မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကျိုးပြုမည့် ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်တစ်ရပ်

အကျိုးပြုမည့် ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်တစ်ရပ်

အကျိုးပြု​မည့် ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​တစ်ရပ်

“ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ် အောင်မြင်​ဖို့​ဆိုလျှင် ဆင်းရဲ​ချမ်းသာ​မရွေး သာ​တူညီ​မျှ​ဖြစ်​ရေး​တွင် အောင်မြင်မှု​ရှိ​ရမည်​ဖြစ်သည်။ ချမ်းသာသူ​များ​နည်းတူ တန်းတူ​အခွင့်အရေး​များ​ပေး​ရမည်။ လူမှု​မျှတ​ရေး​နှင့် တန်းတူ​ညီမျှ​ရေး​တို့ကို စီးပွားရေး​အောင်မြင်မှု၊ ဆက်သွယ်ရေး​တိုးတက်မှု​တို့​နှင်​အတူ တစ်တန်း​တည်း​စီမံ​ပေး​ရမည်။”—ကို​ဖီ​အာနန်၊ ကုလသမဂ္ဂ​အထွေထွေ​အတွင်းရေးမှူး​ချုပ်။

ကို​ဖီ​အာနန်​ထောက်ပြ​ခဲ့​သည့်​အတိုင်း​ပင် အမှန်​အောင်မြင်​သည့် ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​သည် ကမ္ဘာချီ​ရပ်ကွက်တွင် နေထိုင်သူ​အားလုံး​တို့၏ အသက်တာကို တိုးတက်စေ​ရမည်​ဖြစ်​ပေ​သည်။ သို့သော် မကြာသေးမီ​နှစ်များ​က ကျွန်ုပ်​တို့​တွေ့ရှိ​ခဲ့​ရသည့်​အရာ​တို့သည် အဆိုပါ​စံနှုန်း​ကို လက်လှမ်းမမီ​ကြ​ချေ။ လူ့​အခွင့်အရေး​နှင့် လူမှု​သာ​တူညီ​မျှ​ရေး​တို့​မှာ စက်​မှု​အတတ်ပညာ​နှင့် ရုပ်ပစ္စည်း​တိုးတက်အောင်​မြင်​မှု​နောက်ဝယ် နောက်​ကောက်​ကျ​ကျန်ရစ်​ခဲ့​ပေ​ပြီ။

အဓိကကျ​သည့်​ပြဿနာ​မှာ ကမ္ဘာလုံး​ဆိုင်ရာ​စီးပွားရေး ပူးပေါင်း​ဆောင်ရွက်မှု​သည် အမြတ်အစွန်း​ရလိုသည့် လောဘ​ကြီးခြင်း​၏ လှုံ့ဆော်မှု​ကို​ခံ​နေရ​ခြင်း​ဖြစ်သည်။ အမြတ်အစွန်း​ရရှိဖို့ မျှော်လင့်ချက်​သည် လူ​ဆင်းရဲ​များ၊ ချို့ငဲ့သူ​များ သို့​မဟုတ် ကမ္ဘာ​ဂြိုဟ်​နှင့်​ပတ်သက်​သည့် ရေရှည်​လိုအပ်ရာ​များ​ကို ထည့်တွက်​မပေး​ကြ​ချေ။ “ငွေ​ကို​သာ အဓိက​တန်ဖိုး​ထား​သည့် စီးပွားရေး​ကုမ္ပဏီ​များ​၏ လွှမ်းမိုး​ချုပ်ကိုင်​မှု​ကို​ခံရ​သည့် အထိန်းအကွပ်မဲ့ ကမ္ဘာချီ​စီးပွားရေး​သည် အခြေခံ​အားဖြင့် မတည်မငြိမ်​ဖြစ်နေ​ကာ . . . လူ​တို့ကို​လည်း အ​ဘက်​ဘက်​မှ ချွတ်ခြုံ​ကျနေ​စေ​သည်” ဟု ဒေါက်တာ ဒေးဗိဒ် စီ. ကော်​တန်​က ဆင်ခြင်​ပြောဆို​လိုက်​သည်။

