မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

ဆေးလိပ်​ငွေ့​ရှူ​ခြင်း အန္တရာယ်များ

ဂျပန်​နိုင်ငံ​တွင် မကြာသေးမီ​က လေ့လာမှု​အစီရင်ခံစာ​နှင့်​ပတ်သက်​၍ ကနေဒါ​နိုင်ငံ​၏ က​လုပ်​ဘဲ​အဲ​န်​မေးလ် သတင်းစာ​က “စီးကရက်​ငွေ့​ကို မိနစ် ၃၀ လောက်​သာ ရှူ​ခြင်း​ဖြင့် ကျန်းမာ​သော​ဆေးလိပ်​မ​သောက်​သူ၏ နှလုံးကို ထိခိုက်​စေနိုင်​သည်” ဟု​ဆို​၏။ အသံလှိုင်း​လွန်​နည်း​ပညာ​သစ်​ကို အသုံးပြု၍ အို​ဆာ​ကာ​မြို့​တက္ကသိုလ်​မှ သုတေသီ​များသည် ဆေးလိပ်​ငွေ့​ရှူ​ခြင်း​ဖြင့် နှလုံး​ပေါက်​များနှင့် သွေး​ပြွန်​ငယ်​များ ဆက်​ထားသော အတွင်း​မြှေး​ဆဲလ်​များ​ကို တိုက်ရိုက်​သက်ရောက်​သည့် ဆိုးကျိုး​များ​ကို တိုင်းတာ​နိုင်​ခဲ့​ကြသည်။ ကျန်းမာ​ချိန်​၌ အဆိုပါ​ဆဲလ်​များသည် သွေး​ပြွန်​နံရံ​များ​တွင် ချေးကပ်ခြင်း​နှင့် သွေး​ခဲ​ခြင်း​တို့ကို ကာကွယ်​ပေးခြင်း​ဖြင့် သွေး​ကို ကောင်းစွာ​လည်ပတ်​စေ​သည်။ ဆေးလိပ်​မ​သောက်​သူများ​၏​နှလုံး​တွင် စီးဆင်း​နေသော သွေးသည် “ဆေးလိပ်​သောက်​သူများ​၏​နှလုံး​ထက် ၂၀ ရာခိုင်နှုန်း​ခန့် ပို​ကောင်း​သော်လည်း မိနစ် ၃၀ မျှ​သာ ဆေးလိပ်​ငွေ့​ရှူပြီး​နောက်​တွင်” သူတို့၏​သွေး​စီးဆင်းမှု​သည် ဆေးလိပ်​သောက်​သူများ​ကဲ့သို့ ဖြစ်သွား​သည်​ဟု သုတေသီ​များ​က တွေ့ရှိ​ခဲ့​ကြ​၏။ သုတေသီ​ဒေါက်တာ​ရာ​ယို အို​တ်​ဆာ​ကာ​၏​အဆို​အရ “ယင်းသည် ဆေးလိပ်​မ​သောက်​သူများ​၏ နှလုံးသွေး​လည်ပတ်မှု​အပေါ် ဆေးလိပ်​ငွေ့​ရှူ​ခြင်း​၏ တိုက်ရိုက်​သက်ရောက်​သည့် ဆိုးကျိုး​ကို ဖော်ပြ​သည်​ဟု​ဆို​၏။”

