ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
မွေးကင်းစကလေးများ၏ အသက်ကိုကယ်တင်ခြင်း
နှစ်စဉ် ကလေးငယ် လေးသန်းသည် မွေးဖွားပြီးတစ်လအတွင်း သေဆုံးကြသည်။ ဤမွေးကင်းစ ကလေးများသေဆုံးမှုသည် “အသက်ငါးနှစ်အောက် ကလေးများသေဆုံးမှု၏ ၄၀ ရာခိုင်နှုန်းကျော်မျှရှိသည်” ဟုဂျာမန်မဂ္ဂဇင်း ဘဲ့လ်တ် ဒါ ဗစ်စင်ရှာ့ဖ်တ် က ဖော်ပြသည်။ မွေးကင်းစကလေးများ၏အသက်ကို ကယ်ရန် အဘယ်အရာပြုလုပ်နိုင်သနည်း။ “ကမ္ဘာ့မွေးကင်းစကလေးများ၏အခြေအနေ” လေ့လာချက်၌ အကြံပြုထားသော အကုန်အကျသက်သာသည့်နည်းများတွင် ကလေးများအား မွေးပြီးပြီးချင်း နွေးထွေးစွာထားခြင်းနှင့် မိခင်နို့ရည်တိုက်ကျွေးခြင်းကဲ့သို့သော ရောဂါမစွဲကပ်စေရန် အထောက်အကူပြုသည့် ရိုးရှင်းသောနည်းများပါဝင်သည်။ ကိုယ်ဝန်ဆောင်မိခင်များ၏ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေခြင်းဖြင့်လည်း သေဆုံးမှုများကို တားဆီးနိုင်သည်၊ မိခင်အများစုမှာ အလုပ်ဝန်ပိကာ အာဟာရချို့တဲ့ရုံမက ယခင်မီးဖွားခြင်းမှကောင်းစွာနာလန်မထူမီ ကိုယ်ဝန်ထပ်ရှိလာခဲ့ကြသည်။ “မွေးကင်းစကလေး ၉၈ ရာခိုင်နှုန်းသေဆုံးမှုဖြစ်ပွားသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်” ဒေသခံပြည်သူတို့အား သားဖွားပညာများကို သင်ထားပေးနိုင်သည်။ “သူတို့၏အဓိကတာဝန်များမှာ ကိုယ်ဝန်ဆောင်မိခင်များအား ညွှန်ကြားပေးရန်၊ သင့်လျော်သည့် တစ်ကိုယ်ရေသန့် ရှင်းရေးကို ကြည့်ရှုပေးရန်နှင့် ကာကွယ်ဆေးများထိုးပေးရန်တို့ဖြစ်မည်” ဟုလေ့လာမှုကဖော်ပြသည်။
မှေးမှိန်သွားသည့် မီးပြတိုက်များ
“ဖယောင်းတိုင်နေရာတွင် လျှပ်စစ်မီးသီးများ ဝင်ရောက်နေရာယူသကဲ့သို့ ဒူပေနာပေခံသောမီးပြတိုက်အစောင့်များနေရာတွင် အလိုအလျောက်လုပ်ဆောင်သော မီးပြတိုက်များက အစားထိုးဝင်ရောက်ခဲ့ပြီ။ ယခုအခါ အလိုအလျောက်လုပ်ဆောင်သော မီးပြတိုက်၏ခေတ်ပင်လျှင် ကုန်ဆုံးတော့မည့်ပုံပေါက်နေသည်” ဟု ဖိုင်နန်းရှဲပို့စ်တ် သတင်းစာက ဖော်ပြသည်။ ခေတ်မီမီးပြတိုက်တစ်ခုသည် ပင်လယ်ထဲ မိုင် ၂၀ အကွာမှမြင်နိုင်သည့် အားကောင်းသောအလင်းကို ထုတ်လွှင့်ပေးကာ ကမ်းနှင့်နီးနေပြီဖြစ်ကြောင်း သင်္ဘောသားများကို သတိပေးရန် အလိုအလျောက်မြည်သောဥသြတစ်ခု ၎င်း၌တပ်ဆင်ထားသော်လည်း ဂြိုဟ်တုနည်းပညာသည် သင်္ဘောသားများအား ၎င်းတို့ ရှိနေသည့်နေရာကို အတိအကျ ညွှန်ပြပေးနိုင်စေသည်။ ယခုအခါ၌ ရှေ့တွင်ရှိသောအရာကို သင်္ဘောသားများ မမြင်နိုင်သည့်အခါ သင်္ဘောတစ်စင်း၏ မျက်စိအဖြစ်ဆောင်ရွက်သည့် ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ်များကို သင်္ဘောများတွင် တပ်ဆင်ထားသည်။ နယူးဖောင်လန်၊ စိန့် ဂျွန်စ် မြို့ရှိ ကနေဒီယန်ကမ်းခြေစောင့်တပ်ဖွဲ့ အုပ်ချုပ်ရေးမှူး မိုက် ကလဲမင့်စ် ၏အဆိုအရ ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ်များသည် “မီးပြတိုက်များကို အပိုဖြစ်သွားစေနိုင်သည်။ [၎င်းစနစ်များ] နှင့် နှိုင်းယှဉ်နိုင်သည့်အရာ တစ်ခုမျှမရှိပေ။ မီးပြတိုက်အားဖြင့် မောင်းရမည့်လမ်းကြောင်းကို မတွေ့ ရှိနိုင်ပေ။”
နို့စို့ကလေးငယ်၏စကားပြောဆိုဟန်
“နားကြားသောမိဘများ၏ နို့စို့ကလေးငယ်များသည် ခုနစ်လသားအရွယ်တွင် မပီကလာ ပီကလာစကားစပြောသကဲ့သို့ . . . နားမကြားသောအိမ်ထောင်စုတွင် ကြီးပြင်းလာသော ကလေးများသည် နားကြားနိုင်လင့်ကစား မိဘတို့၏ အဓိကဆက်သွယ်ပြောဆိုပုံကိုတုပ၍ အသံမထွက်ဘဲ လက်ဟန်အမူအရာဖြင့်ပြောဆိုကြသည်” ဟု လန်ဒန် သည်တိုင်းမ်စ် က ဖော်ပြသည်။ ကနေဒါနိုင်ငံ၊ မွန်ထရီရောလ်မြို့၊ မဂေးလ်တက္ကသိုလ်ပါမောက္ခ လော်ရာပက်တီးအိုး ဦးဆောင်ပြုလုပ်သည့် သုတေသနပြုမှုက ကလေးငယ်များသည် လက်ဟန်ပြစကားအပါအဝင် ဘာသာစကားအားလုံး၏ ဝိသေသလက္ခဏာများဖြစ်သည့် အသံနေအသံထားများနှင့် ဖွဲ့စည်းထားပုံများကို အကင်းပါးပါးသိရှိစွာ မွေးဖွားလာကြသည်ဟု ဖော်ပြသည်။ ဟန်အမူအရာဖြင့်စကားပြောကာ နားမကြားရသည့်မိဘများ၏ နားကြားနိုင်သောကလေးများသည် “အခြားလက်လှုပ်ရှားမှုများနှင့်မတူဘဲ ၎င်းတို့၏လက်လှုပ်ရှားမှုမှာ စည်းချက်ဝါးချက်ကျပြီး တစ်မူထူးခြားသည်။ . . . ၎င်းသည် အသံတိတ်မပီကလာစစကားပြောခြင်း [ဖြစ်] သော်လည်း ၎င်းတို့၏လက်များဖြင့်သာ ပြောခြင်းဖြစ်သည်” ဟုသူကဆိုသည်။ နားကြားနိုင်သောမိဘတို့၏ ကလေးများသည် ပုံစံတစ်မျိုးတည်းဖြင့် လက်လှုပ်ရှားမှုပြုသော်လည်း လက်ဟန်ပြစကားနှင့် ထိတွေ့နေရသောကလေးများသည် လက်လှုပ်ရှားမှုပုံစံနှစ်မျိုး ပြုလုပ်ကြသည်။ သုတေသနအဖွဲ့သည် နို့စို့ကလေးငယ်များ ၆ လ၊ ၁၀ လနှင့် ၁၂ လသားအရွယ်တွင် ၎င်းတို့၏လက်လှုပ်ရှားမှုများကို မှတ်တမ်းတင်ရန် အနေအထားပြစနစ်တစ်ခုကို အသုံးပြုခဲ့သည်။