ကမ္ဘာ့​အစိုးရ​များသည် လူမှု​မျှတ​ရေး​ကို စီမံ​ပေး​ရန် ကမ္ဘာချီ​စီးပွားရေး​ကို ထိန်းချုပ်​ပေး​နိုင်​ပါ​မည်​လော။ ထိန်းချုပ်​ပေး​နိုင်​ပုံ​မရချေ။ ယခုထက်​ထိ အစိုးရ​များသည် အဘယ်​ကမ္ဘာချီ​ပြဿနာ​ကို​မဆို—ကမ္ဘာချီ​ရာဇဝတ်မှု၊ ကမ္ဘာချီ​ပူနွေး​လာ​မှု သို့​မဟုတ် ကမ္ဘာချီ​ဆင်းရဲ​မွဲတေမှု​ပင်​ဖြစ်ပါစေ—မဖြေရှင်း​ပေး​နိုင်​ကြောင်း တွေ့ရှိ​ခဲ့​ကြပြီ​ဖြစ်၏။ “ကမ္ဘာချီ​အကျိုးကို ကာကွယ်​ရန် စုပေါင်း​လုပ်ဆောင်ဖို့​လိုအပ်​သည်၊ သို့သော် ယနေ့ခေတ်​၏ ကမ္ဘာ​နှင့်​ချီ​၍ ဆက်စပ်​ဆောင်ရွက်​နေသည့်​လောကတွင် ကမ္ဘာချီ​လုပ်ဆောင်​နိုင်သော လုပ်ထုံး​လုပ်​နည်း​များ​မှာ ကနဦး​အဆင့်​ထက် မ​ပို​ချေ” ဟု​အာနန်​က​ရှင်းပြသည်။

ကမ္ဘာချီ​ပြဿနာ​များ​ကို ကိုင်တွယ်​ဖြေရှင်း​ရန်​အတွက် ကမ္ဘာချီ​လုပ်ထုံး​လုပ်​နည်း​များသည် တစ်ခု​တည်း​သော​တောင်းဆိုချက်​မဟုတ်ပေ။ ထို့​အပြင် ကမ္ဘာ​လောကသည် လူ့​ကျင့်ဝတ်​ဆိုင်ရာ​စံ​များလည်း လိုအပ်ကြောင်း ကမ္ဘာချီ​အစိုးရ​စနစ်​ဆိုင်ရာ​ကော်မရှင် *က ကျိုးကြောင်း​ဆင်ခြင်​ပြ​သည်။ “ကမ္ဘာချီ​လူ့​ကျင့်ဝတ်​မ​ရှိလျှင် ကမ္ဘာချီ​ရပ်ကွက်တွင်​နေထိုင်​ရခြင်း​မှ သဘောထား​ကွဲလွဲ​မှုများ​နှင့် တင်းမာမှု​များ ပြန့်ပွား​လာ​မည်; အကောင်းဆုံး ပုံစံ​ပြု​ထား​သည့် ဥပဒေသ​ထုံး​နည်း​များနှင့် မဟာ​ဗျူဟာ​များ​ပင်​လျှင် ဦးဆောင်မှု​မရှိဘဲ​နှင့်​တော့ အောင်မြင်​မည်​မဟုတ်” ဟု ၎င်းတို့၏ အစီရင်ခံစာ​က ထောက်ပြ​လိုက်​သည်။

