မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းတဲ့အခန်းဖော်တစ်ယောက်ကို ငါဘယ်လို ရှာတွေ့နိုင်မလဲ

ကောင်းတဲ့အခန်းဖော်တစ်ယောက်ကို ငါဘယ်လို ရှာတွေ့နိုင်မလဲ

လူငယ်များ​အမေး

ကောင်း​တဲ့​အခန်းဖော်​တစ်ယောက်ကို ငါ​ဘယ်လို ရှာတွေ့နိုင်​မလဲ

“အခန်းဖော်​တွေ​သာ​မရှိရင် အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူ​အဖြစ် ကျွန်မ​အမှုထမ်း​နိုင်​မှာ​မဟုတ်သလို ငှား​ရမ်း​ခ​နဲ့ ဝန်ဆောင်​ခ​တွေ​ကို ပေး​နိုင်​မှာ​မဟုတ်ဘူး။”—လင်း။ *

လူငယ်​လူရွယ်​များ မိမိတို့​နေအိမ်​မှ​ထွက်ခွာ​ကြ​ပြီး ‘လက်တွေ့​ဘဝ’ ၌​နေထိုင်​ရခြင်း​သည် အကုန်အကျ​များ​ကြောင်း တွေ့ရှိ​ကြသောအခါ သူတို့​အံ့အားသင့်​၍ တုန်လှုပ်​သွား​ကြလေ့​ရှိသည်။ များစွာ​သော​သူတို့​အတွက် မြင့်မားသော နေထိုင်မှု​စရိတ် ကာမိ​စေသည့်​နည်း​တစ်နည်း​မှာ အခန်းဖော်​တစ်ဦး သို့​မဟုတ် ထို့​ထက်​များသော​အခန်းဖော်​များနှင့် ဝေမျှ​ကျ​ခံ​ခြင်း​ဖြစ်သည်။

သို့သော် ဤ​အခန်းဆက်​၏ ယခင်​ဆောင်းပါး​၌ ဖော်ပြ​ထား​သည့်​အတိုင်း တစ်စုံ​တစ်ဦး—အထူးသဖြင့် သူစိမ်း​ပြင်​ပြင်​တစ်ဦး—နှင့် ပေါင်း​၍​အခန်းငှား​နေခြင်း​သည် တကယ်​ခက်ခဲ​နိုင်​ပါ​သည်။ * ယင်းသည် အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူ​အဖြစ် အမှုထမ်း​ဖို့ ပေါင်း​၍​အခန်းငှား​နေကြ​သော ခရစ်ယာန်​လူငယ်များ​အချင်းချင်း​၌​ပင် အခက်တွေ့​တတ်​ပါ​သည်။ သင့်​အခြေအနေ မည်သို့​ပင်​ရှိစေ​ကာ​မူ တစ်ဦး​တစ်ယောက်​နှင့်​ပေါင်း​၍ အခန်းငှား​နေဖို့ သင်​စဉ်းစား​နေလျှင် ထို​သူကို​ရွေးချယ်ရာ​၌ “လက်တွေ့ကျ​သော​ဉာဏ်ပညာ” ကို​အသုံးပြု​မှ​သာ သင့်တော်​ပေမည်။ *သု. ၃:၂၁

မကောင်းသော​အပေါင်းအသင်း​၏​အန္တရာယ်

အရွယ်ရောက်​လာ​သူ လူငယ်များစွာ​တို့သည် အခန်းဖော်​အလောင်းအလျာ​ကို ကြော်ငြာ​သင်ပုန်း၊ သတင်းစာ​ထဲ​မှ ကြော်ငြာ​ငယ်​များနှင့် အင်တာနက်​တို့​၌​ရှာဖွေ​ကြသည်။ သို့သော် ငယ်ရွယ်​သော​ခရစ်ယာန်​များ​အတွက် ယင်း​သို့​သော​သတင်း​ရပ်ကွက်​များသည် စိုးရိမ်ဖွယ်​အန္တရာယ်များ​ဖြစ်၏။ ၎င်းတို့သည် သင်၏​ယုံကြည်ခြင်း၊ ကိုယ်ကျင့်တရား​နှင့် စံနှုန်း​ခြင်း​မတူ​သူများ​နှင့် သင့်ကို​တွေ့ဆုံ​စေ​ပေမည်။ ယုံကြည်ခြင်း​တူ​သူနှင့်​သာ အခန်းငှား​နေ​လို​ခြင်း​သည် သဘောထား​ကျဉ်း​မြောင်း​ခြင်း သို့​မဟုတ် လူမှုရေး​ခေါင်းပါး​ခြင်း​လော။ မဟုတ်ပါ၊ ယင်းသည် ပညာရှိ​လမ်းစဉ်​ဖြစ်၏။ သမ္မာကျမ်းစာ​က “မကောင်းသော​သူနှင့်​ပေါင်းဖော်ခြင်း​အားဖြင့် ကောင်းသော​အကျင့်ဓလေ့​ယိုယွင်း​တတ်၏” ဟု​သတိပေး​သည်။—၁ ကောရိန္သု ၁၅:၃၃