အလင်းရောင်​အသစ်–ညစ်ညမ်း​သော​မြေပုံ

“နဂါးငွေ့တန်း ပျောက်ကွယ်​သွား​ရခြင်း​မှာ အာကာသ​ပြောင်းလဲမှု​ကြောင့်​မဟုတ်ဘဲ ကျွန်ုပ်​တို့၏ ကျယ်ပြန့်​သော​မြို့များ​၏ တောက်ပ​သော​အလင်းရောင်​တန်း​များသည် ဥရောပတိုက်​သား​နှင့် အမေရိကန်​သား​အများစု​၏ မြင်ကွင်း​မှ နဂါးငွေ့တန်း​ကြယ်​များ​ကို ကွယ်ထား​သောကြောင့် ဖြစ်သည်။ အဆိုပါ​လူ​လုပ်​အလင်းရောင်​ထု​သည် နက္ခတ္တ​ဗေဒ​ပညာရှင်​များ​၏ လေ့လာမှု​များ​ကို ဟန့်တား​နိုင်ရာ စိတ်​ကသိကအောက်​ဖြစ်​ခဲ့​ရသည်” ဟု​သိပ္ပံ​ဂျာနယ်​မှ သတင်း​တစ်ပုဒ်​က ဆို​သည်။ စိတ်​အနှောင့်အယှက်​ဖြစ်နေ​သော ကြယ်​စူးစမ်းသူ​များ​ကို ကူညီ​ပေး​ရန် အီတလီ​နှင့် ယူနိုက်တက်​စ​တိတ်​မှ သိပ္ပံ​ပညာရှင်​များသည် ကမ္ဘာ​တစ်ဝန်း​ရှိ အလင်းရောင်​ညစ်ညမ်းမှု​ကို ရေးဆွဲ​ထား​သည့် မြေပုံ​အသစ်​ကို ပြုစုပေး​ခဲ့​ကြသည်။ “ည​အချိန် တိုက်ကြီး​များ​ပေါ်​ရှိ ပြန့်ကြဲ​နေသော​အဖြူရောင်​အလင်း​များ” ရှိသည့်​နေရာကို​သာ ဖော်ပြ​ထား​သည့် မြေပုံ​ဟောင်း​များနှင့်​မတူဘဲ အင်တာနက်​မှ ရရှိနိုင်သော မြေပုံ​အသစ်​တွင် “တိုက်ကြီး​မြေပုံများ​နှင့် နောက်ထပ်​အသေးစိတ်​အချက်အလက်​အနည်းငယ် ပါရှိ​သည်၊ ဥပမာ၊ ဥရောပ​ဒေသ​အသီးသီး​မှ မြင်ရသော​ကြယ်​ကို​ဖော်ပြ​ထား​၏” ဟု​သိပ္ပံ​ဂျာနယ်​က​ဆို​သည်။