အဘယ်​ကမ္ဘာချီ​လူ့​ကျင့်ဝတ်​ကို သူတို့​ထောက်ခံ​ပြောဆို​ခဲ့​ကြ​သနည်း။ “လူတို့သည် မိမိတို့​ဆက်ဆံ​ခံ​လို​သည့်​အတိုင်း အခြား​သူများကို ဆက်ဆံ​သင့်​သည်” ဟူ၍ အဆိုပါ​အစီရင်ခံစာ​က​ဖော်ပြ​ခဲ့​၏။ ကမ္ဘာ​ပေါ်​တွင် တစ်ခါမျှ​မ​ပေါ်​ခဲ့​ဖူး​သည့် အကြီးမြတ်ဆုံး​ခေါင်းဆောင် ယေရှု​ခရစ်​သည် အဆိုပါ​ကိုယ်ကျင့်တရား​စံနှုန်း​ကို လွန်ခဲ့သော​အနှစ်​နှစ်ထောင်​လောက်​က သွန်သင်​ပေး​ခဲ့​သော်လည်း အဆိုပါ​မူ​သည် ကျိုးကြောင်း​ညီညွတ်​နေဆဲ​ပင်။ (မဿဲ ၇:၁၂) ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​သည် ၎င်း​မူ​အပေါ် တည်မှီ​နေပါက လူတိုင်း​အတွက် အကျိုး​ဖြစ်ထွန်း​စေမည်​မှာ သံသယ​မရှိ​ချေ။ ယင်း​သို့​ဖြစ်လာ​နိုင်​ပါ​မည်​လော။

ကမ္ဘာချီ​ဖြေရှင်း​မှု​အမျိုးမျိုး

မဝေးတော့​သည့်​အနာဂတ်​တွင် ကမ္ဘာချီ​အစိုးရ​တစ်ခု​သည် လူသားထု​ကို ငွေကြေး သို့​မဟုတ် နည်း​ပညာ​အပေါ် အခြေခံ​မည့်​အစား တစ်ကိုယ်ကောင်း​မ​ဆန်​မှု​အပေါ်​အခြေခံ​၍ စည်းလုံးစေ​တော့​မည်​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က တင်ကူး​ပြောပြ​သည်။ ယင်းသည် အောင်မြင်မှု​ရရှိ​ပေ​လိမ့်​မည်၊ အကြောင်း​မှာ လူသားထု​တစ်ရပ်လုံး​အတွက် ကမ္ဘာ​နှင့်​အ​ဝန်း​လုပ်ဆောင်ပေး​ရန် ယင်း​၌ အစွမ်း​ခွန်အား​နှင့် လုပ်ထုံး​လုပ်​နည်း​များ​ရှိနေခြင်း​ကြောင့်​ဖြစ်၏။ ယေရှု​ခရစ်​ကိုယ်တော်တိုင်​က ‘ဘုရားသခင့်​နိုင်ငံတော်​လာ​စေရန်​နှင့် ဘုရားသခင့်​အလိုတော်သည် ကမ္ဘာ​မြေကြီးပေါ် ပြီးမြောက်​စေရန်’ ဆုတောင်း​ကြဖို့ မိမိ၏​နောက်တော်လိုက်​များ​ကို သွန်သင်​ပေး​ခဲ့​သည့်​အချိန်​က ဤ​ကမ္ဘာချီ​အစိုးရ​ကို အဓိက​အာရုံစိုက်ခဲ့​သည်။—မဿဲ ၆:၁၀က​ဘ။

