မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အကြားအာရုံကို ကာကွယ်လော့!

သင့်အကြားအာရုံကို ကာကွယ်လော့!

သင့်​အကြားအာရုံ​ကို ကာကွယ်​လော့!

“ကမ္ဘာ​ပေါ်​ရှိ လူ​သန်းပေါင်း ၁၂၀ ကျော်​မှာ အကြားအာရုံ ချွတ်ယွင်း​လျက်​ရှိသည်။”—ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့။

ကျွန်ုပ်​တို့၏ ကြား​နိုင်စွမ်း​သည် တန်ဖိုး​ထား​ရမည့် ဆုကျေးဇူး​တစ်ခု​ဖြစ်သည်။ သို့သော် ကျွန်ုပ်​တို့​အသက်​ကြီးရင့်​လာ​သည်​နှင့်​အမျှ အကြားအာရုံ​လည်း တဖြည်းဖြည်း​အားနည်း​သွား​သည်။ မျက်မှောက်ခေတ်​လူ့​အဖွဲ့အစည်း​သည် အသံဗလံ​မျိုးစုံ​ပေါ်ပေါက်​စေပြီး ၎င်း​လုပ်ငန်း​စဉ်​ကို အရှိန်​တိုးမြှင့်​နေ​ပုံ​ရသည်။ ယူ.အက်စ်.အေ. မစ်ဆူရီ​ပြည်နယ် စိန့်​လူး​ဝ​စ္စ​မြို့ရှိ နား​မကြား​သူများ​အတွက် ဗဟို​ဌာန​မှ ဝါရင့်​သိပ္ပံ​ပညာရှင်​တစ်ဦး​က ဤသို့​ဖော်ပြ​ခဲ့​သည်– “အမေရိကန်​နိုင်ငံသား ၇၅ ရာခိုင်နှုန်း​ခန့် သောတ​အာရုံ​ဆုံးရှုံး​ခြင်း​မှာ အိုမင်း​ခြင်း​ဖြစ်​စဉ်​တစ်ခု​တည်း​ကြောင့်​မဟုတ်ဘဲ ဘဝ​တစ်လျှောက် သင့်​နား​များ ထိခိုက်​ခံစား​ခဲ့​ရာ​များ​ကြောင့်​ဖြစ်သည်။”

ကျယ်လောင်​သော​အသံများ​ကို ခေတ္တ​မျှ​စူးစိုက်​နားထောင်​မိ​ခြင်း​သည်​ပင် အတွင်း​နား​၏ အာရုံခံ​အင်္ဂါများ​ကို ထိခိုက်​ပျက်စီး​စေနိုင်​သည်။ သို့သော် အများအားဖြင့် အကြားအာရုံ​ဆုံးရှုံး​ရခြင်း​မှာ “ဆူညံ​သော​အလုပ်အကိုင်​များ၊ ဆူညံ​သော ဝါသနာပါရာ​အလုပ်များ၊ ဆူညံ​သော​အပန်းဖြေမှု” တို့​ကြောင့် ဖြစ်လေ့​ရှိသည်​ဟု နား​အထူးကု ဒေါက်တာ မာဂရက် ချိစ်​မင်​က​ဆို​ခဲ့​သည်။ သင်၏​အကြားအာရုံ​ကို ကာကွယ်​ဖို့ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ အဖြေ​ရှာတွေ့​ရန် သင့်​အကြားအာရုံ မည်သို့​လုပ်ဆောင်​ကြောင်း တစေ့တစောင်း​သိထားခြင်း​သည် အထောက်အကူ​ရ၏။

ကျွန်ုပ်​တို့​ကြား​ရသော အသံများ

ကျွန်ုပ်​တို့​နေထိုင်​သော​ဝန်းကျင်​သည် အသံ​ပို​ပို​ကျယ်လောင်​လာပုံ​ရသည်။ များစွာ​သော​သူတို့သည် လမ်းများ​ပေါ်​မှ ကား​များ၊ ဘတ်စကား​များနှင့် ကုန်တင်ကား​များ​၏ စူးရှ​သော​မြည်သံ​အမျိုးမျိုး​မှ​သည် အလုပ်ခွင်​ရှိ စက်ကိရိယာ​များ​၏ ဆူဆူညံညံ​အသံများ​အထိ နေ့စဉ်​မပြတ်​ကြားနေ​ရသည်။