သမုဒ္ဒရာ​ကြမ်းခင်း​ကို မြေပုံ​ဆွဲ​ခြင်း

နို​ဗာ​စ​ကိုး​ရှား​ပြည်နယ်​ရှိ ဘက်​ဒ်​ဖော့​ဒ်​အဏ္ဏဝါဗေဒ​ဌာန​မှ သိပ္ပံ​ပညာရှင်​များသည် သမုဒ္ဒရာ​ကြမ်းခင်း​ပုံဆွဲ​ရန် လက်ရှိ​အတတ်ပညာ​နှင့်​အညီ ဦးစီး​လုပ်ဆောင်​လျက်​ရှိသည်​ဟု ကနေဒါ​နိုင်ငံ​မှ ဖိုင်​န​န်​ရှယ်​ပို့​စ် သတင်းစာ​က​ဖော်ပြ​သည်။ အသံလှိုင်း​မျိုးစုံ​ကို အသုံးပြုသည့် အတတ်ပညာ​ဖြင့် သိပ္ပံ​ပညာရှင်​များသည် သုံး​ဖက်​မြင်​ပင်လယ်​အောက်ခြေ​ပုံ​ကို ဆွဲ​နိုင်​ခဲ့​သည်။ နောက်ဆုံး​အဆင့်​တွင် “အဝေး​ထိန်း​ဗီဒီယို​ကင်မရာ​များ​ကို သမုဒ္ဒရာ​ကြမ်းခင်း​သို့​ချ​ပြီး ကြမ်းခင်း​ပုံ​နမူနာ​များ​ကို ယူ​ခဲ့​သည်။” မှတ်တမ်းအရ၊ ပင်လယ်​အောက်ခြေ​ပုံဆွဲ​ခြင်း​သည် အလွန်​အကျိုး​ရှိ၏။” အောက်ခြေ​တွင် နေထိုင်ကြ​သော မျိုးစိတ်​အမျိုးမျိုးကို “သမုဒ္ဒရာ​ကြမ်းခင်း​၏ တခြား​အပိုင်း​များ​ကို မထိခိုက်​မပျက်စီး​စေ​ဘဲ ဖမ်းယူ​ကိုင်တွယ်” နိုင်​ကြသည်။ “ကြေးနန်း​ဆက်သွယ်ရေး​ကုမ္ပဏီ​များ​က​လည်း ရေ​အောက်​ကြိုး​များ​ချရန် စိတ်​အ​ချ​ရ​ဆုံး​နှင့် အထိရောက်ဆုံး​နေရာကို သတ်မှတ်​ပေး​နိုင်​ကြသည်။ ရေနံ​ကုမ္ပဏီ​များသည် အန္တရာယ်ကင်း​ပြီး ရေနံ​များစွာ​ထွက်​ရှိ​မည့်​ဧရိယာ​များ​တွင် ကိရိယာ​များ​ကို နေရာတကျ​ထား​ရှိ​နိုင်၏။” ဤသို့​သော​ပုံဆွဲ​ခြင်း​သည် ပင်လယ်​အောက်ခြေ​တွင် ပေါ​များစွာ​တွေ့ရှိ​ရသည့် သဲ​နှင့် ကျောက်စရစ်​ခဲ​တို့ကို​လည်း ထုတ်ယူ​နိုင်​ပေမည်။ ယင်းသည် ကျောက်​တူး​ရာ တောင်ကုန်း​များ​ထက် “အချို့​ကိစ္စ​များ​တွင် ပို​၍​အကုန်အကျ​သက်သာ​ပြီး ဘေးကင်း​နိုင်​ပေမည်” ဟု ပို့​စ်​သတင်းစာ​က ဆို​၏။