ယေရှု​ခရစ်​လက်ဝယ်​ရှိ ကောင်းကင်​ဆိုင်ရာ​အစိုးရ၊ ဘုရားသခင့်​နိုင်ငံတော်​သည် ယေရှု​မြေကြီးပေါ်​ရှိ​စဉ်​က ကိုယ်တော်တိုင် သွန်သင်​ပေး​ခဲ့​သည့်​အရာ​နှင့် တစ်​ပုံစံ​တည်း​ဖြစ်သည့် ကမ္ဘာချီ​လူ့​ကျင့်ဝတ်​အသစ်​ကို စံပြ​ဖြစ်စေ​မည်။ ဘုရားသခင်​ကို​ချစ်ခြင်း​နှင့် အိမ်နီးချင်း​ကို​ချစ်ခြင်း​တို့သည် ဦးဆောင်​လမ်းညွှန်​ပေး​သည့် မူများ​ဖြစ်​ပေ​လိမ့်​မည်။ (မဿဲ ၂၂:၃၇-၃၉) သမ္မာကျမ်းစာ​တွင်​ပါရှိ​သည့် ပရောဖက်ပြုချက်​များစွာ​တို့​က အဆိုပါ​အစိုးရသစ် လုပ်ဆောင်ပေး​မည့်​အရာ​ကို ဖော်ပြ​ပေး​သည်။ ၎င်း​၏​အုပ်စိုးရှင်၊ ယေရှု​ခရစ်​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​က​ဤသို့​ကတိပေး​သည်– “ဆင်းရဲသား​တို့၏​အမှုကို တရားတော်​အတိုင်း​စီရင်၍ နှိမ့်ချသော​မြေကြီးသား​တို့​ဘက်၌​နေ​လျက် ဖြောင့်မတ်​စွာ​ဆုံးဖြတ်​လိမ့်​မည်။” (ဟေရှာယ ၁၁:၄) ချမ်းသာ​ကြွယ်ဝသူ​များနှင့် ဩဇာ​အာဏာ​ရှိသူ​များသည် ချို့ငဲ့သူ​များ​ကို ကုပ်​သွေးစုပ်​တော့​မည်​မဟုတ်​ချေ။ ယေရှုသည် “ဆင်းရဲသူ​နှင့် နွမ်းပါး​သူကို သနား​၍ . . . သူတို့ . . . အသက်ကို ညှဉ်းဆဲခြင်း​နှင့် ကြမ်းကြုတ်ခြင်း​၏​လက်​မှ ရွေးနုတ်​တော်​မူ” မည်။—ဆာလံ ၇၂:၁၃၊ ၁၄သမ္မာ။

ပတ်ဝန်းကျင်​ဆိုင်ရာ​ပြဿနာ​များ​ကိုလည်း ချက်ချင်း အရေးယူ​ကိုင်တွယ်​ဖြေရှင်း​ပေး​လိမ့်​မည်။ တစ်စ​တစ်စ​တိုး၍ သဲကန္တာရ​ဖြစ်လာ​စေ​မည့်​အစား “တော​နှင့်​သွေ့ခြောက်​သော​မြေ​သည် ဝမ်းမြောက်​လိမ့်​မည်။ သဲကန္တာရ​လည်း ရွှင်လန်း​၍​အပွင့်​ပွင့်​လိမ့်​မည်။” (ဟေရှာယ ၃၅:၁သမ္မာ) အစာရေစာ​ခေါင်းပါး​စေ​မည့်​အစား “ပြည်တော်​၌ များစွာ​သော​စပါး​ရှိ . . . မည်။”—ဆာလံ ၇၂:၁၆

ဘုရားသခင့်​နိုင်ငံတော်​သည် နောက်ခံ​အားလုံး​မှ​လူ​တို့ကို စည်းလုံးစေ​သည်။ ဘုရားသခင်​သည် “သိုးခြံ​၌ သိုးများ​ကဲ့သို့ . . . သူတို့ကို ငါ​စု​၍​ထား​မည်” ဟု​ကတိ​ထား​တော်​မူ​၏။ ‘လူမျိုးအပေါင်း​တို့သည် အမှုတော်ကို ပခုံး​ချင်း​ယှဉ်​၍ ထမ်းဆောင်​မည်​အကြောင်း . . . စင်ကြယ်သော​ဘာသာ​စကား​ကို သူတို့အား​ငါ​ပေး​မည်။’ (မိက္ခာ ၂:၁၂; ဇေဖနိ ၃:၉က​ဘ) အများ​သိထား​သည့် ကိုယ်ကျင့်တရား​ဆိုင်ရာ​သတ်မှတ်ချက်​များနှင့် ဘာသာရေး​စံနှုန်း​များ​ပါဝင်​သည့် ဤ “စင်ကြယ်သော​ဘာသာ​စကား” သည် ယခု​တွင်​ပင် လူ​တို့ကို စည်းလုံး​နေ​စေ​သည်။