လီ​အမည်​ရှိ လုံမပျို​တစ်ဦး​အကြောင်း သုံးသပ်ကြည့်​ပါ။ တက္ကသိုလ်​အဆောင်​တစ်ခု​တွင် နေ​ခါ​စ​က သူသည် နှစ်ခြင်း​ခံ​ပြီး​သော ခရစ်ယာန်​တစ်ဦး​မဖြစ်သေး​ပါ။ သူ​ဤသို့​ပြန်​ပြောပြ​သည်– “တကယ်​အန္တရာယ်​ရှိတဲ့ ဝန်းကျင်​တစ်ခု​ပါ​ပဲ။ မိန်းကလေး​တချို့ဟာ သူတို့​အဆောင်​ပြန်​လာတော့ သူတို့ရဲ့​အခန်းဖော် လိင်ဆက်ဆံ​နေတာ​နဲ့​တိုးတယ်။” ထို​တွင်​နေထိုင်ခြင်း​က မကြာမီ လီ​၏​ဝိညာဉ်​ရေး​အပေါ် မကောင်း​သည့်​သြဇာ​သက်ရောက်​ခဲ့​သည်။ “ကျွန်မ ခရစ်ယာန်​အစည်းအဝေး​အတော်များများကို မ​တက်​ဖြစ်​တော့​ဘူး” ဟု​သူ​ဝန်ခံ​သည်။ တဖြည်းဖြည်း​နှင့် သူ၏​အကျင့်​ယိုယွင်း​လာ​ခြင်း​သည် အံ့အားသင့်​စ​ရာ​မဟုတ်ပါ။ “တစ်နေ့​ကျ​တော့ ကျွန်မ​ဆဲ​မိတယ်၊ မိန်းကလေး​တစ်ယောက်​က ‘အဲဒါ ယေဟောဝါ​ကြိုက်​ပါ့​မလား’ လို့​ပြော​တယ်။” အရှက်ရ​စ​ရာ​ပါ​တကား! ဝမ်းသာစရာ​မှာ လီ​သည် ထို​မကောင်းသော​ဝန်းကျင်​ကို စွန့်ခွာ​၍ ဝိညာဉ်​ရေး​ဘက် တိုးတက်​စ​ပြု​ခဲ့​သည်။ သို့သော် သူ၏​တွေ့ကြုံမှု​က သင့်​စံနှုန်း​များ​ကို မလေးစား​သော​သူနှင့် နေထိုင်ခြင်း​အန္တရာယ်ကို ဖော်ပြ​ပါ​သည်။

သင့်လျော်​သော​အခန်းဖော်​များ​ရှာ​ခြင်း

သို့​ဖြစ်​လျှင် အဘယ်​နေရာ၌​ရှာ​မည်​နည်း။ ယေဟောဝါသက်သေ​များ​၏ ဒေသခံ​အသင်းတော်​မှ​စ​ပါ။ အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူများ​သည် အချိန်ပြည့်​ဟောပြောသူများ​အတွက် အထူးကျင်းပ​ပေး​သော သင်တန်း​ကျောင်း​အမျိုးမျိုးနှင့် အစည်းအဝေး​များ​၌ ဝိညာဉ်​ရေး​စိတ်ထား​ရှိသော အခြား​လူငယ်များနှင့် တွေ့ဆုံ​လေ့​ရှိကြသည်​မှာ စိတ်ဝင်စားစရာ​ဖြစ်သည်။ * မိဘများ၊ ဒေသခံ​အကြီးအကဲ​များ၊ နယ်လှည့်​ကြီးကြပ်မှူး​များနှင့် အခြားသူများ​တို့သည်​လည်း အထောက်အကူ​ဖြစ်​နိုင်​ပါ​သည်; သင့်လျော်​သည့်​အခန်းဖော်​များ​ဖြစ်​မည့် လူငယ်​အချို့​ကို သူတို့​သိ​ကောင်း​သိ​ကြ​ပေမည်။