ပင်လယ်သေကျမ်းလိပ်များကို ပုံနှိပ်ထုတ်ဝေ
“ယုဒကန္တာရရှိ လိုဏ်ဂူများ၌ ပင်လယ်သေကျမ်းလိပ်များကို တွေ့ရှိပြီးနောက် ရာစုနှစ်ဝက်ကျော်တွင် ပညာရှင်များသည် နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိသည့် ဘာသာရေးကျမ်းဂန်များမှ နောက်ဆုံးသောစာပေအခမ်းအနားကို ကျင်းပကြသည်” ဟု ယူ.အက်စ်. သတင်းနှင့် ကမ္ဘာ့မှတ်တမ်း ကဆိုသည်။ ကျမ်းလိပ်များကို ဆန်းစစ်လေ့လာခဲ့သည့် ပညာရှင်များအဖွဲ့ကို ဦးဆောင်ခဲ့သော ပါမောက္ခ အီမန်းနူဝယ်လ် တော့ဗ်က ၃၇ တွဲရှိသောကျမ်းကို ကြေညာခဲ့သည်။ လုပ်ဆောင်ပြီးမြောက်မှုသည် ဒစ်ဂျစ်တယ်ဓာတ်ပုံပညာနှင့် ရောင်ခြည်မျိုးစုံဖြင့် ရိုက်ကူးသောပညာအပါအဝင် မျက်မှောက်ခေတ်နည်းပညာကြောင့်ဖြစ်သည်၊ ၎င်းနည်းပညာရပ်များကြောင့် မှေးမိန်ပျက်ပြယ်သွားသည့်စာကို ပညာရှင်များ ပြန်၍ဖော်ထုတ်ရေးနိုင်ကြပြီ။ ဟေဗြဲ၊ အာရမိတ်၊ ဂရိနှင့် လက်တင်စကားမှ ပြန်ဆိုခဲ့သောစာများမှာ ဘီ.စီ.အီး. ၂၅၀ နှင့် စီ.အီး. ၇၀ အတွင်းမှစာများဖြစ်သည်။
မရေရာမှုများကို အောင်မြင်စွာကိုင်တွယ်ခြင်း
အမေရိကန်ပြည်ထောင်စုတွင် အကြမ်းဖက်တိုက်ခိုက်ခံရကတည်းက ကနေဒါနိုင်ငံ ခရစ်ယာန်စာအုပ်သည်များအသင်း အသင်းဝင်များ၏ ကျမ်းစာအုပ်ရောင်းရငွေသည် ၃၀ ရာခိုင်နှုန်းမျှ တိုးလာသည်ဟု ဂလုပ်ဘ် အဲန် မေးလ် သတင်းစာကဖော်ပြသည်။ “လူတို့သည် အဖြေများကို ရှာနေကြသည်။ စိုးရိမ်ပူပန်မှုသည် အကြောင်းရင်းတစ်ခုဖြစ်သည်။ လူတို့၏စိတ်နှလုံးထဲတွင် မရှင်းသေးသောမေးခွန်းမြောက်မြားစွာရှိသည်” ဟု အသင်း၏အမှုဆောင်ညွှန်ကြားရေးမှူး မာလီန် လော့ခ်လန် ကဆိုသည်။ စာအုပ်ဆိုင်ငယ်လေးများပင် “ကြေကွဲဖွယ်ဖြစ်ရပ်များကို နားလည်ရန် လူတို့ကိုကူညီပေးနိုင်မည့် မည်သည့်ဘာသာရေးပစ္စည်းမဆို အရောင်းတက်” လာပြီဟု မှတ်တမ်းက ထပ်ဆင့်ဖော်ပြသည်။ တိုရွန်တိုတက္ကသိုလ် ဓမ္မပညာပါမောက္ခတစ်ဦး၏အဆိုအရ ယင်းသည် ဖြစ်လေ့ရှိသည့် တုံ့ပြန်မှုဖြစ်သည်။ “အလွန်မရေရာမသေချာလှသည့် အချိန်အခါများတွင် လူတို့သည် အခြေခံကျသော ဘာသာရေးမေးခွန်းများကို စတင်မေးမြန်းကြ” ကာ “သမ္မာကျမ်းစာတွင် အဖြေရှာခြင်းက အကူအညီဖြစ်စေနိုင်” သည်ဟု သူကဆိုသည်။