ကမ္ဘာချီ​ခရီး​သွားလာ​မှု လျင်မြန်​လွယ်ကူ​လာ​သည့်​အတွက် ယေဟောဝါသက်သေ​များသည် လူမျိုး​မတူ၊ နိုင်ငံ​မတူ​သည့်​အပြင် ယဉ်ကျေးမှု​ချင်း​မတူညီ​ကြ​သည့် အုပ်စု​များ​အကြား နှောင်ကြိုး​များ​ကို ခိုင်ခံ့​စေသည့် ကြီးမားသော အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီး​များ​ကို ပုံမှန်​ကျင်းပ​ပေး​ကြသည်။ ဤ​စည်းဝေးကြီး​များသည် နည်း​ပညာ​နှင့် ကူး​သန်း​ရောင်းဝယ်​မှု​တို့ ပါဝင်​ပတ်သက်​နေ​မည့်​အစား စိတ်ရောကိုယ်ပါ ရောယှက်​ပတ်သက်​နေသည့် စည်းလုံး​ညီညွတ်မှု​၏ လှုပ်ရှား​ထကြွ​နေသော သက်သေ​အထောက်အထား​ဖြစ်​ပေ​သည်။ (တွဲဖက်​လေးထောင့်ကွက်​ကို​ရှု။) ထို​ကဲ့သို့​သော စည်းဝေးကြီး​များ​ကို တက်ရောက်​ခဲ့​သည့် စပိန်​ဓမ္မ​ပညာရှင်​တစ်ဦး​က ဤသို့​ရေးသားခဲ့​သည်– “ဉာဏ်​အလင်း​ပေး​တဲ့ ကျမ်းစာ​ဟောပြောချက်​တွေ​သာမက ဒီ​လူတွေ​စပ်ကြား​မှာ​ရှိတဲ့ စည်းလုံးမှု၊ သူတို့ရဲ့ မြင့်မား​တဲ့ ကိုယ်ကျင့်တရား​နဲ့ သူတို့ရဲ့ မွန်မြတ်တဲ့​အမူအကျင့်တွေ​ကြောင့် ကျွန်မ​ကို တည်ဆောက်မှု​ဖြစ်စေ​တယ်လို့ ခံစားရ​ပါ​တယ်။’

ထို့​အပြင် ယေဟောဝါသက်သေ​များသည် မိမိတို့၏ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်းကို လွယ်ကူ​ချောမွေ့​စေရန် ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​၏ အခြားသော​အသွင်အပြင်​များ​ကို အခွင့်ကောင်း​ယူ အသုံးပြု​ကြသည်။ ဥပမာ၊ ကမ္ဘာ​တစ်ဝန်း​ရှိ ဘာသာပြန်​သူများစွာ​တို့သည် ကွန်ပျူတာ​စနစ်​များနှင့် အီလက်ထရောနစ်​စာပို့​စနစ်​ကို အသုံးပြုလျက် နိုးလော့! ကို ဘာသာ​စကား​ပေါင်း ၈၇ ဘာသာ​ဖြင့် ပြန်ဆို​ခဲ့​ကြသည်။ ထိုသို့​သော​ကိရိယာ​များ​က ယေဟောဝါသက်သေ​များ​၏ ကျမ်းစာ​ပညာပေး​ရေး​အစီအစဉ်ကို စစ်မှန်​သည့် ကမ္ဘာချီ​အစီအစဉ်​တစ်ရပ်​ဖြစ်နေ​စေ​သည်။ ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​၏ ကိရိယာ​များ​ကို အကျိုးရှိရှိ အသုံးပြုနိုင်​သလို ဖျက်ဆီး​ရေး​အတွက်​လည်း အသုံးပြုနိုင်​သည်​မှာ ရှင်းနေပါသည်။