နှုတ်ဖြင့်​ကြားသိ​စေခြင်း​သည်လည်း အလွန်​အသုံးဝင်​နိုင်​သည်။ သင်လို​အပ်​နေသည့်​အရာ​ကို လူများ​များ​အား အသိပေး​ထား​လေ​လေ လိုအပ်ချက်​ပြည့်​ဖို့ အကြောင်း​များ​လေ​လေ​ဖြစ်သည်။ (ဒေ. ၁၁:၆) ထို့​ထက်​ကား အခန်းဖော်​တစ်ဦး​ရှာဖွေ​ရာ​၌ ယေဟောဝါ​အား အကူအညီ​တောင်း​ပြီး သင့်​ကြိုးပမ်းမှု​များ​အောင်မြင်​စေဖို့ ကိုယ်တော်​အား မျှော်ကိုး​ပါ​လေ။—၁ ယောဟန် ၅:၁၄၊ ၁၅

အကြောင်းအချက်​များ​ကို ဆန်းစစ်​ကြည့်​ခြင်း

အခန်းဖော်​ဖြစ်​မည့်​သူ​တစ်ဦး​ကို သင်​တွေ့ရှိ​ထားပြီ​ဆိုလျှင် မကြာမီ ထို​သူနှင့် သင်​အတူ​နေ​ရန်​စိတ်​ပြင်းပြ​ပေမည်။ သို့သော် ဦးဆုံး​အနေ​နှင့် ဆန်းစစ်မှု​အချို့​ပြုလုပ်ခြင်း​သည် ပညာရှိရာ​ကျ​၏။ ထို​သူသည် သူ၏​အသင်းတော်​ရှိ “ညီအစ်ကို​တို့​တွင် အသရေရှိသော​သူ” ဖြစ်​သလော။ (တမန်​တော် ၁၆:၁၊ ၂) သင်​နှင့် သင်၏​မိဘတို့​သည် သူ့ကို​သိကျွမ်း​သော ဝိညာဉ်​ရေး​ဘက်​ရင့်ကျက်သူများ​နှင့် တိုက်ရိုက်​စကားပြော​နိုင်​ဖွယ်​ရှိ​မည်။ ဤသို့​သင်​မေး​နိုင်​သည်– ‘သူ​ဘယ်လို​နာမည်​မျိုး​ရထား​သလဲ။ စိတ်​လှုပ်ရှားမှု​နဲ့ ဝိညာဉ်​ရေး​တို့​မှာ ဒီ​လူ​တည်ငြိမ်မှု​ရှိရဲ့လား။ ဟောပြောခြင်းနဲ့ အစည်းအဝေးတွေမှာ မှတ်ချက်​ပေးခြင်း​တို့​မှာ သူပါ​ဝင်​ရဲ့​လား။ အမူအကျင့်ကောင်း​သူ​လို့ လူတွေ​သိထားကြ​သလား။’