တစ်ခါတစ်ရံ ကျွန်ုပ်​တို့သည် အသံကို​မြှင့်​ပြီး​မှ နားထောင်ခြင်း​ကြောင့် ပို​ဆိုး​စေ​သည်။ ခရီးဆောင်​နားကြပ်​စီဒီ​ဖွင့်​စက် သို့​မဟုတ် က​က်​ဆက်​တို့ကို​နားထောင်ခြင်း​သည် ခေတ်​စား​သော သီချင်း​နားထောင်​နည်း​တစ်ခု​ဖြစ်သည်။ ကနေဒါ​နိုင်ငံ ဂီတ​ပညာရှင်​များ​၏​ဆေးခန်း တွဲဖက်​တည်ထောင်သူ မာ​ရှယ်​လ် ခဲ​စဲင်​၏​အဆို​အရ နားကြပ်​များ​ဖြင့် အသံ​ကုန်​ဖွင့်​နားထောင်ခြင်း​ကြောင့် အကြားအာရုံ​ဆုံးရှုံး​သည့် လူငယ်များ​တိုးများ​လာ​ကြောင်း ကနေဒါ​နိုင်ငံ​နှင့် အမေရိကန်​ပြည်ထောင်စု​တို့​၌ ပြုလုပ်​ခဲ့​သော လေ့လာချက်​များ​က​ဖော်ပြ​သည်။

သို့သော် အသံ​ကျယ်​လွန်း​ခြင်း​ဟူသည် အဘယ်နည်း။ အသံကို အချိန်​တာ၊ ကြိမ်နှုန်း​နှင့် အသံလှိုင်း​လွှဲ​ခွင်​ဟူ၍ နည်း​သုံးနည်း​ဖြင့် တိုင်းတာ​သတ်မှတ်​သည်။ အချိန်​တာ​ဟူသည် အသံ​ကြား​ရသော ကြာချိန်​ကို​ဆိုလိုခြင်း​ဖြစ်သည်။ အသံ​ကြိမ်နှုန်း သို့​မဟုတ် အသံ​အနိမ့်အမြင့်​ကို တစ်စက္ကန့်​လျှင် စီး​ရီး​ဖြစ်​စဉ်​ဖြင့် သို့​မဟုတ် ဟ​တ်ဇ်​ဖြင့်​ဖော်ပြ​ကြသည်။ သာမန်၊ ကြား​နိုင်သော ကြိမ်နှုန်း​မှာ တော်​သင့်​သော​ကြားနာ​ခြင်း​သည် တစ်စက္ကန့်​လျှင် ၂၀ မှ ၂၀,၀၀၀ စီး​ရီး​ဖြစ်​စဉ်​ဖြစ်သည်။

အသံ​၏​လွှဲ​ခွင် သို့​မဟုတ် ပြင်းအား​ကို ဒက်​ဆီ​ဗယ် (dB) ယူနစ်​ဖြင့် တိုင်းတာ​ကြသည်။ သာမန်​စကားပြော​ဆို​ချိန်​တွင် အသံသည် ၆၀ ဒက်​ဆီ​ဗယ်​ခန့်​ရှိသည်။ ၈၅ ဒယ်​ဆီ​ဗယ်​အထက်​ရှိ အသံကို​ကြားနာ​လေ နောက်ဆုံး​တွင် အကြားအာရုံ​ပျက်စီး​ဖို့​အကြောင်း​များ​လေ​ဖြစ်သည်​ဟု အကြားအာရုံ​နှင့်​ဆိုင်သော​ပညာရှင်​တစ်ဦး​က​ဆို​၏။ အသံ​ကျယ်​လေ ကြား​နိုင်စွမ်း မြန်မြန်​ပျက်စီး​လေ​ဖြစ်သည်။ န​ယူးစ်ဝိခ်​မဂ္ဂဇင်း​သတင်း​တစ်ပုဒ်​က ဤသို့​ဖော်ပြ​သည်– “သင်၏​နား​သည် လျှပ်စစ်​လွန်​ပူ (၁၀၀ dB) အသံကို နှစ်နာရီ​မျှ နား​ခံနိုင်​သော်လည်း ဆူညံ​သော​ဗီဒီယို​ရုံ (၁၁၀ dB) ထဲ​တွင် မိနစ် ၃၀ ထက်​ကျော်​၍ နား​မခံနိုင်​ပါ။” ၁၀ ဒယ်​ဆီ​ဗယ်​တိုးလာ​တိုင်း နား​ကို​ဒဏ်ဖြစ်​စေသည့်​အသံ ၁၀ ဆ​ပို​လာ​ခြင်း​ဖြစ်သည်။ ဒယ်​ဆီ​ဗယ် ၁၂၀ နီးပါး​ရှိသော​အသံသည် နာကျင်​ထိခိုက်​စေ​ကြောင်း စမ်းသပ်မှု​များ​က အတည်ပြု​သည်။ မယုံကြည်​နိုင်​စ​ရာ​မှာ အချို့​သော​အိမ်သုံး​စတီရီယို​ပစ္စည်း​များသည် ဒယ်​ဆီ​ဗယ် ၁၄၀ ကျော်​သော အသံကို​ထုတ်လွှင့်​နိုင်​ခြင်း​ဖြစ်သည်!—ပူးတွဲ​ဖော်ပြ​ထားသော​လေးထောင့်ကွက်​ကို​ရှု။