အလားတူ လူသား​တို့၏ ကမ္ဘာ့​ဆက်စပ်​ပြောင်းလဲမှု​ဖြစ်​စဉ်​တွင် ရှိခဲ့​သည့်​အတိုင်း ပြဿနာ​များ​ပေါ်ပေါက်​စေ​မည့်​အစား ဘုရားသခင်​တင်မြှောက်​သည့် ကမ္ဘာချီ​အစိုးရ​သည် ဖြေရှင်းချက်​များ​ကို စီမံ​ပေး​မည်​ဖြစ်​ပေ​သည်။ ဤ​ကောင်းကင်​အစိုးရ​ကို ယုံကြည်ဖို့ ကျွန်ုပ်​တို့​၌ ခိုင်လုံ​သော​အကြောင်း​ရှိပါ​သည်။ “မြေကြီး​သစ်​ကို ငါ​ဖန်ဆင်း​မည်။ အရင် [ဖြစ်ရပ်​များ] . . . ကို မ​အောက်မေ့​ရ။ ငါ​ဖန်ဆင်း​လတ္တံ့​သော​အရာ​ကြောင့် သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်​ရွှင်လန်း​ကြလိမ့်မည်” ဟု ဘုရားသခင်​ကတိပြု​သည်။ (ဟေရှာယ ၆၅:၁၇၊ ၁၈) ဘုရားသခင်​၏ “မြေကြီး​သစ်” သည် လူ​တို့ကို ကမ္ဘာ​နှင့်​ချီ​၍ စစ်မှန်​စွာ အကျိုးပေး​ပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ကမ္ဘာ့​အထင်ကရ​ခေါင်းဆောင် ၂၈ ဦး​ဖြင့်​ဖွဲ့စည်းထား​သည့် ဤ​ကော်မရှင်​သည် “ကျွန်ုပ်​တို့၏ ကမ္ဘာချီ​ရပ်ကွက်” ဟု​ခေါင်းစဉ်​တပ်ထား​သည့် ရှည်လျားသော အစီရင်ခံစာ​တစ်စောင်​ကို ၁၉၉၅ ခုနှစ်​တွင် ပြင်ဆင်​ခဲ့​ကြသည်၊ ယင်း​တွင် ကမ္ဘာ့​အစိုးရ​စနစ်​တိုးတက်စေ​ရေး​အတွက် ၎င်းတို့၏ အဆိုပြု​ချက်​များ​ကို ဖော်ပြ​ထား​သည်။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

ချိတ်ဆက်​နေ​သော်လည်း စည်းခြား​ထား​ဆဲ

နည်း​ပညာ​သည် ကမ္ဘာကြီး​အား ပို​၍​သေးငယ်​သွား​အောင် ပြုလုပ်​နိုင်​ခဲ့​သော်လည်း သဘောထား​ကွဲလွဲ​မှုများ​က ခိုင်မာ​စွာ အမြစ်တွယ်​နေဆဲ​ပင်။ ရုပ်မြင်သံကြား၊ မိုဘိုင်းလ်​ဖုန်း​များနှင့် အင်တာနက်​တို့သည် လူသား​အချင်းချင်း ဆက်သွယ်​ရာ​တွင် အသုံးဝင်​ခဲ့​သော်လည်း လူသား​တို့ကို စည်းလုံးစေ​ရေး​အတွက်​မူ အသုံးမဝင်​ခဲ့​ချေ။ စီးပွားရေး ပေါင်းစည်း​ဆောင်ရွက်မှု​နှင့် အင်အားကြီး​နိုင်ငံ​များ​၏ ပြိုင်ဆိုင်မှု အဆုံးသတ်​သွားခြင်းက နိုင်ငံ​များ​စပ်ကြား စစ်ပွဲ​အတော်များများကို ယုတ်လျော့​စေ​ခဲ့​သည်၊ သို့သော် ရက်စက်​ကြမ်းကြုတ်​သော ပြည်တွင်း​ပဋိပက္ခ​များ​မူ​ကား နှစ်စဉ် ထောင်သောင်း​မ​က​သော လူ​တို့အား သတ်ဖြတ်​ခြင်း​နှင့် သေ​ရာ​ပါ​ဒဏ်ရာ​ရစေ​ခြင်း​တို့ကို ဆက်လက်​ပြုလုပ်​နေဆဲ​ပင်။

