မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်​တို့၏​စာရှုသူ​များ​ထံ​မှ

အယ်ဒီတာ​ထံ​မှ– “အသက်ရှင်​ရကျိုးနပ်“ (စက်တင်ဘာ ၈၊ ၂၀၀၂) ဟူသော မျက်နှာဖုံး​ဆောင်းပါး​များသည် စာရှုသူ​များ​၏ ကျယ်ပြန့်​သော​တုံ့ပြန်မှု​ကို ရရှိစေ​ခဲ့​သည်။ ယင်းသည် အားရ​ကျေနပ်ဖွယ်​ဖြစ်၏၊ အကြောင်း​မှာ “နိုးလော့!” သည် နိုင်ငံ၊ လူမျိုး​နှင့် ဘာသာရေး​နောက်ခံ​အားလုံး​မှ လူ​တို့အား မျက်မှောက်ခေတ်​ပြဿနာ​များ​ကို အောင်မြင်စွာ​ဖြေရှင်း​နိုင်​ရန် ကူညီ​ပေး​မည့် လက်တွေ့ကျ​သော ကျမ်းစာ​အခြေပြု​အချက်အလက်​များ​ကို ကြိုးစား​တင်ဆက်​ပေး​သောကြောင့်​ဖြစ်သည်။

ကျွန်မ နိုးလော့! ကို​ဖတ်​တာ ကြာပြီ​ဖြစ်​ပေမဲ့ “အသက်ရှင်​ရကျိုးနပ်” ဆို​တဲ့ အခန်းဆက်​ဆောင်းပါး​တွေ​လောက် ကျွန်မ​ကို စိတ်​လှုပ်ရှား​စေ​တာ မရှိခဲ့ဖူးဘူး။ လွန်ခဲ့တဲ့​နှစ်​က ကျွန်မ သေချင်​လောက်​အောင် အကြီးအကျယ်​စိတ်ဓာတ်ကျ​ခဲ့တယ်။ ဒီ​ဆောင်းပါး​တွေ​က ကျွန်မ​တို့​ရဲ့​အားနည်းချက်တွေကို ဘုရားသခင်​နားလည်တယ်​ဆိုတာ စိတ်ချ​စေ​ခဲ့တယ်။

အက်စ်. အိပ်ခ်ျ.၊ ဂျပန်

နယူးယောက်​မြို့က အမြွှာ​မျှော်စင်​တိုက်ခိုက်​ခံရ​တာ​ကြောင့် ကျွန်မ စိတ်မချ​မ်း​မ​သာ​ဖြစ်​နေတယ်။ တစ်ခါ​တ​လေ ကိုယ့်​ကိုယ်ကို​သတ်​သေ​ဖို့ စိတ်ကူး​ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မ တစ်ခုခု​တော့ ချွတ်ယွင်း​နေပြီဆိုတာ ဘယ်တော့မှ လက်မခံနိုင်​ခဲ့​ဘူး။ ကျွန်မ လိုအပ်​တဲ့​အကူအညီ​ရယူ​ပြီး ဆောင်းပါး​မှာ​ဖော်ပြ​ထား​တဲ့ အကြံပြုချက်တွေကို လိုက်လျှောက်​မယ်။

အမ်​မ်. အမ်​မ်.၊ ယူနိုက်တက်​စ​တိတ်

ကျန်းမာ​ရေး​ချို့တဲ့​လို့ ကိုယ့်​ကိုယ်ကို​အဆုံးစီရင်​ဖို့ ကျွန်မ​ကြံစည်​ခဲ့တယ်။ တခြား​သူတွေရဲ့ တုံ့ပြန်​ပုံ​ကို​သိရ​အောင် ရ​ယ်​စ​ရာ​အနေ​နဲ့ ဒီ​အကြောင်းကို​ပြောပြ​တယ်။ ဘုရားသခင်ဟာ ကျွန်မတို့ကို အမြဲ​နားထောင်တယ်၊ ဂရုစိုက်​တယ်​ဆိုတာ ဖတ်​ရတဲ့အခါ မျက်ရည်ကျ​မိတယ်။ ဒီ​မဂ္ဂဇင်း​တွေ​က ဘဝနဲ့​ပတ်သက်​တဲ့ ကျွန်မ​ရဲ့​ရှုမြင်ပုံကို လုံးဝ​ပြောင်းလဲ​စေ​ခဲ့တယ်။

