အင်းဆက်ပိုးလောကမှ အမှိုက်ရှင်းကျွမ်းကျင်သူများ
အင်းဆက်ပိုးလောကမှ အမှိုက်ရှင်းကျွမ်းကျင်သူများ
လူသားတို့သည် လွန်ခဲ့သောအနှစ် ၁၅၀ ကျော်မှစ၍ မိလ္လာနှင့် အမှိုက်ရှင်းစနစ်များကို စတင်ဖန်တီးခဲ့ကြသည်။ သို့သော် အမှိုက်ရှင်းကျွမ်းကျင်သူတစ်မျိုး—အပူပိုင်းအမေရိကမှ ပုရွက်ဆိတ်ငယ်လေး—ရှိနှင့်ပြီးဖြစ်သည်။
အကောင်ရေတစ်သန်းခန့်ရှိသော ရွက်ဖြတ်ပုရွက်ဆိတ်အုပ်တစ်အုပ်သည် မြေအောက်ပုရွက်ဆိတ်အုံကြီးတစ်ခုတွင် နေထိုင်ကြသည်။ လုပ်သားအသီးသီးတွင် တာဝန်အမျိုးမျိုးရှိကြသည်။ အချို့ပုရွက်ဆိတ်များက သစ်ရွက်အပိုင်းအစများကို စုသိမ်းကြပြီး အခြားအုပ်စုက ပျော့ဖတ်ဖြစ်သည့်အထိ ယင်းတို့ကိုဝါးကြသည်။ ဥယျာဉ်မှူးတာဝန်ရသော ပုရွက်ဆိတ်များသည် အုံထဲရှိအခန်းများတွင် စားသုံးနိုင်သောမှိုများကို ပြုစုပျိုးထောင်ရန် ယင်းပျော့ဖတ်ကို အသုံးပြုကြသည်။ ထို့အပြင် ၎င်းတို့သည် ပိုးမွှား၊ ရောဂါမှို၊ သေဆုံးပြီး သို့မဟုတ် သေအံ့ဆဲဆဲရှိသောပုရွက်ဆိတ်များနှင့် ပုပ်ဆွေးနေသောအရာဝတ္ထုအစရှိသည့် ကူးစက်နိုင်သောအရာမှန်သမျှကို ဖယ်ရှားပစ်ကြသည်။ သို့သော် ပုရွက်ဆိတ်များသည် မိမိတို့၏အမှိုက်သရိုက်ကို မည်သို့ရှင်းပစ်ကြသနည်း။
ရှက်ဖီးလ်ဒ်တက္ကသိုလ်မှ ဗြိတိသျှသိပ္ပံပညာရှင်များက အဖြေကိုတွေ့ရှိခဲ့ကြပြီဟု သည်အင်ဒီပဲန်းဒန့်ထ်သတင်းစာကဆို၏။ ဥယျာဉ်မှူးပုရွက်ဆိတ်များ၏အလုပ်ခန်းအနီးတွင် သာ၍ကြီးမားသောအခန်းများရှိ
ပြီး ထိုတွင် အမှိုက်သရိုက်များကို သိုလှောင်ထားသည်။ အမှိုက်သရိုက်နှင့်ဆိုင်သောအလုပ်ကို လုပ်ဆောင်သောပုရွက်ဆိတ်များသည် ထိုအခန်းများ၌ အချိန်ကုန်လွန်ကြပြီး အမှိုက်များကို ထက်အောက်လှန်ကာ ဆွေးမြည့်စေလျက် ယင်းက တစ်ဖန် ရောဂါဖြစ်စေသည့်ပိုးများကို သေကျေပျက်စီးစေသည်။ ဥယျာဉ်မှူးပုရွက်ဆိတ်များသည် အမှိုက်ထားသည့်အခန်းများသို့ ဘယ်တော့မျှမဝင်ကြချေ။ သူတို့သည် ဥမင်အတွင်းသို့ အမှိုက်များသယ်ဆောင်လာသည်၊ ယင်းကို အမှိုက်သိမ်းလုပ်သားများက စုသိမ်းကြသည်။ အမှိုက်သရိုက်ကို ဤသို့ထိထိရောက်ရောက် စီမံခန့်ခွဲသည့်နည်းစနစ်သည် ညစ်ညမ်းမှုမှန်သမျှမှ ကာကွယ်ပေးပြီး ပုရွက်ဆိတ်တစ်အုံလုံး၏ ကျန်းမာရေးကို ကာကွယ်ပေးသည်။
ယေဟောဝါဘုရားသခင်သည် အင်းဆက်ပိုးများကို ပင်ကိုအသိဉာဏ်ဖြင့် ဖန်ဆင်းထားရုံမက လွန်ခဲ့သောအနှစ် ၃,၅၀၀ ကျော်က ဣသရေလလူမျိုးကို လက်တွေ့ကျသော ကျန်းမာရေးလမ်းညွှန်ချက်များပေးခဲ့သည်။ ယင်းပညတ်များကို လိုက်နာခြင်းသည် အစားအစာနှင့် ရေညစ်ညမ်းမှုကို ကာကွယ်ရုံမက ရောဂါပြန့်ပွားမှုကို တားဆီးပြီး အညစ်အကြေးကို ဘေးကင်းစွာ စွန့်ထုတ်စေမည်ဖြစ်သည်။ အဆိုပါမူများကိုလိုက်နာခြင်းအားဖြင့် ဆင်းရဲခြင်းဝေဒနာနှင့် သေခြင်းကို မည်မျှရှောင်နိုင်ခဲ့မည်တကား!—ဝတ်ပြုရာ ၁၁:၃၂-၃၈; တောလည်ရာ ၁၉:၁၁၊ ၁၂; တရားဟောရာ ၂၃:၉-၁၄။