စိတ်ရောဂါ​အကြောင်း နားလည်​လာ​ခြင်း

“ကမ္ဘာ​ပေါ်​ရှိ လူ​လေး​ဦးလျှင် တစ်ဦး​သည် သူတို့​ဘဝ တစ်ချိန်ချိန်​တွင် စိတ်ရောဂါ သို့​မဟုတ် အကြော​ရောဂါ ဖြစ်လာ​လိမ့်​မည်” ဟု​ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့ (ဒဗလျူ​အိပ်ခ်ျ​အို) က​ဖော်ပြ​သည်။ စိတ်ရောဂါ​အများစုကို ကုသ​ပေး​နိုင်​သော်လည်း ရောဂါရှင် သုံးပုံနှစ်ပုံ​သည် တစ်ခါမျှ ဆေး​ကုသမှု​မခံယူ​ကြ​ချေ။ “စိတ်ရောဂါ​သည် ကိုယ်​ကိုယ်နှိုက်​၏​ချို့တဲ့​ပျက်ကွက်မှု​ကြောင့် ဖြစ်လာ​ခြင်း​မဟုတ်​ချေ။ အမှန်​တွင် အကယ်၍ ချို့တဲ့​ပျက်ကွက်မှု​ရှိလျှင် စိတ်ရောဂါ​ရှင်​များ သို့​မဟုတ် ဦးနှောက်​ရောဂါရှင်​များ​အား ကျွန်ုပ်​တို့၏​တုံ့ပြန်​ပုံ​တွင် ချို့တဲ့​ပျက်ကွက်​နေခြင်း​ဖြစ်သည်” ဟူ၍ ဒဗလျူ​အိပ်ခ်ျ​အို​မှ ညွှန်ကြားရေးမှူး ဒေါက်တာ​ဂ​ရို ဟ​ယ်​လင် ဘ​ရမ်​တ်​လာ​န်​က ဆို​၏။ သူက ဤသို့​ထပ်ဆင့်​ဆို​သည်– “ဤ​မှတ်တမ်း​သည် တရားသေ​ကိုင်စွဲ​ထားသော သံသယများ​နှင့် အယူဝါဒ​ကို ပယ်ဖျယ်​ပြီး စိတ်​ကျန်းမာ​ရေး​နယ်ပယ်​တွင် ပြည်​သူ့​ကျန်းမာ​ရေး​ခေတ်​သစ်​ကို အစပျိုး​ပေး​မည်​ဖြစ်သည်​ဟု ကျွန်ုပ်​ယူမှတ်ပါ​သည်။” လက်ရှိ​ကျန်းမာ​ရေးမှတ်​တမ်း​များ​အရ၊ “စိတ်ကျ​ရောဂါ​များသည် . . . ၂၀၂၀ ပြည့်နှစ်​တိုင်သော် သွေး​အရောက်​နည်း​နှလုံး​ရောဂါ​ပြီး​လျှင် ဒုတိယ​နေရာတွင်​ရှိ​လိမ့်​မည်​ဟု ယူမှတ်​ရ​ကာ တခြား​ရောဂါ​ရှိသမျှ​၏ ထိပ်ဆုံး​တွင်​ရှိ​နေသည်” ဟူ၍ ဒဗလျူ​အိပ်ခ်ျ​အို​က​ဆို​၏။ သို့သော် မှန်ကန်သော​ကုသ​နည်းဖြင့် ကုသ​ခံရ​သော ရောဂါရှင်​များသည် “အကျိုးရှိ​သော​အသက်တာဖြင့် နေထိုင်​နိုင်​ပြီး သူတို့၏​အသိုင်းအဝိုင်း​တွင် အရေးပါသော​ကဏ္ဍ​တစ်ခု​မှ ပါဝင်​နိုင်​သည်။”

“အ​မွှေး​တိုင် သင့်​ကျန်းမာ​ရေး​ကို ထိခိုက်​နိုင်”

“အ​မွှေး​တိုင်​၏​မွှေး​ရနံ့​သည် သင့်​ကျန်းမာ​ရေး​ကို ထိခိုက်​နိုင်​သည်” ဟု န​ယူး​ဆိုင်း​ယင်း​တစ်​မဂ္ဂဇင်းက ဖော်ပြ​သည်။ “က​မ္မ​ဋ္ဌာန်း​ထိုင်​ဖို့၊ ဆေး​ဖက်​ဝင်​ဖို့ . . . ၊ ဟိန္ဒူ​နှင့် ခရစ်ယာန်​တို့၏​နေအိမ်များ​နှင့် ဝတ်ပြုရာ​နေရာများ​တွင် အ​မွှေး​တိုင်​ထွန်း​ခြင်း​ဖြင့် ကင်ဆာ​ဖြစ်စေ​နိုင်​သည့် ဓာတု​ပစ္စည်း​များ​ပါရှိ​သော အခိုးအငွေ့​သည် လူ​တို့ကို အန္တရာယ်​ရှိစေ​၏။” ထိုင်ဝမ် ထိုင်​န​န်​မြို့ရှိ နေ​ရှယ်​နယ်​ဂျန်​ဂို​င်း​တက္ကသိုလ်​မှ ဒါ​ဂျင်း​လင်း​ဦးဆောင်​သော စုံစမ်း​စစ်ဆေးရေး​အဖွဲ့​တစ်ဖွဲ့​က “ထိုင်​န​န်​မြို့ရှိ ဘုရားကျောင်း အတွင်းအပြင်​မှ လေ​များ​ကို စုဆောင်း​၍ လမ်းဆုံ​လမ်းခွ​နေရာ​ရှိ လေ​များနှင့် နှိုင်းယှဉ်ခဲ့​သည်” ဟု​မှတ်တမ်းက ဆို​၏။ “ဘုရားကျောင်း​တွင်း​ရှိ ကွင်းဆက်​အေ​ရို​မက်​တစ်​ဟိုက်​ဒရို​ကာဗွန် (PAHs) စုစုပေါင်း​သည် ဘုရားကျောင်း​ပြင်ပ​ထက် ၁၉ ဆ​ပိုများ​ပြီး လမ်းဆုံ​လမ်းခွ​ထက် မဆိုစလောက်​ပို​များသည်။” န​ယူး​ဆိုင်း​ယင်း​တစ် ၏​အဆို​အရ၊ အဆိုပါ​ဒြပ်​ပေါင်း​များ​မှ တစ်ခု​ဖြစ်သည့် “ဆေးလိပ်​သောက်​သူများကို အဆုတ်​ကင်ဆာ​ဖြစ်စေ​သည့်​ဟု​ထင်မှတ်​ရသော ဗင်ဇို​ပိုင်​ရင်း​သည် ဆေး​ရွက်​ကြီး​သုံးစွဲ​သူများ နေထိုင်​သည့် အိမ်များတွင်​ထက် ၄၅ ဆ​ပို​များသည်” ကို​တွေ့ရှိ​ခဲ့​ရသည်။