ကျယ်လောင်​သော​အသံသည် သင်၏​အကြားအာရုံ​ကို အဘယ်ကြောင့်​ပျက်စီး​စေနိုင်​ကြောင်း သင်​နားလည်စေဖို့ သင်၏​နား​သို့ အသံလှိုင်း​များ​ရိုက်ခတ်​သောအခါ ဖြစ်ပျက်​ရာ​တို့ကို သုံးသပ်ကြည့်​ကြ​စို့။

ကျွန်ုပ်​တို့၏​အကြားအာရုံ ဖွဲ့စည်းထား​ပုံ

အသံလှိုင်း​များ​ကို နား​ပြွန်​အတွင်း​သို့​ပို့ပေး​ပြီး မကြာမီ နား​စ​ည်​သို့ ရောက်​စေဖို့ နား​ခွက် သို့​မဟုတ် နားရွက်​ဟု​ခေါ်​သော အပြင်​နား​ကို​ပုံစံ​ပြု​ထား​သည်။ ထို​အခါ အသံလှိုင်း​များ​က နား​စ​ည်မြှေး​ကို​လှုပ်ခါ​စေပြီး တစ်ဖန် အလယ်နား​ရှိ အရိုး​သုံးခု​ကို တုန်ခါ​စေ​ပြန်​သည်။ ထို့နောက် တုန်ခါမှု​သည် အရိုး​အုပ်​ထားသော ရေ​အိတ်ငယ်​ရှိသည့် အတွင်း​နား​ထိ​တိုင် ရောက်​လေ​သည်။ တုန်ခါမှု​သည် အာရုံခံ​ဆဲလ်​များ​ရှိသော ခရု​ပုံ နား​တွင်း​အင်္ဂါ​ဖြစ်သည့် ကော့​ခ​လီ​ယာ​အထဲ​ရှိ အရည်​ကို​ဖြတ်သန်း​သွား​သည်။ ကော့​ခ​လီ​ယာ​အထဲ​ရှိ​အရည်​သည် အာရုံခံ​ဆဲလ်​များ​၏​ထိပ်ပိုင်း​ကို ရိုက်ခတ်​၍ အာရုံကြော​ကို​နှိုးဆွ​လေ​သည်။ ထို့နောက် ဤ​နှိုးဆွမှု​များသည် ဦးနှောက်​သို့​ရောက်သွား​ပြီး ထို​တွင် ၎င်းတို့ကို​အနက်​ဖော်​၍ အသံ​အဖြစ်​ကြား​ရလေ​သည်။