တီ. အီး.ဂျေ.၊ ကနေဒါ

ကျွန်မ​ဟာ နှစ်​နဲ့​ချီ​ပြီ စိတ်ဓာတ်ကျ​မှု​ကို ရင်ဆိုင်​နေ​ရတယ်။ မကြာသေး​ခင်​က ကျွန်မ​ရဲ့​ဘဝကို အဆုံးစီရင်​ဖို့ လေးလေးနက်နက်​စဉ်းစား​ခဲ့တယ်။ အိမ်အပြင်​ထွက်​လမ်းလျှောက်​ဖို့ အသင့်​ဖြစ်​နေတဲ့​အချိန်​မှာ နိုးလော့! ထဲမှာ​ပါ​တဲ့ အခန်းဆက်​ဆောင်းပါး​တွေ​ထဲ​က နောက်ဆုံး​ဆောင်းပါး​က တစ်ယောက်ယောက်​ကို​ပြောပြ​ပါ​လို့ ဖော်ပြ​ထား​တာ ကျွန်မ​ပြန်သတိရ​တယ်။ ဒါ​ကြောင့် ကျွန်မ​ရဲ့​ခင်ပွန်း​ကို ပြောပြ​တယ်။ အဲ့​လို​အချိန်ဆွဲ​လိုက်ခြင်းက ကျွန်မ​ရဲ့​အကြံ​ကို​ပျက်​စေ​ခဲ့တယ်။ ဒီ​အခန်းဆက်​ဆောင်းပါး​တွေ​က ကျွန်မ​ရဲ့​အသက်ကို ကယ်​လိုက်တာပါပဲ!

အမ်​မ်. ဘီ.၊ ယူနိုက်တက်​စ​တိတ်

ဒီ​မဂ္ဂဇင်း​ကို မ​ထုတ်ဝေ​ခင် ရက်သတ္တပတ်​အနည်းငယ်​မှာ ကျွန်မ​ဟာ ခွက်​အပြည့်​ထည့်​ထား​တဲ့ အိပ်ဆေး​တွေ​ကို​ကြည့်​ပြီး “ငါ​သောက်​ချ​လိုက်ရင် ကောင်း​မလား မကောင်း​ဘူးလား” ဆိုတာ မ​ဝေခွဲ​နိုင်​တဲ့ ဒီ​ဆောင်းပါး​ထဲ​ကလို အကျပ်ရိုက်​မှု​မျိုး ကြုံတွေ့​ခဲ့​ရတယ်။ ရှင်တို့​ရဲ့​မဂ္ဂဇင်းက ကျွန်မ​လိုအပ်​တဲ့ အသက်ရှင်ဖို့​ဆို​တဲ့​သန္နိ​ဋ္ဌာန်​ကို ချ​စေ​ခဲ့တယ်။ ရောဂါ​တချို့ဟာ ကျွန်မတို့ကို အသက်မရှင်​ချင်​တော့​တဲ့​အထိ စိတ်ပိုင်း​ကို ထိခိုက်​စေတယ်။ ဒါပေမဲ့ အသက်ဆု​ကျေးဇူး​အတွက် ကျေးဇူး​တင်​စိတ်​ပျောက်ဆုံး​သွားတဲ့ လူတွေကိုတောင် ဘုရားသခင် စိတ်ဝင်စား​တယ်​ဆိုတာ​သိရလို့ အား​ရှိသွား​တယ်။

အီး. အက်စ်.၊ အီတလီ

ဒီ​ဆောင်းပါး​တွေ​မှာပါတဲ့ အချက်အလက်​တွေ​ကို ကျွန်မ​ရဲ့​သမားတော်​ကို ဝေမျှ​နိုင်​ခဲ့တယ်။ အဲဒီ​အချက်အလက်​တွေ​က ကျွန်မ​ကို ဘယ်လောက်​ကူညီ​ပေး​ခဲ့တယ်​ဆိုတာ သူ့ကို​ပြောပြ​တယ်။ ကျွန်မ​ဟာ ဘုရားသခင်​ရှေ့မှာ တန်ဖိုး​ရှိတယ်ဆိုတဲ့ စိတ်ချမှု​ရရှိခဲ့​တာ​က အသက်ရှင်ဖို့ ကျွန်မ​ကို​လှုံ့ဆော်​ပေးတယ်။ ရှင်တို့ ဒီလိုမျိုး​ဆောင်းပါး​တွေ နောက်ထပ်​ရေးနိုင်​ဖို့ ကျွန်မ​အမြဲ​ဆုတောင်းပေး​ပါ​တယ်!