မျက်မှောက်ခေတ် စ​ကျင်​ကျောက် ပြန်လည်​တောက်ပြောင်​စေခြင်း

“ရက်​အနည်းငယ်​အတွင်း ဗက်တီးရီးယား​ပိုး​မှ စ​ကျင်​ကျောက်ဖြစ်​ပေါ်​စေသည့် နည်းသစ်​ကို သိပ္ပံ​ပညာရှင်​များ ရှာဖွေ​တွေ့ရှိ​ခဲ့ပြီ” ဟု​လန်ဒန်​တိုင်းမ်​စ်​က ဖော်ပြ​သည်။ မြေဆီလွှာ​တွင် သဘာဝ​အလျောက် တွေ့ရှိ​ရသည့် အလွန်​သေးငယ်သော ကယ်​လ်​ဆီ​နို​ဂျဲ​နီ​ခ်​ဗက်တီးရီးယား​ပိုး​များ​ကို ဓာတ်ခွဲခန်း​တွင် ထား​ရှိပြီး ပက်​တင်​ပါရှိ​သည့် ပွား​စာ​အရည်​တွင် ကြီးထွား​စေ​သည်။ ဗက်တီးရီးယား​ပိုး​၏ တွင်း​ထွက်​သတ္တု​အစာ ကုန်​သောအခါ သေဆုံး​သွားပြီး ဖျော်ရည်​တွင် သန့်စင်​သော​ကယ်​လ်​ဆီ​ယံ​ကာဗွန်နိတ်—စ​ကျင်​ကျောက်—ဖြစ်ပေါ်​လာ​၏။ သက်တမ်း သို့​မဟုတ် သဘာဝ​ဒဏ်​ကြောင့် ပျက်စီး​စ​ပြု​လာ​သည့် ပန်းပုရုပ်​များနှင့် တခြား​စ​ကျင်​ကျောက်​များ​အပေါ် ယင်း​ဖျော်ရည်​ကို ဖျန်း​လိုက်​သောအခါ မျက်နှာပြင်​အတွင်း​ထဲ အလွှာ​ပါး​ဝင်​သွား​ကာ ကျောက်သား​ကို ပြန်​ပူးကပ်​သွား​စေ​၏။ ယခု အရည်အသွေးကောင်း​မွန်​သော စ​ကျင်​ကျောက် ရှားပါး​လျက်​ရှိရာ နည်းသစ်​ဖြင့် ဘေးထွက်​ဆိုးကျိုး​မရှိဘဲ ဈေး​ပေါ​ပေါ​နှင့် ထို​ဖျော်ရည်​ကို မြန်မြန်ဆန်ဆန်၊ အရေအတွက်​များများ ထုတ်လုပ်​ပေး​သည်​ဟု အင်္ဂလန်​နိုင်ငံ၊ မာ​ရ်ဇီ​ဆိုက်​မြို့ရှိ အမျိုးသား​ပြတိုက်​နှင့် ပြခန်း​များ​မှ ပန်းပုရုပ် ထိန်းသိမ်းရေး တာဝန်ခံ ဂျွန် လာ​ဆန်​က​ဆို​၏။