“ပညာရှိ​တို့​နှင့်​ပေါင်းဖော်သော​သူသည် ပညာရှိ​တတ်၏” ဟု​ဆို​သည်ကို သတိရပါ။ (သု. ၁၃:၂၀) “ကျွန်တော့်​ရဲ့​အခန်းဖော်​ဟာ တကယ်​ဝိညာဉ်​ရေး​စိတ်ထား​ရှိတယ်” ဟု​ဒေးဗစ်​ပြော​သည်။ “အဲဒါက ကျွန်တော့်​ကို ဝိညာဉ်​ရေး​မှာ​ဆက်​မြဲ​စေတယ်။” အခန်းဖော်​အတော်များများ​ရှိခဲ့​သူ ရီ​နီ​က​လည်း အလားတူ​ဆို​၏– “ကျွန်မ​ရဲ့​အခန်းဖော်​တချို့က ကျမ်းစာ​အခန်းကြီး​တစ်ခု​ကို ည​တိုင်း​အတူတူ​ဖတ်​ဖို့ အကြံပြု​ကြတယ်။ ကျွန်မ​ရဲ့​ဆွေမျိုးဉာတိ​တွေ​က သက်သေခံတွေ​မဟုတ်​တော့ မိသားစု​ကျမ်းစာ​သင်အံမှု တစ်ခါ​မှ​မရှိခဲ့ဘူး။ ဒါ​ကြောင့် ကျွန်မ​ရဲ့​အခန်းဖော်​တွေ​နဲ့ ‘မိသားစု​သင်အံမှု’ ပြုလုပ်​နိုင်တာ​ဟာ ကျွန်မ​အတွက် သိပ်​ကောင်း​တာပေါ့!” မှန်ပါသည်၊ သင်​နှင့်အတူ ဝိညာဉ်​ရေးရာ​များ​ကို​ချစ်​မြတ်နိုးသော အခန်းဖော်​တစ်ဦး​ရှိ​ခြင်း​သည် စိတ်​ချမ်းမြေ့​စ​ရာ​ဖြစ်သည်။

အကြောင်းအချက်​များ​ကို ဆွေးနွေးခြင်း

ထို့နောက် လူ​ချင်း​တွေ့ဆုံ​ပြီး ကိစ္စရပ်​များ​ကို ဆွေးနွေး​ကြည့်​ပါ။ ဤသို့​စကား​လက်ဆုံ​ပြောဆိုခြင်း​က သင်တို့၏​ပင်ကိုစရိုက်​များ သဟဇာတ​ဖြစ်​မဖြစ် သိရှိ​စေနိုင်​သည်။ ဆက်သွယ်ရေး​သုတေသန​မှတ်တမ်းများ​ဂျာနယ်​ပါ လေ့လာမှု​တစ်ခု​က ဆက်ဆံ​ပြောဆို​သည့်​စရိုက်​တူသော အခန်းဖော်​များသည် “အခန်းဖော်​ဖြစ်​ရသည့် ကျေနပ်၊ နှစ်သက်မှု​အရှိဆုံး​ဖြစ်​ကြောင်း” ဖော်ပြ​ထားခြင်း​သည် စိတ်ဝင်စားစရာ​ဖြစ်သည်။ ထို့​ကြောင့် အသင်​သည် ပွင့်လင်း​သော၊ အပေါင်းအသင်း​မင်​သော၊ စကား​ဖောင်ဖွဲ့​တတ်သော​သူ​မျိုး​ဖြစ်​မည်​ဆိုလျှင် ခပ်​တည်တည်​နေသော၊ အေးဆေး​သော သို့​မဟုတ် တစ်ဦးတည်း​နေ​လို​သူ​မျိုး​နှင့်​နေခြင်း​သည် ပြဿနာ​တွေ့​နိုင်​ပေမည်။