အဘယ်ကြောင့်​နည်း။ ပြိုင်ဘက်​လူမျိုးစု၊ အမျိုးအနွယ်​နှင့် ဘာသာရေး​အုပ်စု​များ​အကြား မုန်းတီးမှု—ပြည်တွင်းစစ်​ပွဲ​များ​ကို ဖြစ်ပေါ်​စေသည့် အခြေခံ​အကြောင်းရင်း—က ဆုတ်ယုတ်​သွား​မည့် လက္ခဏာ​မရှိကြောင်း ပြသ​၏။ ထို့​အပြင် ကမ္ဘာချီ​စီးပွားရေး​နှင့် ဒုစရိုက်​အသင်းအဖွဲ့​များ​က စစ်​ဖက်​ပြိုင်​သည့်​အဖွဲ့​များ ကောင်းစွာ​လက်နက်​တပ်ဆင်​ထား​နိုင်​ရန် ဈေး​ပေါ​သည့်​လက်နက်​အမြောက်အမြား​ကို မပျက်​မ​ကွက် ထုတ်လုပ်​ပေး​ကြသည်။ စစ်မှန်သော စည်းလုံး​ညီညွတ်မှု​ကို အီလက်ထရွန်နစ်​ပညာရပ်​က မ​ဖန်တီး​ပေး​နိုင်​ပေ၊ စ​တော့​ဈေးကွက်​အရောင်း​တက်လာ​ခြင်း​က​လည်း လူမှု​မျှတ​ရေး​ကို မ​တိုးမြှင့်​ပေး​နိုင်​ပေ။

ကမ္ဘာလုံး​ဆိုင်ရာ စီးပွားရေး​ပေါင်းစပ်​ဆောင်ရွက်မှု​သည် တစ်နည်း​အားဖြင့် စည်းလုံးမှု​ကို အမှန်ပင် ပျက်ပြား​စေနိုင်​သည်။ စီးပွားရေး​တစ်ဟုန်ထိုး တိုးတက်လာ​မှု​နောက် ယာယီ​စီးပွားရေး​ကပ် လိုက်ပါ​လာသော​အခါ လူတို့သည် စီးပွားရေး​နစ်နာမှု​ကို ကိုယ်ကျိုးရှာ အမြတ်​ထုတ်​ကြ​သည့် အစွန်းရောက်​ဝါဒီ နိုင်ငံရေးသမား​များ​၏ ဖြားယောင်း​သွေးဆောင်​ရလွယ်​ကူ​သော သားကောင်​ဖြစ်လာ​နိုင်​သည်။ ဖြေရှင်းချက်​ကား အဘယ်နည်း။ “အဓိက​အရေးကြီးဆုံး အရေးကိစ္စ​အဖြစ် လူ့​ဖွံ့ ဖြိုး​တိုးတက်မှု​နှင့် တန်းတူ​ညီမျှမှု​တို့​နှင့်အတူ တိုင်းနိုင်ငံ​နှင့် ကမ္ဘာချီ​အုပ်ချုပ်မှု​ကို ပြန်လည်​ဆန်းသစ် ဖန်တီး​ရမည်​ဖြစ်သည်” ဟု လူ့ ဖွံ့ ဖြိုး​တိုးတက်မှု​အစီရင်ခံစာ ၁၉၉၉ က​ဝန်ခံ​ပြောဆို​သည်။ ယင်းသည် ဘုရားသခင့်​နိုင်ငံတော်​လုပ်ဆောင်​မည့်​အရာ တိတိကျကျ​ပင်​ဖြစ်​ပေ​သည်။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံများ]

နောက်ခံ​အသီးသီး​မှ​လူ​တို့ကို ယေဟောဝါသက်သေ​များ​၏ ကမ္ဘာချီ ကျမ်းစာ​ပညာပေး​အစီအစဉ်​က စည်းလုံး​ညီညွတ်​စေ​ခဲ့ပြီ