ဘုရားသခင့်​နာမတော်​ဖြင့် ခိုးယူ​ခြင်း

“အနှစ် ၂၀ ကျော်​အထိ အစုရှယ်ယာ​လက်မှတ်​ထိန်း​အရာရှိ​အဖြစ် ကျွန်မ​လုပ်ဆောင်ခဲ့​ပါ​တယ်၊ တခြား​နည်း​တွေ​ထက် ဘုရားသခင့်​နာမတော်​နဲ့ ငွေ​ခိုးယူ​တာ ပို​များ​တာ​ကို ကျွန်မ​တွေ့ရ​တယ်။ သင် ရင်းနှီး​မြှုပ်နှံ​တဲ့​အခါ သင့်ရဲ့​ဘာသာရေး ဒါမှ​မဟုတ် ယုံကြည်ခြင်းကို ဗန်း​ပြပြီး တစ်ဦး​တစ်ယောက်​က အသနားခံ​တတ်တာ​မို့ သင်,သတိထား​သင့်တယ်” ဟု​မြောက်​အမေရိက​အစုရှယ်ယာ​စီမံခန့်ခွဲ​သူများ အသင်း​ဥက္ကဋ္ဌ ဒယ်​ဘ​ရာ ဘော​တ်​နာ​က ဆို​သည်။ ခရစ်ယာန်​ရာစုနှစ် မဂ္ဂဇင်း​၏​အဆို​အရ “လွန်ခဲ့သော​သုံးနှစ်​က ပြည်နယ် ၂၇ နယ်​မှ အစုရှယ်ယာ​လက်မှတ်​ထိန်း​အရာရှိများ​သည် ရင်းနှီး​မြှုပ်နှံ​သူများ​၏ ယုံကြည်​စိတ်ချမှု​ကို​ရရှိရန် ဝိညာဉ်​ရေး သို့​မဟုတ် ဝတ်ပြုရေး​ယုံကြည်ချက်များ​ကို အသုံး​ပြုခဲ့ကြသူ​များနှင့် ကုမ္ပဏီ​များ ရာ​နှင့်​ချီကို အရေးယူ​ဆောင်ရွက်​ခဲ့​ရသည်။ . . . [ငါး​နှစ်​ကျော်] ကြာရှည်​ခဲ့​သည့် နာမည်ကြီး​အမှု​တစ်ခု​တွင်” ပရိုတက်စတင့်​ဖောင်ဒေးရှင်း​တစ်ခု​သည် “နိုင်ငံတစ်ဝန်း​ရှိ ရင်းနှီး​မြှုပ်နှံ​သူ ၁၃,၀၀၀ ကျော်​မှ ဒေါ်လာ​သန်းပေါင်း ၅၉၀ ကျော်​မ​က ကောက်ခံ​ခဲ့​သည်။ ပြည်နယ်​အစုရှယ်ယာ​လက်မှတ်​ထိန်း​များနှင့် ၎င်း​၏​အရာရှိ​သုံးဦးသည် လိမ်လည်​တောင်းဆို​သည့်​စွဲချက်​အတိုင်း အပြစ်​ရှိကြောင်း​ဝန်ခံခဲ့​သည်” ဟူ​၏။ တခြား​အမှု​သုံးခု​တွင် စုစုပေါင်း​ဒေါ်လာ ၁.၅ ဘီလီယံ ဆုံးရှုံး​ခဲ့​သည်” ဟု​ခရစ်ယာန်​ရာစုနှစ်​က အစီရင်ခံ​သည်။