ဆွေးနွေးခြင်း​ကို ပုလိပ်​စစ်စစ်​သကဲ့သို့ သင်​စစ်ဆေး​လို​မည်​မဟုတ်သော်လည်း အခန်းဖော်​ဖြစ်​မည့်​သူ၏ လတ်တလော​ပန်းတိုင်​များနှင့် စိတ်ကူး​များ​ကို​ဆွေးနွေးခြင်း​သည် အထောက်အကူ​ပြု​ပေမည်။ သူသည် ဝိညာဉ်​ရေး​၌​တိုးတက်​နေ​သလော သို့​မဟုတ် အိမ်တွင်း တင်းမာ​သော​အခြေအနေ​မှ လွတ်မြောက်​ဖို့​အတွက်သာ စိတ်ပါ​ဝင်စား​သူ​လော။ ပေါ်ပေါက်​လာနိုင်​သော ပြဿနာ​တစ်ခု​ကို လင်း​က​ဤသို့​ဖော်ပြ​သည်– “ကျွန်မ​ရဲ့ အခန်းဖော်​တစ်ယောက်​မှာ အဆက်​ရှိတယ်၊ သူ့​ရည်းစား​က ညဉ့်နက်​တဲ့​အထိ တစ်ချိန်​လုံး​အဆောင်​မှာပဲ။” သူတို့၏ ပ​လူး​ပ​လဲ​လုပ်​မှုများ​သည် အမြင်​မတော်၊ စိတ်​အနှောင့်အယှက်​ဖြစ်​ရ​ကြောင်း လင်း​တွေ့ရှိ​ခဲ့​သည်။ သို့သော် အခြေခံ​စည်းကမ်းချက်​အချို့​ကို ကြိုတင်​သတ်မှတ်​ထား​မည်​ဆိုလျှင် တစ်ခါတစ်ရံ ထိုသို့​သော​ပြဿနာ​များ​ကို ရှောင်နိုင်​ပါ​သည်။ ဥပမာ၊ “ယောက်ျား​ကလေး​တွေ ဘယ်​အချိန်အထိ​ပဲ​နေရ​မယ်​ဆို​တဲ့​စည်းမျဉ်း​ကို ကျွန်မ​တို့​ထုတ်​ထား​တယ်” ဟု​ရီ​နီ​ပြောပြ​သည်။ အခန်း​ထဲ​တွင် သို့​မဟုတ် တိုက်ခန်း​တွင် လိင်​ခြား​သူ​တစ်ဦး​နှင့် ဘယ်​သောအခါ​မျှ နှစ်ယောက်​တည်း​မနေ​ဖို့ အခန်းဖော်​နှစ်ဦးစလုံး သဘောတူ​မှု​ယူ​ထားခြင်း​သည်လည်း လျော်​ကန်​သင့်မြတ်​ပေမည်။

ထို့​အပြင် ဝါသနာပါရာ​များ၊ ကြိုက်​နှစ်သက်ရာ​များနှင့် တေးဂီတ​နှစ်ခြိုက်မှု​များ​စ​သည်​တို့ကို ဆွေးနွေး​ထားခြင်း​သည်လည်း အကျိုး​ရှိ၏။ “ကျွန်တော်​နဲ့​အကြိုက်တူ၊ စရိုက်​တူ​ပြီး လုပ်ချင်​တာ​ချင်း​တူ​တဲ့​သူနဲ့​ပဲ ကျွန်တော်​နေချင်​ပါ​တယ်” ဟု​မာ့ခ်​က​ဆို​သည်။ အကြိုက်​မတူ​သည့်​အတွက် အတူ​နေ၍​မရ​ဟု မဆိုလို​ပါ။ တကယ်​အရေးပါ​သည်​မှာ သင်တို့​နှစ်ဦးစလုံး မည်မျှ​လိုက်လျော ညှိယူ​နိုင်​မည်​နည်း။ အမြင်မတူ​မှုများ​ကို သည်းခံ၍ တစ်ဦး​အကြိုက်ကို တစ်ဦး​လိုက်လျော​ရန် ပြုပြင်​ပြောင်းလဲမှု​များ​ပြုလိုစိတ်​ရှိသလော စ​သည်​တို့​ဖြစ်သည်။

လီ​က ဤသို့​အကြံပြု​သည်– “အတူ​နေဖို့​အစီအစဉ်​ကနေ သူ​ဘာတွေ​မျှော်လင့်တယ်​ဆိုတာ​ကိုလည်း မေး​ထား​သင့်တယ်။ တချို့​လူတွေက သင့်ကို သူတို့ရဲ့​အခင်ဆုံး​သူငယ်ချင်း၊ အကောင်းဆုံး​အဖော်​ဖြစ်စေချင်​ကြ​တာ။ ဒါပေမဲ့ ကျွန်မ​အဲဒါကို စိတ်မဝင်စား​ဘူး။” ဒေးဗစ်​လည်း အလားတူ​ဆို​၏– “ကျွန်တော်​နဲ့ အတူ​လုပ်ဆောင်​နိုင်​တဲ့​သူ၊ ဒါပေမဲ့ တခြား​သူတွေနဲ့ ကျွန်တော်​လုပ်ဆောင်​ချင်​တဲ့​အခါ အမြဲတမ်း​သူပါ​မှ​ဖြစ်​မယ်​လို့ မယူမှတ်​တဲ့ အခန်းဖော်​မျိုး ကျွန်တော်​လိုချင်​ပါ​တယ်။” အလားတူ ထို​သူသည် ဧဝံဂေလိတရား​ဟောပြောခြင်း​လုပ်ငန်း​တွင် သင်​နှင့်​တွဲဖက်​ရန် စိတ်ဝင်စားမှု​ရှိမရှိ သို့​မဟုတ် နိုင်ငံ​ခြား​ဘာသာ​စကားပြော​အသင်းတော်၌ အမှုထမ်း​ခြင်း​စ​သည့် သူ​စိတ်ကူး​ထား​ရာ တစ်စုံတစ်ခု​ရှိမရှိ စုံစမ်း​ပါ။