အေအိုင်ဒီအက်စ်—တောင်အာဖရိက၏ အဓိကလူသတ်တရားခံ
တောင်အာဖရိက ဆေးသုတေသနကောင်စီ၏ လေ့လာမှုတစ်ခုကို ဝေဖန်သုံးသပ်ထားသည့် သည်နယူးယောက်တိုင်းမ်စ် က “အေအိုင်ဒီအက်စ်သည် တောင်အာဖရိက၏ အဓိကလူသတ်တရားခံဖြစ်လာကာ အထူးသဖြင့် အရွယ်ရောက်လူငယ်များကို အကြီးအကျယ်အထိနာစေသည်” ဟုဖော်ပြသည်။ သုတေသီများက နောက်ဆယ်နှစ်အတွင်း တောင်အာဖရိကရှိ လူငါးသန်းမှ ခုနစ်သန်းသည် အေအိုင်ဒီအက်စ်ကြောင့် သေဆုံးမည်ဟု ခန့်မှန်းကြသည်။ အသက် ၂၀ ကျော်အမျိုးသမီးငယ်များ သေဆုံးမှုနှုန်းသည် အသက် ၆၀ ကျော်အမျိုးသမီးများ သေဆုံးမှုနှုန်းထက် ပိုများနေသည်။ တောင်အာဖရိကသည် “အခြားမည်သည့်နိုင်ငံထက်မဆို အေအိုင်ဒီအက်စ်ရောဂါဖြစ်စေသည့် အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပိုများသည်ဟု လူသိများကြောင်း” ဆောင်းပါးက ထပ်လောင်းဖော်ပြသည်။ “ယခု တောင်အာဖရိကနိုင်ငံသား ကိုးယောက်တွင်တစ်ယောက်နှင့် လူလတ်ပိုင်း [အသက် ၃၀-၃၄] လေးယောက်တွင် တစ်ယောက်သည် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသည်ဟုယူဆရ” ကြောင်း အစိုးရအရာရှိများကဆိုသည်။
မြို့ကြီးများတွင် နေထိုင်ခြင်း
“၁၉၀၀ ပြည့်နှစ်တွင် အကြီးဆုံးမြို့တော်များမှာ လန်ဒန်၊ နယူးယောက်၊ ပါရီ၊ ဘာလင်နှင့် ချီကာဂိုမြို့တို့ဖြစ်ခဲ့ကြသည်” ဟု လန်ဒန် သည်ဆန်းဒေးတိုင်းမ်စ် က ဖော်ပြသည်။ သို့သော် ခန့်မှန်းချက်အသစ်များအရ “၂၀၁၅ ခုနှစ်၌ အနောက်နိုင်ငံမြို့ကြီးများအား ကျော်လွန်သွားမည်။ တိုကျို၊ ဘုံဘေ၊ လေးဂေါစ်၊ ဘင်္ဂလားဒေ့ရှ်ရှိ ဒါကာနှင့် ဘရာဇီးရှိ ဆောပိုလိုမြို့တို့သည် အကြီးဆုံးမြို့များဖြစ်လာမည်။” ၎င်းမြို့များနှင့် အခြား ၂၅ မြို့သည် သန်း ၂၀ ကျော်မှီတင်းနေထိုင်ရာ မြို့ကြီးများဖြစ်လာမည်။ သို့သော် “ခန့်မှန်းချက်များက ၂၀၁၅ ခုနှစ်၌ လန်ဒန်မြို့သည် လူဦးရေအများဆုံးမြို့ကြီး ၃၀ တွင်ပါတော့မည်မဟုတ်ဘဲ လူဦးရေလျော့သွားမည့်မြို့ကြီးများတွင် တစ်ခုတည်းသော ဦးဆုံးမြို့ဖြစ်လာမည်” ဟု တိုင်းမ်စ် က ဖော်ပြသည်။ ရုတ်တရက်အကြီးအကျယ် လူဦးရေတိုးလာခြင်းက ပြဿနာများစွာဖြစ်စေသည်။ “ဆင်းရဲသားများသည် ရာဇဝတ်မှု၊ အကြမ်းဖက်မှုနှင့် လူမှုရေးဖောက်ပြန်မှုများ တိုးများလာသည့် ၎င်းတို့၏ရပ်ကွက်များတွင် ပိုမိုပြည့်ကျပ်လာမည်ဖြစ်သည်” ဟု ယူ.