်​လာ​ကြ​မည်​ဟု မျှော်လင့်​ထားခဲ့​၏။ စာရေး​ဆရာ သောမတ်စ် အယ်​လ်. ဖရက်​ဒ်​မ​န်း​က “ရလဒ်​မှာ ကမ္ဘာ့​သမိုင်း​တွင် မည်သည့်​အခါ​က​မျှ​နှင့်​မတူဘဲ လူများစွာ​သည် အခြား​လူများစွာ​တို့၏ အသက်တာ၊ ထုတ်ကုန်​များနှင့် အယူအဆ​တို့​နှင့်​ပတ်သက်​၍ သင်ယူ​လေ့လာ​နိုင်​ကြပြီ” ဟု​ရှင်းပြသည်။

တယ်လီဖုန်း ဆက်သွယ်ရေး​အလင်း​ဖန်​မျှ​င်​ကြိုး​များနှင့် ဂြိုဟ်တု​ဆက်သွယ်ရေး​ကွန်ရက်​များသည် တယ်လီဖုန်း​ကုန်ကျ​စရိတ်​များ​ကို သိသိသာသာ လျှော့ချ​ပစ်လိုက်​သည်။ နယူးယောက်​မြို့မှ လန်ဒန်​မြို့​သို့ သုံး​မိနစ်​စာ​ဖုန်း​ဆက်​ခ​သည် ၁၉၃၀ ပြည့်နှစ်​က ၂၄၅ ဒေါ်လာ ရှိရာ​မှ ၁၉၉၉ ခုနှစ်​ရောက်​သော် .၃၅ ဆ​င့်​အထိ လျော့​သွားခဲ့​၏။ ကြိုးမဲ့​ဆက်သွယ်ရေး​ကွန်ရက်​များသည် မိုဘိုင်း​ဖုန်း​ကို ကွန်ပျူတာ​ကဲ့သို့ နေရာတကာ​တွင်​တွေ့​နေရ​သော အရာတစ်ခု​ဖြစ်စေ​ခဲ့​သည်။ ၂၀၀၂ ခုနှစ်​အဆုံး​ရောက်​သော် လူပေါင်း တစ်​ဘီလီယံ​သည် မိုဘိုင်း​ဖုန်း​များ​ကို အသုံးပြု​နေကြ​လိမ့်​မည်​ဟု​ခန့်မှန်း​ရပြီး အဆိုပါ​အသုံးပြု​သူများ​မှ များစွာ​တို့သည် အင်တာနက်​အသုံးပြုခွင့်​ရ​ရန် မိမိတို့၏​ဖုန်း​များ​ကို အသုံးပြုနိုင်​ကြ​ပေ​လိမ့်​မည်။

မိုက်​က​ရို​ချစ်​ပ် အထက်​ဖော်ပြ​ပါ စွမ်းပကား​အားလုံး​သည် အမြဲမပြတ် အဆင့်မြင့်​အောင်​လုပ်ထား​သည့် မိုက်​က​ရို​ချစ်​ပ်​များ​အပေါ် အမှီသဟဲ​ပြု​သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်​က မိုက်​က​ရို​ချစ်​ပ်​များ​၏ တွက်ချက်​နိုင်​သည့်​စွမ်းအား​သည် ၁၈ လတိုင်း နှစ်ဆ​တိုးမြှင့်​သွားခဲ့သည်။ တစ်ခါ​က​မျှ ထို​မျှ​သေးငယ်​သည့် အ​ချ​ပ်​ကလေး​ထဲ​တွင် သတင်း​အချက်အလက် အမြောက်အမြား မ​ထည့်သွင်း​နိုင်​ခဲ့​ဖူး​ချေ။