ဦးနှောက်​၏​လင်း​ဘ​စ်​အဖွဲ့က အဘယ်​အသံကို​အာရုံစိုက်​၍ အဘယ်​အသံကို​အာရုံမစိုက်​ဖို့ ဦးနှောက်ကို​ဆုံးဖြတ်​စေ​သည်။ ဥပမာ၊ မိခင်​တစ်ဦး​သည် ကစား​နေသော​ကလေး​တစ်ဦး၏ ပုံမှန်​အသံကို မကြား​မိ​ဘဲ လန့်​အော်​သော​အသံကို​မူ ချက်ချင်း​တုံ့ပြန်​ပေမည်။ နား​နှစ်ဖက်​ဖြင့် ကြား​ရခြင်း​သည် အလွန်​အသုံးဝင်​သော စတီရီယို​သံ​ဖြင့် ကျွန်ုပ်​တို့ကို ကြားစေ​နိုင်​သည်။ အဘယ်​နေရာ​မှ​အသံ​လာ​ကြောင်း ခွဲခြား​သိမြင်​စေ​သည်။ သို့သော် ဦးနှောက်​သည် စကားပြော​သည့်​အသံကို​မူ တစ်ကြိမ်​လျှင် တစ်မျိုးတည်း​ကို​သာ နားလည်​နိုင်​သည်။ “ထို့​ကြောင့် တယ်လီဖုန်း​ဖြင့် စကားပြော​နေစဉ် လူတို့သည် မိမိတို့​နံဘေး​၌​ရှိသူ ပြောဆို​နေရာကို အလွယ်တကူ မကြား​နိုင်​ခြင်း​ဖြစ်သည်” ဟု အာရုံများ​ဟူသော​စာအုပ်​က​ဆို​၏။

ကျွန်ုပ်​တို့၏​အကြားအာရုံ​ကို အသံ​က ပျက်စီး​စေ​ပုံ

ကျယ်လောင်​သော​အသံများ​က ကျွန်ုပ်​တို့၏​အကြားအာရုံ​ကို မည်သို့​ပျက်စီး​စေနိုင်​ကြောင်း​သိရှိ​ရန် အောက်ပါ​ဆင်တူချက်​ကို သုံးသပ်ကြည့်​ပါ။ လုပ်ငန်းခွင်​လုံခြုံမှု​နှင့်​ပတ်သက်သော အစီရင်ခံစာ​တစ်ခု​က အတွင်း​နား​၌​ရှိသော မွေး​နု​များ​ကို လယ်​၌​ရှိသော​ဂျုံပင်​နှင့်၊ နား​သို့​ဝင်လာ​သော​အသံကို လေ​နှင့်​နှိုင်းယှဉ်​ပြ​သည်။ နိမ့်​သော​အသံ​နှင့်​တူသော လေပြေ​လေညင်း​သည် ဂျုံပင်​အဖျားပိုင်း​ကို လှုပ်ရှား​စေ​သည်၊ သို့သော် ဂျုံပင်​အနာတရ​မဖြစ်​ပေ။ သို့ရာတွင် လေတိုက်နှုန်း​မြန်​လာသော​အခါ ဂျုံပင်​ရိုးတံ​ကို ဖိအားများ​လာပေမည်။ ရုတ်တရက်၊ အရှိန်​ပြင်းစွာ​လေ​တိုက်ခြင်း သို့​မဟုတ် အချိန်​ကြာမြင့်စွာ ဆက်တိုက် လေ​တိုက်ခံ​ရခြင်း​သည် ပြုပြင်၍​မရတော့​သည့်​အထိ ဂျုံပင်​ကို​ပျက်စီး​စေပြီး သေစေနိုင်​သည်။

အသံ​နှင့် အတွင်း​နား​ရှိ နူးညံ့​သော​အာရုံခံ​အမွေး​ဆဲလ်​များ​တို့သည်​လည်း ထို​နည်းတူ​ပင်​ဖြစ်သည်။ အဆက်မပြတ် ကျယ်လောင်​သည့်​အသံသည် အတွင်း​နား​၏​တစ်သျှူး​များ​ကို ပျက်စီး​စေပြီး ကြား​နိုင်စွမ်း​ကို အပြီးအပိုင်​ဆုံးရှုံး​စေသည့် ဒဏ်ရာ​များ​ကျန်ရစ်​စေ​သည်။ ထို့​အပြင် ကြာမြင့်​သော​ဆူညံသံ​သည် နူးညံ့​သော​အာရုံခံ​ဆဲလ်​များ​ကို ရာသက်ပန်​ပျက်စီး​စေနိုင်​သည်။ ပျက်စီး​ပြီး​သည်​နှင့် ၎င်း​တို့ ပြန်​မကောင်း​လာနိုင်​တော့​ပေ။ ယင်း​နှင့်အတူ ဒွန်တွဲ​လာသော​အကျိုးဆက်​မှာ နား​အူ​ခြင်း—နား သို့​မဟုတ် ဦးခေါင်း​အတွင်း တ​ဝီဝီ၊ တ​ဝေါ​ဝေါ​မြည်​နေခြင်း​ဖြစ်သည်။