အက်စ်.အေ. ပဲင်စီလ်ဘေးနီးယားတက္ကသိုလ် လူမှုဗေဒပါမောက္ခ ဒေါက်ဂလပ်စ် မာဆီ ကဆို၏။ လူဦးရေ ၂၆ သန်းမှ မကြာမီ သန်း ၃၀ အထိရောက်မည်ဟုယူဆရသော တိုကျိုမြို့သည် အောင်မြင်စွာဖြေရှင်းနိုင်ခဲ့သည်၊ အကြောင်းမှာ ၎င်း၏လူဦးရေတိုးပွားမှုသည် နှေးကွေးကာ ၎င်း၌ လိုအပ်သည့် အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုလုပ်ငန်းများရှိသောကြောင့်ဖြစ်သည်။ မာဆီ ၏အဆိုအရ ရောမခေတ်မှ ဝိတိုရိယဘုရင်မခေတ်အထိ မြို့ကြီးများတွင်နေထိုင်သူမှာ ကမ္ဘာ့လူဦးရေ၏ ၅ ရာခိုင်နှုန်းသာရှိသော်လည်း ၂၀၁၅ ခုနှစ်၌ ၅၃ ရာခိုင်နှုန်းဖြစ်လာလိမ့်မည်ဟု ခန့်မှန်းသည်။
အပြီးအပိုင် ဆေးလိပ်ဖြတ်!
“ဆေးလိပ်သောက်သူအားလုံး ဆေးလိပ်ဖြတ်ရန် ကြိုးစားရမည်။ သင် အောင်မြင်လျှင် နောက်တစ်ခါ အစမလုပ်ပါနှင့်” ဟု ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမြို့ရှိ လုပ်သားဆိုင်ရာအမျိုးသားအဖွဲ့၏ပါမောက္ခ ဘိုး လန်းဘာ့ခ် က သတိပေးသည်။ အဘယ်ကြောင့်နည်း။ ဆေးလိပ်ပြတ်ပြီး ပြန်သောက်သူများသည် အမြဲသောက်နေသူများထက် အဆုတ်၏လုပ်ဆောင်မှု ပို၍အလျင်အမြန်ကျဆင်းနိုင်သည်။ အသက် ၃၅ နှစ်မှ ၆၈ နှစ်အထိရှိသော အမျိုးသားနှင့် အမျိုးသမီး ၁,၁၁၆ ယောက်ကို ဆယ်နှစ်ကြာလေ့လာမှုပြုရာ လေ့လာမှုပြုချိန်တစ်လျှောက်လုံး ဆေးလိပ်သောက်သူများသည် အဆုတ်၏လုပ်ဆောင်မှု ၃ ရာခိုင်နှုန်းကျဆင်းကာ တစ်နှစ်ကျော်ပြတ်ပြီး ပြန်သောက်သူများသည် ၅ ရာခိုင်နှုန်းကျဆင်းကြောင်း တွေ့ရသည်။ “ဆေးလိပ်ပြတ်သူတစ်ဦး ပြန်စသောက်ပြီးနောက် အစပိုင်းနှစ်အနည်းငယ်တွင် အဆုတ်၏လုပ်ဆောင်မှု ပိုမိုကျဆင်းလာသည်” ဟု လန်းဘာ့ခ် က သတိပေးသည်။ “ထို့အပြင် ဆေးလိပ်သောက်သူများသည် မိမိတို့ဆုံးရှုံးသွားသည့် အဆုတ်၏လုပ်ဆောင်မှုပမာဏကို မည်သည့်အခါမျှ ပြန်ရတော့မည်မဟုတ်ပေ။” ဆယ်နှစ်ကြာ လေ့လာမှုပြုချိန်အတွင်း ဆေးလိပ်ကို အောင်မြင်စွာဖြတ်ခဲ့သူများသည် အဆုတ်၏လုပ်ဆောင်မှု ၁ ရာခိုင်နှုန်းသာကျဆင်းသည်ဟု လန်ဒန် တိုင်းမ်စ် က ဖော်ပြသည်။