နောက်ဆုံး​တွင် (တစ်ဦးဦး​က ချက်ပြုတ်​တတ်​လျှင်) ချက်ပြုတ်ခြင်း၊ အိမ်မှုကိစ္စ​များ​ကို​ခွဲဝေ​လုပ်ဆောင်ခြင်း၊ ကိုယ်ပိုင်​ပစ္စည်း​ကိရိယာ​များ​အသုံးပြုခြင်း၊ ဗီရို​နေရာ၊ ပရိဘောဂ၊ စ​တို​ခန်း​နေရာ​နှင့် အိမ်မွေး​တိရစ္ဆာန်​များ​စ​သည့်​ကိစ္စ​တို့ကို​လည်း လျစ်လျူရှု​မထား​ပါ​နှင့်။ ဤ​ကိစ္စ​များ​ကို ဆွေးနွေးခြင်း​က နားလည်​လွဲမှား​မှုများ​နှင့် စိတ်ထိခိုက်​စ​ရာ​များ​ကို တားဆီး​ပေး​နိုင်​ပါ​သည်။ “သူတစ်ပါး​နှင့်​တိုင်ပင်​လျှင် အကြံ​ထမြောက်​တတ်၏” ဟု​နယပုံပြင် ၂၀:၁၈ က​ဆို​၏။

လျောက်ပတ်​စွာ​အစီအစဉ်​အတိုင်း”

အထောက်အကူ​ပြုသော​မူ​နောက်တစ်ခု​ကို လုကာ ၁၄:၂၈ ၌​ဤသို့​တွေ့ရ​သည်– ‘ကုန်​စရိတ်​ကို ချင့်တွက်​လော့။’ သင်၏​နေထိုင်မှု​စရိတ် မည်မျှ​ရှိ​မည်​ကို တွက်ချက်​ကြည့်​ပါ။ အိမ်ငှားခ၊ အစားအစာ၊ ဝန်ဆောင်​ခ​တို့ မည်မျှ​ကုန်ကျ​မည်​နည်း။ တယ်လီဖုန်း​ကို အတူ​သုံး​မည်​လော။ သုံး​မည်​ဆိုလျှင် ဖုန်း​ခ​ကို မည်သို့​ခွဲဝေ​ကျ​ခံ​မည်​နည်း။ “အခန်းဖော်​တစ်ဦး​အဖြစ် အတူ​မနေ​ခင် မိန်းကလေး​တစ်ယောက်​ဟာ သူ့ရဲ့​ကုန်ကျ​စရိတ်​တွေ​ကို ပေး​နိုင်​သူ​ဖြစ်​ဖို့ ကျွန်မ​သေချာ​အောင်​လုပ်မယ်” ဟု​လင်း​က​ဆို​၏။ နောက်​ခြေလှမ်း​ဟူသော on-line မဂ္ဂဇင်းက ဤသို့​မှန်ကန်​စွာ​ဖော်ပြ​သည်– “ငှား​ရမ်း​ခ သို့​မဟုတ် အစားအစာ​အတွက် အကုန်အကျ​မခံ​သော . . . သို့​မဟုတ် မြင့်မားသော​ဝန်ဆောင်​ခ​များ​ကို​မပေး​သော အခန်းဖော်​များသည် မလိုအပ်ဘဲ သင့်ကို​ဝန်ပိ​စေ​သည်။”