ကမ္ဘာချီ​ပူနွေး​မှု ဘေးအန္တရာယ်​များ​ဖြစ်စေ

“၁၉၉၀ ပြည့်နှစ်​နှောင်းပိုင်းတွင် ရာသီဥတု​ကြောင့် ဖြစ်ပေါ်​လာသော ဘေးအန္တရာယ်​များ သိသိသာသာ​တိုးများ​လာ​မှု​ကို အစီရင်ခံ​ပြီး​နောက် အပြည်ပြည်ဆိုင်ရာ​ထောက်ပံ့မှု​သည် ကမ္ဘာချီ​ပူနွေး​မှု​ဒဏ်​ကို အလုံအလောက်​ကူညီ​ပေး​နိုင်​မည်​မဟုတ်​ကြောင်း” ကြက်​ခြေ​နီ​အသင်း​က ယူဆ​သည်​ဟု ဗြိတိန်​သတင်းစာ အပတ်စဉ်​ဂါး​ဒီးယန်​က ဆို​၏။ “နှစ်ပတ်လည် ကမ္ဘာ့​ဘေးအန္တရာယ်​များ အစီရင်ခံစာ​တွင် ကြက်​ခြေ​နီ​နှင့် လ​ခြမ်း​နီ​တပ်ဖွဲ့​များ​၏ နိုင်ငံတကာ​အဖွဲ့ချုပ်​က ရေလွှမ်းမိုးမှု​များ၊ လေမုန်တိုင်း​များ၊ တောင်​ကမ်းပါး​ပြိုကျ​မှုများ​နှင့် မိုးခေါင်​မှုများ​တို့သည် ၁၉၉၆ ခုနှစ်​မတိုင်မီ​က တစ်နှစ်​လျှင် အကြိမ်ပေါင်း ၂၀၀ ခန့်​ဖြစ်ပေါ်​ခဲ့​ပြီး အနှစ် ၂၀၀၀ တွင် ၃၉၂ ကြိမ်​အထိ တဖြည်းဖြည်း​တိုးများ​လာ​ခဲ့​သည်​ဟု ဆို​သည်။” သဘာဝ​ကပ်ဘေး​များ ပို​၍​ပင်​အံ့သြဖွယ်​တိုးများ​လာ​ခြင်း​ကို စိုးရိမ်​လာ​ကာ ကပ်ဘေး​ကယ်ဆယ်​ရေး​ကော်ပိုရေးရှင်း​များ​၏ အဖွဲ့ချုပ်​ခေါင်းဆောင် ရော်​ဂျာ ဘ​ရ​ခ်​က “လူသားချင်း​စာနာ​အကျိုးဆောင်​ပေး​နိုင်ရာ အကန့်အသတ်​ရှိသည်; ကျွန်ုပ်​တို့ မကူညီ​ပေး​နိုင်​တော့​မှာ​ကို စိုးရိမ်​သည်” ဟု​ပြော​ခဲ့​သည်။ ဂါးဒီးယန်း​သတင်းစာ​၏​အဆို​အရ “လွန်ခဲ့သော ဆယ်စုနှစ်​အတွင်း ပျမ်းမျှ​အားဖြင့် တစ်နှစ်​လျှင် လူပေါင်း [၂၁၁ သန်း] ၏​သုံးပုံနှစ်ပုံ​ကျော်​သည် သဘာဝဘေးဒဏ်​များ​မှ ရေလွှမ်းမိုး​ဘေး​ကပ်​သင့်​ခဲ့​သည်။ မိုးခေါင်ခြင်း​ကြောင့် ငါး​ပုံ​တစ်​ပုံ​သည် အစာ​ငတ်​ကာ သေဆုံးမှု​အများဆုံး​ဖြစ်ပေါ်​ပြီး သဘာဝဘေးဒဏ်​ကြောင့် သေဆုံး​သူအား​လုံး​၏ ၄၂ ရာခိုင်နှုန်း​ခန့်​ဖြစ်၏။