သင်၏​အကြားအာရုံ​ကို ကာကွယ်​၍ အဓွန့်ရှည်​စေပါ

မျိုးရိုးလိုက်​ခြင်း သို့​မဟုတ် ကြို​မမြင်နိုင်​သော မတော်တဆမှု​အချို့​တို့သည် အကြားအာရုံ​ကို ဆုံးရှုံး​စေနိုင်​သော်လည်း အဖိုးတန်​သော ကျွန်ုပ်​တို့၏​သောတ​အာရုံ​ကို ကာကွယ်​ထိန်းသိမ်း​၍ အဓွန့်ရှည်​စေရန် ကြိုတင်​ကာကွယ်​နိုင်​ပေ​သည်။ ကြား​နိုင်စွမ်း​ကို အန္တရာယ်​ပြု​နိုင်သော​အရာများ​ကို ကြို​သိထား​လျှင် ကောင်း​၏။ အကြားအာရုံ​နှင့်​ဆိုင်သော​ပညာရှင်​တစ်ဦး ဆို​သကဲ့သို့ပင် “ပြုလုပ်​စ​ရာ​ရှိသည်​ကို​မပြု​လုပ်​ဘဲ ပြဿနာ​ပေါ်လာ​ရန် စောင့်နေ​ခြင်း​သည် နေလောင်​ပြီး​မှ နေလောင်​ကာကွယ်​ဆေး​လိမ်း​ခြင်း​နှင့်​တူ​၏။”

အများအားဖြင့် ကျွန်ုပ်​တို့ နားထောင်​သည့်​အရာ​မဟုတ်ဘဲ မည်သို့​နားထောင်​သည်​ဟူသော​ကိစ္စ​ဖြစ်သည်။ ဥပမာ စတီရီယို​နားကြပ်​ကို အသုံးပြု​မည်​ဆိုလျှင် သင့်​ပတ်လည်​ရှိ​အသံများ​ကို ကြား​နိုင်​သည့် ပမာဏ​ဖြင့် အသံ​ချိန်ထား​လို​ပေမည်။ သင်၏​ကား သို့​မဟုတ် အိမ်သုံး​စတီရီယို​သည် သာမန်​စကားပြော​ဆို​မှု​ကို မကြား​နိုင်​သည့်​အထိ အသံ​ကျယ်​မည်​ဆိုလျှင် သင်၏​အကြားအာရုံ​ကို ပျက်စီး​စေနိုင်​သည့် လက္ခဏာ​ပင်​ဖြစ်​ပေမည်။ ၉၀ ဒယ်​ဆီ​ဗယ်​ရှိသော​အသံကို နှစ်နာရီ​မှ​သုံးနာရီ​ကြာ နားထောင်ခြင်း​သည် သင်၏​နား​ကို​ပျက်စီး​စေနိုင်​သည်​ဟု ကျွမ်းကျင်​သူများ​က သတိပေး​သည်။ ဆူညံ​သည့်​ဝန်းကျင်​၌ သင်​ရှိနေ​သည့်​အခါတိုင်း နား​ဆို့​များ သို့​မဟုတ် အကြားအာရုံ​ကို ကာကွယ်​ပေး​သော အခြား​ကိရိယာ​များ​ကို​သုံး​ရန် အကြံပြု​ထား​သည်။

လူကြီး​များ​ထက် ကလေး​ငယ်​များသည် အကြားအာရုံ ပို​၍​ပျက်စီး​လွယ်​ကြောင်း မိဘများ​သတိရ​သင့်​သည်။ ဆူညံ​သောက​စားစရာ​များ​၏ ဖြစ်​နိုင်​ခြေ​ရှိသော​အန္တရာယ်ကို စိတ်စွဲ​မှတ်ထားပါ။ ကလေး​ကစားစရာ ဂျောက်​ဂျက်​ပင်​လျှင် ၁၁၀ ဒယ်​ဆီ​ဗယ်​ရှိ​နိုင်​ပါ​သည်!