ဂျေ. အက်စ်.၊ ယူနိုက်တက်​စ​တိတ်

ဘယ်သူမှ ကျွန်မ​ကို နားလည်​မှာ​မဟုတ်ဘူးလို့ ကျွန်မ​ထင်​ခဲ့တယ်၊ ကျွန်မ​သေသွား​ရင် ကောင်း​မှာပဲ​လို့ စဉ်းစား​မိတယ်။ ဒါပေမဲ့ ဒီ​ဆောင်းပါး​တွေ​ကြောင့် ဘဝမှာ အရေး​အကြီးဆုံး​အရာ​ကို ပြန်သတိရ​နိုင်​ခဲ့တယ်။ သေ​ဖို့​အကြောင်း နောက်​ဘယ်တော့မှ မစဉ်း​စား​တော့​ဘူး။

အမ်​မ်. အမ်​မ်.၊ ဂျပန်

ရိုက်နှက်​ခံ​နေရ​သည့်​အမျိုးသမီးများ “ရိုက်နှက်​ခံ​နေရ​သည့် အမျိုးသမီးများ​အတွက် အကူအညီ” ဆို​တဲ့ မျက်နှာဖုံး​ဆောင်းပါး​တွေ​အတွက် ကျေးဇူး​တင်​ပါ​တယ်။ (အောက်တိုဘာ ၈၊ ၂၀၀၂) ကျွန်မ ကလေး​ဘဝက​တည်း​က အဖေက အမေကို နေ့တိုင်း ဘယ်လို​ရိုက်တယ်​ဆိုတာ မြင်ခဲ့​ရတယ်။ အဲဒီနောက် ကျွန်မ​နဲ့ ကျွန်မ​ရဲ့​ညီမလေး​တွေ​ဟာ အဖေ​ရန်ပြု​ဖို့ ပစ်မှတ်​ဖြစ်​လာတယ်။ ကျွန်မ​ဟာ ယောက်ျား​တွေ​ကို အလွန်အမင်း​မုန်းတီး​ရင်း ကြီးပြင်း​လာခဲ့တယ်။ ဒါပေမဲ့ အချိန်တန်​တော့ ယေဟောဝါသက်သေ​တွေ​နဲ့ ကျွန်မ​ကျမ်းစာ​စလေ့လာ​ခဲ့တယ်။ အဖေဟာ သူ့ရဲ့​လမ်းစဉ်​တွေ​ကို ပြောင်းလဲ​ဖို့​မလွယ်ပေမဲ့ ယေဟောဝါ​နှစ်သက်​မြတ်နိုးတဲ့ ဖန်ဆင်း​ခံ​သတ္တဝါ​တွေ​ကို နှိပ်စက်​မယ်​ဆိုရင် ဘုရားသခင်ရဲ့​နှစ်သက်မှု​ကို မရနိုင်​ဘူးဆို​တာ ယေဟောဝါ​ရဲ့​အကူအညီ​နဲ့ သူ​သဘောပေါက်​လာတယ်။ တဖြည်းဖြည်း​ချင်း ပြောင်းလဲ​ခဲ့​ရပေမဲ့ အခုတော့ ကျွန်မ​ရဲ့​အဖေဟာ သိမ်မွေ့​တဲ့​သိုး​လေး​တစ်ကောင်​လို ဖြစ်နေ​ပါ​ပြီ။ ကျွန်မ အဖေ့ကို ရင်ထဲ​ကနေ ချစ်​လို့​ရသွား​ပါ​ပြီ။

ဂျီ. ဘီ.၊ ယူနိုက်တက်​စ​တိတ်