ရီ​နီ​က​ဤသို့​ဆို​၏– “တစ်ခါ​တ​လေ ဘယ်လောက်​ပေး​ရမယ်ဆိုတာ​က ကိစ္စ​မဟုတ်ပါဘူး၊ ဘယ်​အချိန်ပေး​ရမယ်ဆိုတာ​ပဲ!” သူ​ဤသို့​ရှင်းပြသည်– “လ​ဆန်း​သုံးရက်​နေ့မှာ ကျွန်မ​တို့​အိမ်​လခ​ပေး​ရမယ်။ ဒါပေမဲ့ တစ်ခါ​တ​လေ အခန်းဖော်​တစ်ယောက်​က သူ့ရဲ့​ဝေစု​ကို​မပေး​ရ​သေး​ဘဲ စ​နေ၊ တနင်္ဂနွေ​မှာ​ထွက်သွား​တော့ အိမ်ပိုင်ရှင်​ကို ကျွန်မ​က​တောင်းပန်​ရတယ်။” ရှင်း​နေသည်​မှာ အရာခပ်သိမ်း​ကို “လျောက်ပတ်​စွာ​အစီအစဉ်​အတိုင်း” လုပ်ဆောင်​ပြီး အရေးပါသော​ကိစ္စရပ်​များ​ကို ဖြစ်ချင်​ရာ​ဖြစ် ပစ်မထား​ခြင်း​သည် ပညာရှိရာ​ရောက်​သည်။ (၁ ကောရိန္သု ၁၄:၄၀သမ္မာ) အများအားဖြင့် သဘောတူ​ချက်​များ​ကို စာ​ဖြင့်​ရေးသား​ထားခြင်း​သည် ပညာရှိရာ​ကျ​၏။

သတိ​နှင့် အမြော်အမြင်​ရှိ​ခြင်း​က သင့်အတွက် စိတ်ညစ်​စ​ရာ​မဖြစ်​ဘဲ စိတ်​ချမ်းမြေ့​စေ​မည့် အခန်းဖော်​တစ်ဦး​တွေ့ရှိ​ရန် အကြောင်း​များ​ပါ​သည်။ သို့သော် ပြဿနာ​များနှင့် ပုဂ္ဂိုလ်ရေး​ပဋိပက္ခ​များ ပေါ်ပေါက်​လာ​လျှင်​ကော။ ဤ​အပိုင်း​ကို လာ​မည့်​ဆောင်းပါး​၌ ဆွေးနွေး​ပါ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 3 အမည်​အချို့​ပြောင်း​ထား​သည်။

^ အပိုဒ်၊ 5 ၂၀၀၂၊ ဧပြီ ၂၂ ရက်ထုတ် [လိပ်] စာစောင်​ပါ “ငါ့ရဲ့​အခန်းဖော်​နဲ့​နေဖို့ ဘာကြောင့်​ဒီလောက်​ခက်ရ​သလဲ” ဆောင်းပါး​ကို​ရှု။

^ အပိုဒ်၊ 5 ယနေ့ များစွာ​သော​သူတို့သည် အကျင့်​ယိုယွင်း​ဖို့ ရည်ရွယ်ချက်များ​ဖြင့် အတူတကွ​နေထိုင်ကြ​သည်​ဖြစ်​ရာ ဤ​ဆောင်းပါး​သည် ချွေတာ​ရေး​နှင့် သက်သာ​ချော​င်​ချိ​ရေး​အတွက် လိင်​တူ​အခန်းဖော်​များ အတူ​နေထိုင်ခြင်း​ကို​ဆွေးနွေးခြင်း​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​အလေးပေး​ဖော်ပြ​လို​ပါ​သည်။

^ အပိုဒ်၊ 10 အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူများ​သည် ရှေ့ဆောင်​လုပ်ငန်း​ကျောင်း တက်​ရသည့်​အခွင့်ထူး​ရှိကြသည်။ ထို့​အပြင် အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူများ​နှင့် တွေ့ဆုံ​စည်းဝေး​ခြင်း​ကို နှစ်စဉ်​တိုက်နယ်​အစည်းအဝေးများနှင့်​အတူ ကျင်းပ​ကြ​ပါ​သည်။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကျမ်းစာ​ကျင့်ဝတ်​များ​ကို မလိုက်နာ​သူများ​နှင့် ပေါင်း​၍ အခန်းငှား​နေခြင်း​သည် အန္တရာယ်​ရှိ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

လူတစ်ဦး​နှင့်​အခန်းပေါင်း​နေဖို့ သဘောမတူ​မီ အရေးပါသော​ကိစ္စ​များ​ကို အတူ​တွေ့ဆုံ​ဆွေးနွေး​ပါ