ကျွန်ုပ်​တို့၏​နား​များသည် နူးညံ့၊ သေးငယ်​၍ အံ့ဖွယ်ကောင်း​သော အင်္ဂါ​အစိတ်အပိုင်း​စု​ဖြစ်သည်။ ၎င်း​တို့အား​ဖြင့် ကျွန်ုပ်​တို့​ဝန်းကျင် ကမ္ဘာ​ပေါ်​ရှိ မျိုး​ပေါင်း​စုံ​၍ နှစ်လိုဖွယ်​ကောင်းသော​အသံများ​ကို ကျွန်ုပ်​တို့​ကြား​နိုင်​သည်။ ဤ​အဖိုးတန်​သော အကြားအာရုံ​ဆုကျေးဇူး​ကို အမှန်ပင် ကာကွယ်​ထိုက်​ပါ​သည်။

ယေဘုယျ​အသံ​အချို့​၏ ခန့်မှန်းခြေ ဒယ်​ဆီ​ဗယ်​ပမာဏ

• အသက်ရှူခြင်း—၁၀ ဒယ်​ဆီ​ဗယ်

• တီးတိုး​ပြော​ခြင်း—၂၀ ဒယ်​ဆီ​ဗယ်

• စကားစမြည်​ပြောဆိုခြင်း—၆၀ ဒယ်​ဆီ​ဗယ်

• ယာဉ်များ​အသွားအလာ​ကျပ်​ချိန်—၈၀ ဒယ်​ဆီ​ဗယ်

• အစာ​ကြိတ်စက်—၉၀ ဒယ်​ဆီ​ဗယ်

• ဖြတ်သွား​သော​ရထား—၁၀၀ ဒယ်​ဆီ​ဗယ်

• သံကြိုး​လွှ—၁၁၀ ဒယ်​ဆီ​ဗယ်

• ဖြတ်သွား​သော​ဂျက်​လေယာဉ်—၁၂၀ ဒယ်​ဆီ​ဗယ်

• ပြောင်း​ချော​သေနတ်သံ—၁၄၀ ဒယ်​ဆီ​ဗယ်

အသင် အောက်ပါ​တို့ကို​ပြုလုပ်​ပါ​က သင်၏ အကြားအာရုံ​ကို ဆုံးရှုံး​နေခြင်း​ဖြစ်​ပေမည်

• အခြားသူများ​က နား​မခံနိုင်​သော်လည်း ရေဒီယို သို့​မဟုတ် တီဗွီ​အသံကို တိုးမြှင့်​ခြင်း

• အခြားသူများ​ဘာ​ပြောလိုက်​သည်ကို တစ်ချိန်​လုံး မေး​နေခြင်း

• သင့်​အား စကားပြော​နေသူကို ကြား​ရဖို့ မျက်​မှောင်​ကြုတ်​ခြင်း၊ ရှေ့သို့ ကိုင်းညွတ်​ပြီး ဦးခေါင်း​ကို လှည့်​ရလေ့​ရှိ​ခြင်း

• လူများ​စုရုံး​သည့်​နေရာ သို့​မဟုတ် မိတ်ဆုံပွဲ​များ သို့​မဟုတ် လူ​ရှုပ်​သည့်​စ​တိုး​ဆိုင်​တို့​တွင် နောက်ခံ​အသံ​ရှိသည့်​အခါ ကြား​ဖို့​ခက်ခဲ​ခြင်း

• တစ်ဦး​တစ်ယောက်​ပြောဆို​ရာ​ကို​သိဖို့ အခြားသူများ​အပေါ် မှီခို​ရလေ့​ရှိ​ခြင်း

[စာမျက်နှာ ၁၅ ပါ ပုံကြမ်း]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

နားရွက်

အလယ်နား​ရှိ အရိုး​သုံးခု

နား​စ​ည်

နား​အတွင်းပိုင်း​ခရုပတ်

ဦးနှောက်​သို့​သွား​သည့် အာရုံကြော​များ